Home သတင်းဆောင်းပါး အရှင်မွေး နေ့ချင်းကြီးလာတဲ့ Yangon Petrol ဘယ်လိုပေါ်လာသလဲ

အရှင်မွေး နေ့ချင်းကြီးလာတဲ့ Yangon Petrol ဘယ်လိုပေါ်လာသလဲ

1715
0
ဈေးနှုန်းသက်သာစွာ ကြော်ငြာထည့်သွင်းနိုင်ပါပြီ

(ငွေကြေးအရင်းအနှီး ရှိရင်တောင် မြေနေရာနဲ့လုပ်ပိုင်ခွင့်လိုင်စင်ရဖို့ခက်ခဲတဲ့ စက်သုံးဆီရောင်းဝယ်ရေးလုပ်ငန်းတစ်ခု အချိန်တိုတွင်း ဘာကြောင့်ဘယ်လိုပေါ်လာပါသလဲ။ ရန်ကုန်တိုင်းဒေသကြီးအစိုးရက ဘယ်လိုပါဝင်ပတ်သက်သလဲ၊ ကုမ္ပဏီရှယ်ယာရှင်တွေနဲ့ ဒါရိုက်တာတွေက ဘယ်သူတွေလဲ၊ အကျိုးအမြတ်တွေကရော ဘယ်လိုလဲ၊ ဘယ်လိုပူးပေါင်းဆောင်ရွက်မှုကြောင့် Yangon Petrol ပေါ်လာရသလဲဆိုတာ အသေးစိပ်ဖော်ပြထားပါတယ်။)

အောင်ပိုင် ရေးသည်။ ကျော်ဇေယျ ပံ့ပိုးသည်။

ရန်ကုန် (ဇန်န၀ါရီ၊ ၂၀၁၉)

ဈေးနှုန်းသက်သာစွာ ကြော်ငြာထည့်သွင်းနိုင်ပါပြီ

ရန်ကုန်တိုင်းဒေသကြီးအစိုးရဆီကနေအခွင့်ထူးတွေ ရရှိထားတာကြောင့် ဈေးကွက်ထဲမှာရောင်းချနေတဲ့ဈေးနှုန်းထက် တစ်လီတာကို ၄၀ ကျပ်ထက်မနည်းလျှော့ဈေးပြီးရောင်းချလို့ YP လို့အများခေါ်ကြတဲ့ Yangon Petrol စက်သုံးဆီအရောင်းဆိုင်တွေဟာ အချိန်တိုတွင်းလူအများစိတ်ဝင်စားလာမှုကိုရလာကြပါတယ်။

ရောင်းချခွင့်လိုင်စင်မရသေးပေမယ့်လည်း ဈေးကွက်ထဲမှာရောင်းချခွင့်ရနေတာ၊ အစိုးရပိုင်မြေနေရာမှာ လုပ်ပိုင်ခွင့်ရရှိတာ၊ ဆီဆိုင်တစ်ဆိုင် ဖွင့်ရင်အဆင့်ဆင့်လျှောက်ထားရမယ့် ထောက်ခံချက်တွေနဲ့ ခွင့်ပြုချက်တွေကို တိုင်းဒေသကြီးအစိုးရရဲ့အစီအမံနဲ့ လွယ်လင့်တကူအလျင်အမြန်ရရှိသွားတာဟာ အထူးအခွင့်ရေးတွေပါပဲလို့ စက်သုံးဆီလုပ်ငန်းအသိုင်းအ၀ိုင်းကပြောကြပါတယ်။

အထူးသဖြင့် ဈေးကွက်ကြီးပြီး အချက်အချာကျလွန်းတဲ့ စီးပွားရေးမြို့တော်ရန်ကုန်လိုနေရာမှာ အရင်းအနှီးရှိခဲ့ရင်တောင် ဆီဆိုင်အသစ်ဖွင့်ခွင့်ရဖို့ မြေနေရာနဲ့လုပ်ငန်းလိုင်စင် အဟန့်အတားက ကြီးမားလွန်းတယ်လို့ စက်သုံးဆီလုပ်ငန်းရှင်တွေကဆိုပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရကိုယ်တိုင်ကမကထပြုထားတဲ့ YP စက်သုံးဆီဆိုင်တွေကို အစိုးရရဲ့ ရှေ့ပြေးစီမံကိန်း တစ်ရပ်အနေနဲ့   ဆောင်ရွက်နေတာဖြစ်တယ်လို့ ရန်ကုန်တိုင်းဝန်ကြီးချုပ်က ဇန်နဝါရီ ၁၆ ရက်မှာကျင်းပခဲ့တဲ့ YRTA နှစ်နှစ်ပြည့်အခမ်းအနားမှာ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအစိုးရရဲ့ ရင်းနှီးထည့်ဝင်ငွေ လုံးဝမပါဘူးလို့လည်း သူကဆိုပါတယ်။

ဇန်န၀ါရီ ၂၄ ရက်မှာတော့ လက်ရှိအာဏာရပါတီ NLD ရဲ့ ဗဟိုသုတေသနလမ်းညွှန်အဖွဲ့ အတွင်းရေးမှူး ဦးမျိုးရန်နောင်သိန်းက “ရန်ကုန်တိုင်း အစိုးရနှင့် ပူးပေါင်းဆောင်ရွက်မှု အဓိကအကြောင်းရင်းမှာ ဈေးနှုန်းလျော့ရောင်း ရန်ဖြစ်ပါတယ်။ ရတဲ့အမြတ် ၂၀ ရာခိုင်နှုန်းကို အစိုးရကိုပေးရပါမယ်” လို့ သူ့ရဲ့ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

YP ကို တိုင်းအစိုးရဘာတွေပံပိုးသလဲ

စက်သုံးဆီဆိုင်လုပ်ငန်းရှင်အသိုင်းအ၀ိုင်းမှာတော့ စက်သုံးဆီဆိုင်ဖွင့်လှစ်ရောင်းချဖို့မြေနေရာနဲ့ လိုင်စင်သာ အလွယ်တကူရရင် ဒီလုပ်ငန်းရှင်ဟာ ထီပေါက်တာထက်ပိုသေချာတဲ့ ကံကောင်းမှုကိုရသူလို့ တင်စားကြလေ့ ရှိပါတယ်။ YP စက်သုံးဆီဆိုင်တွေဟာ တိုင်းဒေသကြီးအစိုးရအကူအညီနဲ့ ဒီအခွင့်အရေးကို ကံထူးသွားပုံရတယ်လို့ အမည်မဖော်လိုတဲ့ ဆီဆိုင်လုပ်ငန်းရှင်တစ်ဦးက မော်ကွန်းကို ပြောပါတယ်။

ကိုယ်အိတ်ထဲကငွေနဲ့ တန်ရာတန်ကြေးပေါက်ဈေးပေးပြီး မြေကိုဝယ်နိုင်ရင်တောင် “ဆီဆိုင်ဖွင့်ခွင့်ရဖို့ လိုင်စင်မကျတဲ့ အတွက် နှစ်နှစ်၊ သုံးနှစ်အထိ ကြာနေကြတဲ့ ဆိုင်တွေ ရန်ကုန်မှာရောမန္တလေးမှာပါ ရှိပါတယ်” လို့ သူကပြောတယ်။

သူ့အနေနဲ့ အမည်ထုတ်ဖော်မပြောရတာဟာ တိုင်းအစိုးရကူညီနေတဲ့ ဒီလုပ်ငန်းကိုမဝေဖန်ရဲတာနဲ့ လက်ရှိလုပ်ကိုင်နေ တဲ့ သူ့ရဲ့စီးပွားရေးလုပ်ငန်းတွေအပေါ် မလိုလားတဲ့ဖိအားတွေကျလာမှာကို စိုးရိမ်တာကြောင့်လို့ဆိုပါတယ်။  မော်ကွန်းက တွေ့ဆုံမေးမြန်းခဲ့တဲ့ အခြားစက်သုံးဆီလုပ်ငန်းရှင်တစ်ချို့ကလည်း သူတို့အမည်ကို ထုတ်ဖော်မသုံးဖို့ တောင်းဆိုခဲ့ပါတယ်။

လက်ရှိ YP စက်သုံးဆီဆိုင်တွေ ဖွင့်ခွင့်ရသွားတဲ့မြို့နယ်တွေထဲမှာပဲ လိုင်စင်မကျသေးလို့  ဖွင့်ခွင့်မရတဲ့စက်သုံးဆီ ဆိုင်တွေရှိနေပြီး ဒီအခြေအနေတွေကို နှိုင်းယှဉ်ရုံနဲ့ YP ဟာ အစိုးရရဲ့ အကူအညီဘယ်လောက်ရသလဲဆိုတာကို ချင့်ချိန်နိုင်တယ်လို့ အထက်ပါလုပ်ငန်းရှင်က ပြောပါတယ်။

စက်သုံးဆီလိုင်စင်တွေကို ကြီးကြပ်စစ်ဆေးရတဲ့ မြန်မာ့ရေနံထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်း၊ ဖြန့်ဖြူးရောင်းချရေး ဌာနရဲ့ ညွှန်ကြားရေးမှူး ဦးသိန်းထွေးရဲ့ အဆိုအရ YP စက်သုံးဆီဆိုင်တွေကို လိုင်စင်ချထားပေးခြင်း မရှိသေးဘူးလို့ ၂၀၁၈ ဒီဇင်ဘာနှောင်းပိုင်းတုန်းက မော်ကွန်းကိုပြောပါတယ်။

“ (လိုင်စင်) လျှောက်ထားဆဲပါ။ အခုမြေပြင်မှာရောင်းချခွင့်ရနေတာက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က စက်စမ်းသပ် လည်ပတ်ခွင့်ပြုပေးပါဆိုတဲ့ တောင်းခံချက်နဲ့ လုပ်ကိုင်နေတာမျိုးပါ” လို့ သူကပြောပါတယ်။ YP ကတော့ ၂၀၁၈ ဒီဇင်ဘာ ၁၄ ရက်ကစလို့ စက်သုံးဆီတွေ စတင်ရောင်းချနေပါပြီ။

စက်သုံးဆီလုပ်ငန်းရှင်တွေကတော့ ကာလပေါက်ဈေးသိန်းချီတန်တဲ့ ဒီလိုမြေနေရာတွေကို YP အနေနဲ့ တစ်ပေပတ် လည် ကျပ် ၂,၀၀၀ နှုန်းလောက်သွင်းရုံနဲ့ ရသွားတာဟာ သူတို့လောက် ကံကောင်းတာမျိုး အခုခေတ်မှာ မရှိတော့ ဘူးလို့ မှတ်ချက်ပြုကြပါတယ်။

YP စက်သုံးဆီဆိုင် အမှတ်(၁)ကို နှစ်ဧကကျော်ကျယ်တဲ့ သာကေတမြို့နယ်၊ ရတနာလမ်းပေါ်က ဖွင့်လှစ်ထားသလို အမှတ်(၂)ကိုလည်း တစ်ဧကကျော်ကျယ်ဝန်းတဲ့ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ပဲခူးဖြစ်လမ်းပေါ်မှာ ဖွင့်လှစ်ထားပါတယ်။

YP စက်သုံးဆီဆိုင်ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ဖော်ပြချက်အရ တစ်နိုင်ငံလုံးမှာဖွင့်လှစ်ဖို့ရှိပြီး ရန်ကုန်မှာလည်း နေရာအတော်များများမှာ ဆိုင်တွေဖွင့်ဖို့ ပြင်ဆင်ထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။

တိုင်းဒေသကြီးအစိုးရကတော့ ဒီမြေယာတွေကို YP နဲ့ ဘယ်လို စည်းမျဉ်း၊ စည်းကမ်းတွေနဲ့ ပေးခဲ့သလဲဆိုတာနဲ့ ပြည်သူပိုင်မြေတွေကို တင်ဒါမခေါ်ဘဲ ပေးခဲ့တာတွေနဲ့ပတ်သက်လို့ အခုထိတရားဝင်ထုတ်ဖော်ပြောခြင်းမရှိသေးပါဘူး။

အရှင်မွေးနေ့ချင်းကြီးလာတဲ့ YP

ပုဂ္ဂလိကစက်သုံးဆီ သိုလှောင်၊ဖြန့်ဖြူး၊ ရောင်းချခြင်းလုပ်ငန်းအတွက် တရားဝင်ခွင့်ပြုချက်ရဖို့ အဆင့် ၁၀ ဆင့်ရှိပြီး ပထမအဆင့်အနေနဲ့ မြေပိုင်ဆိုင်မှုအထောက်အထား၊ ပတ်ဝန်းကျင်နေထိုင်သူတွေရဲ့ ထောက်ခံချက်၊ ရပ်ကွက်ရုံး၊ မြို့နယ်မီးသတ်၊ မြို့နယ်စည်ပင်တို့ရဲ့ထောက်ခံချက်တွေ ရရှိထားရမယ်လို့ မြန်မာ့ရေနံထွက်ပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်းက သတ်မှတ်ထားပါတယ်။

ဒီအဆင့်ကိုတင်ပြေလည်ဖို့ နှစ်ပေါက်အောင်ကြိုးစားကြရပြီး တစ်ချို့ဆို ရပ်ကွက်က သတ်မှတ်အိမ်အရေအတွက်ရဲ့ ထောက်ခံချက်မရလို့ ဒါမှမဟုတ် တစ်ဦးတစ်လေက ကန့်ကွက်လို့ နှစ်နဲ့ချီပြီး ညှိနှိုင်းယူကြရတယ်လို့ စက်သုံးဆီလုပ်ငန်းရှင်တွေက ပြောပြတယ်။

ဒီအဆင့်ကိုကျော်နိုင်ရင်တောင် မြို့နယ်၊ခရိုင်၊တိုင်းအဆင့် အုပ်ချုပ်ရေးအဖွဲ့တွေ၊ တိုင်းအဆင့် ရေနံထွက်ပစ္စည်းများ တင်သွင်း၊ဖြန့်ဖြူး၊ရောင်းချရေးလုပ်ငန်းများ ထိန်းသိမ်းရေးကော်မတီရဲ့ ထောက်ခံချက်တွေ၊ ပြည်ထောင်စုအဆင့် ၀န်ကြီးဌာနတွေဖြစ်တဲ့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာ၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ၀န်ကြီးဌာန တို့ရဲ့ အဆင့်ဆင့်စစ်ဆေးမှုတွေကို ကျော်ဖြတ်နိုင်မှ လိုင်စင်ရတာမျိုးဖြစ်တယ်လို့ လက်ရှိစက်သုံးဆီ ရောင်းဝယ်ရေး လုပ်ကိုင်နေသူတွေက ရှင်းပြတယ်။

ဒါပေမယ့် သူတို့အတွက် ခက်ခဲလွန်းတဲ့လုပ်ထုံးလုပ်နည်းတွေကို YP ဆီဆိုင်တွေက အလွယ်တကူကျော်ဖြတ်၊ ပေါ်ပေါက်လာတာဟာ တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ အကူအညီကြောင့်ဖြစ်တယ်လို့ ဆိုကြပါတယ်။

သာကေတမြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဌ ဦးမောင်မောင်သန်းကတော့ YP အတွက် မြို့နယ်စည်ပင်ရဲ့ ထောက်ခံချက်ကို “တိုင်းအစိုးရရဲ့ စက်သုံးဆီဈေးနှုန်းကျဆင်းရေးဆိုတဲ့ စီမံချက်နဲ့ ယူသွားတာ”လို့ဆိုပါတယ်။ သာကေတမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံးကတော့ ဒီစက်သုံးဆီဆိုင်မြေနေရာတွေနဲ့ ပတ်သက်ပြီး မှတ်ချက်မပေးခဲ့ပါဘူး။

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ယာဖွံ့ဖြိုးမှုဦးစီးဌာနရုံးက အရာရှိတစ်ဦးကတော့ ၂၀၁၈ မေ အတွင်းမှာ YP စက်သုံးဆီဆိုင်တွေနဲ့ ပတ်သက်ပြီး တိုင်းဒေသကြီးအစိုးရမှတ်ချက်နဲ့ မြေပါမစ်လျောက်ထားလာတဲ့အတွက် သူတို့ ဌာနက စီမံခန့်ခွဲခွင့်ရှိတဲ့ ရန်ကုန်မြို့က မြေနေရာငါးခုကို YP အမည်ပေါက် ခွင့်ပြုပေးခဲ့တယ်လို့ဆိုပါတယ်။

လက်ရှိမှာတော့ မြေယာပါမစ်ထုတ်ပေးတဲ့လုပ်ငန်းတွေကို သက်ဆိုင်ရာ မြို့နယ်တွေမှာရှိတဲ့ စည်ပင်သာယာရေး ဌာနတွေကို ၂၀၁၈၊ နိုဝင်ဘာကတည်းက လုပ်ပိုင်ခွင့်လွှဲပြောင်းပေးလိုက်ပြီဖြစ်တဲ့အတွက် နောက်ပိုင်းကိစ္စတွေကို မသိရှိတော့ဘူးလို့ သူက မော်ကွန်းကို ပြောပါတယ်။

ဒီမြေယာတွေရဲ့ မြေရာဇ၀င်နဲ့သမိုင်းကြောင်းကိုသိဖို့ ရန်ကုန်တိုင်းဒေသကြီး၊ မြို့ပြနှင့်အိမ်ယာဖွံ့ဖြိုးရေးဦးစီးဌာနကို မော်ကွန်းကဆက်သွယ်ပေးမယ့် မှတ်ချက်ပေးဖို့ငြင်းဆန်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ကိုသာ တိုက်ရိုက်မေးဖို့ ဒီဌာနက လမ်းညွှန်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၊ ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီဥက္ကဌဖြစ်သူ ဒေါ်စန္ဒာမင်းကတော့ YP စက်သုံးဆီဆိုင်တွေဖွင့်လှစ်ထားတဲ့ မြေနေရာတွေဟာ အစိုးရပိုင်မြေနေရာတွေဖြစ်ပြီး ဒါကို တင်ဒါခေါ်ယူမှုမရှိဘဲ လုပ်ပိုင်ခွင့်တွေပေးခဲ့တာဟာ လုပ်ထုံးလုပ်နည်းအရ မှားယွင်းနေကြောင်းလည်း မီဒီယာတွေကနေတစ်ဆင့် ဝေဖန်ထောက်ပြပါတယ်။

အများပြည်သူ ဆီဈေးနှုန်းကျဆင်းရေးအတွက် ဦးတည်ဆောင်ရွက်တယ်ဆိုရင်လည်း တိုင်းအစိုးရရဲ့ လုပ်ချင်၊ကိုင်ချင် တဲ့ပုံစံကို အများပြည်သူကိုချပြပြီး ပွင့်လင်းပြီးစည်းစနစ်ကျတဲ့ပုံစံမျိုးနဲ့ မြေတွေကိုချထားပေးတာမျိုး ဖြစ်သင့်တယ်လို့ မော်ကွန်းကတွေ့ဆုံခဲ့တဲ့ စက်သုံးဆီဆိုင်လုပ်ငန်းရှင်တချို့က သုံးသပ်ကြတယ်။

တိုင်းဒေသကြီးအစိုးရအနေနဲ့ အများနဲ့သက်ဆိုင်တဲ့မြေတွေကို အခုလိုလုပ်ငန်းရှင်တစ်ဖွဲ့ကိုချပေးခြင်းဟာ ရေရှည်မှာကောင်းကျိုးထက် ဆိုးကျိုးများမယ့်ဆုံးဖြတ်ချက်လို့ ဒီလုပ်ငန်းရှင်တွေက သုံးသပ်တယ်။

ရန်ကုန်က မြေနေရာ ၂၆ နေရာကို YP စက်သုံးဆီဆိုင်တွေဖွင့်လှစ်လုပ်ကိုင်ခွင့်ပြုဖို့ လျှောက်ထားတဲ့စာတစ်စောင် လူမှုကွန်ယက်မှာ ပျံ့နှံ့လာခဲ့တာကြောင့် အဲဒီအခြေနေတွေကို အသေးစိပ်သိရှိနိုင်ဖို့ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ ရန်ကုန်တိုင်းရဲ့ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်နိုင်ကို ဆက်သွယ်မေးမြန်းတဲ့အခါ ဌာနနဲ့မသက်ဆိုင်ဘဲ ဒီမြေတွေကို တိုင်းဒေသကြီးအစိုးရအဖွဲ့က တိုက်ရိုက်ကိုင်တွယ်တာလို့သာဖြေပြီး မှတ်ချက်ပေးဖို့ ငြင်းဆန်ပါတယ်။

လူမှုကွန်ယက်မှာပျံ့နှံ့နေတဲ့ စာရွက်စာတမ်းတွေအရ YP စက်သုံးဆီဆိုင်လို ဆိုင်မျိုးတွေဟာ ရန်ကုန်မြို့တွင် သာမက MP (Mandalay Petro ) အမည်နဲ့ မန္တလေးမြို့မှာလည်း ဖွင့်လှစ်ဖို့ စီစဉ်ထားတာကို တွေ့ရပါတယ်။

ပိုင်ရှင်တွေကဘယ်သူတွေလဲ

ရင်းနှီးမြုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှာတော့ Yangon Petrol ကုမ္ပဏီဟာ ၂၀၁၇ သြဂုတ်မှာ မှတ်ပုံတင်ထားပြီး “အစုရှယ်ယာအားဖြင့် တာဝန်ကန့်သတ်ထားသည့် အများနှင့်မသက်ဆိုင်သောကုမ္ပဏီ”ဟု ဖော်ပြထားပြီး ပုဂ္ဂလိကအစုရှယ်ယာရှင်ငါးဦး၊ ရင်းနှီးမတည်ငွေ ကျပ်သိန်းငါးထောင်နဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။

တည်ထောင်သူ ဒါရိုက်တာအဖွဲ့ဝင် ခြောက်ဦးထဲက ငါးဦးဟာ အစုရှယ်ယာငွေထည့်ထားပေမယ့် ဥက္ကဌအဖြစ တာဝန်ယူထားသူကတော့ အစုရှယ်ယာထည့်ဝင်ထားတာမတွေ့ရပါဘူး။

YP ရဲ့ ဥက္ကဌဟာ ယခင်က မြန်မာ့ရေနံထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်း၊ ရန်ကုန်တိုင်းရုံးရဲ့ အငြိမ်းစား အရာရှိတစ်ယောက်လို့စုံစမ်းသိရှိရပါတယ်။ စွမ်းအင်ဝန်ကြီးဌာနအောက်က ဒီဌာနဟာ စက်သုံးဆီတင်သွင်းခွင့်၊ ရောင်းချခွင့်လိုင်စင်တွေကို ကြီးကြပ်စစ်ဆေးထုတ်ပေးတဲ့ဌာနပါ။

ပြီးတော့ ဒီဒါရိုက်တာအဖွဲ့ဝင်တွေထဲက အများစုဟာ အခုမှစက်သုံးဆီဆိုင်လုပ်ငန်းလုပ်ကြသူတွေမဟုတ်ဘဲ မြန်မာနိုင်ငံမှာ အောင်မြင်နေတဲ့စက်သုံးဆီလုပ်ငန်းအုပ်စုဖြစ်တဲ့ PT Power စက်သုံးဆီလုပ်ငန်းစုကို တည်ထောင်သူတွေပါ။ PT လုပ်ငန်းစုရဲ့အောက်မှာ PT စက်သုံးဆီဆိုင်လုပ်ငန်းနဲ့ BOC စက်သုံးဆီဆိုင်လုပ်ငန်းဆိုပြီး ရှိပါတယ်။ YP ရဲ့ဒါရိုက်တာသုံးဦးဟာ PT power စက်သုံးဆီဆိုင်တွေနဲ့ BOC စက်သုံးဆီဆိုင်တွေကို လက်ရှိမှာဖွင့်လှစ်ရောင်းချနေတဲ့သူတွေဖြစ်ပါတယ်။

PT စက်သုံးဆီဆိုင်တွေဟာ တစ်နိုင်ငံလုံးမှာ ဖွင့်လှစ်နေတာဖြစ်ပြီး BOC စက်သုံးဆီဆိုင်လုပ်ငန်းတွေ  ကတော့ အထက်မြန်မာပြည် မန္တလေးမြို့ကို အခြေပြုပြီးလုပ်ဆောင်နေကြတာပါ။ YP ရဲ့ ကုမ္ပဏီမှတ်ပုံတင်ဟာ ကနဦးမှာ မန္တလေးကုမ္ပဏီမှတ်ပုံတင်ဌာနမှာ လုပ်ခဲ့တာဖြစ်ပြီး နောက်ပိုင်းကုမ္ပဏီဥပဒေအသစ်ထွက်လာမှ ရန်ကုန်ကို ပြောင်းခဲ့တာလို့ ကုမ္ပဏီမှတ်ပုံတင်ဌာနက အမည်မဖော်လိုတဲ့အရာရှိတစ်ဦးက မော်ကွန်းကိုရှင်းပြပါတယ်။ မန္တလေးမှာ YP ရဲ့ မှတ်ပုံတင် အမှတ်က ၂၈၁/၂၀၁၇-၂၀၁၈(MDY) ဖြစ်ပါတယ်။

YP စက်သုံးဆီဆိုင်တွေနဲ့ပတ်သက်ပြီးအသေးစိပ်သိရှိနိုင်ဖို့ YP ဒါရိုက်တာအဖွဲ့နဲ့ တွေ့ဆုံဖို့ကြိုးစားခဲ့ပေမယ့် လက်ရှိမှာ မီဒီယာကိုဖြေကြားခြင်းမပြုသေးဘူးလို့ပဲ ကုမ္ပဏီရဲ့ကိုယ်စားလှယ်ကတစ်ဆင့် အကြောင်းပြန်ကြားလာပါတယ်။

YP နှင့်ဈေးနှုန်းတူရောင်းချသည့် SBP စက်သုံးဆီဆိုင်တို့၏ ၂၅.၁.၂၀၁၉ ဈေးနှုန်းများ

မြေတွေရလို့ အမြဲဈေးချမှာလား

YP စက်သုံးဆီဆိုင်မှာ စစချင်းကာလတွေမှာ ရောင်းချတဲ့ Octane 92 Ron ရဲ့ ဈေးနှုန်းဟာ တစ်လီတာကို ၆၂၀ ကျပ်သာရှိခဲ့လို့ အခြားဆိုင်တွေထက် ကျပ် ၄၀ ၊ ၅၀ လောက်အထိ သက်သာတာကြောင့် သုံးစွဲသူတွေအကြား ရေပန်း စားခဲ့ပေမယ့် အခုအခါမှာတော့ သူနဲ့ဈေးနှုန်းတူရောင်းချတဲ့ဆိုင်တွေလည်း ပေါ်ထွက်လာပါပြီ။

အထူးသဖြင့် သာကေတ YP စက်သုံးဆီဆိုင်ရဲ့ အနီးအနားမှာရှိတဲ့ ရွှေဗျိုင်းဖြူစက်သုံးဆီဆိုင်ရင် YP နဲ့ဈေးနှုန်းတူ ရောင်းချတာတွေ့ရပါတယ်။ ဒီအချက်ကြောင့် စက်သုံးဆီလုပ်ငန်းရှင်တွေကြား မေးခွန်းတွေလည်း ပေါ်ထွက်လာခဲ့ ပါတယ်။

“ အစိုးရအထောက်အပံ့အကူအညီပေးတဲ့ ဆိုင်မှာလည်းဒီဈေးပဲ။ အစိုးရအထောက်အပံ့မရတဲ့ ဆိုင်မှာလည်း ဒီဈေးပဲဆိုတော့ စဉ်းစားစရာပဲ။ ဒီဆိုင်တွေကလည်း ကျွန်တော်တို့လည်း YP လို ဈေးနှုန်းနဲ့ ရောင်းချနိုင်တာပဲ။ ကျွန်တော်တို့ကိုလည်း သူလို မြေနေရာနဲ့လိုင်စင်တွေချပေးပါလို့ တောင်းဆိုရင်တော့ တိုင်းအစိုးရဒုက္ခရောက်ပြီ ” လို့ မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်းဖြန့်ဖြူးရောင်းချသူများအသင်းနဲ့ နီးစပ်သူတစ်ဦးက မော်ကွန်းကို ပြောတယ်။

နောက်ထပ်မေးခွန်းထုတ်စရာတစ်ခုက YP စက်သုံးဆီဆိုင်တွေ ဈေးနှုန်းတွေချရောင်းနေတဲ့အချိန်မှာ ပိုင်ရှင်အများစု အတူတူပဲဖြစ်တဲ့ PT အုပ်စုကဖွင့်ထားတဲ့ စက်သုံးဆီဆိုင်တွေမှာတော့ ဈေးနှုန်း ချရောင်းပေးတာမျိုးမရှိတာပါပဲ။ သာကေတမြို့နယ် YP ဆိုင်အနီးမှာပဲ ဖွင့်ထားတဲ့ PT စက်သုံးဆီဆိုင်က အများတကာဈေးနှုန်းအတိုင်း အမြင့်လိုင်းမှာ ရောင်းနေခဲ့တာကိုတွေ့ရပါတယ်။

“ အခု သူတို့(YP)ကို မြေနေရာတွေပေးတယ်။ သူတို့က ဈေးချပေးတယ်ပေါ့။ ဒါကဘယ်လောက်အထိ ဈေးချပေးမှာလဲ ဆိုတာကလည်း ရှိသေးတယ်။ ဒီအစိုးရသက်တမ်းကုန်ရင်ရော သူတို့ကဈေးကိုချပေးနေဦးမှာလားဆိုတာ မေးခွန်း ထုတ်စရာပဲ ” လို့ အမည်မဖော်လိုတဲ့ စက်သုံးဆီလုပ်ငန်းရှင်က ဝေဖန်တယ်။

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ကတော့ “တည်ဆောက်ရေးနဲ့ပတ်သက်တဲ့ ကဏ္ဍနယ်ပယ်တွေအားလုံးကို ကူညီသွားမှာ။ မြေနေရာရော။ အရှင်းဆုံးပြောရရင် ဈေးချပြီးတော့ ပြည်သူလူထုအတွက် ဝန်ဆောင်မှုလုပ်နိုင်တဲ့ အရာအားလုံးကို ကူညီချင်တယ်။ Yangon Petrol မှ မဟုတ်ဘူး။ ကုမ္ပဏီအားလုံးကိုပဲ။ ပြည်သူ့အတွက် လုပ်ပေးဖို့ပဲ” လို့ YRTA နှစ်နှစ်ပြည့်အခန်းအနားမှာ  ပြောကြားခဲ့ပါတယ်။

YP စက်သုံးဆီဆိုင်တွေအတွက် အစိုးရပိုင်မြေနေရာတွေကို ကာလပေါက်ဈေးထက် များစွာလျှော့ရောင်းပေးတာ၊ တင်ဒါမခေါ်တာတွေနဲ့ပတ်သက်လို့ အသေးစိပ်သိရှိနိုင်ဖို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ကိုလိပ်မူပြီး ဇန်နဝါရီ ၈ ရက်က သတင်းအချက်လက်တောင်းခံခွင့်ပုံစံ နည်းဥပဒေ ၃၁ (ဂ) ကို လျှောက်ထားခဲ့ပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လျှပ်စစ်နှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်ကို ဇန်နဝါရီ ၉ ရက်က ဖုန်းဆက်မေးမြန်းရာမှာလည်း ရုံးမှာစာလာတင်ဖို့ပြောတာကြောင့် သတင်းမီဒီယာနည်းဥပဒေအရ  သတင်းအချက်လက်တောင်းခံခွင့်ပုံစံနဲ့အတူ  ဇန်နဝါရီ ၁၀ ရက်က ထပ်မံလျှောက်ထားခဲ့ပါတယ်။

ဒီ့အပြင် ဇန်နဝါရီ ၁၀ ရက်က ရန်ကုန်တိုင်းဝန်ကြီးချုပ် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီရုံးခန်းကို လာရောက်စဉ် ကလည်း သတင်းအချက်လက်တောင်းခံခွင့်ပုံစံကို ၀န်ကြီးချုပ်ဦးဖြိုးမင်းသိန်းလက်ထဲ ထည့်ပေးခဲ့ပါတယ်။

ဇန်နဝါရီ ၁၁ ရက်မှာ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာန၊ ဌာနမှူးကိုလိပ်မူပြီး YP အတွက် မြေအငှားချထားမှုအကြောင်း သတင်းမီဒီယာနည်းဥပဒေအရ မေးမြန်းထားပေမယ့် ယခုဆောင်းပါးဖောင်ပိတ်ချိန် ဇန်န၀ါရီ ၂၆ ရက်အထိ တစ်စုံတစ်ရာအကြောင်းပြန်ကြားခြင်းမရှိသေးပါဘူး။

ထပ်မံသိရှိရတဲ့အချက်လက်တွေနဲ့ အခြားအသေးစိပ်အချက်လက်တွေကို ၂၀၁၉ ဖေဖော်ဝါရီထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်စဉ် ၆၂ မှာ ဆက်လက်ဖော်ပြ ပေးသွားပါမယ်။     ။

ဈေးနှုန်းသက်သာစွာ ကြော်ငြာထည့်သွင်းနိုင်ပါပြီ

LEAVE A REPLY

Please enter your comment!
Please enter your name here