Home သုံးသပ်ချက် အယူဝါဒရေး စစ်ပွဲများ ပြို ကွဲချိန်

အယူဝါဒရေး စစ်ပွဲများ ပြို ကွဲချိန်

301
0
Illustration - MAUNG NOE
Advertise Here

လွတ်လပ်ရေးရပြီး သုံးလနီးပါးအကြာ ၁၉၄၈၊ မတ် ၂၈ ရက် မြန်မာပြည်မှာ ပြည်တွင်းစစ် စတင်ပေါက်ကွဲဖြစ်ပေါ်ရခြင်းဟာ ဟိုလူ့ကြောင့်၊ ဒီလူ့ကြောင့်လို့ လတ်တလော အကြောင်းအချက်တွေကို အပြန်အလှန် လက်ညှိုးထိုးစွပ်စွဲနေခဲ့ကြတာမျိုး မဟုတ်သလို အမျိုးသား လက်နက်ကိုင်အင်အားစုတွေရဲ့ တော်လှန်ပုန်ကန်မှုကြောင့်လည်း မဟုတ်ပါဘူး။

ပြည်တွင်းစစ်ဖြစ်ရတာ အရင်းခံအားဖြင့် အယူဝါဒရေးတိုက်ပွဲ (Ideological Clash) ကြောင့် ဖြစ်ခဲ့ရတာပါ။ အထူးသဖြင့် ကွန်မြူ နစ်တွေနဲ့ အုပ်စိုးသူ ဖဆပလထဲမှ အာဏာရ ဆိုရှယ်လစ် တွေအကြား အယူအဆရေးရာ သဘောထားကွဲလွဲမှုတွေကြောင့် လက်နက်ကိုင် ပဋိပက္ခတွေဖြစ်ခဲ့ကြတာပါ။ ကွန်မြူ နစ်တွေက ဗြိတိသျှနယ်ချဲ့တွေကို တိုက်ထုတ်ပစ်နိုင်မှ လွတ်လပ်ရေး အစစ် အမှန်ရမယ်လို့ ယူဆနေချိန်၊ ဖဆပလထဲမှ အာဏာရ ဆိုရှယ် လစ်တွေက ဆွေးနွေးတောင်းဆိုလို့ ရရင်ရ၊ မရရင်ချမယ်လို့ သဘောထားခဲ့ကြတယ်။ ကွန်မြူ နစ်တွေက ဗြိတိသျှပေးတဲ့ လွတ်လပ်ရေးဟာ အတုအယောင် ရွှေရည်စိမ်လွတ်လပ်ရေးဖြစ် တယ်လို့ စွပ်စွဲနေချိန်၊ ဖဆပလထဲမှ အာဏာရ ဆိုရှယ်လစ်တွေ ဟာ ဗြိတိသျှအစိုးရက လန်ဒန်ဆွေးနွေးပွဲမှာ ပေးလိုက်တဲ့ လွတ် လပ်ရေးကို သဘောတူလက်ခံခဲ့ကြတယ်။ ဖက်ဆစ်တော်လှန်ရေး နှစ်ပတ်လည်နေ့မှာ ဦးနုက လက်ဝဲညီညွတ်ရေး ရွှေပြည်အေး တရားဟောနေချိန် ကွန်မြူ နစ်ပါတီခေါင်းဆောင် သခင်သန်း ထွန်းက ‘ဗားကရာချောက်ကို ဆိုရှယ်လစ်အရိုးတွေနဲ့ ဖို့ပစ်ရ မယ်’လို့ ကြုံးဝါးနေခဲ့တယ်။ ဒီလို သဘောထားတင်းမာနေချိန်မျိုးမှာ ပြည်ထဲရေးဝန်ကြီး ဦးကျော်ငြိမ်းက ကွန်မြူ နစ်ခေါင်း ဆောင်တွေ တောခိုတော့မယ်ဆိုတဲ့ ယုံကြည်မှုနဲ့ လက်ဦးမှုယူပြီး ဖမ်းဆီးဖို့ ကြိုးစားခဲ့တဲ့အတွက် ကွန်မြူ နစ်တွေကို တောထဲ မောင်းပို့သလိုဖြစ်ပြီး ပြည်တွင်းစစ်ကြီး ပေါက်ကွဲဖြစ်ပေါ်ခဲ့ ရတာပါ။ ဘာပဲဖြစ်ဖြစ် ဒီလို အခြေအထိ ဆိုက်ရောက်သွားရတာ နယ်ချဲ့စနစ်အပေါ် သဘောထား၊ ဗြိတိသျှကိုလိုနီစနစ်အပေါ် သဘောထား၊ လွတ်လပ်ရေးအပေါ် သဘောထားနဲ့ ဖဆပလထဲမှ အာဏာရဆိုရှယ်လစ်အစိုးရအပေါ် သဘောထားတွေဟာ ကွန် မြူ နစ်နဲ့ ဆိုရှယ်လစ်တွေရဲ့ အယူဝါဒရေး (Ideological War) တိုက်ပွဲတစ်ရပ်သာ ဖြစ်တယ်လို့ ကောက်ချက်ချရပါလိမ့်မယ်။

Illustration - MAUNG NOE
Illustration – MAUNG NOE

စစ်နှင့် တော်လှန်ရေးခေတ်ကာလ

Advertise Here

သမိုင်းကြောင်းအရ အယူဝါဒရေးစစ်ပွဲတွေဟာ ဒုတိယ ကမ္ဘာစစ်အပြီး ဆိုဗီယက်ခေါင်းဆောင်တဲ့ ဆိုရှယ်လစ်ဂိုဏ်းနဲ့ အမေရိကန်ဦးဆောင်တဲ့ နယ်ချဲ့အရင်းရှင်ဂိုဏ်းတို့ရဲ့  အပြိုင်အဆိုင် သြဇာခံထူထောင် နယ်ပယ်ချဲ့ထွင်တဲ့ စစ်အေးခေတ်ကြီး  စတင်ချိန်မှာ ပေါ်ပေါက်လာခဲ့ကြတာ ဖြစ်ပါတယ်။ အမေရိကန် ခေါင်းဆောင်တဲ့ နယ်ချဲ့အရင်းရှင်ဂိုဏ်းက အနောက်ဥရောပနဲ့  လက်တင်အမေရိကတို့ကို သြဇာခံနယ်ပယ်အဖြစ် ထူထောင် ထားခဲ့ချိန်မှာ ဆိုဗီယက်ခေါင်းဆောင်တဲ့ ဆိုရှယ်လစ်ဂိုဏ်းက လည်း အရှေ့ ဥရောပတစ်ခွင်လုံးကို အစောင့်အရှောက်ခံနယ်ပယ် အဖြစ် တည်ဆောက်ထားခဲ့ပါတယ်။ ဒီလို အရှေ့အုပ်စုနဲ့ အနောက် အုပ်စုဆိုတဲ့ ဆိုရှယ်လစ်နဲ့ အရင်းရှင်ဂိုဏ်းကြီး နှစ်ဂိုဏ်းအနေနဲ့ သြဇာခံနယ်ပယ်ထူထောင်ရေးအိပ်မက်ရဲ့ ဦးတည်ချက်ဟာ ကို လိုနီဘဝက လွတ်လပ်ရေးရလာတဲ့ မဖွံ့ဖြိုးသေးတဲ့ နိုင်ငံငယ် လေးတွေပဲ ဖြစ်ကြပါတယ်။ အထူးသဖြင့် အရှေ့အာရှဒေသက လွတ်လပ်စနိုင်ငံတွေ ဖြစ်ကြပါတယ်။ ဒါကြောင့်လည်း စစ်အေး ခေတ်အစပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ အယူဝါဒရေး စစ်ပွဲတွေဟာ အရှေ့ နဲ့ အရှေ့တောင်အာရှဒေသတွေမှာ ပြည်တွင်းစစ်သဏ္ဌာန်နဲ့ ပေါက်ကွဲပေါ်ထွက်ခဲ့ပါတယ်။ တရုတ်ပြည်မှာ အမေရိကန်အထောက် အပံ့ခံ ချန်ကေရှိတ်နဲ့ ဆိုဗီယက်ထောက်ခံတဲ့ မော်စီတုံးတို့ရဲ့  ပြည် တွင်းစစ်သဏ္ဌာန်ဆောင်တဲ့ အယူဝါဒရေးစစ်ပွဲဟာ လေးနှစ်နီးပါး ကြာခဲ့ပါတယ်။ ၁၉၄၉ ခုနှစ်မှာ စစ်ပွဲအနိုင်ရတဲ့ မော်စီတုံးက ကွန် မြူ နစ် တရုတ်ပြည်ထူထောင်လိုက်ချိန်မှာ အမေရိကန်က ထောက်ပံ့ကာကွယ်နေတဲ့ ချန်ကေရှိတ်ဟာ ထိုင်ဝမ်ကို ထွက်ပြေး ခဲ့ရပါတယ်။

တစ်ချိန်တည်းမှာ မြန်မာ၊ ထိုင်း၊ မလေးရှား၊ ဖိလစ်ပိုင်စတဲ့ အရှေ့တောင်အာရှနိုင်ငံတွေမှာ သက်ဆိုင်ရာတိုင်းပြည်တွေရဲ့ အစိုးရတွေနဲ့ ကွန်မြူ နစ်ပါတီတွေအကြား အယူဝါဒရေးစစ်ပွဲ လက္ခဏာဆောင်တဲ့ ပြည်တွင်းစစ်တွေ ပေါက်ကွဲဖြစ်ပေါ်လာခဲ့ ပါတယ်။ ၆ဝ ခုနှစ်ဝန်းကျင်မှာတော့ Domino Theory အရ တစ်ပြည်လုံးနီသွားတဲ့ တရုတ်ပြည်ရဲ့  အနီရောင်တွေ အရှေ့ တောင်အာရှတစ်ခွင်လုံး လွှမ်းဖုံးသွားမှာ စိုးရိမ်လာတဲ့ အမေရိ ကန်နိုင်ငံဟာ အင်ဒိုချိုင်းနားစစ်ပွဲကို လှုံ့ဆော်ဆင်နွှဲခဲ့ပြန်ပါတယ်။ ၁၄ နှစ်နီးပါး ကြာညောင်းခဲ့တဲ့ ဗီယက်နမ်စစ်ပွဲအပြီးမှာတော့ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ လာအိုနိုင်ငံတို့ရဲ့ တော်လှန်ရေးတွေ အောင်ပွဲခံပြီး ကွန်မြူ နစ်ပါတီတွေ အာဏာရလာခဲ့ပါပြီ။ တစ်ချိန် တည်းမှာ အမေရိကန်ကမ်းခြေနဲ့ မိုင် ၉ဝ ကွာဝေးတဲ့ ကျူးဘား နိုင်ငံမှာလည်း ကတ်စထရိုနဲ့ ချေဂွေဗားရားတို့ ခေါင်းဆောင်တဲ့ လက်နက်ကိုင်တော်လှန်ရေး အောင်ပွဲခံပြီး ကွန်မြူ နစ်တွေ အာဏာ ရသွားခဲ့ပြန်ပါတယ်။ ကျူးဘားပြည်ပေါ်က လွှင့်ထူလိုက်တဲ့ အလံ နီက အယ်လ်ဆာဗေဒို၊ နီကာရာဂွါ၊ ဘိုလီးဗီးယား စတဲ့ လက်တင် အမေရိကနိုင်ငံတချို့မှာ အယူဝါဒရေး လက္ခဏာဆောင်တဲ့ ပြည် တွင်းစစ်တွေကို မွေးဖွားစေခဲ့ပါတယ်။ အယူဝါဒရေးစစ်နဲ့ တော် လှန်ရေးခေတ်ကာလတွေဟာ အနီရောင်အောင်ပွဲခံတဲ့ နှစ်သမယ တွေပါပဲ။

တော်လှန်ရေးနေဝင်ချိန်

၁၉၉ဝ ပြည့်နှစ်ဝန်းကျင်မှာ ဆိုဗီယက်ခေါင်းဆောင် ဂေါ်ဘာချော့ဗ်ရဲ့ ပွင့်လင်းမြင်သာရေး (Glasnost) နဲ့ ပြုပြင်ပြောင်း လဲရေး (Peristroika) လုပ်ငန်းစဉ်တွေကြောင့် ဘာလင်တံတိုင်း ကြီး ပြိုကျခဲ့ပြီး အရှေ့ ဥရောပဆိုရှယ်လစ်ဂိုဏ်းလည်း ပြိုကွဲခဲ့ရ ပါတယ်။ ဒါနဲ့ တစ်ဆက်တည်းဆိုသလို အရှေ့-အနောက် ငြိမ်းချမ်း စွာ အတူယှဉ်တွဲနေထိုင်ရေး၊ ပူးပေါင်းဆောင်ရွက်ရေး ခေတ်ကြီး တစ်ခေတ် ပေါ်ပေါက်လာချိန်မှာ စစ်အေးခေတ်ကြီးလည်း ပြီးဆုံး သွားခဲ့ရပါတယ်။ စစ်အေးခေတ်ကြီး ပြီးဆုံးမှုနဲ့အတူ ၄င်းရဲ့ ဖွား ဖက်တော်ဖြစ်တဲ့ အာရှ-လက်တင်-အမေရိကတစ်လွှားက အယူ ဝါဒရေး စစ်ပွဲအသွင်သဏ္ဌာန်အမျိုးမျိုးလည်း ချုပ်ငြိမ်းပြိုကွဲလာ ခဲ့ရပါတယ်။ လက်တင်အမေရိကတိုက်က နီကာရာဂွါ၊ အယ်လ် ဆာဗေဒိုနိုင်ငံတွေမှာ ပြည်တွင်းစစ်တွေကို ရပ်ဆိုင်းလိုက်ကြပြီး ပါတီစုံစနစ်နဲ့ ဥပဒေဘောင်အတွင်း ရွေးကောက်ပွဲတွေမှာ ဝင် ရောက်ယှဉ်ပြိုင်ခဲ့ကြတယ်။ အာရှတိုက်က ဟိမဝန္တာတောင်တန်း တွေမှာ လှုပ်ရှားနေခဲ့ကြတဲ့ နီပေါနိုင်ငံရဲ့ မော်ဝါဒီသူပုန်တွေလည်း ပြည်တွင်းစစ်ရပ်ဆိုင်းပြီး ဥပဒေတွင်း ရွေးကောက်ပွဲတွေမှာ ပါ ဝင်ယှဉ်ပြိုင်ခဲ့ကြတယ်။ ဥက္ကဋ္ဌ ချင်ပင်းခေါင်းဆောင်တဲ့ မလေး ရှားကွန်မြူ နစ်တွေလည်း တဖြည်းဖြည်းနဲ့ လုံးပါးပါးပြီး နောက် ဆုံး ဥပဒေဘောင်အတွင်း ဝင်ရောက်သွားခဲ့ကြရတယ်။ ထိုင်း ကွန်မြူ နစ်တွေကတော့ အယူဝါဒရေးစစ်ပွဲအပေါ် ယုံကြည်မှုကပ် ဆိုက်ပြီး ထိုင်းအစိုးရထံ လက်နက်ချသွားခဲ့ကြတယ်။ နယ်မြေ အခြေခံဒေသမရှိတဲ့ အင်ဒိုနီးရှားကွန်မြူ နစ်တွေခမျာ နိုင်ငံ တကာ တိုင်းမဲ့ပြည်မဲ့တွေအဖြစ် အမေရိက၊ ဥရောပနိုင်ငံအနှံ့ ပြန့်ခွဲရပ်တည်နေကြရရှာတယ်။ တရုတ်ပါတီအကူအညီနဲ့ အာရှ ရဲ့  အလားအလာအရှိဆုံး အင်အားအဖြစ် မျှော်လင့်ခဲ့ကြတဲ့ ဗမာ ပြည်ကွန်မြူ နစ်ပါတီလည်း ၁၉၈၉ ခုမှာ တိုင်းရင်းသားတွေရဲ့ ပုန် ကန်တော်လှန်မှုကြောင့် နောက်ဆုံး တရုတ်ပြည်ကို ထွက်ပြေးခို လှုံသွားကြရပါပြီ။ ကိုလံဘီယာက အစိုးရနှင့် လက်ဝဲသူပုန်တွေရဲ့ ၄၇ နှစ်ကြာ အယူဝါဒရေးစစ်ပွဲလည်း ပြီးဆုံးလုနီးပါပြီ။ ဒီနေ့ ကမ္ဘာမှာ အယူဝါဒရေးစစ်ပွဲ အလံထူပြီး ပြည်တွင်းစစ်သဏ္ဌာန်နဲ့ ဆက်လက်ရပ်တည်သေးတာဆိုလို့ အိန္ဒိယနဲ့ ဖိလစ်ပိုင်မှာ ရှိတဲ့ မော်ဝါဒီ အကြွင်းအကျန်တချို့ သာ ရှိတော့ပါတယ်။ ဒါလည်း အစိုးရတွေကို ခြိမ်းခြောက်ဖိအားပေးနိုင်တဲ့ အနေအထားမျိုး မရှိတော့တာကြောင့် သမိုင်းက ခြွင်းချန်ထားရစ်ခဲ့တဲ့ အပိုင်းအစ တချို့လို့ပဲ ယူဆရမှာပါ။ ဆိုရရင် ဒီ ၂၁ ရာစုထဲ ဝင်ရောက်လာတဲ့ ခေတ်ကာလသမယဟာ အယူဝါဒရေး စစ်ပွဲတွေရဲ့ နေဝင်ချိန်လို့ ကောက်ချက်ချရပါလိမ့်မယ်။

အယူဝါဒတိုက်ပွဲများ၏ နိဂုံး

၁၉၉ဝ ပြည့်နှစ် အစပိုင်းမှာ အမေရိကန်နိုင်ငံခြားရေးဌာန ရဲ့  ဝန်ထမ်းတစ်ဦးဖြစ်တဲ့ ဖူကူယားမား (F.Fukuyama) ရေး သားလိုက်တဲ့ သမိုင်း၏ နိဂုံး (The End of History) စာတမ်းက နိုင်ငံတကာ အယူဝါဒရေးနယ်ပယ်ကို ကိုင်လှုပ်လိုက်ပါတယ်။ ဒီ စာတမ်းရဲ့ အဆိုအရ ဘာလင်တံတိုင်းပြိုလဲခြင်း၊ အရှေ့ ဥရောပ ဆိုရှယ်လစ်ဂိုဏ်း ပြိုကွဲခြင်း၊ စစ်အေးခေတ် ကုန်ဆုံးသွားခြင်း စတဲ့ အပြောင်းအလဲတွေက ရာစုနှစ်နဲ့ချီပြီး ရှည်ကြာခဲ့တဲ့ အယူ ဝါဒရေးတိုက်ပွဲကို အဆုံးသတ်အဖြေထုတ်ပေးလိုက်တယ်။ ဒီ အယူဝါဒရေးတိုက်ပွဲအတွင်းမှာ ကွန်မြူနစ်ဝါဒ ရှုံးနိမ့်သွားခဲ့ပြီး လစ်ဘရယ်ဒီမိုကရေစီစနစ်က လုံးဝအောင်ပွဲခံသွားခဲ့ပြီ။ ဒီလို လစ်ဘရယ်ဒီမိုကရေစီက အယူဝါဒရေးတိုက်ပွဲမှာ အဆုံးသတ် အောင်ပွဲခံလိုက်တဲ့အတွက် သမိုင်းလည်း နိဂုံးချုပ်သွားခဲ့ပြီလို့ ကောက်ချက်ဆွဲလိုက်ပါတယ်။ ဖူကူယားမားရဲ့ အယူအဆကို အမေရိကန်၊ ဥရောပနဲ့ ဒီမိုကရေစီနိုင်ငံတွေက နိုင်ငံရေးအင်အား စုတွေက သောင်းသောင်းဖြဖြ ထောက်ခံကြိုဆိုခဲ့ကြပါတယ်။ ဒီ မိုကရေစီနဲ့ လူ့အခွင့်အရေးကို ပေါင်းစည်းထားတဲ့ လစ်ဘရယ်ဝါဒ အားကောင်းမောင်းသန် လွှမ်းမိုးကြီးစိုးလာတဲ့ ခေတ်သမယပါပဲ။

ဖူကူယားမားရဲ့ သမိုင်းနိဂုံးစာတမ်းနဲ့ မရှေးမနှောင်းကာလ မှာပဲ ပါမောက္ခဟန်တင်တန် (S.Hung Tin Tung) ရဲ့ ယဉ်ကျေး မှုများ တိုးတိုက်မိခြင်း (The Clash of Civilization) ကျမ်း တစ်စောင် ထွက်ပေါ်လာခဲ့ပါသေးတယ်။ ဒါပေမဲ့ လစ်ဘရယ်ဒီမို ကရေစီ အယူဝါဒ လွှမ်းမိုးအားကောင်းနေချိန် ဖြစ်တဲ့အတွက် ဟန်တင်တန်ရဲ့ ဘာသာရေး၊ လူမျိုးရေးကို အကြောင်းပြုပြီး လူ့ အဖွဲ့အစည်းချင်း ပဋိပက္ခတွေ ဖြစ်လာနိုင်တယ်ဆိုတဲ့ ဟောကိန်း ကို အယူဝါဒရေးဆိုင်ရာ နယ်ပယ်မှာရှိတဲ့ ပညာရှင်တွေက အလေးထားဂရုမစိုက်ခဲ့ကြပါဘူး။ ၉/၁၁ အရေးအခင်းမှာ အယ်လ် ကိုင်ဒါတွေရဲ့ လက်ချက်နဲ့ ကမ္ဘာ့ကုန်သွယ်ရေး အဆောက်အအုံ မျှော်စင်ညီနောင်ကြီး ပြိုလဲသွားတော့မှ ဖူကူယားမားရဲ့ လစ် ဘရယ်ဒီမိုကရေစီ အယူအဆကြီးလည်း ပြိုကွဲသွားခဲ့ရပါတယ်။ တစ်ဆက်တည်းဆိုသလို အစွန်းရောက်ဘာသာရေး၊ လူမျိုးရေး စစ်ပွဲနဲ့ အကြမ်းဖက်ဝါဒတိုက်ခိုက်ရေး စစ်ပွဲတသီကြီးကို အမေရိကန်နဲ့ နေတိုးမဟာမိတ်တွေ ဆင်နွှဲခဲ့ရပါတယ်။ အာရပ်-အစ္စရေး အရေးအခင်းကနေ အီရတ်စစ်ပွဲ၊ အာဖဂန်စစ်ပွဲတွေ၊ လူမျိုးရေး၊ ဘာသာရေးအကြမ်းဖက်ဝါဒ ဆန့်ကျင်ရေးတိုက်ပွဲတွေ အဆက် မပြတ် ဆင်နွှဲနေကြရတယ်။ ဒီလို လူမျိုးရေး၊ ဘာသာရေးအကြမ်း ဖက်စစ်ပွဲတွေ ဖြစ်လာတဲ့အတွက် လစ်ဘရယ်ဒီမိုကရေစီဝါဒ လည်း အယူဝါဒရေးတိုက်ပွဲမှာ အဆုံးသတ်အောင်ပွဲ မရခဲ့ပါဘူး။ ကွန်မြူ နစ်တော်လှန်ရေးတွေ ရှုံးနိမ့်သွားခဲ့ပေမယ့် လစ်ဘရယ် ဒီမိုကရေစီဝါဒလည်း အနိုင်မရခဲ့ပါဘူး။ အယူဝါဒရေးစစ်ပွဲတွေက နေ လူမျိုးရေး၊ ဘာသာရေး အကြမ်းဖက်တိုက်ပွဲသဏ္ဌာန်ဆီ ပြောင်းလဲလာတာပဲ ရှိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အယူဝါဒရေး ကို အကြောင်းပြုပြီး ဖြစ်ပေါ်ခဲ့တဲ့ ကွန်မြူ နစ်ဝါဒနဲ့ လစ်ဘရယ်ဒီ မိုကရေစီဝါဒတို့ရဲ့ တိုက်ပွဲတွေကတော့ မြင်သာတဲ့ ကာလတစ်ခု အထိ ပြီးဆုံးသွားပြီလို့ ဆိုနိုင်ပါတယ်။

၂ဝ ရာစုဟာ ကမ္ဘာစစ်ကြီး နှစ်ကြိမ်ဖြစ်ခဲ့သလို တော်လှန် ရေးတွေလည်း အုံကြွပေါက်ကွဲတဲ့ စစ်နဲ့ တော်လှန်ရေးခေတ်ကြီး ဖြစ်ပါတယ်။ ၂၁ ရာစုမှာ အဏုမြူလက်နက်ပိုင်ဆိုင်တဲ့ နိုင်ငံ ပေါင်း  ၂ဝ ခန့် ရှိနေကြတဲ့အလျောက် ကမ္ဘာစစ်လို အထွေထွေ စစ်ပွဲမျိုး ဘယ်နိုင်ငံမှ မဖြစ်ရဲကြတော့ပါဘူး။ အကြမ်းဖက် လက် နက်ကိုင်တဲ့နည်းနဲ့ ပြည်တွင်းစစ်ခင်းပြီး တော်လှန်ရေးအောင်ပွဲ ခံဖို့ ဆိုတာလည်း အယူဝါဒရေးနယ်ပယ်မှာ ဖြစ်နိုင်ခြေ နည်းပါး လှပါတယ်။ အာရပ်နွေဦးလို လူထုအုံကြွ တိုက်ပွဲဝင်တဲ့နည်းနဲ့ အပြောင်းအလဲတွေ ပေါ်ပေါက်ရေးဆိုတာတောင် အဆုံးသတ် အဖြေဟာ သက်ဆိုင်ရာ တိုင်းပြည်တွေရဲ့ လက်နက်ကိုင်တပ်ဖွဲ့ တွေရဲ့ သဘောထားအပေါ် မူတည်နေပါတယ်။ ဂလိုဘယ်လ်လိုက် ဇေးရှင်းခေတ်မှာ ဒေသဆိုင်ရာ စစ်ပွဲတွေတောင် ကြီးထွားမပြန့် ပွားရေးအတွက် အင်အားသုံး မဖြေရှင်းဘဲ ဆွေးနွေးညှိနှိုင်း (Dialogue) ဖြေရှင်းနေချိန်ဖြစ်ပါတယ်။ ၂၁ ရာစုဟာ အယူဝါဒ စစ်ပွဲတွေရဲ့ ခေတ်မဟုတ်ဘဲ အကျိုးစီးပွားဆိုင်ရာ တိုက်ပွဲတွေရဲ့ ခေတ်ပါပဲ။ ဒီလိုခေတ်မှာ အယူဝါဒရေး တိုက်ပွဲတွေရဲ့ ပြည်တွင်း စစ်ပွဲတွေ ပြိုကွဲချုပ်ငြိမ်းနေပါပြီ ။        ။

၂၀၁၆-နိုဝင်ဘာလထုတ်၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၄၀)မှ သုံးသပ်ချက် ဆောင်းပါး ဖြစ်ပါသည်။

သန်းစိုးနိုင် ရေးသည်။

Advertise Here

LEAVE A REPLY

Please enter your comment!
Please enter your name here