Home ကဗျာ အနာဂတ်မြေအောက်မြို့တော်ကြီးက ဟက်ပီးဝေါလ်ကို သွားကြမလား

အနာဂတ်မြေအောက်မြို့တော်ကြီးက ဟက်ပီးဝေါလ်ကို သွားကြမလား

259
0
Advertise Here

အနာဂတ် မြေအောက်မြို့တော်ကြီးက

ဟက်ပီးဝေါလ်ကို သွားကြမလား

အံ့သြမသွားကြပါနဲ့လေ

Advertise Here

သိပ်မဝေးတော့တဲ့ အနာဂတ်ကာလတွေမှာ

ခင်ဗျားတို့ ကျွန်တော်တို့တစ်တွေဟာ

မြေအောက်မြို့တော်ကြီးမှာ နေထိုင်ကြပြီး

မြေအောက်ရထား၊ မြေအောက် ဘတ်စ်ကားတွေ စီးလို့

မြေအောက်မြို့တွင်းခရီးကို နှင်ကြရပေလိမ့်မယ်။

Illustration – MAUNG NOE

မြေအောက်ကလေးငယ်တွေက

မြေအောက်ကျောင်းတွေဆီ သွားကြကာ

မြေအောက်ကစားကွင်းတွေမှာ ပျော်ရွှင်စွာ ဆော့ကစား၊

မြေအောက်အိမ်ရှင်မတွေကလည်း

မြေအောက်စူပါမားကက်ကြီးတွေထဲ ဝင်ရောက်လို့

မြေအောက်မိသားစုတွေအတွက် လိုအပ်မယ့်

မြေအောက်စားကုန်သုံးကုန် ပစ္စည်းတွေကို

မြေအောက်ခရက်ဒစ်ကတ်တွေ သုံးပြီး ဝယ်ယူကြပေလိမ့်မယ်။

 

မဝေးတော့တဲ့ အဲဒီကာလမှာ

မြေအောက်သူ မြေအောက်သားတွေ ဖြစ်လာမယ့်

ခင်ဗျားတို့ စိတ်ပူမနေကြပါနဲ့လေ

မြေအောက်ဟိုတယ်တွေ၊ မြေအောက်စားသောက်ဆိုင်တွေ

မြေအောက်ကေတီဗီတွေ၊ မြေအောက်အနှိပ်ခန်းတွေ

အဲဒါတွေလည်း အများအပြား ပေါ်ထွန်းရုံမက

မြေအောက်မဂ္ဂဇင်းတွေ၊ မြေအောက်သတင်းစာတွေ

မြေအောက်အက်ဖ်အမ်တွေ၊ မြေအောက်တီဗီချယ်နယ်တွေနဲ့

မြေအောက်မီဒီယာလုပ်ငန်းတွေလည်း

အပြိုင်အဆိုင် အလုအယက် ပေါ်ထွန်းလာကြပေလိမ့်မယ်။

 

အဲဒီအချိန်အခါ မြေအောက်မြို့တော်ကြီးမှာ

မြေအောက်အစိုးရ ဝန်ကြီးဌာနများ

မြေအောက်ပါတီဌာနချုပ်များ

မြေအောက်လက်နက်ကိုင်အဖွဲ့အစည်းများ

မြေအောက်သံရုံးများ

မြေအောက်အင်န်ဂျီအိုများနဲ့

မြေအောက်သမဂ္ဂများ အစုံအလင်

မိုးဦးကျ မြက်ပင်တွေ အပြိုင်းအရိုင်း တောထလာသလို

အလျှိုအလျှို ပေါ်ထွန်းလာကြလိမ့်မှာ မလွဲ။

 

တစ်ခုပါပဲ

ဒါက မြေအောက်မြို့တော်ကြီးဆိုတော့ကာ

ဟိုးအမြင့်ထက်က မိုးကောင်းကင်ပြာပြာကို မမြင်တွေ့နိုင်တော့

နေတွေ လတွေ ကြယ်တွေကိုလည်း ကြည့်ရှုခံစားလို့မရတော့

သဘာဝက လက်ဆောင်ပေးထားတဲ့

နေ့နဲ့ ည ဆိုတာလည်း မရှိတော့ဘဲ

မြေအောက်မြို့တော်ကြီးထဲ ၂၄ နာရီပတ်လုံး လှုပ်ရှားစည်ကား

ဖန်တီးထားတဲ့ အတုများနဲ့သာ နှစ်ပါးသွားကြရပေလိမ့်မယ်။

 

မြေအောက်နေ မြေအောက်လ အတုများနဲ့

မြေအောက်နေ့ မြေအောက်ည အတုများနဲ့

မြေအောက်မြစ် မြေအောက်ရေတံခွန် အတုများနဲ့

မြေအောက်ဥယျာဉ် မြေအောက်သစ်ပင်အတုများနဲ့

အမြဲတမ်း ပြာလွင်ဝင်းတောက်နေမယ့်

မြေအောက်မိုးကောင်းကင်အတုကြီးအောက်က

ပညာဥာဏ်စူးရောက်စွာ စိတ်ကူးတည်ဆောက်

ထူးမြောက်တဲ့ မြေအောက်မြို့တော်ကြီးမှာပေါ့လေ။

(၁၈.၆.၂ဝ၁၇)

 

၂၀၁၇-ဇူလိုင်လထုတ်၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၄၈)မှ ကဗျာ ဖြစ်ပါသည်။

မင်းထက်မောင် ရေးသည်။

Advertise Here

LEAVE A REPLY

Please enter your comment!
Please enter your name here