Home အက်ဆေး အညာရွာ ကဗျာရွာ မောင်စွမ်းရည်တို့ ရွာ

အညာရွာ ကဗျာရွာ မောင်စွမ်းရည်တို့ ရွာ

411
0
Advertise Here

၂ဝ၁၈၊ ဒီဇင်ဘာလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၆ဝ)မှ Remembrance ဖြစ်ပါသည်။

သန်းနိုင်ဦး ရေးသည်။

 

Advertise Here

စာရေးဆရာ မောင်စွမ်းရည်က မြန်မာစာပေ လောကမှာ ထင်ရှားတယ်။ အနီနဲ့ အပြာ ကဗျာ စာအုပ်နဲ့ အမျိုးသားစာပေဆုကို မန်းတက်္ကသိုလ် ကျောင်းသားဘ၀ကတည်းက ရရှိခဲ့တယ်။ ပြည် သူ့ရှုဒေါင့် ဝေဖန်ချက်များ စာအုပ်နဲ့ စာပေဝေဖန် ရေးနယ်ပယ်ကို ကိုင်လှုပ်နိုင်ခဲ့တယ်။ ဗမာစာပေ ဘာလဲ ဘယ်လဲလို စာတမ်းမျိုး အထက်ဗမာနိုင်ငံ စာရေးဆရာအသင်းရဲ့ စာတမ်းဖတ်ပွဲမှာ တင် သွင်း ဖတ်ကြားခဲ့တယ်။ နံ့သာသူခိုးလို ၀တ်္ထုတို တွေ ရေးသားခဲ့တယ်။  လူထုသတင်းစာမှာ အယ်ဒီတာအဖြစ် လုပ်ကိုင်ခဲ့သလို ကျောင်း ဆရာအဖြစ်လည်း အသက်မွေးဝမ်းကျောင်း ခဲ့သေးတယ်။ ကျောင်းသုံးစာအုပ်ကော်မတီမှာ အစိုးရအမှုထမ်းအဖြစ် လုပ်ကိုင်ခဲ့တယ်။ဟော… အခု တတိယအရွယ်ရောက်တော့ အမေရိကန် ပြည်ထောင်စုမှာ နေထိုင်ပြန်တယ်။

လွန်ခဲ့တဲ့ နှစ်နှစ် (၂၀၁၆)က မောင်စွမ်းရည် မြန်မာပြည် ပြန်လာခဲ့တယ်။ မြန်မာပြည်မှာ ရှိနေစဉ် မန္တလေးက လူထု တိုက်ကိုလည်း ၀င်ခဲ့ပြီး ရေးဖော်တွေနဲ့ တွေ့ ခဲ့ကြတယ်။ အဲဒီ တွေ့ ဆုံပွဲမှာ ကိုလေး(အင်းဝဂုဏ်ရည်)၊ မြန်မာမှုဒီဇိုင်းသုတေသီ ဦးအေးမြင့်၊ ဦးသန်းဌေး၊ ဦးမျိုးမြင့် စတဲ့သူတွေအပြင် တူသား နောင်မယ်တွေ ဖြစ်ကြတဲ့ ညီစေမင်း၊ ရှေ့နေ ဦးထွန်းအောင်ကျော်၊ မောင်မှိုင်းလွင်(အင်းဝ)၊ ညီပုလေး၊ ကျော်ရင်မြင့်၊ ဆူးငှက်၊ သိုက် ထွန်းသက် စတဲ့ မြို့ခံ စာရေးဆရာတွေနဲ့လည်း တွေ့ ခဲ့ကြတယ်။ ဆရာမောင်စွမ်းရည် ဇာတိရပ်ရွာကိုလည်း အဲဒီတုန်းက အလည် ပြန်ဖြစ်သတဲ့။ ဆရာစွမ်း ရွာပြန်မရောက်တာ ရာစုတစ်ဝက် လောက် ကြာမြင့်ခဲ့ပေမယ့် ဇာတိရွာလေးက အရင်အတိုင်း ရှိနေ ခဲ့တယ်။ ဆရာမောင်စွမ်းရည်ရဲ့ ဇာတိရပ်ရွာကို ရောက်အောင် သွားမယ်လို့ တေးထားပေမယ့် အကြောင်းမတိုက်ဆိုင်လို့ တော် တော်နဲ့ မသွားဖြစ်ဘူး။

Photo-Than Naing Oo
ကန်ဆင့်ရွာရဲ့ညနေခင်းနွာျးေကျာင်းပြန်ချိန်

တစ်နေ့တော့ Mandalay Journalism School က ကိုစန်းယုနဲ့ ဆရာမောင်စွမ်းရည်ရဲ့ ရွာအကြောင်း စကားစပ်မိ ကြတယ်။ ဆရာ့ဇာတိက မြင်းခြံမြို့နယ်ထဲက ကန်ဆင့်ဆိုတဲ့ ရွာ။ တိုက်ဆိုင်ချင်တော့ ကန်ဆင့်ရွာက ကိုစန်းယုရဲ့ ဗလုံရွာနဲ့ ကပ် လျက်မှာ ရှိနေတယ်။ ရွာမပြန်ဖြစ်တာ အတော်ကြာ ပြီဖြစ်တဲ့ ကိုစန်းယုက ဗလုံရွာကို ပြန်တဲ့နေ့ အတူသွားကြဖို့ ဖိတ်ခေါ်တယ်။ ကျွန်တော်တို့ခရီးစဉ်မှာ 7DAY ဂျာနယ်က ကိုညီညီဇော်က လည်း အဖော်အဖြစ် လိုက်ပါခဲ့တယ်။

အောက်တိုဘာလဆန်းရက်မှာ ဆရာမောင်စွမ်းရည်ရဲ့ ရွာကို သွားကြတယ်။ တံတားဦး-မြို့သာ-မြင်းခြံလမ်းအတိုင်း မြင်းခြံကို သွားကြတယ်။ မိုးနှောင်းပိုင်းကာလဖြစ်လို့ ၀န်းကျင် တစ်ခုလုံး စိမ်းစိုနေတယ်။ တံတားဦး မြို့ရောက်တော့ ရွှေညောင် ပင်မှာ မနက်စာစား၊ လက်ဖက်ရည်သောက် နားကြတယ်။ လမ်း မှာ မြို့သာ၊ နဘူးအိုင်၊ ကုက္ကဲ စတဲ့ ရွာတွေကို တစ်ခုပြီး တစ်ခု ဖြတ် ခဲ့ကြတယ်။ မြင်းခြံအ၀င် ရောက်ခါနီးမှာ ထနောင်းပင်တန်းက လမ်းပေါ် အုပ်မိုးနေတယ်။ မြင်းခြံကို တံတားဦးဘက်က လာရင် ဖြစ်ဖြစ်၊ မြစ်သား-နွားထိုးကြီးလမ်း ဟောင်းက လာရင်ဖြစ်ဖြစ် မြင်းခြံရောက်ခါနီးတိုင်း ထနောင်းပင်တန်းကို တွေ့ရစမြဲ ဖြစ် တယ်။ တမာ၊ ထနောင်း၊ ရှားစောင်း၊ ကန္တာရတွေသည်ပင် အညာ ရဲ့ သင်္ကေတ မဟုတ်ပါလော။ မြင်းခြံ မြို့ ၀င်ခါနီးမှာ တံတားဦးက လာတဲ့ လမ်းနဲ့ မြစ်သားဘက်က လာတဲ့လမ်း သွားဆုံပါတယ်။ အင်္ဂလိပ်အက်္ခရာ ၀ိုင်လမ်းဆုံအဖြစ် လမ်းနှစ်လမ်း ပေါင်းဆုံသွား တာပါ။ လမ်းဆုံရောက်တဲ့အခါ မြင်းခြံမြို့ဘက်ကို ဆက်မသွား တော့ဘဲ မြစ်သားဘက်ထွက်တဲ့ လမ်းကြောင်းအတိုင်း တံတောင် ဆစ်ချိုး ကွေ့ ခဲ့ကြတယ်။ မြစ်သား-မြင်းခြံလမ်းအတိုင်း မြစ်သား ဘက်ကို  မောင်းခဲ့ကြတာပါ။ မြင်းခြံမြို့နဲ့ ခြောက်မိုင်အကွာမှာ ဆည်လမ်းခွဲကို ရောက်ပါတယ်။ ပြောင်းပြာဆည်ရဲ့ လက်တံ မြောင်းဖြစ်ပြီး မြောင်းပေါင်လမ်းအတိုင်း သွားခဲ့ကြတယ်။ လမ်းမကနေ နှစ်မိုင်လောက် ၀င်လိုက်ချိန်မှာ လက်တံမြောင်း ဘေးမှာ ဗလုံရွာကို ရောက်ပါပြီ။ ဗလုံရွာအ၀င်မှာ သစ်လွင်တဲ့ မူလတန်းကျောင်းလေးက ဆီးကြိုနေတယ်။ မူလတန်းကျောင်း လေးက အုတ်ကာ သွပ်မိုး အဆောက်အအုံလေး ဖြစ်ပါတယ်။ ရွာ အ၀င်မှာ ကွန်ကရစ်အုတ်တိုင်နဲ့ သံတံခါး တပ်ဆင်ထားတဲ့ ရွာ တံခါးက ခံ့ထည်လှတယ်။ ဒါပေမဲ့ တံခါးတိုင်ဘေးမှာ ဘာအကာ အရံမှ ရှိမနေဘူး။

ရွာအ၀င်လမ်းတစ်လျှောက်မှာ ကန္တာရပင်တွေက အစီ အရီ။ အညာဒေသထုံးစံအတိုင်း ရှားစောင်းလက်ပပ်ပင်တွေကို ခြံစည်းရိုးသဖွယ် စိုက်ထားတယ်။ ကိုစန်းယုတို့ အိမ်ဝိုင်းထဲမှာ သက်တမ်းရင့် မန်ကျည်းပင်ကြီးတွေအောက်က ကွပ်ပျစ်ပေါ်မှာ ကျွန်တော်တို့ အေးအေးလူလူ ထိုင်ကြတယ်။ အိမ်ရဲ့ ရာဟုဒေါင့် မှာ ရေတွင်းတစ်တွင်း တူးထားပြီး ၀ါးတစ်ပြန်စာသာ နက်တယ်။ အညာဒေသမှာ ရေငန်တွေသာ ထွက်လို့ သုံးရေ ချိုးရေအတွက်ပဲ သုံးလို့ရတယ်။ သောက်ရေအတွက် ရေချိုတွင်းကို သွားခပ်ကြရတယ်။

ကျွန်တော်တို့က ဆရာမောင်စွမ်းရည်ရဲ့ ကန်ဆင့်ရွာကို သွားကြမယ်ဆိုတော့ ကိုစန်းယုအစ်မက ဖုန်းခေါ်ပေးတယ်။ ဖုန်း ဖြေသူက ရွာလာတဲ့လမ်းအတိုင်း လာခဲ့ဖို့ အကြောင်းပြန်တယ်။ ဆရာမောင်စွမ်းရည်ရဲ့ ရွာ ကန်ဆင့်က ဗလုံရွာနဲ့ ဓားလွယ်ခုတ် ပြောင်းပြာဆည်လက်တံမြောင်းရဲ့ တစ်ဖက်မှာ ရှိတယ်။ ဆရာ မောင်စွမ်းရည်ရွာကို သွားဖို့ လက်တံမြောင်းကူးတံတားကို ဖြတ် ခဲ့ကြရတယ်။ ကန်ဆင့်ရွာကို သွားတဲ့လမ်းက ယာခင်းတွေကြား က ဖြတ်ဖောက်ထားတဲ့လမ်းဖြစ်ပြီး လမ်းအနည်းငယ် ကြမ်း တယ်။ ကုန်းခေါင်ခေါင် အညာဒေသ။ ကျွန်တော်တို့ကို ကန်ဆင့် ရွာ လိုက်ပို့မယ့်သူက ယာခင်းထိပ်က အဆင်သင့်စောင့်နေပြီး ကျွန်တော်တို့ ရောက်လာချိန်မှာ ဆိုင်ကယ်နဲ့ ရှေ့က  ဦးဆောင် ခေါ်သွားတယ်။ ဆိုင်ကယ်နဲ့ ငါးမိနစ်လောက် မောင်းလိုက်ရုံနဲ့ ကန်ဆင့်ရွာဆိုတဲ့ ရွာအ၀င်ဆိုင်းဘုတ်ကြီးကို တွေ့ကြရတယ်။ ကျွန်တော်တို့တွေ့တဲ့ရွာက ကန်ဆင့်မြောက်ရွာဖြစ်ပြီး ရွာမှာ အိမ်ခြေ ၅၀၀ ကျော်တယ်။ ဆရာမောင်စွမ်းရည်ရဲ့ ဇာတိရွာက ကန်ဆင့်မြောက်ရွာရဲ့ တောင်ဘက်မှာ ရှိတဲ့ ကန်ဆင့်တောင်ရွာ။ကန်ဆင့်မြောက်ရွာက အညာရွာကြီးဖြစ်ပြီး အလယ်တန်း ကျောင်းအထိ ရှိတယ်။ လျှပ်စစ်မီးတွေလည်း ရွာလမ်းတစ် လျှောက် သွယ်တန်းထားတယ်။ ကျွန်တော်တို့ ကန်ဆင့်ရောက် ချိန်က ကြားဖြတ်ရွေးကောက်ပွဲ နီးချိန်ဖြစ်လို့ ကန်ဆင့်မှာ ရှိတဲ့ နိုင်ငံရေးပါတီရုံးခွဲတွေက ကြားဖြတ်ရွေးကောက်ပွဲ ၀င်ကြမယ့် အမတ်လောင်းတွေရဲ့ ဓာတ်ပုံတွေ ဗီနိုင်းထုတ် ချိတ်ဆွဲထားတယ်။ ကန်ဆင့်က ကုန်းခေါင်ခေါင်ရွာ ဖြစ်ပေမယ့် နိုင်ငံရေး နိုးကြား တယ်။ မေတ္တာရောင်စဉ် လူမှုကူညီရေးအသင်းက ရွာထိပ်မှာ ရှိ နေပြီး အသင်းပိုင် အဆောက်အအုံအတွင်းမှာ လူမှုကူညီရေး ကားတွေ တန်းစီရပ်ထားတယ်။ ကန်ဆင့်မြောက်ရွာမှာ ကျေး လက်ကျန်းမာရေးဌာနခွဲလည်း ထည်ထည်ဝါ၀ါ ရှိပါတယ်။ ကန် ဆင့်မြောက်ရွာ ရွာလယ်လမ်းမကြီးကို ကွန်ကရစ် ခင်းထားပါ တယ်။ ရွာလယ်မှာ ဓမ္မာရုံတစ်ရုံရှိပြီး စတီးလက်ရန်းတွေ တပ် ဆင်ထားတယ်။

Photo-Than Naing Oo
မောင်စွမ်းရည်ကို ဂုဏ်ပြုဖွင့်လှစ်ထားတဲ့စာကြည့်တိုက်

ကန်ဆင့်မြောက်ရွာ ရွာလယ်လမ်းမကြီးအတိုင်း  တောက် လျှောက်ဆက်သွားရင် ရွာတံခါးကို ရောက်ပါတယ်။ ရွာတံခါးက ထွက်ပြီး ဆက်သွားပါမှ ဆရာမောင်စွမ်းရည်ရဲ့ ကန်ဆင့်တောင် ရွာကို ရောက်ပါတယ်။ ကန်ဆင့်တောင်ရွာက ကန်ဆင့်မြောက် ရွာလောက် အိမ်ခြေမများဘဲ ၁၀၀ ကျော်သာ ရှိတယ်။ ကန်ဆင့် တောင်ရွာမှာ မူလတန်းကျောင်းလည်း ရှိပါတယ်။ လျှပ်စစ်မီးတွေ လည်း သွယ်တန်းပြီးပါပြီ။ ကန်ဆင့်တောင်ရွာက ရွာငယ်ပေမယ့် ဉာဏ်မငယ်ဘူး။ ဆရာမောင်စွမ်းရည်ကို ဂုဏ်ပြုဖွင့်လှစ်ထားတဲ့ မောင်စွမ်းရည်စာကြည့်တိုက်လေး ရှိတယ်။ ကျွန်တော်တို့ကို ဆရာမောင်စွမ်းရည်ရဲ့  ကန်ဆင့်တောင်ရွာ လိုက်ပို့သူက စာ ကြည့်တိုက်မှူးအိမ်ကို တန်းတန်းမတ်မတ် ခေါ်ဆောင်သွားတယ်။ စာကြည့်တိုက်မှူးက ဥပဒေဘွဲ့ရထားတဲ့ အထက်တန်းရှေ့နေ လူ ငယ်တစ်ယောက်ဖြစ်ပြီး ကျွန်တော်တို့ မရောက်ခင် တစ်နေ့ကမှ ရမည်းသင်းမြို့က အမှုတစ်ခုလိုက်ပြီး ပြန်ရောက်လာတာပါ။ ကျွန်တော်တို့က သူ့ဇာတိရပ်ရွာအကြောင်းရေးဖို့ လာတာဆို တော့ ၀မ်းသာအားရ ကြိုဆိုတယ်။ စာကြည့်တိုက်မှူးနာမည်က ကိုဇော်ရဲကျော် ဖြစ်ပြီး ကန်ဆင့်တောင်ရွာသား။ သူကိုယ်တိုင်က ဆရာမောင်စွမ်းရည်နဲ့ ဆွေမျိုးနီးစပ်တော်တယ်။ ကိုဇော်ရဲကျော် က ကျွန်တော်တို့ကို ရတနာပုံတက္ကသိုလ် ဗကသ ဥက္ကဋ္ဌ ကိုကျော် သီဟရဲကျော်နဲ့ မိတ်ဆက်ပေးတယ်။ မန်ချက်စတာခရေဇီ ဖြစ် ဟန်တူတဲ့ ကိုကျော်သီဟရဲကျော်က မန်ယူ ဂျာစီဝတ်စုံပြည့် ၀တ် ထားတယ်။ ကျွန်တော်က ဒီနှစ်တော့ မန်ချက်စတာက အမှတ် ပေးချန်ပီယံ ဖြစ်နေပြီ၊ သူနဲ့ ကန်တဲ့အသင်းတိုင်း တစ်မှတ်ပေး လိုက်၊ သုံးမှတ်ပေးလိုက် အမှတ်တွေ လိုသလောက် ပေးနေတာ လို့ ပြောတော့ ကိုကျော်သီဟရဲကျော်က အပြုံးနဲ့ တုံ့ပြန်တယ်။ စာကြည့်တိုက်ရှိရာကို ကိုဇော်ရဲကျော် ဦးဆောင်ပြီး သွားကြ တယ်။ စာကြည့်တိုက်က မူလတန်းကျောင်းဝင်းနဲ့ ခြံဝင်းချင်း ကပ်လျက် ဘုရားဝင်းအတွင်းမှာ ဆောက်လုပ်ထားတာပါ။ အုတ် ကာသွပ်မိုး တစ်ထပ်အဆောက်အအုံဖြစ်ပြီး ၂၀၁၈ ဖေဖော်ဝါရီ ကမှ ဖွင့်လှစ်နိုင်ခဲ့တာပါ။ စာကြည့်တိုက်အတွင်းမှာ စာအုပ်ထား တဲ့ အခန်းက သပ်သပ်၊ စာဖတ်တဲ့ အခန်းက သပ်သပ် သီးခြားစီ ကန့်ထားတယ်။ စာကြည့်တိုက်ဖွင့်ပွဲ အထိမ်း အမှတ်အဖြစ် ဆရာ ကိုလေး(အင်းဝဂုဏ်ရည်)၊ ဆရာညီစေမင်း၊ ဆရာမောင်မှိုင်းလွင် (အင်းဝ)တို့ ဟောပြောခဲ့ကြတယ်။ စာကြည့်တိုက်မှာ စာအုပ် စာတမ်း အမြောက်အမြား မရှိသေးပေမယ့် ရှိတဲ့ စာအုပ်နဲ့ စာ ကြည့်တိုက်ကို လည်ပတ်နေတယ်။ စာကြည့်တိုက်ကို လူငယ်တွေ လာဖတ်စေချင်တယ်လို့ ကိုဇော်ရဲကျော်က ပြောတယ်။ စာဖတ် ခြင်းမှာ လူငယ်တွေ ပျော်မွေ့စေဖို့ သူလုပ်မယ့် အစီအစဉ်ကိုလည်း အခုလို ပြောပြတယ်။

““စာကြည့်တိုက်က စာအုပ်သုံးအုပ် ဖတ်ပြီးရင် ဖုန်းဘီလ် တစ်ထောင် ဖြည့်ပေးမယ်။ သူတို့ ဖတ်၊ မဖတ် သိရအောင် အကျဉ်းချုပ်ဖြစ်ဖြစ် ရေးခိုင်းမယ်။ အဲဒီလို လုပ်ပေးနိုင်ရင် စာ ဖတ်သူ တိုးလာနိုင်မယ်””

မြင်းခြံမြို့နယ်ထဲက ကန်ဆင့်ဆိုတဲ့ အညာရွာက မောင်စွမ်း ရည်စာကြည့်တိုက်လေးထဲမှာ ကျွန်တော်ရယ်၊ စာကြည့်တိုက်မှူး ကိုဇော်ရဲကျော်ရယ် အေးအေးလူလူထိုင်ပြီး စကားပြောနေကြ တယ်။ ရွာရဲ့ လူမှုစီးပွားအခြေအနေ၊ ရွာရဲ့ သမိုင်းကြောင်းရာဇ၀င် တွေ ပြောဖြစ်ကြတယ်။ ကန်ဆင့်ရွာလေးက မြင်းခြံနဲ့ ဆယ်မိုင် ဖျော့ဖျော့လောက်သာ ဝေးတယ်ဆိုပေမယ့် ခေါင်လွန်းလှတယ်။ ဒီရွာသားတွေထဲက နာမည်ကျော်ကဗျာဆရာ ထွက်တယ်။ တော်လှန်ရေးသမား ထွက်တယ်။ လွတ်လပ်ရေးခေတ်ဦးကာလ မှာလည်း သေနတ်သံတွေ ညံခဲ့တယ်။ ခေတ်ဆိုး၊ စနစ်ဆိုးတွေ အောက်မှာ နေခဲ့ရပေမယ့် ကန်ဆင့်ရွာသူရွာသားတွေ ပညာနဲ့ မျက်ခြည်မပြတ်ခဲ့ဘူး။ အခက်အခဲမျိုးစုံကြားက ဘွဲ့ရပညာတတ် တွေ နှစ်စဉ် မွေးထုတ်ပေးနိုင်ခဲ့တယ်။

ကန်ဆင့်တောင်ရွာသားတွေ ကံကောင်းတဲ့အချက်က လွန်ခဲ့တဲ့ နှစ် ၇၀ လောက်ကတည်းက ကန်ဆင့်မှာ စာကြည့်တိုက် ရှိခဲ့ပါသတဲ့။ အဲဒီအချိန်က ဆရာမောင်စွမ်းရည်တို့ရဲ့ ဘကြီးက ကန်ဆင့်ရွာသူကြီးဖြစ်ပြီး စာကြည့်တိုက်လေးတစ်ခု ရွာအတွက် ထူထောင်ပေးခဲ့ပါသတဲ့။ နောက်ပိုင်းမှာတော့ ရွာစာကြည့်တိုက် လေးလည်း မြန်မာပြည်တစ်ဝန်းက စာကြည့်တိုက်တွေလိုပဲ သက်ဆိုးမရှည်ခဲ့ဘဲ ပိတ်သိမ်းသွားခဲ့တယ်။ အခုတော့ မောင်စွမ်း ရည်စာကြည့်တိုက်က ကန်ဆင့်ရွာသူရွာသားတွေအတွက် စိတ် ဓာတ်ခွန်အားတွေ ဖြည့်ဆည်းပေးနေတယ်။ လက်ရှိ ကန်ဆင့် တောင်ရွာမှာ ဥပဒေပညာနဲ့ ဘွဲ့ရသူ လေးယောက် ရှိပြီး အထက် တန်းရှေ့နေ လုပ်ကိုင်နေသူ တစ်ယောက်ရှိတယ်။ ကန်ဆင့် တောင် ရွာသူရွာသားတွေထဲမှာ ကျောင်းဆရာ၊ ဆရာမ အယောက် ၂၀ လောက် ရှိတယ်။ အညာက လူငယ်တွေ ပြည်ပ ထွက် အလုပ်လုပ်ကြတဲ့ ခေတ်မှာ ကန်ဆင့်လူငယ်တွေလည်း ရွာမှာ ကျောက်ချမနေကြဘူး။ အရင်က မလေးရှားလောက် သွား ရောက်လုပ်ကိုင်ခဲ့ကြပေမယ့် ဒီနေ့ခေတ်မှာ ကိုရီးယား၊ ထိုင်း၊ တရုတ် စတဲ့ နိုင်ငံစုံကို သွားရောက်လုပ်ကိုင်နေကြပါပြီ။

ကန်ဆင့်ရွာရဲ့ အဓိကစီးပွားရေးက တောင်သူလုပ်ငန်းပါ။ ကြက်သွန်နီနဲ့ ဆီထွက်သီးနှံမြေပဲနဲ့ နှမ်းကို စိုက်ပျိုးကြတယ်။ ကုန်းခေါင်ခေါင်ဒေသဖြစ်လို့ ယာမြေတွေ များပြီး ဆန်စပါး စိုက် လို့မရဘူး။ ကန်ဆင့်တောင်ရွာမှာ လျှပ်စစ်မီးတွေ ရနေပါပြီ။ ၂၀၁၅ မှာ ရွာလယ်မီးတွေ စပေးနိုင်ပြီး ၂၀၁၆ မှာ ရွာထဲက အိမ် တွေ လျှပ်စစ်မီး တပ်ဆင်ခွင့် ရခဲ့ပါသတဲ့။ မိုးခေါင်ရေရှားရပ်ဝန်း ဖြစ်တဲ့ ကန်ဆင့်မှာ ရေချိုတွင်းတွေကို အဓိကထား သောက်သုံးခဲ့ ရတယ်။ အခုတော့ ကန်ဆင့်မှာ အ၀ီစိတွင်းတွေ ရှိနေပါပြီ။ အ၀ီစိ တွင်းအများစုက ပေ ၁၀၀ လောက်မှာ ရေကြောတွေ့ပေမယ့် သောက်ရေသုံးရေအတွက် ပေ ၂၀၀ လောက်အထိ တူးမှ စိတ်ချ ရပါသတဲ့။

ကန်ဆင့်ရွာမှာ တစ်နှစ် ဘုရားပွဲ သုံးကြိမ် ရှိပါတယ်။ အောင်ချမ်းသာဘုရားက တန်ခူးလဆန်း ၂-၃ ရက်၊ ၀ါခေါင် လပြည့်နေ့က ရွာလယ်ဘုရားပွဲ၊ ပြာသိုလဆန်း ၁၄-၁၅ ရက်က ရန်အောင်နိုင်ဘုရားပွဲ ဖြစ်ပါတယ်။ လူငယ်တွေက ပွဲမထည့်ချင် ကြဘူး။ အခုတော့ ဘုရားပွဲမှာ ဇာတ်ပွဲပြန်ထည့်တာ သုံးနှစ် လောက် ရှိပါပြီ။ ကန်ဆင့်က လူငယ်တွေ မြို့တက် အလုပ်လုပ်ကြ၊ ပြည်ပထွက် အသက်မွေးဝမ်းကျောင်းကြ ဖြစ်နေလို့ အသက်ငယ် ငယ်နဲ့ အိမ်ထောင်မကျတော့ဘဲ ၂၅-၃၀ လောက်မှသာ အိမ် ထောင်ကျကုန်တယ်။ ရွာမှာ အူရီဒူး၊ တယ်လီနော၊ အမ်ပီတီ ဆက်သွယ်ရေးလိုင်းတွေ မိပါတယ်။ အန်းဒရိုက်ယဉ်ကျေးမှု ရေ စီးကြောင်းမှာ ကန်ဆင့်လူငယ်တွေလည်း ပါဝင်စီးမျောကြတယ်။ ရွာမှာ ဖုန်းသုံးကြသူတွေရဲ့  ၉၀ ရာခိုင်နှုန်းက အင်တာနက်သုံးကြ တယ်။ အင်တာနက်ခေတ်မှာ တစ်ရွာသားနဲ့ အိမ်ထောင်ကျတဲ့ စုံတွဲတွေသည်ပင် ဆယ်တွဲလောက် ရှိနေပါပြီ။ တစ်နယ်သားနဲ့ အိမ်ထောင်ကျသူတွေက ရွာမှာမနေတော့ဘဲ အိမ်ထောင်ဘက် ရှိရာ လိုက်သွားကြတာ များပါတယ်။

ကန်ဆင့်မှာ ကွမ်းယာဆိုင် မရှိဘူး။ ကွမ်းစားတဲ့ ရွာသား တွေကတော့ ကိုယ့်အိမ်က ကွမ်းကိုပဲ ကိုယ့်ဘာသာ ယာစားကြ တယ်။ လက်ဖက်ရည်ဆိုင် မရှိဘူး။ အကြော်ဆိုင် မရှိဘူး။ အိမ် ဆိုင် သုံးဆိုင် ရှိတယ်။ ထန်းတောတွေ ရွာအနီးမှာ ရှိပေမယ့် ထန်း တက်မယ့် ထန်းသမား မရှိဘူး။ အရက်၊ ဘီယာဆိုင် မရှိပေမယ့် ရွာက အိမ်ဆိုင်တွေမှာ ပြည်တွင်းဖြစ် အရက်တွေ ၀ယ်လို့ရတယ်။ ဒီနှစ် ရွာမှာ ဆိုင်းဝိုင်းပါတဲ့ အလှူကြီး လေးခု ရှိပါတယ်။ ကန် ဆင့်က နွားထိုးကြီးမြို့နယ်နဲ့ မြင်းခြံမြို့နယ် နယ်နိမိတ် ချောင်းရိုး ဘေးမှာ ရှိတယ်။ ချောင်းရိုးကျော်လိုက်ရင် နွားထိုးကြီးနယ်ထဲ ရောက်သွားပါတယ်။

Photo-Than Naing Oo
ကန်ဆင့်ရွာသူ

ကန်ဆင့်ရွာရဲ့ အနောက်ဘက်မှာ ခြေဆေး၊ မြောက်ဘက် မှာ ဗလုံ-ဖောင်းကား၊ အရှေ့ဘက်မှာ လက်ဝဲ-မြင်းနီရွာတွေနဲ့ နယ်နိမိတ်ချင်း ဆက်နေတယ်။ လက်ဝဲ-မြင်းနီက ကန်ဆင့်ရွာနဲ့ နှစ်မိုင်နီးပါး ဝေးပြီး အထကကျောင်း ရှိတယ်။ ကန်ဆင့်ရွာသူရွာ သားတွေ အထက်တန်းပညာ သင်ယူချင်တဲ့အခါ လက်ဝဲ-မြင်းနီ ရွာဘက် ကျောင်းသွားတက်ကြသူတွေ ရှိသလို မြင်းခြံမြို့ပေါ် ကျောင်းသွားတက်ကြသူတွေလည်း ရှိတယ်။ ဒီဘက်နှစ်ပိုင်းတွေ မှာတော့ ပုဂ္ဂလိကကျောင်းတွေ သွားတက်ကြသူတွေ ရှိနေပါပြီ။

Photo-Than Naing Oo
မူလတန်းကျောင်းအနီးက ကန်ဆင့်ရွာဦးဘုရား

ကန်ဆင့်မှာ အိမ်ခြံဝင်းတွေက သွပ်မိုးပြောင်ပြောင်တွေ များတယ်။ တောင်သူတွေ စီးပွားရေးကောင်းလှချေလားလို့ ကျွန်တော်က အရွှန်းဖောက်တော့ မြို့တက်အလုပ်လုပ်သူနဲ့ နိုင်ငံ ခြားထွက်ပြီး အလုပ်လုပ်ကြသူတွေက ငွေပို့ပေးနိုင်လို့ပါလို့ ကန် ဆင့်ရွာသားက ဖြေတယ်။ မောင်စွမ်းရည် စာကြည့်တိုက်အနီးမှာ ရွာလယ်ဘုရားရှိပြီး ရွှေသင်္ကန်း ဆက်ကပ်လှူဒါန်းထားတယ်။ ကျွန်တော်တို့ ကန်ဆင့်ရောက်တဲ့နေ့က ကျောင်းပိတ်ရက် ဖြစ်လို့  ကန်ဆင့် မူလတန်းကျောင်းလေး ပိတ်ထားတယ်။ ကန်ဆင့်ရွာ မူလတန်းကျောင်းက ရွာလယ်မှာ ရှိပါတယ်။ ရွာမှာ ဘုန်းတော် ကြီးကျောင်းတစ်ကျောင်း ရှိပြီး ရွာစွန်မှာ တောရဘုန်းတော်ကြီး ကျောင်းတစ်ကျောင်း ရှိတယ်။ ရွာလယ်လမ်းမှာ တချို့အိမ်တွေက ခြံဝင်းတွေကို ကျောက်ရိုးစီထားကြတယ်။ အိမ်အချို့ကတော့ ၀ါးထရံတွေ ရက်လုပ်ကာရံထားတယ်။ ကွန်ကရစ်တိုင် စိုက်ထူပြီး သံဆန်ခါကွက် ကာထားတဲ့အိမ်တွေလည်း ရှိပါတယ်။ ကန်ဆင့် ရွာအတွင်းမှာ ကျွန်တော်မှတ်တမ်းဓာတ်ပုံ ရိုက်ဖြစ်တယ်။ ရွာ ထဲမှာ ရှင်းလင်းငြိမ်သက်တိတ်ဆိတ်နေတယ်။ ရွာထဲမှာ တမာ ပင်တွေ၊ မန်ကျည်းပင်တွေ၊ စိန်ပန်းပင်တွေ ရှိတယ်။ ကျွန်တော်တို့ ကန်ဆင့်ရွာက ထွက်ကြတော့ နေကျနေပြီ။ ဆိတ်ကျောင်း၊ နွား ကျောင်းထွက်ကြသူတွေ ရွာပြန်လာကြပြီ။ ကန်ဆင့်က ကဗျာ ဆရာထွက်တဲ့ ရွာပီပီ ကဗျာဆန်ရုံမက အညာဆန်ဆန် လှပနေ တယ်။ နောက်တစ်ခါ ကန်ဆင့်ရွာကို အလည်တစ်ခေါက် ရောက် ချင်ပါသေးတယ်။ ကျွန်တော်ကတော့ စာပေဂျာနယ် မဂ်္ဂဇင်း (၁၉၉၇၊ ဖေဖော်ဝါရီ) မှာ ဖော်ပြခံခဲ့ရတဲ့ ဆရာမောင်စွမ်းရည်ရဲ့ အမုန်းစာရင်းကဗျာကိုပဲ သတိနေမိတော့တယ်။

 

အမုန်းစာရင်း

အိပ်ရာဝင် အစာစားပြီး

သွားမတိုက်သူ

အဲဒီလူ ငါ မုန်းတယ်။

ဟိုတယ်ပြန် ဟိုတယ်မာန်ခိုက်

သွားကြားထိုးတံ ကိုက်လာသူ

အဲဒီလူ ငါ မုန်းတယ်။

ရေဒီယို ဖွင့်ချိန်ရောက်မှ

သူများအိမ်ပေါက် တံခါးလာခေါက်သူ

အဲဒီလူ ငါ မုန်းတယ်။

တီဗီဖွင့်ရင်း ခြေစုံဆင်းပြီး

သတင်းစာဖတ်သူ

အဲဒီလူ ငါ မုန်းတယ်။

မျဉ်းကြားမှာ ကားရပ်တုန်း

ဆယ်လူလာဖုန်းနဲ့ အိမ်ကို ဖုန်းဆက်သူ

အဲဒီလူ ငါ မုန်းတယ်။

အိမ်သာထဲ ကွမ်းငုံ၊ ထောင့်စုံအောင် ကွမ်းတံတွေး ထွေး

အိမ်သာ ရေမဆေးသူ

အဲဒီလူ ငါ မုန်းတယ်။

ဘတ်စ်ကားထဲ ဘေးလူတွေ အားမနာဘဲ

ဆေးပြင်းလိပ် ခဲသူ

အဲဒီလူ ငါ မုန်းတယ်။

ယောက်ျားတန်မဲ့ မှန်ကြိုက် စနိုးပွတ်

တို့ပတ်ရိုက်သူ

အဲဒီလူ ငါ မုန်းတယ်။

မိန်းမတန်မဲ့၊ သံဘူးဘီယာစုပ်

စီးကရက်မှုတ်သူ

အဲဒီလူ ငါ မုန်းတယ်။

ထမင်းဝိုင်းဘေးနား ခါးထောက်ရင်း နားဖာကလော်

ကလော်ရင်း သွားရည်ကျသူ

အဲဒီလူ ငါ မုန်းတယ်။

သူများအိမ်တက်နေ နေတော့လည်း မဆင်း

ဆင်းတော့လည်း ငွေတောင်းသူ

အဲဒီလူ ငါ မုန်းတယ်။

ကတိလည်း မပေး

ပေးရင်လည်း မတည်သူ

အဲဒီလူ ငါ မုန်းတယ်။

အိပ်ရာဝင် အိပ်ရာထ

ဘုရားဝတ်မချ မိဘ မရှိခိုးသူ

အဲဒီလူ ငါ မုန်းတယ်။

အာဃာတထား အမုန်းပွား

ဒေါသများသူ မောဟထူ

အဲဒီလူ ငါ မုန်းတယ်။

ငါ့ကို ဝေဖန်

ငါ့ရန်သူ

အဲဒီလူ ငါ မုန်းတယ်။

အို…ငါ့ကို ငါလည်း မုန်းတယ်။

မောင်စွမ်းရည်

စာပေဂျာနယ်

ဖေဖော်ဝါရီ၊ ၁၉၉၇

ဆရာမောင်စွမ်းရည် ကျန်းမာပါစေ၊ ဆရာမောင်စွမ်းရည်ရဲ့ စာကဗျာတွေ လန်းဖြာပါစေ။ ဆရာမောင်စွမ်းရည်ရဲ့ ဇာတိရပ်ရွာ (ကန်ဆင့်) စခန်းသာပါစေ။

 

Advertise Here

LEAVE A REPLY

Please enter your comment!
Please enter your name here