Home သတင်းဆောင်းပါး အငှားယာဉ်မောင်းတွေကြောက်တဲ့ ညထောင်ချောက်

အငှားယာဉ်မောင်းတွေကြောက်တဲ့ ညထောင်ချောက်

14980
0
Photo-Yangon Police Facebook
Photo-Yangon Police Facebook
ဈေးနှုန်းသက်သာစွာ ကြော်ငြာထည့်သွင်းနိုင်ပါပြီ

၂ဝ၁၉၊ ဖေဖော်ဝါရီလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၆၂)မှ Feature ဖြစ်ပါသည်။

စီဇံမျိုးကျော် ရေးသည်

ရန်ကုန် (ဖေဖော်ဝါရီ၊ ၂၀၁၉)

ဈေးနှုန်းသက်သာစွာ ကြော်ငြာထည့်သွင်းနိုင်ပါပြီ

အငှားယာဉ်မောင်း ကိုဇော်လင်း ဟာ ခရီးသည်သွား လိုတဲ့ ဗိုလ်တထောင်ဘုရားလမ်းပေါ်အရောက်မှာ ညဘက်စစ်ဆေးမှုတွေ ပြုလုပ်တဲ့ ရဲလုံခြုံရေးအဖွဲ့တွေရဲ့ တားဆီးရှာဖွေခြင်းခံရပါတယ်။ ကားရှေ့ခန်းကိုရှာပြီး နောက်ခန်းမှာ ပါလာတဲ့ခရီးသည်ကို ရှာချိန်မှာတော့ မူးယစ်ဆေးဝါး တွေ့ရှိခဲ့တာကြောင့် ခရီးသည်နဲ့အတူ သူ့ကိုပါ ရဲစခန်းဆီသို့ခေါ်ဆောင်ခံရပါတော့တယ်။

အသက်သုံးဆယ်အရွယ်အထိ ရဲစခန်းကို အလုပ်ထောက်ခံ စာ ယူဖို့လောက်သာ ရောက်ဖူးခဲ့တဲ့ ကိုဇော်လင်းဟာ ရဲစခန်းကို ခေါ်ဆောင်သွားတဲ့အချိန်မှာ သူ အမှားမလုပ်တဲ့အတွက် ရဲက သူ့ကို စစ်ဆေးပြီး ပြန်လွှတ်ပေးမယ်လို့ ထင်ခဲ့မိတယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ သက်သေခံပစ္စည်းတွေနဲ့အတူ သူ့ကိုပါ ဓာတ်ပုံတွဲ ရိုက်၊ တရားခံအဖြစ်အမှုတွဲလိုက်ပြီး မူးယစ်ဆေးတွေ့ရှိကြောင်း ရှာဖွေပုံစံမှာ ကိုဇော်လင်းကို လက်မှတ်ထိုးခိုင်းပါတော့တယ်။ ကားပေါ်ပါလာတဲ့ ခရီးသည်နဲ့အတူ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာ ဥပဒေ ပုဒ်မ ၁၅၊ ပုဒ်မ ၁၆(ဂ)နဲ့ အမှုတွဲလိုက်ကာ ရဲစခန်းမှာ တစ်ပတ်ထားပြီး အင်းစိန်ထောင်ကို ပို့လိုက်ပါတော့တယ်။

ညဘက်တွင် ပြေးဆွဲနေသော အငှားယာဉ်များ
Photo-Season Myo Kyaw
ညဘက်တွင် ပြေးဆွဲနေသော အငှားယာဉ်များ

မူးယစ်ဆေးဝါးကိုအပြင်မှာတစ်ခါမှ မမြင်ဖူးတဲ့အပြင် တစ်သက်လုံးဆေးလိပ်မသောက်၊ ကွမ်းတောင်မစားခဲ့တဲ့ ကိုဇော် လင်းဟာ ညဘက်တက္ကစီမောင်းနေရင်း မူးယစ်ဆေးအမှုနဲ့ အဖမ်းခံလိုက်ရတာဖြစ်ပါတယ်။  

““ကောင်းကောင်းမွန်မွန် လုပ်စားရဲ့သားနဲ့ ဒီလိုဖြစ်သွား တော့ ရင်တွေတုန်ပြီး အရမ်းကြောက်သွားတယ်””လို့ ကိုဇော် လင်းက သူကြုံတွေ့ရတာကို ပြန်ပြောင်းပြောပြပါတယ်။

မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေး ၀ါးများဆိုင်ရာ ဥပဒေရဲ့ အားနည်းချက်ကြောင့် မူးယစ်ဆေးဖမ်း ဆီးတဲ့အမှုတွေမှာ မဆိုင်တဲ့လူတွေပါအမှုတွဲခံလိုက်ရတာတွေ ရှိပြီး၊ အထူးသဖြင့် ညဘက်မောင်းတဲ့ တက္ကစီယာဉ်မောင်းတချို့ လည်း အမှုတွဲခံရတာမျိုးတွေ ရှိလာပါတယ်။

မူးယစ်ဆေးဝါးသုံးစွဲသယ်ဆောင်သူအများစုဟာ ညပိုင်း တွေမှာ သယ်ယူပို့ဆောင်ကြပြီး မူးယစ်ဆေးဖြန့်တဲ့တက္ကစီအချို့ လည်း ရှိတာကြောင့် ကျန်တဲ့ ရိုးရိုးသားသား တက္ကစီမောင်းသူတွေ ဟာ မူးယစ်ဆေးသုံးစွဲသယ်ယူပို့ဆောင်ကြသူတွေက သူတို့ကား ကို ငှားရမ်းစီးနင်းတဲ့အခါမှာ အမှုတွဲခံနေရတာဖြစ်တယ်လို့ တက္ကစီယာဉ်မောင်းတွေက ပြောပါတယ်။

အငှားယာဉ်မောင်း ကိုဇော်လင်းအနေနဲ့လည်း မူးယစ် ဆေးသုံးစွဲသယ်ဆောင်သူကို ခရီးသည်အဖြစ် ကားပေါ်တင်ခဲ့မိ တာကြောင့် အင်းစိန်ထောင်မှာ ငါးလခန့်နေထိုင်ခဲ့ရပြီး အမှုရင် ဆိုင်ခဲ့ရပါတယ်။ အမှုရင်ဆိုင်နေစဉ်မှာ မူးယစ်ဆေး သုံး၊ မသုံး ဆေးစစ်တာအောင်မြင်ခဲ့ပြီး ကားပေါ်က မူးယစ်ဆေးဝါးတွေဟာ လည်း သူ့ရဲ့ပစ္စည်းဖြစ်ကြောင်း သက်သေမထင်ရှားတာကြောင့် အမှုကနေ ကွင်းလုံးကျွတ် လွတ်မြောက်ခဲ့ပါတယ်။

တရားလွှတ်တော်ရှေ့နေ ဦးခင်ဇော်က ““တချို့ ရဲတပ်ဖွဲ့ဝင် တွေက ဥပဒေကိုလည်းမလေ့လာဘူး၊ သေသေချာချာ စစ်ဆေး တာမျိုး မလုပ်ဘူး၊ အလွယ်တကူ ဖမ်းဆီးအမှုတွဲတဲ့အတွက် မဆိုင်တဲ့သူတွေပါ အမှုတွဲခံရတာမျိုးတွေ ဖြစ်လာတာလို့””ဆိုပါတယ်။

ညဘက် အငှားယာဉ်များအား ရဲတပ်ဖွဲ့ဝင်များ စစ်ဆေးနေစဉ်
Photo-Yangon Police Facebook
ညဘက် အငှားယာဉ်များအား ရဲတပ်ဖွဲ့ဝင်များ စစ်ဆေးနေစဉ်

ဘာကြောင့် အမှုတွဲ

၁၉၉၃ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေတတ်သောဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၆(ဂ)မှာ မူးယစ်ဆေးဝါး သို့ မဟုတ် စိတ်ကိုပြောင်းလဲစေသောဆေးဝါးကို လက်ဝယ်ထား ခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ တစ်ဆင့်ပေးပို့ခြင်း၊ လွှဲပြောင်းခြင်း ကို ကျူးလွန်ပါက ထောင်ဒဏ် အနည်းဆုံး ငါးနှစ်ကနေ အများ ဆုံး ၁၀ နှစ်အထိ ချမှတ်နိုင်တဲ့အပြင် ငွေဒဏ်လည်း ချမှတ်နိုင် တယ်လို့ ပြဋ္ဌာန်းထားပါတယ်။

မူးယစ်ဥပဒေမှာ လက်ဝယ်တွေ့ရှိမှုဆိုတာကိုအသေးစိတ် အဓိပ္ပာယ် ဖွင့်ဆိုထားတာ မရှိတဲ့အတွက် ဖမ်းဆီးတဲ့အမှုတွေမှာ မဆိုင်တဲ့သူတွေပါ အမှုတွဲခံရတာတွေ ဖြစ်လာတယ်လို့ တရား   လွှတ်တော်ရှေ့နေ ဦးခင်ဇော်က ဆိုပါတယ်။

တက္ကစီမောင်းတဲ့ ယာဉ်မောင်းတွေဟာ ခရီးသည်ရဲ့ ပစ္စည်း တွေကို စစ်ဆေးပြီးမှ တင်တာမဟုတ်တဲ့အတွက် ခရီးသည်ဆီမှာ မူးယစ်ဆေး ပါလား၊ မပါလား မသိနိုင်ဘူးလို့ ဦးခင်ဇော်က ဆို ပါတယ်။

ခရီးသည်တင်လာပြီး လမ်းမှာ ရဲတပ်ဖွဲ့က စစ်ဆေးတဲ့အခါ ခရီးသည်ဆီမှာ မူးယစ်ဆေးတွေ့လို့ မူးယစ်ဆေးဟာ သူ့ ပစ္စည်းပါလို့ ခရီးသည်က၀န်မခံခဲ့ရင် ကားပေါ်မှာတွေ့တာ ဖြစ် တဲ့အတွက် ယာဉ်မောင်းကိုပါ လက်ဝယ်တွေ့ရှိမှုနဲ့ အမှုတွဲတာမျိုး တွေ ဖြစ်လာတယ်လို့ ဦးခင်ဇော်က ပြောပါတယ်။

ဖမ်းဆီးရေးအဖွဲ့တွေဟာ မူးယစ်ဆေးဝါးနဲ့သက်ဆိုင်တဲ့ အခြားစီရင်ထုံးတွေနဲ့ ပြဋ္ဌာန်းချက်တွေကို သေချာလေ့လာ ဖတ်ရှုသင့်တယ်လို့ ဦးခင်ဇော်ကဆိုပါတယ်။

မူးယစ်ဆေးဝါးနဲ့ သက်ဆိုင်တဲ့ စီရင်ထုံးတော်တော်များ များမှာတော့ လူတစ်ယောက်ဟာ မူးယစ်ဆေးကို လက်ဝယ်ရှိ ကြောင်း သိလျက်နဲ့ လက်ထဲမှာထားမှ လက်ဝယ်ထားရှိတယ်လို့ သတ်မှတ်ရမယ်လို့ ပြဋ္ဌာန်းထားတဲ့အတွက် သေချာစိစစ်ပြီးမှ အမှုတွဲတင်ဖို့လိုတယ်လို့ သူက ဆိုပါတယ်။

““ရဲတွေက အလွယ်တကူ ဖမ်းဆီးကြတယ်၊ တရားစွဲကြ တယ်၊ အရေးယူကြတယ်။ အဲဒါဟာ တရားမမျှတတာ။ ဥပဒေ စိုးမိုးမှု မရှိတာဘဲ””လို့ ဦးခင်ဇော်က ဆိုပါတယ်။

အလုံမြို့နယ်ရဲစခန်းက အမည်မဖော်လိုသူနယ်ထိန်းရဲ တပ်ဖွဲ့ဝင်တစ်ဦးကတော့ ညဘက်ယာဉ်စစ်ဆေးမှုတွေ ဆောင် ရွက်တာဟာ ပြည်သူတွေ လုံလုံခြုံခြုံသွားလာနိုင်ဖို့နဲ့ တရား     ဥပဒေစိုးမိုးဖို့အတွက်လို့ ဆိုပါတယ်။ သူတို့ဟာ တရားခံပြေးတွေ၊ တုတ်၊ ဓားလက်နက်တွေ၊ မူးယစ်ဆေးဝါးတွေကို ရှာဖွေစစ်ဆေး ရာမှာ ရဲစည်းကမ်းဥပဒေတွေအတိုင်းပဲ ဆောင်ရွက်တယ်လို့ ဆို ပါတယ်။

 

ညဘက်ယာဉ်တွေကိုစစ်ဆေးလို့ မူးယစ်ဆေးဝါးတွေ့ရှိခဲ့ ရင် ကားပေါ်မှာပါတဲ့ လူတွေအားလုံးကို ခေတ်္တထိန်းသိမ်းပြီး စစ် ဆေးမှုတွေ ပြုလုပ်ရတယ်လို့ အဆိုပါရဲတပ်ဖွဲ့ဝင်က ရှင်းပြပါ တယ်။ စစ်ဆေးတဲ့အခါမှာ မူးယစ်ဆေးသုံးတာ မရှိဘူးဆိုရင်တော့ ပြန်လွှတ်ပြီး သံသယရှိတဲ့သူတွေကိုသာ ဆက်လက်ထိန်းသိမ်း စစ်ဆေးတာတွေကို လုပ်ဆောင်ရတယ်လို့ သူကဆိုပါတယ်။

တစ်ခါတစ်လေ သံသယနဲ့ အမှုတွဲစစ်ဆေးခဲ့ရတဲ့ တရားခံ တွေ ရှိခဲ့ပြီး အမှုမှန်ပေါ်ပေါက်ခဲ့တဲ့ ဖြစ်စဉ်တွေ အများကြီးရှိခဲ့ တယ်လို့ အဆိုပါရဲတပ်ဖွဲ့ဝင်က ပြောပါတယ်။ တစ်ခါတလေမှာ တော့ မှားယွင်းဖမ်းဆီးပြီး အမှုတွဲစစ်ဆေးတာတွေ လုပ်မိတဲ့ အမှုတွေလည်း ရှိခဲ့တယ်လို့ သူက ဆိုပါတယ်။

အဲဒီလို သံသယနဲ့အမှုတွဲခံရတာကြောင့် အမှုတွဲခံရသူနဲ့ မိသားစုတွေဟာ ဒုက်္ခရောက်ကြရတယ်လို့ တရားလွှတ်တော် ရှေ့နေဦးခင်ဇော်က ပြောပါတယ်။

 

ဒုက္ခတွေ ရောက်ခဲ့ရ

မူးယစ်မှုနဲ့ အမှုတွဲခံရတဲ့ ကိုဇော်လင်း အမှုရင်ဆိုင်နေရ ချိန်မှာ ၀င်ငွေမရှိတော့တာကြောင့် ကလေးတစ်ဖက်နဲ့ တော် တော် ဒုက်္ခရောက်ခဲ့တယ်လို့ သူ့ရဲ့ ဇနီး မပိုးပိုးက ဆိုပါတယ်။

စားဝတ်နေရေးအတွက် ပူပန်ရတဲ့အပြင် တရားရင်ဆိုင်နေ ရတဲ့အချိန်မှာ လိုအပ်တဲ့ ငွေတွေကို အတိုးတွေနဲ့ ချေးငှားခဲ့ရ တယ်လို့ မပိုးပိုးက ပြောပါတယ်။

ငါးလကျော် အချုပ်ခံထားရချိန်မှာ မပိုးပိုးနဲ့ တစ်နှစ်အရွယ် သူ့သမီးလေးဟာ အိမ်မငှားနိုင်တော့တာကြောင့် မိဘဆွေမျိုး တွေရဲ့ အိမ်တွေမှာ ကပ်နေခဲ့ရပါတယ်။

““အစ်မတို့က လက်လုပ်လက်စားတွေ၊ အမှုဖြစ်တော့ သူ များဆီက ပိုက်ဆံကို အတိုးနဲ့ဆွဲပြီး အမှုရင်ဆိုင်ခဲ့ရတာ။ အဲဒီ အကြွေးက အခုထိ မကြေသေးဘူး”” လို့ မပိုးပိုးက ဆိုပါတယ်။

ကိုဇော်လင်းအချုပ်ခံထားရပြီး အမှုရင်ဆိုင်နေရချိန် အတွင်းမှာ သူ့မိသားစုဟာ ပိုက်ဆံ သိန်း ၅၀ လောက်ကုန်ခဲ့ တယ်လို့ ဆိုပါတယ်။

ထောင်ကနေပြန်လွတ်လာပြီး တစ်ပတ်ကျော်လောက်မှာ တော့ ကိုဇော်လင်းဟာ မိသားစုစားဝတ်နေရေးနဲ့ အကြွေးတွေ ဆပ်ဖို့ ညပိုင်း ကားပြန်မောင်းဖြစ်ခဲ့ပါတယ်။ ဒီအလုပ်ကို သူ လုပ်နေကျ အလုပ်ဖြစ်တဲ့အတွက် ပြန်လုပ်တာဖြစ်ပြီး တခြား အလုပ်တွေကတော့ မကျွမ်းကျင်တာအပြင် တွက်ခြေမကိုက် တာကြောင့် မလုပ်ဖြစ်ဘူးလို့ သူက ဆိုပါတယ်။

ဒါပေမဲ့ အခု သူ တက္ကစီမောင်းတဲ့အခါ ညဘက်ခရီးဝေးတွေ ကားငှားရင် မလိုက်တော့တာ၊ အသွားအပြန်ကားငှားတဲ့သူတွေ ဆို သေချာလေ့လာပြီးမှ တင်တာနဲ့ သူစိတ်ထဲမှာ မသင်္ကာတဲ့ သူဆိုရင် လုံးဝ ကားငှားမလိုက်တော့ဘဲ ကိုယ့်ကိုယ်ကိုယ် ကာ ကွယ်ဖြစ်တယ်လို့ ဆိုပါတယ်။

 

စိုးရိမ်နေကြတဲ့ ညဘက်တက္ကစီယာဉ်မောင်းတွေ

ကုန်းလမ်းပို့ဆောင်ရေးဩန်ကြားမှုဦးစီးဌာနရဲ့စာရင်းများ အရ ရန်ကုန်မြို့မှာ တက္ကစီစုစုပေါင်းကိုးသောင်းနီးပါးခန့်ရှိပြီး ညဘက်မောင်းတဲ့ တက္ကစီအရေအတွက် အတိအကျစာရင်း မရှိပေမယ့် တစ်ထောင်နီးပါးခန့် ရှိတယ်လို့ တက္ကစီဂိတ်တွေနဲ့ ည ဘက်ယာဉ်မောင်းတွေက ဆိုပါတယ်။

အထူးသဖြင့် မနက် ၃ နာရီနောက်ပိုင်း နိုက်ကလပ်တွေက နေ လူတွေပြန်လာချိန်မှာ မူးယစ်သယ်ဆောင်ရောင်းဝယ်သူတွေ လှုပ်ရှားလေ့ရှိတယ်လို့ အငှားယာဉ်မောင်းတွေက သူတို့ အတွေ့ အကြုံကို ပြောပါတယ်။ မူးယစ်သယ်ဆောင်သူတွေဟာ တောင်း တဲ့ဈေးကိုမဆစ်ဘဲ စီးကြပြီး ဟိုနေရာရပ်၊ ဒီနေရာဝင်လုပ်တတ် ကြသလို အချို့ဆို ညလုံးပေါက် နာရီနဲ့ တွက်ချက်ကာ ငှားစီးလေ့ ရှိကြတယ်လို့ ဆိုပါတယ်။

မူးယစ်ဆေးသယ်ဆောင်သူကို ခရီးသည်အဖြစ် တင်ခေါ် လာမိတာကြောင့် အငှားယာဉ်မောင်း ကိုဂျစ်တူးဟာလည်း လွန် ခဲ့တဲ့နှစ်နှစ်လောက်က ရဲစခန်းရောက်ခဲ့တဲ့ နောက်ပိုင်းမှာတော့ ညဘက်တက္ကစီမောင်းတဲ့အလုပ်ကို စွန့်လွှတ်လိုက်ပါတယ်။

ခရီးသည်တစ်ယောက်ကို မြို့ထဲကနေမင်္ဂလာဈေးကိုလိုက် ပို့တဲ့အခါ ခရီးဆုံးလို့ ခရီးသည်ကားပေါ်ကဆင်းဖို့ ပြင်တုန်းမှာ အရပ်ဝတ်နဲ့လူတစ်စုက သူ့ခရီးသည်ကို ကားပေါ်ကဆွဲချပြီး ဖမ်းချုပ်ထားလိုက်ပါတယ်။

ခရီးသည်ကို ၀ိုင်းအနိုင်ကျင့်တယ်လို့ထင်ပြီး ကားအောက် ဆင်းကူညီမလို့လုပ်တုန်း၊ အရပ်ဝတ်တွေထဲက လူတစ်ယောက် က သူတို့ဟာ ရဲတွေဖြစ်ပြီး မူးယစ်ဆေးဝါးသတင်းရလို့ ဖမ်းဆီး တာဖြစ်ကြောင်း ကိုဂျစ်တူးကိုပြောပြီး ကားကိုပါ ရှာဖွေရေးတွေ လုပ်တယ်လို့ ကိုဂျစ်တူးက ဆိုပါတယ်။ ပြီးတော့ ကိုဂျစ်တူးကိုပါ ခရီးသည်နဲ့အတူ မင်္ဂလာတောင်ညွန့် ရဲစခန်းကို ခေါ်ဆောင် သွားခဲ့ပါတယ်။

ရဲစခန်းမှာ စစ်ဆေးတဲ့အချိန် ကိုဂျစ်တူးကားပေါ်မှာ မူး ယစ်ဆေး မတွေ့ရှိသလို ခရီးသည်ကလည်း မူးယစ်ဆေးဝါး သယ် ဆောင်တာ သူတစ်ယောက်တည်း ဖြစ်ကြောင်း အစစ်ခံတဲ့ အတွက် ရဲတွေက သူ့ကို ဓာတ်ပုံရိုက်၊ မှတ်တမ်းယူပြီး ပြန်လွှတ် လိုက်ပါတယ်။

““ကောင်လေး(ခရီးသည်)က သူ့ကိုဖမ်းတော့မယ်ဆိုတာ ကို သိလို့ သူ့ဆေးပြားတွေကို ကားပေါ်ပစ်ချလိုက်ရင်တော့ ကျွန် တော်ပါ အမှုတွဲထဲ ပါသွားနိုင်တယ်””လို့ ကိုဂျစ်တူးက ဆိုပါတယ်။ သူ့အဖြစ်အပျက်ကို ပြန်တွေးမိတိုင်း ကြက်သီးထမိတယ်လို့ ကိုဂျစ်တူးက ဆိုပါတယ်။

အဲဒီလိုကိစ္စ ဖြစ်ပြီးနောက်ပိုင်းမှာတော့ အိမ်က စိတ်မချ တဲ့အတွက် ညဘက်ကားမောင်းတာကိုမလုပ်ခိုင်းတော့ဘူးလို့ ကိုဂျစ်တူးက ဆိုပါတယ်။ လက်ရှိမှာတော့ ကိုဂျစ်တူးဟာ ကားရေ ဆေးတဲ့အလုပ်ကို ပြောင်းလဲလုပ်ကိုင်နေတာ တစ်နှစ်ကျော် လောက်ရှိနေပြီလို့ ဆိုပါတယ်။

မူးယစ်ဆေးသယ်ဆောင်လာတာကို ကြိုသိလို့ ကားပေါ်က ဆင်းခိုင်းလိုက်ရတဲ့ အဖြစ်အပျက်တွေလည်း ရှိပါတယ်။ လွန်ခဲ့တဲ့ တစ်နှစ်ကျော်က အငှားယာဉ်မောင်း ကိုသန့်ဇင်ဟာ လူငယ်တစ် ယောက်ကို ပါရမီကားဝင်းကနေ မြောက်ဒဂုံကို လိုက်ပို့ပါတယ်။ ခရီးသည်လူငယ်ဟာ ကားရှေ့ခန်းကိုဝင်ထိုင်ပြီး သူ့ရဲ့ထီးကို ကားဒက်ရှ်ဘုတ်ပေါ် လှမ်းတင်လိုက်ချိန်မှာ သကြားလုံးအနံ့ လိုလို၊ ချောကလက်အနံ့လိုလိုအနံ့တစ်မျိုး ကားအဲကွန်းလေအေး နဲ့အတူ ရရှိလာပါတော့တယ်။

အဲဒီအနံ့ကိုမသင်္ကာတာကြောင့် ခရီးသည်လူငယ်ကို မေး ကြည့်တဲ့အခါ အီလက်ထရောနစ်စီးကရက်ရဲ့ အနံ့လို့ပဲ ပြန်ဖြေ တယ်လို့ဆိုပါတယ်။ ကိုသန့်ဇင်က လေသံခပ်မာမာနဲ့ထပ်မေးတဲ့အခါမှာတော့ စိတ်ကြွဆေးပြားတွေ သယ်ဆောင်လာတာ ၀န်ခံခဲ့ တာကြောင့် ယာဉ်စီးခတောင်မတောင်းဘဲ ကားပေါ်ကနေ အမြန်ဆင်းခိုင်းလိုက်ရတယ်လို့ သူ့အတွေ့အကြုံကို ပြန်ပြောပြ တယ်။

““အဲဒီနေ့က မြောက်ဒဂုံ ဘေလီတံတားထိပ်မှာ ယာဉ်စစ် မရှိလို့ ရှိခဲ့ရင် ကျွန်တော်ပါရောပြီး ဒုက်္ခရောက်မှာ””လို့ ကိုသန့် ဇင်က ပြောပါတယ်။

 

ကာကွယ်ပေးပါ

တရားလွှတ်တော်ရှေ့နေ ဦးခင်ဇော်ကတော့ အမှုနဲ့ မသက် ဆိုင်တဲ့သူတွေပါရောပြီး အဖမ်းမခံရအောင် မူးယစ်ဥပဒေကို တိတိကျကျ ပြန်လည်သုံးသပ်ဖို့နဲ့ ပြင်ဆင်ပြဋ္ဌာန်းဖို့ လွှတ်တော် အသီးသီးနဲ့ အစိုးရမှာ တာဝန်ရှိတယ်လို့ ဆိုပါတယ်။

ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ ဥပဒေကို သေချာလေ့လာပြီး ရဲ လုပ်ငန်းတွေကို ဆောင်ရွက်မှ ပြည်သူကိုကာကွယ်ရာ ရောက်မှာ ဖြစ်ပြီး မလေ့လာဘဲ တွေ့ရာကြုံရာဖမ်းနေရင်တော့ ပြည်သူကို ဒုက်္ခပေးသလို ဖြစ်နေတယ်လို့ သူက ဆိုပါတယ်။

ရဲမှူးဟောင်း ဦးညွန့်လှိုင်ကတော့ ရဲအရေးပိုင်တဲ့ အမှု ဖြစ်တဲ့အတွက် သံသယရှိသူတွေကိုတော့ ထိန်းသိမ်းစစ်ဆေးဖို့ လိုပြီး အပြစ်ရှိကြောင်း မပေါ်ပေါက်တဲ့သူတွေကိုတော့ ရဲလုပ်ငန်း စဉ်တွေဆောင်ရွက်ပြီးတဲ့အခါ ပြန်လွှတ်ပေးဖို့ လိုတယ်လို့ ဆိုပါတယ်။

မှားယွင်းဖမ်းဆီးခံရတာမျိုးလည်း ရှိနိုင်တဲ့အတွက် ““မတရား အမှုတွဲခံရသူတွေအနေနဲ့လည်း ကိုယ်အပြစ်မရှိကြောင်း စစ် ဆေးတဲ့အချိန်မှာ သက်သေပြဖို့ လိုအပ်တယ်””လို့ သူက ပြောပါတယ်။

တရားဥပဒေအကြံပေးအဖွဲ့တစ်ခုဖြစ်တဲ့ The Fifth Pillar အဖွဲ့ရဲ့ ဥပဒေအကြံပေး ရှေ့နေတစ်ဦးဖြစ်တဲ့ ဒေါ်ဇင်မာ မြင့်က ““အမှုတည်ဆောက်တဲ့နေရာမှာ တရားခံကို မမိရင် လက် ၀ယ်တွေ့ရှိတဲ့သူကိုပဲ အမှုမရရအောင် တည်ဆောက်မှာပဲဆိုတော့ လူတွေမှာ ဥပဒေအသိ ရှိထားဖို့တော့လိုတယ်”” ပြောပါတယ်။

ခရီးသည်ဆီမှာ ပါလာတဲ့ မူးယစ်ဆေးဝါးကို ဖမ်းမိလို့ တက္ကစီယာဉ်မောင်းကိုပါ ရောပြီး အမှုတွဲခဲ့မယ်ဆိုရင်  တက္ကစီ ယာဉ်မောင်းအနေနဲ့ ပထမဦးဆုံး ရှာဖွေခံရတဲ့အခါ သက်သေ တွေရှေ့မှာ မိမိပစ္စည်းမဟုတ်ကြောင်း ငြင်းဆိုထားရမယ်လို့ ဆို ပါတယ်။

ရဲတွေက ရှာဖွေပုံစံမှာ လက်မှတ်ထိုးခိုင်းခဲ့ရင်လည်း မိမိ ပစ္စည်း မဟုတ်တဲ့အတွက် လုံးဝမထိုးနိုင်ကြောင်း ငြင်းရမှာဖြစ်ပြီး ရှာဖွေပုံစံကိုလည်း မိတ္တူတောင်းထားရမှာ ဖြစ်တယ်လို့ သူက ပြောပါတယ်။ အဲဒီလို ဆောင်ရွက်ထားခြင်းဟာ တရားခွင်မှာ တရားရင်ဆိုင်ရတဲ့အခါ ကိုယ်အပြစ်မရှိကြောင်းချေပဖို့ အား သာချက်တွေ ဖြစ်လာနိုင်တယ်လို့ ဒေါ်ဇင်မာမြင့်က အကြံပြုပါတယ်။

လက်ရှိကျင့်သုံးနေတဲ့ မူးယစ်ဆေးဝါးဥပဒေနဲ့ အသစ် ပြင်ဆင်နေတဲ့ မူးယစ်ဥပဒေမှာ လက်ဝယ်တွေ့ရှိမှုကို တိတိကျကျ အဓိပ္ပာယ် ဖွင့်ဆိုထားတာမျိုး မပါရှိတဲ့အတွက် ကိုဇော်လင်း အဖမ်းခံခဲ့ရတဲ့ အမှုလိုမျိုးကတော့ ဆက်ဖြစ်နေဦးမှာပဲလို့ သူက ဆိုပါတယ်။ ကိုဇော်လင်းရဲ့ ဇနီး မပိုးပိုးကတော့ ယောက်ျား ဖြစ်သူညဘက် ကားမောင်းထွက်တဲ့အခါ စိုးရိမ်နေရပြီး မနက် မိုးလင်းလို့ သူ့အမျိုးသား အိမ်ပြန်ရောက်တဲ့အချိန်မှပဲ စိတ်ဒုံးဒုံး ချနိုင်တယ်လို့ ဆိုပါတယ်။

““သူ ညဘက် ကားမောင်းကျွေးတာကို စားနေရတာ အပူ ခဲကြီးကို မျိုနေရသလိုပဲ”” လို့ သူ့ခံစားချက်ကို ပြောပါတယ်။

( ဇော်လင်းဆိုသည်မှာ အမည်လွှဲ ဖြစ်ပါသည်။၎င်းနှင့် အမှုတွဲ ဖြစ်သူက ပြဿနာရှာမည် စိုးရိမ်သောကြောင့် အမည်ရင်း မဖော်ပြရန် မေတ္တာရပ်ခံထားခြင်း ဖြစ်ပါသည်။)

#mawkun #magazine #chronicle #taxi #police

 

ဈေးနှုန်းသက်သာစွာ ကြော်ငြာထည့်သွင်းနိုင်ပါပြီ

LEAVE A REPLY

Please enter your comment!
Please enter your name here