Home သတင်းဆောင်းပါး အခွင့်အရေးချိုးဖောက်ခံ အကျဉ်းစံ အမျိုးသမီးများ

အခွင့်အရေးချိုးဖောက်ခံ အကျဉ်းစံ အမျိုးသမီးများ

228
0
Photo : AAPP
Advertise Here

အနှီးဖြူ ဖြူ  နှင့်ထုပ်ပိုးထားသော မွေး ကင်းစ ရက်၂ဝ အရွယ် သားငယ်ကို ပွေ့ ချီကာ အချုပ် ကားအပြာရောင်ပေါ်သို့ မမြတ်နိုးဝေ လှမ်းတက်လိုက်သည်။ ကားပေါ်တွင် အမျိုးသမီး အချုပ်သား အချို့ လည်းရှိနေသည်။ တာဝန်ကျ ရဲမေများက ထိုင်ခုံ တစ်ခုံတွင် ထိုင်ရန် သူ့ကို နေရာချထားပေးသည်။ အလုံ ပိတ်ကားဖြစ်သောကြောင့် ကား အတွင်း ပူအိုက်လှသည်။

အသက် ၂၅ နှစ်ရှိ မမြတ်နိုးဝေသည် ပြည့်တန်ဆာအမှုဖြင့် အင်းစိန် ဗဟို အကျဉ်းထောင်အတွင်း ရောက်ရှိနေပြီး အမျိုးသမီး အချုပ်ဆောင်မှနေ၍ လှိုင်သာယာမြို့နယ်တရားရုံးသို့ ရုံးထုတ် သွားရမည့် အချုပ်သားတစ်ဦးဖြစ်၏။ သာမန်အခြေအနေမျိုး ဆိုလျှင် ရုံးထုတ်သွားရမည်ကို သူစိုးထိတ်မိမည်မဟုတ်။ သို့သော် ယခုက မီးဖွားပြီးစဖြစ်၍ မီးတွင်းထဲနေရမည့် အချိန်ဖြစ်သည်။

ပုံမှန်အားဖြင့် အမျိုးသမီးတစ်ယောက်အနေနှင့် ကလေး မီးဖွားပြီးစအချိန် မီးနေသည်အဖြစ် နေကြရသည်။ အချုပ်ကျနေ သည့် မမြတ်နိုးဝေအတွက်တော့ ထိုအခွင့်အရေးကို မရရှိခဲ့ပါ။ ထောင်တွင်းဆေးရုံ၌ ကလေးမွေးပြီး ခြောက်ရက်ပြည့်သည်တွင် အချုပ်ဆောင်သို့ ပြန်ခဲ့ရကာ ရက် ၂ဝ မြောက်မှာ ရုံးထုတ်သွားခဲ့ ရသည်။

Advertise Here

ထို့ကြောင့် သွေးနုသားနုနှင့် ကားစီးရသည့်အခါ ကား ဆောင့်သည့် ဒဏ်ကြောင့် သူ၏ ကိုယ်မှ ”သွေးပါဆင်းတယ်”ဟု သူက ပြန်ပြောပြသည်။ သူ ထိုသို့ကြုံခဲ့ရသည်က အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် (NLD) အစိုးရ မဖွဲ့မီ စပ်ကူးမပ်ကူးကာလ ဖြစ်သည်။

မြန်မာနိုင်ငံတွင်၂ဝ၁ဝ နောက်ပိုင်း အကျဉ်းထောင်တွင်း ပြုပြင်ပြောင်းလဲမှုအချို့ လုပ်ဆောင်ခဲ့သော်လည်း အမျိုးသမီး အခွင့်အရေးများ ချိုးဖောက်ခံနေရဆဲဖြစ်သည်ဟု မော်ကွန်းက ချဉ်းကပ်ခဲ့သည့် အကျဉ်းသူတစ်ဒါဇင်ခန့်က ဆိုပါသည်။

Photo : AAPP

ထိုသို့ အခွင့်အရေးချိုးဖောက်ခံရမှုတွင် မီးဖွားခွင့်နှင့် ကျန်းမာရေးစောင့်ရှောက်မှုနည်းပါးခြင်း၊ ပါးလွှာပြီး ထွင်းဖောက် မြင်နေရသည့် အရှက်မလုံသော ထောင်ဝတ်စုံများသာ ထုတ်ပေး ခြင်းနှင့် လူ့ဂုဏ်သိက္ခာအားထိပါးစေသော ဆဲရေးတိုင်းထွာ ပြော ဆိုဆက်ဆံမှုများရှိနေသည်ဟု အကျဉ်းသူဟောင်း မဖြိုးဖြိုး အောင်က ပြောသည်။

မဖြိုးဖြိုးအောင်သည် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသား သမဂ္ဂများအဖွဲ့ချုပ် (ဗကသ) ၏ အထွေထွေအတွင်းရေးမှူး ဟောင်းတစ်ဦး ဖြစ်သကဲ့သို့ နိုင်ငံရေးလုပ်ဆောင်မှုများကြောင့် ထောင်နှစ်ကြိမ်ကျခဲ့ရသူလည်း ဖြစ်သည်။

”အကျဉ်းသားတွေ အခွင့်အရေးချိုးဖောက်ခံရတဲ့အထဲ မှာ အဲဒီဒဏ်ကို အမျိုးသမီးတွေက ပိုပြီးခံစားရတယ်”ဟု သူက မှတ်ချက်ပေးသည်။

နိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်အသီးသီးနှင့် အချုပ်ခန်း များတွင် ၂ဝ၁၆၊ ဒီဇင်ဘာနောက်ဆုံးပတ်အထိ အကျဉ်းသူ အမျိုးသမီးအရေအတွက် ခုနစ်ထောင်ကျော် ရှိနေသည်ဟု အကျဉ်းဦးစီးဌာနစာရင်းတွင် ဖော်ပြထားသည်။

အကျဉ်းသားမိခင်တို့ အခက်အခဲ
မမြတ်နိုးဝေသည် ကိုယ်ဝန်ဆောင်စဉ်ကတည်းက မိခင် လောင်းတစ်ယောက် ရသင့်သည့်အခွင့်အရေးတို့ ဆုံးရှုံးခဲ့ရသည်။ သန္ဓေသားကျန်းမာသန်စွမ်းရေးအတွက် ဆေးဝါးမရ၊ မိခင် လောင်းတစ်ဦးလိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုက လည်း မရှိသလောက်ဟု သူက ဆိုသည်။

ကျန်းမာရေးစောင့်ရှောက်မှု နည်းပါးသည်သာ မဟုတ်။ အစာအာဟာရအတွက်လည်း စီစဉ်ပေးခြင်းမရှိ၊ အကျဉ်းသား တိုင်းကို ပုံမှန်ကျွေးသည့် အစားအစာများသာ စားခဲ့ရသည်ဟု သူက ယခုလိုဆက်ပြောသည်။
”အထဲမှာ စားစရာဆိုလို့ ဒါပဲရှိတာ၊ သူတို့ (ထောင်အာဏာ ပိုင်များ)ကျွေးတာမှ မစား ဘာသွားစားမလဲ”

မမြတ်နိုးဝေ ထောင်တွင်းရောက်စအချိန် ဆေးစစ်တော့မှ သာ ကိုယ်ဝန်နှစ်လရှိနေပြီဆိုသည်ကို သိခဲ့ရသည်။ ထိုကိုယ်ဝန် နှင့်ပင် ရုံးချိန်းအကြိမ်ကြိမ်သွားခဲ့ရသည်။ သူတို့အတွက် အိပ်ရာ ကိုမူ ကွန်ကရစ်ခင်းကြမ်းပြင်ပေါ်တွင် သစ်သားကွပ်ပျစ်များခင်း၍ စီစဉ်ပေးကာ ကွပ်ပျစ်တစ်ခုကို ကိုယ်ဝန်ဆောင်ဖြစ်လျှင် ငါးဦး၊ ကိုယ်ဝန်ဆောင်မဟုတ်လျှင် ခုနစ်ဦး အသီးသီး သတ်မှတ် ထားသည်။

မမြတ်နိုးဝေသည် ကိုယ်ဝန်ဆောင်စဉ်သာမဟုတ် မီးဖွား ရာတွင်လည်း အခက်အခဲရှိသည်။ ကိုယ်ဝန်ရင့်မာလာသည့် တစ် ရက်တွင် ခါးလယ်တစ်ဝိုက်မှ တဆစ်ဆစ်ကိုက်ခဲလာ၏။ ညဘက် ၁၁ နာရီဝန်းကျင်ခန့်ဖြစ်ပြီး ကျန်အချုပ်သားတွေက အိပ်မောကျ လျက်ရှိပြီ။ မိမိတစ်ဦးတည်းသာ ခါးကို လက်နှင့်ထောက်ကာ အိပ်ဆောင်အတွင်း သက်သာရာ သက်သာကြောင်း ခေါက်တုံ့ ခေါက်ပြန် လမ်းထလျှောက်နေမိသည်။ သို့သော် ထူးခြားမှုမရှိ။ ကိုက်ခဲသည့်ဒဏ်ကို တိုး၍သာခံစားလာရသည်ဟု ထိုနေ့က ကြုံ ခဲ့ရပုံကို သူက လက်ဟန်ခြေဟန်ဖြင့်ပါ ပြန်လည်ပြောပြသည်။

ထို့နောက်အချုပ်ဆောင်ဆေးမှူးကို အကူအညီတောင်း ကာ ထောင်ဆေးရုံသို့ ရောက်လာ၏။ ရေသောက်လိုက်၊ အပေါ့ သွားလိုက်ဖြင့် နှစ်နာရီခန့်အကြာတွင် ဆေးရုံခုတင်ပေါ်တက်ကာ ပက်လက်လှန်လှဲလိုက်သည်။

မမြတ်နိုးဝေ၏အခြေအနေက မီးဖွားမည့်ဆဲဆဲဖြစ်၍ တာ ဝန်ကျဆရာဝန်အား လာကြည့်ပေးရန် အော်ပြောသည်။ သို့ သော် ”အချွဲလည်းမဆင်းသေးဘူး။ ကလေးလည်း ခေါင်းမပြူ သေးဘူး။ မမွေးသေးဘူး။ ညည်း သောက်ပိုတွေမပြောနဲ့။ ဒါ အင်း စိန်ထောင်ဆေးရုံ။ အပြင်ဆေးရုံမဟုတ်ဘူး”ဟု ဆရာဝန်က အခန်းပြင်မှနေ၍ လှမ်းအော်ပြောသည်ဟု သူက ပြန်ပြောင်း ပြောပြသည်။

နောက်ဆုံးတော့ ကိုယ့်အားကိုကိုးကာ ပက်လက်အနေ အထားဖြင့် ခုတင်သံတိုင်ကို လက်နှစ်ဖက်နှင့် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ရင်း အားကုန်ညှစ်ချလိုက်သည်။ အပြင်သို့ ကလေးထွက် လာမှသာ ဆရာဝန်များရောက်လာကြပြီး နာရီပိုင်းအကြာတွင်မှ ဂလူးကို့စ်ဆေးရည်နှစ်လုံး ဆက်တိုက်သွင်းပေးသည်ဟု သူက ပြောပါသည်။ ရှေ့ပိုင်းတုန်းက ကလေးနှစ်ယောက်မွေးခဲ့ဖူးသည့် အတွေ့အကြုံရှိနှင့်၍ တော်ပေသေးသည်ဟု မမြတ်နိုးဝေက ဆို ပါသည်။

”ဖြစ်ချင်ရာဖြစ် သဘောထားပြီး မွေးလိုက်ရတာပဲ မတတ် နိုင်ဘူး”ဟု သူကပြောသည်။
အင်းစိန်ဗဟိုအကျဉ်းထောင်ကြီး၏ တာဝန်ခံအရာရှိ (ထောင်ပိုင်)ဖြစ်သူ ဦးမျိုးဦးကတော့ မော်ကွန်းနှင့် တွေ့ဆုံရာ တွင် ကိုယ်ဝန်ဆောင်များနှင့် စပ်လျဉ်းပြီး ယခုကဲ့သို့ ရှင်းပြသည်။

”ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအတွက်က အမျိုးသမီး ဆရာဝန် တစ်ယောက်ရှိတယ်။ ထောင်ထဲမှာ မွေးလို့ရတဲ့လူနာမျိုး ဆိုရင် ဒီထဲမှာမွေးတယ်။ ပုံမှန်မွေးရမယ့် လူနာမျိုးမဟုတ်ရင် အင်းစိန်ပြည်သူ့ဆေးရုံကြီးကို သွားမွေးရတယ်”

ကလေးမီးဖွားရာတွင် ကုန်ကျသည့် စရိတ်များအား အကျဉ်းထောင်မှ ကျခံပေးသေးသည်ဟုလည်း သူကဆိုပါသည်။

မြန်မာနိုင်ငံ အကျဉ်းထောင်လက်စွဲ၏ အခန်း ၈၊ အပိုင်း ၁၂၊ အမျိုးသမီးအကျဉ်းသားများနှင့် ကလေးငယ်များအခန်းပါ အပိုဒ် ၆ဝ၂ အရ အမျိုးသမီးအကျဉ်းသားတိုင်း ကလေးငယ်အား အသက် လေးနှစ်ပြည့်သည်အထိ မိခင်နှင့်အတူ ခေါ်ထားခွင့်ရှိ သည်။ ထို့ ပြင် ကလေးအား ဆရာဝန်မှသတ်မှတ်အမိန့်ပေးသည့် အတိုင်း ကျွေးမွေးရသကဲ့သို့ ထောင်တာဝန်ရှိသူတို့မှ သင့်တော် သည့် အဝတ်အစားများ ပေးရမည်ဟု ပြဋ္ဌာန်းပါရှိ၏။

ကလေးမွေးပြီးစ မမြတ်နိုးဝေအတွက်တော့ အစားအစာ ဆို၍ သာမန်အကျဉ်းသူများကို ကျွေးသည့် ထောင်ထမင်း၊ ထောင်ဟင်းနှင့် ကလေးအတွက် အနှီးငါးထည်သာ ရခဲ့သည်။ ထို သို့ အတိတ်ကို ပြန်ပြောပြနေချိန် မမြတ်နိုးဝေ၏နှုတ်ခမ်းများက ပြုံးတစ်ဝက် မဲ့တစ်ဝက်။

အကျဉ်းထောင်မှ ကျွေးသည့်အစားအစာများက သား သည်မိခင်တို့အတွက် လိုအပ်သည့်အာဟာရကို ဖြည့်စွမ်းမပေး နိုင်သည့်ပြင် ဘေးဥပဒ်ဖြစ်သည်ကိုပင် ကြုံခဲ့ရသည်ဟု သူက ဆိုပါသည်။ အကြောင်းကတော့ ပဲဟင်း၊ ချဉ်ပေါင်ရွက်ကြော်နှင့် ငါးပိကြော်တို့အား စားရဖန်များလာသည့်အခါ သွေးနုသားနုဖြစ် ရသည့်အထဲ ဝမ်းပျက်လာသည်။

ယင်းအဖြစ်အပျက်ကို ကလေးမွေးပြီး နှစ်လခန့်အကြာ တွင် မမြတ်နိုးဝေ ရင်ဆိုင်ခဲ့ရသည်။ ထိုရက်ပိုင်းက ဝမ်းပျက်ပြီး ခဏခဏ ဝမ်းသွားသည်။ သုံးလေးရက်ဆိုသလို ဆက်တိုက်ဖြစ် လာသည်တွင် အဲသည့်ဒဏ်ကို မခံနိုင်တော့။ ကလေးကိုလည်း နို့ တိုက်ရသည်ဖြစ်၍ အားအင်ချည့်နဲ့လာသည်။ မိခင်ကိုယ်တိုင်က ဝမ်းပျက်နေသည်ဖြစ်၍ မိခင်နို့ချိုသောက်စို့ရသည့် ကလေးငယ် မှာလည်း ဝမ်းသွားသည့်အဖြစ်နှင့် ကြုံခဲ့သည်ဟု သူက ဆိုသည်။

ထို့ကြောင့် မတတ်နိုင်သည့်အဆုံး ထောင်ဆေးရုံသို့ ပြေး ရပြန်သည်။ ”အဲဒီတုန်းက ကျွန်မတော်တော်စိတ်ပူရတယ်။ ငါ သာလဲသွားရင် ငါ့ကလေးဘယ်လိုများဖြစ်သွားမလဲ ဆိုပြီး တော့”ဟု မမြတ်နိုးဝေက ဆိုသည်။ ထိုသို့ပြောနေစဉ် သူ၏အသံ က လှိုက်ခါနေသည်။

ပထမဆုံးရောက်ရသည့် ထိုအကြိမ်က ဆေးရုံတွင် ဝမ်း ပိတ်ဆေးသောက်ကာ လေးငါးရက်ခန့်နေရသည်။ နောက်ပိုင်း တွင်လည်း ထောင်ဆေးရုံသို့ နှစ်ကြိမ်ထပ်၍ရောက်ရသေးသည်။

အကျဉ်းဦးစီးဌာနပြောရေးဆိုခွင့်ရှိသူ ဒုတိယညွှန်ကြား ရေးမှူး ဦးမင်းထွန်းစိုး၏အဆိုအရ အကျဉ်းထောင်နှင့် အချုပ် စခန်းများအတွင်းမှ မိခင်နှင့်ကလေးများကို အာဟာရဖြစ်စေမည့် ဖြည့်စွက်စာ ကျွေးမွေးနိုင်ခြင်းမရှိဘဲ သာမန်အကျဉ်းသားများ အား ကျွေးသည့် အစားအစာများအတိုင်းသာ ကျွေးနိုင်သေး သည်ဟု ဆိုသည်။

”ကျွန်တော်တို့ အဲဒါကို ဝန်ခံပါတယ်။ မကျွေးနိုင်သေးပါ ဘူး” ဟု သူက ပြောသည်။
ထိုသို့မဖြည့်ဆည်းပေးနိုင်သေးသည့် အဓိကအကြောင်း ရင်းတစ်ခုမှာ ဝန်ကြီးဌာနတစ်ခုအနေနှင့် ရရှိသည့်ဘဏ္ဍာငွေ အတွင်းမှ ဦးစီးဌာနအသီးသီးခွဲဝေသုံးစွဲရ၍ ဖြစ်သည်ဟု ဦးမင်းထွန်းစိုးက ပြောသည်။

ဒုတိယအကြိမ်အမျိုးသားလွှတ်တော်၏ အမျိုးသမီးနှင့် ကလေးအခွင့်အရေးဆိုင်ရာကော်မတီ အတွင်းရေးမှူး နော်စူဇန် နာလှလှစိုးကတော့ အကျဉ်းထောင်လက်စွဲပါ အချက်များကို ထောင်တာဝန်ရှိသူတို့က လိုက်နာမှုအားနည်းသည်ကို တွေ့ ရသည်ဟု မှတ်ချက်ပေးသည်။

”အောက်ခြေမှာ တကယ်အားနည်းတာပေါ့။ ဝန်ထမ်းတွေ ရဲ့ အလေးထားမှုအားနည်းတာကို တွေ့ရတယ်”
တကယ်ဆိုလျှင် အကျဉ်းကျ ကိုယ်ဝန်ဆောင်နှင့် မိခင်များ သည် ကျန်းမာရေးစောင့်ရှောက်မှု အပြည့်အဝရရှိသင့်ပြီး ”ဒါက လူ့အခွင့်အရေးပဲ” ဟု သူက ဆိုသည်။

အကျဉ်းဦးစီးဌာနပြောရေးဆိုခွင့်ရှိသူ ဦးမင်းထွန်းစိုး၏အဆိုအရ ကိုယ်ဝန်ဆောင်များနှင့် ကလေးအမေများကို အကျဉ်း ထောင်ဆရာဝန်များဖြင့် ဂရုတစိုက်ကြည့်ရှုကုသပေးသည့်အပြင် ရံဖန်ရံခါ ထောင်တွင်းသို့လာရောက်သည့် အထူးကုဆရာဝန်ကြီး များနှင့်ပင် ကုသစစ်ဆေးပေးသည်ဟု သူက ဆိုပါသည်။ ယင်း အပြင် ကျန်းမာရေးဦးစီးဌာနမှ လိုအပ်သည့် ကာကွယ်ဆေး များကိုလည်း တစ်လတစ်ကြိမ် လာရောက် ထိုးနှံပေးသည်ဟု သူက ပြောသည်။

သို့သော် အကျဉ်းဦးစီးဌာနအောက်ရှိ အကျဉ်းထောင်နှင့်အချုပ်စခန်းများတွင် ကျန်းမာရေးစောင့်ရှောက်မှုအတွက် ဆရာ ဝန်၊ သူနာပြု၊ ကျန်းမာရေးဆေးမှူးချုပ် စသည့်ဖွဲ့စည်းပုံအင်အား ၄၇၃ ဦး ရှိရမည်ဖြစ်သော်လည်း လက်ရှိ ၂၃ဝ ကျော်သာရှိသည်ဟု ဦးမင်းထွန်းစိုးက မော်ကွန်းကိုပြောပါသည်။

မမြတ်နိုးဝေနှင့် တစ်ဆောင်တည်းနေခဲ့ရသည့် ကလေးသုံး ယောက်မိခင်တစ်ဦးဆိုလျှင် အကျဉ်းထောင်တွင်း ကျန်းမာရေး စောင့်ရှောက်မှုအားနည်းခြင်းကြောင့် အငယ်ဆုံးကလေး အသက်ဆုံးခဲ့ရသည်ကို တွေ့ကြုံခဲ့ရသည်ဟု သူက ပြန်ပြောပြသည်။

ထိုသို့ကြုံခဲ့ရသည်က ၂ဝ၁၆ နှစ်ဆန်းပိုင်းတွင်ဖြစ်ကာ ယင်းအတူနေအမျိုးသမီးက အပြင်တွင်ကလေးများအား စောင့် ရှောက်မည့်သူမရှိသည့်အတွက် အချုပ်ထဲသို့ ကလေးသုံးဦးစလုံး ကို ခေါ်ထားရသည်။

အတူနေအမျိုးသမီး၏ ကလေးဖျားနာစဉ် ဆေးကုသမှု ကောင်းကောင်းမရ၍ အသက်ဆုံးရသည်ကို မြင်တွေ့ရသည်တွင် ”ကိုယ့်ကလေးလည်း ဖျားတာနာတာဖြစ်မှာကို စိုးရိမ်သွား တယ်”ဟု မမြတ်နိုးဝေက ဆို၏။

အထက်ပါကဲ့သို့ အကျဉ်းသူတို့၏ မီးဖွားခွင့်နှင့် ကျန်းမာ ရေးစောင့်ရှောက်မှုတို့ လုံလောက်မှုမရှိသည့် တစ်ချိန်တည်းမှာ ပင် အမျိုးသမီးတို့၏ အရှက်သိက္ခာကျဆင်းစေမည့် ပါးလွှာသော ထောင်ဝတ်စုံများ ဝတ်ဆင်နေရသည်ဟု မော်ကွန်းက ချဉ်းကပ်ခဲ့ သည့် အကျဉ်းသူများက ဆိုကြပါသည်။

အရှက်မလုံ ထောင်ဝတ်စုံ
ပြီးခဲ့သည့် စစ်အစိုးရလက်ထက်များက အကျဉ်းသားဝတ် စုံကို အဖြူရောင်ပိတ်စဖြင့် အပေါ်အောက်ဝတ်ဆင်စေသည်။ ၂ဝဝ၉-၁ဝ ရောက်မှသာ အောက်ပိုင်းကို အညိုရောင်သို့ ပြောင်း ပေးခဲ့သည်ဟု ထောင်အကြိမ်ကြိမ်ကျခဲ့ဖူးသည့် နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ဒေါ်နော်အုန်းလှက သူ့အတွေ့အကြုံကို ပြောသည်။

”(လုံချည်က)အရောင်ပဲ ပြောင်းတာ။ ပါးတာတော့ ပါးတဲ့ အတိုင်းပဲ”ဟု သူက မှတ်ချက်ပေး၏။
အကျဉ်းဦးစီးဌာနစာရင်းများအရ ထောင်ဝတ်စုံများအား အကျဉ်းသားတစ်ဦးကို ခြောက်လလျှင် တစ်စုံ ထုတ်ပေးသည်ဟု သိရသည်။ အချုပ်သားများကိုတော့ အမှုရင်ဆိုင်ရသည့်အခြေ အနေပေါ်မူတည်၍ အချုပ်ရက်နှင့် တွက်ကာ ဝတ်စုံထုတ်ပေး သည်လည်းရှိ၏။

အင်းစိန်၊ မော်လမြိုင်၊ သာယာဝတီ စသော အကျဉ်းထောင် များတွင် ထောင်အဝတ်အစားနှင့် ပတ်သက်၍ ကိုယ်တိုင်ကြုံခဲ့ရ သည့် ဗကသအထွေထွေအတွင်းရေးမှူးဟောင်း မဖြိုးဖြိုးအောင် က ယခုလိုရှင်းပြသည်။

”ရေစိုအဝတ် ဝတ်တော့ ခန္ဓာကိုယ်ကို (အထင်းသား) တွေ့ရတဲ့ ပုံစံမျိုး၊ အမျိုးသမီးတွေအတွက် ဝတ်ဖို့ ဘယ်လိုမှ အဆင်မပြေဘူး”ဟု သူက ပြောသည်။

ထိုသို့ဖြစ်ခြင်းကြောင့် သူဆိုလျှင် ထောင်ကပေးသည့် ပါး လွှာသောဝတ်စုံကို မဝတ်ဘဲ အသားကောင်းပြီး အနည်းငယ်ပို၍ ထူထဲသည့် ဝတ်စုံမျိုးကို မိသားစုအကူအညီဖြင့် ဝတ်ခဲ့ရသည်ဟု ရှင်းပြသည်။

မြန်မာနိုင်ငံ အကျဉ်းထောင်လက်စွဲ၏ အပိုဒ် ၁ဝ၅၅-၅၆ အရ ချည်အင်္ကျီနှင့် ခါးစည်းပုဆိုးကို အမျိုးသား အကျဉ်းသားများ အတွက် သတ်မှတ်သည်။ အမျိုးသမီးအကျဉ်းသားများအတွက် ချည်အင်္ကျီ၊ အတွင်းခံဘော်လီနှင့် လုံချည်(ထဘီ)တို့ကို ၄င်းတို့၏ဝတ်စုံအဖြစ်သတ်မှတ်သည်။

ထို့အပြင် အကျဉ်းသားတိုင်းအတွက် မျက်နှာသုပ်ပဝါတစ် ထည်စီပေးရမည့်အပြင် ထိုသို့သော အဝတ်အစားနှင့် အသုံး အဆောင်တို့ကို အကျဉ်းထောင်တာဝန်ခံမှ ထုတ်ပေးရမည်ဟု သတ်မှတ်ထားသည်။

သို့သော် မဖြိုးဖြိုးအောင်ကတော့ သူ့အတွေ့အကြုံအရ ”အချုပ်တွေ၊ ထောင်တွေထဲမှာ ကိုယ့်ရဲ့လိုအပ်ချက်မှန်သမျှ ကိုယ်တိုင်ပဲ ဖြည့်ဆည်းရတယ်”ဟု ဆိုပါသည်။

အကျဉ်းဦးစီးဌာန ပြောရေးဆိုခွင့်ရှိသူ ဦးမင်းထွန်းစိုးက မော်ကွန်း၏ ဆက်သွယ်မေးမြန်းမှုကို ပြန်လည်ဖြေကြားရာတွင် ယခင်ကထုတ်ပေးသည့် ထောင်ဝတ်စုံများပါးလွှာပြီး အမျိုးသမီး များဝတ်ဆင်ရန် အဆင်မပြေဆိုသည်မှာ မှန်ကန်ကြောင်း အတည်ပြုသည်။

သို့သော်လည်း ယခုနောက်ပိုင်း ပြင်ဆင်ထုတ်ပေးထား သည့် ထောင်ဝတ်စုံများက ဝတ်ဆင်ရအဆင်ပြေလာပြီဟုဆိုကာ အဝတ်အစားအပြင် အမျိုးသမီးလစဉ်သုံးပစ္စည်းများ ထောက်ပံ့ နိုင်ရေးလည်း စီစဉ်နေသည်ဟု ဦးမင်းထွန်းစိုးက ရှင်းပြသည်။

ဒေါ်နော်အုန်းလှက အကျဉ်းထောင်မှပေးသည့် လုံချည်မှာ ”အထက်ဆင့်လည်းမပါဘူး။ တိုတိုလေးနဲ့ ဝတ်ဆင်ရ အဆင် မပြေဘူး”ဟု သူ့အတွေ့အကြုံကို ပြောသည်။ ယခုနောက်ပိုင်း ပြင်ဆင်ထုတ်ပေးသည်ကလည်း အနံအနည်းငယ်ပိုရှည်သည်က လွဲ၍ သိသိသာသာထူထဲသည့် ချည်သားတော့မဟုတ်ဟု သူက ဆိုပါသည်။

၂ဝ၁၄ တွင် သာယာဝတီအကျဉ်းထောင်အတွင်း ပြစ်ဒဏ် ကျခံခဲ့ရသည့် အသက် ၃၇ နှစ်အရွယ် ဒေါ်သီတာစိုးကတော့ ထောင်မှထုတ်ပေးသော အဝတ်အစားပါးလွှာရသည့်အထဲ လစဉ်သုံးပစ္စည်းမရှိ၍ အရှက်ကွဲရသည့်အဖြစ်မျိုး ကြုံခဲ့ဖူးသည်။

သူသည် မူးယစ်ဆေးဝါးမှုဖြင့် ထောင်ဒဏ်ကိုးနှစ်ချမှတ် ခံရသူဖြစ်ပြီး ပဲခူးထောင်၊ အင်းစိန်ထောင်နှင့် သာယာဝတီ ထောင်တို့တွင် နေခဲ့ရသူလည်းဖြစ်၏။ သာယာဝတီအကျဉ်း ထောင်၌ရှိစဉ် အလုပ်ခိုင်းစေသည့် တစ်ရက်တွင် ကြုံရခြင်း ဖြစ်သည်။

ထိုနေ့က အမျိုးသမီးဓမ္မတာပေါ်နေသည်ဖြစ်၍ သူ၏ဆီး စပ်နှင့် ခါးစပ်တစ်ဝိုက်မှ ကိုက်ခဲသည့်ဝေဒနာကို ကောက်စိုက်ရင်း က ခံစားနေရသည်။ လုပ်ရသည့်အလုပ်ကလည်း ခါးကို အကွေး အဆန့် အကြိမ်ကြိမ် လုပ်နေရလေတော့ လူကပင်ပန်းသည့်ဒဏ် ကြောင့် ချွေးစေးများ ရွှဲနစ်နေ၏။ သွေးအားနည်းနေချိန်ဖြစ်၍ ဦးခေါင်းမှာလည်း မူးနောက်နောက်ဖြစ်လျက်ရှိသည်။

”ထောင်ဝန်ထမ်းကို အကျိုးအကြောင်းပြောပြတော့ သူက ‘နင်တစ်ယောက်တည်းဖြစ်တာမဟုတ်ဘူး။ ငါလည်းနင့်လို ဖြစ်နေတာပဲ။ လျှာမရှည်နဲ့”’ဟု အပြောခံရသည်ဟုဆိုသည်။ ထို့နောက် သူ့ကို ဝန်ထမ်းက အကိုက်အခဲပျောက်ဆေးတစ်လုံး ပေးသောက်ကာ ကောက်စိုက်စေ၏။

ကောက်စိုက်နေရင်း ခန္ဓာကိုယ် ဒယီးဒယိုင်ဖြစ်လာသော အခါ လယ်ကန်သင်း၌ ခေတ္တထိုင်ကာ နားမည်လုပ်တော့ ”သူ များတွေလည်း ဒီလိုပဲလုပ်နေတာ နင်မတွေ့ဘူးလား။ ရေသာခိုဖို့ မကြံနဲ့ ဟဲ့ ကောင်မ”စသဖြင့် အစောင့်ဝန်ထမ်း၏ ဆူပူမှုကို သူ ခံရသည်ဟု ဆိုသည်။

ထောင်ကပေးသည့် လုံချည်ပါးပါးကိုဝတ်ထားရသည့် အပြင် အမျိုးသမီးလစဉ်သုံးပစ္စည်းလည်း ခံမထားရတော့ တင် ပါးနောက်တွင် အကွက်လိုက်၊ အကွင်းလိုက် ဖြစ်နေတော့သည်။ ထိုသို့ဖြစ်ရသည်ကို ဒေါ်သီတာစိုးက ”ပြန်တွေးမိတိုင်း ကိုယ့်ကို သက်သက်မဲ့ချိုးနှိမ်ပြီးတော့ အရှက်ခွဲတာပဲလို့ ခံစားရတယ်”ဟု ပြန်ပြောပြနေသည့် သူ့အသံတွေက မာထန်၍နေ၏။

သာယာဝတီအကျဉ်းထောင်၏ လက်ရှိတာဝန်ခံအရာရှိ (ထောင်ပိုင်)အား အထက်ပါကိစ္စနှင့်စပ်လျဉ်းပြီး မော်ကွန်းက ဆက်သွယ်မေးမြန်းရာတွင် ယင်းကဲ့သို့ စေခိုင်းခြင်းမရှိဟု ငြင်းဆို ပါသည်။

”ကျွန်တော်တို့ အဲဒီလောက်ထိ ခိုင်းလည်း မခိုင်းဘူး၊ ဒီမှာအဲဒီလိုမျိုးလည်း မရှိပါဘူး”ဟု သူက ပြောသည်။ ထိုသို့ ပြန်လည်ဖြေရှင်းချက်ပေးသည့် အကျဉ်းထောင်တာဝန်ခံက ၄င်း ၏အမည်အား ဆောင်းပါးတွင် ထည့်သွင်းအသုံးပြုရန် ခွင့်မပြု ခဲ့ပေ။

ထိုသို့သော အခြေအနေများနှင့် ကြုံတွေ့နေရသည်က ဒေါ်သီတာစိုးတစ်ယောက်တည်းမဟုတ်ပါ။ ထောင်ဝင်စာမလာ သည့် အမျိုးသမီးအများစု ရင်ဆိုင်နေရသည့် အခက်အခဲတစ်ခု ဖြစ်သည်ဟု မော်ကွန်းက ချဉ်းကပ်ခဲ့သည့် အကျဉ်းသူဟောင်း များက ဆိုပါသည်။

နိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်အသီးသီးနှင့် အချုပ်စခန်း များသို့ ရောက်ရှိလာသည့် အမျိုးသမီးများ၌ မူးယစ်ဆေးဝါးမှု၊ ပြည့်တန်ဆာမှုနှင့် လောင်းကစားမှု(နှစ်လုံးထီ၊ သုံးလုံးထီနှင့် ဖဲဝိုင်း)စသော ပြစ်မှုတို့အများဆုံးဖြစ်ကြောင်း အကျဉ်းဦးစီးဌာန စာရင်းများတွင် ဖော်ပြထားသည်။

လူ့အခွင့်အရေးချိုးဖောက်မှုများအား လေ့လာစောင့် ကြည့်လျက်ရှိသော ညီမျှခြင်းမြန်မာအဖွဲ့ဒါရိုက်တာ ဦးအောင်မျိုး မင်းကတော့ မည့်သို့သောပြစ်မှုဖြင့် အကျဉ်းထောင်အတွင်းသို့ ရောက်လာသည်ဖြစ်စေ နိုင်ငံသားတစ်ဦး ၏အခြေခံ အခွင့်အရေးကို ချိုးဖောက်ခွင့် မရှိဟု ဆိုသည်။

၂ဝဝ၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေပါ ပုဒ်မ ၃၄၇ တွင် ”နိုင်ငံတော်သည် မည်သူ့ကိုမဆို ဥပဒေအရာတွင် တန်းတူ ညီမျှ အခွင့်အရေးရှိစေရမည်။ ထို့ပြင် ဥပဒေ၏ အကာအကွယ်ကိုလည်း တန်းတူ ညီမျှစွာရပိုင်ခွင့်ပေးရမည်”ဟု ပြဋ္ဌာန်း ထားသည်။

ထိုသို့သော အခွင့်အရေးများကို ချိုးဖောက်သည်ရှိသော် ကျူးလွန်သည့် အကျဉ်းထောင်ဝန်ထမ်းဖြစ်စေ၊ အကျဉ်း သားကိုဖြစ်စေ အပြစ်ပေးအရေးယူနိုင် စေရန် အဆင့်ဆင့်တိုင်ကြားနိုင်မည့် အစီ အစဉ်များထားရှိသင့်သည်ဟု ဦးအောင် မျိုးမင်းက ထောက်ပြသည်။

သို့မှသာ အကျဉ်းထောင်ဟူသော အင်္ဂါရပ်နှင့်အညီ အစိုးရတစ်ရပ်က စည်းကမ်းနှင့် စနစ်တကျ စီမံကွပ်ကဲသော ယန္တရားတစ်ခု ဖြစ်နိုင်မည်ဟု သူက ဆိုသည်။ သို့မဟုတ်ပါက ”သာလာယံဇရပ်လို ဖြစ်နေမှာပေါ့”ဟု သူက မှတ်ချက်ပေးသည်။

အကျဉ်းဦးစီးဌာန ပြောရေးဆိုခွင့်ရှိသူ ဦးမင်းထွန်းစိုးက အထက်ပါကဲ့သို့ အခွင့်အရေးချိုးဖောက်မှုများရှိခဲ့လျှင် ချိုး ဖောက်ခံရသူကိုယ်တိုင်ဖြစ်စေ၊ အခြားသက်ဆိုင်သူတစ်ဦးဦးမှ ဖြစ်စေ တိုင်ကြားနိုင်ရန် စီစဉ်ထားသည်ဟု ပြန်လည်ရှင်း လင်းသည်။

ထိုကဲ့သို့ ဆောင်ရွက်ရာတွင် အကျဉ်းထောင်အတွင်းရှိ ကိုယ်တိုင်ခံရသူဆိုလျှင် ထောင်ဝန်ထမ်းအဆင့်ဆင့်မှ တာဝန်ခံ အရာရှိအထိ တိုင်ကြားရသည်။ အခွင့်အရေးချိုးဖောက်ခံရသူနှင့် သက်ဆိုင်သူတစ်ဦးဦးက အကျဉ်းထောင်ပြင်ပမှ တိုင်ကြားမည် ဆိုလျှင်တော့ အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်သို့ လိပ်မူ ကာ အချက်အလက်အပြည့်အစုံဖြင့် တင်ပြပါက စစ်ဆေးဆောင် ရွက်မည်ဖြစ်သည်ဟု ဦးမင်းထွန်းစိုးက ပြောသည်။

အကျဉ်းသားများအပေါ် အခွင့်အရေးချိုးဖောက်မှုများ ရှိ နေသည်ဟု လူ့အခွင့်အရေးလှုပ်ရှားဆောင်ရွက်သည့်အဖွဲ့များ က ထောက်ပြပြောဆိုနေကြသော်လည်း မြင်းခြံအကျဉ်းထောင် ကိစ္စမှလွဲ၍ အခြားတိုင်ကြားမှုမရှိဟု သူက ဆိုသည်။

ယင်းကဲ့သို့ အကျဉ်းဦးစီးဌာန တာဝန်ရှိသူတို့က တိုင်ကြား မှုမရှိဟု ပြန်လည်ဖြေရှင်းလျက်ရှိသည့် တစ်ချိန်တည်း၌ပင် ထောင်အသီးသီးမှ လွတ်မြောက်လာသူများကတော့ လူ့ဂုဏ် သိက္ခာကို ထိပါးစော်ကားရာရောက်စေသော အသုံးအနှုန်းများ နှင့်ပါ ပြောဆိုဆက်ဆံခံကြရသည်ဟု ဆိုကြပါသည်။

အင်းစိန်အကျဉ်းထောင်အတွင်းမှ အချုပ်သားများအား ရုံးချိန်းသို့ ခေါ်လာသည့် အချုပ်ကား ။  ဓာတ်ပုံ- မင်းလွင်/မော်ကွန်းမဂ္ဂဇင်း

လူ့ဂုဏ်သိက္ခာထိပါး
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ အကြံ ပြုချက် စာတမ်းတစ်စောင်တွင်လည်း အကျဉ်းသားများအပေါ် စည်းကမ်းထိန်းသိမ်းခြင်းနှင့် ကြပ်မတ်ဆောင်ရွက်ခြင်းများသည် စည်းကမ်းထိန်းသိမ်းမှု၏ဘောင်ထက် ကျော်လွန်၍ လူမဆန်စွာ ပြုမူဆက်ဆံမှုအပါအဝင် ညှဉ်းပန်းနှိပ်စက်မှုများ မဖြစ်ပေါ်စေရေး အတွက် ဂရုပြု ဆောင်ရွက်သင့်သည်ဟု ၄င်းတို့ တွေ့ရှိချက်အား ထည့်သွင်းဖော်ပြထားသည်။

ထောင်သုံးထောင်ပြောင်းရွှေ့နေထိုင်ခဲ့ရသူလည်းဖြစ် နိုင်ငံရေးအကျဉ်းသူလည်းဖြစ်သည့် မဖြိုးဖြိုးအောင် မြင်တွေ့ ခဲ့ရ သည့်ဖြစ်စဉ်များတွင် ထောင်ဝန်ထမ်းအချို့က ဆရာတပည့်ပုံစံသုံးနှုန်းပြောဆိုစေမှုကို အတွေ့ရများသည်ဟု သူက ပြောပါသည်။

ဥပမာတစ်ခုအနေနှင့် ဝန်ထမ်းအမျိုးသမီးအဆင့်ဆင့်က သူတို့ အား ‘မမလေး’၊ ‘မမကြီး’ စသည့် အသုံးအနှုန်းများဖြင့် အကျဉ်း သူတို့အား ခေါ်စေကာ အကျဉ်းသူများကိုယ်တိုင်ကတော့ မိမိ ကိုယ်ကိုယ် ‘တပည့်’ဟု သုံးနှုန်းစေခြင်းမျိုး ဖြစ်၏။

”တကယ်တော့ ဘယ်သူက ဘယ်သူ့တပည့်မှမဟုတ်ဘူး လေ။ အဲဒါကို ခုနကပြောသလို အခေါ်အပြောမျိုးတွေ လုပ်ခိုင်း တာက သူတို့(ထောင်ဝန်ထမ်းများ)ကို မော်မကြည့်ရဲအောင် လုပ်တဲ့သဘောပဲ”ဟု မဖြိုးဖြိုးအောင်က မှတ်ချက်ပေးသည်။

ထိုအခြေအနေကို ကိုယ်တွေ့ကြုံခဲ့ရသည့် မမြတ်နိုးဝေက လည်း အမျိုးသမီးအချုပ်ဆောင်များတွင် ထောင်ဝန်ထမ်းများ အား အထက်ပါအသုံးအနှုန်းများအတိုင်း ပြောဆိုသုံးနှုန်းခြင်း မပြုပါက ဆဲဆိုရိုက်နှက်ခံကြရသည်ဟု ဆိုသည်။

သူ့အနေနှင့်ကတော့ ကိုယ်ဝန်ဆောင်တစ်ဦးဖြစ်၍ ထိုသို့ သော အခြေအနေများမှ ကင်းလွတ်ခွင့်ရထားသည်။ သို့မဟုတ် ဘဲ သာမာန်အကျဉ်းသူဆိုလျှင်တော့ ဆဲဆိုရိုက်နှက်ရုံသာမက ထိုင်ထပါလုပ်ရသည်ဟုဆိုသည်။

အင်းစိန်အကျဉ်းထောင် တာဝန်ခံအရာရှိဖြစ်သူ ဦးမျိုးဦး ကတော့ အထက်ပါအခြေအနေနှင့်ပတ်သက်ပြီး မော်ကွန်း၏တွေ့ဆုံမေးမြန်းမှုတွင် ယင်းကဲ့သို့ လုပ်ဆောင်မှုများက ခေတ် ဟောင်းက ဖြစ်ရပ်များသာဖြစ်ပြီး ယခုနောက်ပိုင်း လုပ်ဆောင် ခြင်းမရှိဟု ငြင်းဆိုထားသည်။

မြန်မာနိုင်ငံက ၁၉၄၈ တွင် သဘောတူလက်မှတ်ရေးထိုး ထားသည့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာ တမ်းပါ အပိုဒ် ၂ အရ လူသားတစ်ဦးကို ပစ္စည်းဥစ္စာ ဂုဏ်အားဖြင့် ဖြစ်စေ၊ အခြားအဆင့်အတန်းအားဖြင့်ဖြစ်စေ ခွဲခြားခြင်းမရှိစေ ရဟု ပြဋ္ဌာန်းထားသည်။ ထို့ပြင် ယင်းစာတမ်း အပိုဒ် ၄ တွင်လည်း မည်သူ့ကိုမျှ ကျေးကျွန်အဖြစ်၊ အစေအပါးအဖြစ် နိုင်ထက်စီးနင်း စေခိုင်းခြင်းမပြုရဟု ကန့်သတ်ထားသည်။

အိမ်သာလေးတော့ အရှက်လုံခြုံစေချင်
အထက်ပါကဲ့သို့သော ဖြစ်စဉ်များနှင့်ရင်ဆိုင်ကြုံတွေ့ရ သည့်နည်းတူ အကျဉ်းသားအမျိုးသမီးများ၏ အိမ်သာအသုံးပြုရ သော အခက်အခဲကလည်း ရှိနေသေးသည်ဟု ၄င်းတို့က ဆိုကြ ပါသည်။

သာဓကအဖြစ် အကျဉ်းထောင်နှင့် အချုပ်ခန်းများရှိ အိမ် သာများကို ထောင်တာဝန်ရှိသူတို့က လုံခြုံရေး အကြောင်းပြကာ ကိုယ်တစ်ပိုင်းသာလုံသည့် တံခါးများတပ်ဆင်ပေးထားသည်ဟု အကျဉ်းသူဟောင်း မဖြိုးဖြိုးအောင်က ပြောပြသည်။

အဝေးမှကြည့်လျှင် ကိုယ်တစ်ပိုင်းလုံသည်ဟု ဆိုနိုင်သော် လည်း အိမ်သာအနီးမှဖြတ်သန်းသွားလာသူများက မိမိတစ်ကိုယ် လုံးကို ခေါင်းမှ ခြေအဆုံး မြင်တွေ့နေရကြောင်း သူ့အတွေ့အကြုံ ကိုရှင်းပြသည်။ ”လုံခြုံရေးအရဆိုရင်လည်း လိုက်ကာလေးနဲ့ ဖြစ်ဖြစ် ကာကွယ်ပေးရင်တော့ အရှက်လုံတာပေါ့”ဟု သူက ပြောသည်။

ထောင်အတွေ့အကြုံရှိပြီးဖြစ်သည့် မဖြိုးဖြိုးအောင် အတွက် အပေါ့အလေးစွန့်သည့်ကိစ္စတွင် အထူးအထွေ မခံစားမိ တော့သော်လည်း ယခုမှရောက်ဖူးသည့် သက်ငယ်ကျောင်းသူ များအတွက်တော့ အခက်ကြုံရသည်။ အသက်လည်းငယ်၊ အပျို ဖော်ဝင်ပြီးစအရွယ်များလည်း ဖြစ်လေတော့ အိမ်သာသွားရ မည်ကို ရှက်နေကြသည်။

ကြာကြာအောင့်ထားပြန်လျှင်လည်း ရောဂါရမည်စိုးရ သည်။ မတတ်နိုင်သည့်အဆုံး ”တစ်ယောက်သွားချင်ရင် ကျန်တဲ့သုံးလေးယောက်က လေးဖက်လေးတန်ကာပြီး ဘေးလူ မမြင်နိုင်အောင် မပြီးမချင်းရပ်နေပေးရတယ်”ဟု မဖြိုးဖြိုး အောင်က လက်ဟန်ခြေဟန်ဖြင့် ပြောပြသည်။

အမျိုးသမီးအချုပ်ဆောင်များသည် အမျိုးသားဆောင် များနှင့်သီးခြားတွင်ရှိကာ ၄င်းတို့၏အိပ်ဆောင်၊ ရေချိုးသည့် နေရာနှင့် အိမ်သာများကို စောင့်ကြည့်နိုင်သည့် စီစီတီဗီ တပ် ဆင်ထားခြင်းမျိုးတော့မရှိဟု သူကရှင်းပြသည်။

ဘယ်လိုဖြေရှင်းမလဲ
အထက်ပါကဲ့သို့သော အခြေအနေအရပ်ရပ်တို့ကြောင့် အကျဉ်းထောင်စနစ် ပြုပြင်ပြောင်းလဲရေးလုပ်ဆောင်ရန် နယ် ပယ်အသီးသီးမှ လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများက တိုက်တွန်း တောင်းဆိုလာခဲ့ကြသည်မှာ ကာလရှည်ကြာခဲ့ပြီ ဖြစ်သည်။ သို့ သော်လည်း ထိရောက်အကျိုးရှိသည့် ပြုပြင်ပြောင်းလဲမှုမျိုးလုပ် ဆောင်လာသည်ကို မတွေ့ရဟု ၄င်းတို့က ဆိုကြသည်။

တရားလွှတ်တော်ရှေ့နေတစ်ဦးဖြစ်သူ ဦးသိန်းညွန့်က တော့ ခေတ်စနစ်နှင့်လျော်ညီပြီး လူ့အခွင့်အရေးကို အာမခံနိုင် မည့်ဥပဒေသစ်တစ်ခု ရေးဆွဲသင့်သည်ဟုဆိုသည်။ သူသည် ပြီးခဲ့ သည့် ပထမအကြိမ် လွှတ်တော်သက်တမ်းအတွင်းက ပြည်သူ့ လွှတ်တော် အစည်းအဝေးတစ်ရပ်တွင် အကျဉ်းထောင်ဥပဒေ ပြင်ဆင်ရန် ရှိ၊ မရှိ မေးခွန်းမေးမြန်းခဲ့သူလည်း ဖြစ်၏။

ထိုသို့ ဥပဒေပြင်ဆင်ရာတွင် အမျိုးသမီးများနှင့်ပတ်သက် ပြီး ကိုယ်ဝန်ဆောင်စဉ် လိုအပ်သည့်အထောက်အပံ့နှင့် ကျန်းမာ ရေးစောင့်ရှောက်မှု ရရှိခွင့်၊ မီးဖွားရာတွင် ရသင့်သည့် အခွင့် အရေးများ၊ မိခင်နှင့် ကလေးကျန်းမာရေးနှင့် ဖွံ့ဖြိုးရေး စသည့် အချက်များကို တိတိကျကျသတ်မှတ်ပြဋ္ဌာန်းပေးရန်လိုအပ် သည်ဟု သူက အကြံပြုသည်။

”အဓိကတော့ လူ့အခွင့်အရေး စံချိန်စံညွှန်းတွေအပေါ် လေးစားလိုက်နာပြီးတော့မှ ပြင်ဆင်ရေးဆွဲလုပ်ဆောင်ဖို့ လိုပါ တယ်”ဟုဦးသိန်းညွန့်က ဆိုသည်။

အမျိုးသမီးများ မီးဖွားခွင့်လိုကိစ္စမျိုးတွင်တော့ နီပေါနိုင်ငံ ၏ အကျဉ်းထောင်ဥပဒေပါအချက်တစ်ချက်ကို အတုယူသင့် သည်ဟု ဦးသိန်းညွန့်က ဥပမာပေးသည်။ ထိုအချက်က အကျဉ်း သူအမျိုးသမီးများအနေနှင့် မီးဖွားချိန်နီးလျှင် နှစ်လတန်သည်၊ သုံးလတန်သည် ပြစ်ဒဏ်ကျခံရမှုမှ ကင်းလွတ်ခွင့်လျှောက်ထား ရယူနိုင်သည်။ ထိုသို့ ရယူထားသည့် ကင်းလွတ်ရက်များကို မီး ဖွားပြီးချိန်မှ ပြန်လည်ကျခံစေခြင်းဖြစ်၏။

အကျဉ်းထောင်ဥပဒေပြင်ဆင်ရေးနှင့်ပတ်သက်ပြီး ဦးသိန်းစိန်အစိုးရလက်ထက်က လွှတ်တော်သို့တင်သွင်းခဲ့သော် လည်း ဥပဒေကြမ်းအား အများပြည်သူ ကြည့်ရှုအကြံပြုနိုင်ရန် ဖြန့်ဝေပြီးရက်အနည်းငယ်အကြာတွင် လွှတ်တော်သက်တမ်းပြီး ဆုံးခဲ့သောကြောင့် ဆွေးနွေးသည့်အဆင့် မရောက်ခဲ့ပေ။

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က ၂ဝ၁၆ အတွင်း အကျဉ်းထောင်နှင့် အချုပ်စခန်းများအား အများ ဆုံး သွားရောက်စစ်ဆေးခဲ့သည်။ စစ်ဆေးတွေ့ရှိချက်များထုတ် ပြန်ရာတွင် အကြံပြုချက်များလည်း ပါရှိသည်။ ယင်းတို့ထဲမှ အချို့မှာ လုံခြုံ၍ သန့်ရှင်းသောအိမ်သာများ ဆောက်လုပ်ပေးရန်၊ အမျိုးသမီး အသုံးအဆောင်များ ထောက်ပံ့ရန်၊ ဝန်ထမ်းအချို့၏ ရိုင်းပျစွာဆက်ဆံပြောဆိုမှုနှင့် စည်းကမ်းဘောင်ကျော်ကာ နှိပ် စက်ညှဉ်းပန်းမှု လုပ်ဆောင်သည့် ဝန်ထမ်းအား အစားထိုးခန့် အပ်ရန် စသည့်အချက်များ ပါဝင်သည်။

ညီမျှခြင်းမြန်မာအဖွဲ့မှ ဦးအောင်မျိုးမင်းကတော့ အိမ်နီး ချင်းထိုင်းနိုင်ငံတွင်တော့ အကျဉ်းသားများ၏ လူမှုအမှတ် လက္ခဏာများကို ဦးစားပေးထားသည်ဟု ဆိုသည်။ ဥပမာအား ဖြင့် အနုပညာရှင်တစ်ဦး အကျဉ်းချခံရသည်ရှိသော် သူတတ် မြောက်သည့်ပညာရပ်နှင့် အခြားသောအကျဉ်းသားများ စိတ် ပျော်ရွှင်မှုရရှိရန် လွတ်လပ်စွာတင်ဆက်နိုင်ခွင့်ပြုခြင်းမျိုး ဖြစ်၏။

ထို့ပြင်လည်း အကျဉ်းသားတို့၏ စိတ်ပိုင်းဆိုင်ရာပြုပြင်ပြောင်းလဲနိုင်ရေးကို အထောက်အပံ့ဖြစ်စေမည့် အစီအစဉ်များကိုလည်း ထောင်အာဏာပိုင်တို့၏ အစီအမံနှင့်ဖြစ်စေ၊ အကျဉ်းသားများ၏ သဘောဆန္ဒအလျောက်ဖြစ်စေ လုပ်ဆောင်ခွင့်ရှိသည်ဟု ဦးအောင်မျိုးမင်းက ပြောပါသည်။

”သူတို့က ထောင်ဆိုတာ အမှားတစ်ခုအတွက် စိတ်ကိုပြန် လည် ဆေးကြောပေးတဲ့ နေရာတစ်ခုအဖြစ် ဖန်တီးထားတယ်”ဟု သူ့ အတွေ့အကြုံကို ရှင်းပြသည်။

မဖြိုးဖြိုးအောင်ကတော့ ထောင်တွင်းကျန်းမာရေးစောင့်ရှောက်မှုနှင့်ပတ်သက်ပြီး အမျိုးသမီးဆရာဝန်များခန့်ထားသင့် ကြောင်း သူကအကြံပြုပါသည်။ သို့မှသာ အကျဉ်းသူများခံစားရ သည့် ရောဂါအခြေအနေများကို ပွင့်ပွင့်လင်းလင်း တိုင်ပင်ဆွေး နွေးရန် အခွင့်အလမ်းပိုမိုကောင်းမွန်စေမည်ဟု သူက ထောက်ပြ၏။

မလေးရှားနိုင်ငံ၏ အကျဉ်းထောင်စနစ်ကို သွားရောက် လေ့လာခဲ့သည့် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော် မရှင် အဖွဲ့ဝင် ဦးယုလွင်အောင်ကတော့ ယင်းနိုင်ငံအကျဉ်းထောင် အခြေအနေအား ယခုလိုရှင်းပြသည်။

”အကျဉ်းထောင်က အတုလား၊ အစစ်လားဆိုတာတောင် ခွဲမရဘူး”
အကြောင်းမှာ အကျဉ်းသားအခွင့်အရေးရရှိမှုက ကောင်း လွန်းနေပြီး အကျဉ်းထောင်အဆောက်အအုံများ ခေတ်မီသန့် ရှင်းသည့်အပြင် ကွန်ပျူတာနှင့်ပါ စာသင်ကြားနိုင်သည်တို့ကို မြင်တွေ့ရ၍ ဖြစ်၏။

မိမိနိုင်ငံနှင့်တူညီသည့်အချက်က ဘာသာရေးကို လွတ် လပ်စွာဆောင်ရွက်ခွင့်နှင့် သက်မွေးပညာသင်ကြားပေးမှုတို့ကို တွေ့ရှိရသည်ဟု သူက ဆိုသည်။

”ကိုယ့်နိုင်ငံအတွက်လည်း မျှော်လင့်တာတော့ အများ ကြီးပေါ့ဗျာ။ ဒါပေမဲ့ ကွန်ပျူတာ မသုံးနိုင်သည့်တိုင် အခြေခံ အခွင့်အရေးတွေရတဲ့အထိတော့ တဖြည်းဖြည်းပြောင်းလဲဖို့ လို မယ်လို့ မြင်ပါတယ်”ဟု သူက သုံးသပ်သည်။

ဦးသိန်းစိန်အစိုးရလက်ထက်ကတည်းက အကျဉ်းထောင် ပြုပြင်ပြောင်းလဲရေးများ လုပ်ဆောင်နေပြီဟု ပြောဆိုခဲ့ကြသည့် တိုင် ယနေ့အချိန်အထိ လူ့အခွင့်အရေးကော်မရှင်အပါအဝင် လူမှုအဖွဲ့အစည်းများက အခွင့်အရေး ချိုးဖောက်ခံရမှုများရှိနေ သေးသည်ကို ထောက်ပြနေကြဆဲ ဖြစ်သည်။

အကျဉ်းထောင်အချုပ်ခန်းထဲရှိစဉ် ကိုယ်ဝန်လွယ်ကာ ရုံးချိန်းသွားခဲ့ရသူနှင့် ရက်သားအရွယ်ကလေးငယ်ကို ပွေ့ကာ ရုံး ချိန်းအကြိမ်ကြိမ်သွားခဲ့ရသူလည်းဖြစ်သည့် မမြတ်နိုးဝေကတော့ သူ့ခံစားချက်ကို ယခုလိုရင်ဖွင့်ပါသည်။
”ကျွန်မတို့အပေါ်မှာ ကိုယ်ချင်းစာစိတ်လေးတော့ ထား ပေးစေချင်တယ်”

(မမြတ်နိုးဝေမှာ အကျဉ်းထောင်အချုပ်အတွင်း တစ်နှစ်တိတိနေထိုင် ကာ အမှုရင်ဆိုင်ခဲ့ရပြီး ၂ဝ၁၆၊ မေ ၂၃ ရက်တွင် တရားရုံးမှ အပြစ်မရှိ ကြောင်း ဆုံးဖြတ်ခဲ့၍ ပြန်လည်လွတ်မြောက်လာခဲ့သည်။) ။      ။

 

၂၀၁၇-ဇန်နဝါရီလထုတ်၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၄၂)မှ သတင်းဆောင်းပါးဖြစ်ပါသည်။
ရွှေရည်ဝင်းထက်နှင့် မင်းလွင် ရေးသည်။

Advertise Here

LEAVE A REPLY

Please enter your comment!
Please enter your name here