Home စာအုပ်အညွှန်း ဟိုဝေးဝေးက အလွမ်း

ဟိုဝေးဝေးက အလွမ်း

168
0
Thint Naw - Book Review - 65
Thint Naw - Book Review - 65
Advertise Here
၂ဝ၁၉၊ မေလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၆၅)မှ  Book Review  ဖြစ်ပါသည်။

သင့်နော် ရေးသည်။

(၁)

Advertise Here

မြောက်ယမားစာအုပ်တိုက်။ ပထမအကြိမ်။ ၂ဝ၁၉။

စာမျက်နှာ ၁၉၂။ ၁၃ x ၂၁ စင်တီ။ မျက်နှာဖုံးဒီဇိုင်း နေမျိုးထွန်း။ အုပ်ရေ ၅ဝဝ။  အတွင်းအပြင်အဆင် မျိုးမင်းသူ။  တန်ဖိုး ၃,ဝဝဝ ကျပ်။  နေထွတ်၏ ဝါရှင်တန်မှ အလွမ်းစာများ။

(၂)

ဟုတ်ကဲ့။ လွမ်းလို့ရေးထားတဲ့ စာတိုစာစလေးတွေပါ။ “၂ဝဝ၃ ခုနှစ်က နေ ၂ဝ၁၉ ခုနှစ် နှစ်ဆန်းပိုင်းအထိ ဖေ့စ်ဘွတ်ခ် လူမှုရေး စာမျက်နှာပေါ်မှာ ရေးသားခဲ့တဲ့ ရသစာတမ်းတွေကို စုစည်းထားတာပါ” လို့ စာရေးသူက ပြော တယ်။ အလွမ်းရသစာတမ်းရယ်လို့သာ ကင်ပွန်းတပ်ရတော့မှာပေါ့လေ။ “ဝါရှင်တန်ကနေ လွမ်းနေရသခိုက် ဖေ့စ်ဘွတ်ခ်ပေါ်မှာ အလျဉ်းသင့်သလို ရေးတင်ခဲ့သမျှ စုစုစည်းစည်းနဲ့ ဖတ်ခွင့်ရတဲ့ စာတစ်အုပ်ပါ။ လွမ်းတတ်သူတိုင်း စာမဖွဲ့တတ် ဘူး။ နေထွတ်က လွမ်းလည်း လွမ်းတတ်၊ စာလည်း ဖွဲ့တတ်တော့ ဖတ်ရတာ မပျင်းဘူးပေါ့။ လွမ်းပြီဟေ့ဆိုကတည်းက ရသက အများကြီးပါ နေပါပြီ။ လွမ်းပုံလွမ်းနည်းကို စီကာပတ်ကုံးလေး အကြောင်းဆိုက်အောင် ဖွဲ့လိုက်ရုံနဲ့ အလွမ်းဓာတ်က ထင်းထင်းကြီး ပေါ်လာတော့တာပေါ့။ တစ်နိုင်ငံ မြိုင်ယံခြားမှာ နေနေရသူက ဇာတိရပ်ရွာကို လွမ်းတယ်။ ဆွေမျိုးညာတိကို လွမ်းတယ်။  ငယ်ပေါင်းကြီးဖော်တွေကို လွမ်းတယ်။ ဆရာသမားတွေကို လွမ်း တယ်။ ကျင်လည်ကျက်စားခဲ့ရာ နေရာဒေသများကို လွမ်းတယ်။ မှတ်မှတ် သားသား ရှိရတဲ့ အဖြစ်အပျက်တွေကို လွမ်းတယ်။ ခေတ်ကို လွမ်း၊ စနစ်ကို လွမ်း၊ အဖြစ်ကို လွမ်း။ အတိတ်ကို လွမ်း၊ အရိပ်ကို လွမ်း၊ တဆိတ်ဆို လွမ်း။ လွမ်းတာက သဘာဝဖြစ်သလို  လွမ်းစာရေးတာကလည်း သဘာဝပဲ။ ရေး တတ် ဖွဲ့တတ် ခင်းကျင်းတတ်တော့ ဖတ်ရသူတွေမှာလည်း အလွမ်းဓာတ်တွေ ကူးစက်ခံကြရတယ်။

(၃)

နေထွတ်က စာရေးဆရာ၊ သတင်းစာဆရာ။ ဂျာနယ် မဂ္ဂဇင်းနဲ့ စာအုပ်တွေ ထုတ်ဝေခဲ့ပြီး အခု RFA မှာ အကြီးတန်း အယ်ဒီတာ။ ၂ဝဝ၃ မှာ အမေရိကကို ရောက်သွားပြီး အဲဒီမှာပဲ အခြေချ နေထိုင်ခဲ့တာမို့ သူ့မှာ လွမ်းချင်စရာတွေက များမှ များ ပေါ့။  အခု စာအုပ်ထဲမှာ အလွမ်းစာစု ၄၃ ခု ပါတယ်။ အကြောင်း ခြင်းရာ အမျိုးမျိုးဟာ ဇာတ်လမ်းတွဲတစ်ခုလိုပါပဲ။ ဒါမှမဟုတ် Jigsaw Puzzle လိုပေါ့။ ဆက်လိုက်စပ်လိုက်တဲ့အခါမှာ ရုပ်ပုံ ကားချပ်က ဘွားခနဲ ပေါ်လာတာမျိုးလေ။ နေထွတ်မှာ ဒီထက် မက ပြောစရာတွေ အများကြီး ရှိပေလိမ့်ဦးမယ်လို့ ယူဆရတယ်။

အခုစာအုပ်ထဲမှာ ပါတဲ့ အလွမ်းစာစုတွေဟာ အကင်းပဲ ဖြစ်မှာ။ သူ့ဘဝ ရေစီးကြောင်းတစ်လျှောက် ကြုံဆုံခဲ့ထားပြီးသား တွေဟာ တိုက်ဆိုင်မှုတစ်ခုခု ပေါ်လာတဲ့အခါမှာ သူ့အတွက် အလွမ်းတစ်စကို ဆွဲထုတ်ဖြစ်သွားတယ်လို့ ဆိုနိုင်တယ်။ များများ နဲ့ ရှည်ရှည် ဆွဲထုတ်မိရင် အကြီးအကျယ် လွမ်းသွားမှာ သေချာ တယ်။ ကြည့်လေ။ “၁၉၉၆ မန္တလေးကျောင်းသားသပိတ်”ကို ပ-ဒု-တ-စ လေးပိုင်းပိုင်းပြီး လွမ်းထားလေရဲ့။

ဒီစာစု ၄၃ ခုထဲက ဘယ်ဟာကို ဖွင့်ဖတ်ဖတ် ဖတ်လို့ အဆင်ပြေတာချည်းပဲ။ မသိုးမသန့်ဖြစ်စရာ တစ်ခုမှ မပါဘူး။ နေ ထွတ် ဘာဆက်ပြောမှာပါလိမ့်ဆိုတဲ့ စိတ်အခံနဲ့ပဲ ဆက်ဖတ်နေ ကြရတော့တာပေါ့။ တချို့ စာစုတွေကျတော့ လိုတိုရှင်းလောက်နဲ့ ဖြတ်ပစ်လိုက်သလိုတောင် ဖြစ်နေသေးတယ်။ လွမ်းစက တိုလိုက် တာပေါ့။

ဒီအလွမ်းစာတွေမှာ ရသကို ဒဿနနဲ့လည်း နေထွတ်က လှမ်းတွဲထားတယ်။ ခဲတစ်လုံးတည်းနဲ့ ငှက်နှစ်ကောင်ကို ပစ်တာ။ သူက လွမ်းလို့ စာကို စီတဲ့အခါ ဒဿနကလည်း ကပ်ပါလာတယ်။ ဒဿနဆိုရာမှာ အဘိဓမ်္မာလို့လည်း ပြောနိုင်တာပေါ့။ အယူအဆ တစ်ခုခု၊ ယုံကြည်ချက်တစ်ခုခု။ ဒါမှမဟုတ် ဖွင့်ဟကြေညာစရာ တစ်ခုခု တွဲပါလာတယ်။ ဒါဟာ အတွေ့အကြုံနဲ့ အဲဒီအတွေ့အကြုံ  ကို ပြီးပြီးရော သဘောမထားတဲ့အတွက် ရရှိလာတဲ့ နောက်ဆက် တွဲအကျိုးတွေပဲ။

ဒီလို လွမ်းပွင့်ကြွေရာမှာ လွမ်းသင့်လွမ်းထိုက်တာမှန်သမျှ  နေထွတ်က လွမ်းတယ်။ အာရုံခြောက်ပါးနဲ့ ငြိလို့ကတော့ လွမ်း ပြီးသားပဲ။ သက်ရှိ သက်မဲ့ ငါ သူတစ်ပါး ယောက်ျား မိန်းမ တိရစ္ဆာန် သစ်ပင် ခွဲခြားမှု မရှိဘူး။ သတိရရင် လွမ်းမယ်။ မမေ့နိုင် ရင် လွမ်း…။ တမ်းတမိရင် လွမ်း…။ မျက်နှာမြင် လွမ်းချင်ပါစေ။ အသံကြား ဆပွားလွမ်းပါစေ…။ သေချာတာတစ်ခုက ရိုးသားမှု ပေါ့။ ရိုးရိုးသားသားပဲ လွမ်းတယ်။ ကိုယ့်ခံစားမှုအတိုင်းပဲ ဖွဲ့ နွဲ့တယ်။ ဆက်စပ်တဲ့ အတွေးစလေးတွေ  အစီအရီ ခင်းပေးတယ်။ ငိုချင်ရက် လက်တို့ပေးတယ်။ ရိုးရိုးသားသားလွမ်းရာမှာ ရုပ်ပုံ လွှာ  အဖွဲ့အနွဲ့တွေလည်း ပျော်ဝင်စီးမျောလာတယ်။

စင်စစ်တော့ လွမ်းတဲ့ကိစ္စဟာ အတိတ်နဲ့ တိုက်ရိုက်အချိုး ကျပြီးသားမို့ ရှေးဟောင်းနှောင်းဖြစ်တွေသာ အလွမ်းကို ကြီးစိုး တယ်။ တစ်ခါတလေမှာ မတွေ့တာ ကြာလေလှသူတွေနဲ့ ရုတ် ခြည်းတွေ့ခိုက်မှာဆို လွမ်းလို့ရယ်တဲ့မှ မကုန်နိုင်တယ်တွေ ဖြစ် ကုန်ကြရတယ် မဟုတ်လား။ တိုက်ဆိုင်မှုတစ်စုံတစ်ရာဟာ အလွမ်းကို အစ ဆွဲထုတ်ပေးလေ့ရှိတာပေါ့။ ပမာဏပဲ ကွာခြား တာပါ။

နေထွတ်က ဝါရှင်တန်မှာ အထိုင်ချပြီး ဖေ့စ်ဘွတ်ခ်ပေါ်က တစ်ဆင့် လွမ်းတဲ့အခါ မူရင်းအလွမ်းမှာ ရုပ်ပုံအသီးသီး ပါခဲ့ပေ လိမ့်မယ်။ ဆိုင်ရာဆိုင်ရှာုာေါန တွေ အစီအရီ ဖော်ပြပါရှိခဲ့မှာ ပါ။ အခု စာအုပ်အဖြစ်နဲ့ ဆင့်ပွား လွမ်းရာမှာတော့ ရုပ်ပုံကားချပ်  တစ်ခုမှ မထည့်သွင်းဘဲ စာတွေချည်းသက်သက် လွမ်းလွှတ်လိုက် တယ်။ ဆားပျား မသင့်တော့သလိုလို ခံတွင်းမမြက်တော့ဘူး   ပေါ့ဗျာ။

နေထွက်လည်း သည့်ထက်သည် ပိုလွမ်းနိုင်ပါစေ။ ဖိုးသူ တော် မျက်စိလည်လေလေ ဆွမ်းဆန် များများ ရလေလေပေါ့။ ကျွန်တော်တို့လည်း များများ လွမ်းချင်နေကြောင်းပါ ခင်ဗျ။

Office :

မော်ကွန်းမဂ္ဂဇင်း

အမှတ်(၁၂၁)၊တတိယထပ်၊ အနော်ရထာလမ်းနှင့် ၄၉ လမ်းထောင့်၊
ပုဇွန်ေတာင်မြို့နယ် ရန်ကုန်မြို့။

ဖုန်း- ဝ၉၃၁၃၄ဝ၂၃၉ ၊ ဝ၉၇၉ ၁၆၆၃ဝ၆၅ ။

websitelinkWebsite: http://www.mawkun.com

E-mail: mawkunmagazine@gmail.com

Advertise Here

LEAVE A REPLY

Please enter your comment!
Please enter your name here