သီပေါအကျဉ်းသားများထံမှ အပြန် အပိုင်း(၂)

သီပေါအကျဉ်းသားများထံမှ အပြန် အပိုင်း(၂)

အငြင်းပွားဖွယ်ရာ သက်သေများ

နာရီဝက်ခန့် အားရပါးရ ရွာချပြီးနောက် တဖြည်းဖြည်းနှင့် မိုးတိတ်သွားသည်။ နေအနည်းငယ် ပြန်ပွင့်လာသည်။ တရား ခွင်ထဲမှ အသံများကို ကြားရချိန်တွင် တရားလိုပြသက်သေ တပ် မတော်အရာရှိသည် ဖမ်းဆီးခံထားရသူများထံမှ ရရှိသော သက်သေခံပစ္စည်းများနှင့်ပတ်သက်၍ ထွက်ဆိုလျက်ရှိသည်။ မည်သို့ ဖမ်းဆီးသည်၊ မည်သည့်အတွက် ဖမ်းဆီးသည်၊ မည်သည့်အရာများကို သိမ်းဆည်းရမိသည် စသည့်အချက်များကို ထွက်ဆိုသည်။ သိမ်းဆည်းလိုက်သည့် လက်ကိုင်ဖုန်း၊ ကွန်ပျူတာ၊ ကင်မရာ၊ အသံဖမ်းစက် စသည့် အရာများအတွင်းမှ အသံဖိုင်၊ ဓာတ်ပုံ၊ ဗီဒီယိုစသည့်  မူလသက်သေခံအချက်အလက်များကို ဖျက်ဆီးပစ်လိုက်ကြောင်း လည်း ထွက်ဆိုသည်။

Photo – Kyaw Zayar Htun                   သီပေါတရားရုံးသို့ ရောက်လာသည့် ဖမ်းဆီးခံ သတင်းသမားများ

ထို့နောက် သက်သေခံပစ္စည်းများကို ရုံးတော်သို့ တင်ပြရန် ပြင်ဆင်ကြသည်။ ရုံးခန်းနှင့် တစ်ဆက်တည်းဖြစ်နေသည့် တရားခွင်အခန်းသို့ တရားရုံးဝန်ထမ်းတစ်ယောက်က စက္ကူကတ်ထူပုံးတစ်ပုံးကို ပွေ့ယူလာကာ တရားလိုရှေ့နေထံသို့ ပေးလိုက်သည်။ တရားလိုရှေ့နေသည် ယင်းစက္ကူပုံးကို စားပွဲပေါ်တွင် တင်လိုက်သည်။ တိပ်ဖြင့်ပတ်ထားသည့် စက္ကူပုံးကို အများသူငါရှေ့တွင် ဖောက်လိုက်ရာ သိမ်းဆည်းထားသည့် ကင်မရာ၊ အသံဖမ်းစက်၊ လက်ကိုင်ဖုန်း၊ ကွန်ပျူတာ အစရှိသည့် ပစ္စည်းများ ဖြစ်သည်ကို တွေ့ရသည်။ သက်သေဖြစ်သူ တပ်မတော်အရာရှိ၏ ထွက်ဆိုချက်အရ ယင်းပစ္စည်းများသည် အမှုနှင့်သက်ဆိုင်သော အီလက်ထရောနစ်ဖိုင်များ မပါဝင်တော့ကြောင်း သိရသည်။

တရားလိုရှေ့နေက ယင်းပစ္စည်းများကို သက်သေခံပစ္စည်းအဖြစ် တရားရုံးက လက်ခံရန် တင်ပြသည်။ ယင်းသို့ တင်ပြသည့် ပစ္စည်းများအနက် မူလသက်သေခံချက်များကို မဖျက်ဆီးမီ မိတ္တူကူးယူထားသည်ဟု ဆိုသော စီဒီချပ်တစ်ချပ်လည်း ပါဝင်သည်။ တရားခွင်စတင်ကတည်းက တိတ်ဆိတ်ငြိမ်သက်စွာ နာကြားနေသည့် စွပ်စွဲခံအချုပ်သားများ၏ ရှေ့နေတို့ လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။ မူလသက်သေခံအချက် အလက်များကို ဖျက်ဆီးထားရုံသာမက ရုံးတော်သို့ တင်ပြလာသည့် သက်သေခံပစ္စည်းများထုပ်ပိုးမှုမှာ ချိပ်ပိတ်ထားခြင်းမဟုတ်ဘဲ တိပ်ဖြင့် အလွယ်တကူပတ်ထားခြင်းကို ကန့်ကွက်ကြောင်း တင်ပြကြသည်။

အလားတူ မူလသက်သေခံအချက် အလက်များကို မိတ္တူကူးထားသည်ဟု သက်သေအရာရှိ ထွက်ဆိုထားသည့် ဗီစီဒီတစ်ချပ်ကိုလည်း ရုံးတော်မှ လက်ခံခြင်း မပြုသင့်ကြောင်း လျှောက်ထားကြသည်။ တရားလိုဘက်မှ ရှေ့နေနှင့် တရားပြိုင်ဘက်မှ ရှေ့နေတို့ အပြန်အလှန် မေးခွန်းထုတ်ကြသည်။ တရားသူကြီးထံမှာ အဆုံးအဖြတ်ကို ယူကြသည်။

နေ့လယ် ၂ နာရီခန့်တွင် တရားခွင် ခေတ္တနားကာ နေ့လယစာစားချိန် ၁ နာရီ အနားပေးသည်။ အူတကျုတ်ကျုတ်နှင့် ပေကပ်နားထောင်နေသော ကျွန်မတို့သည် ထမင်းဆိုင်သို့ တချိုးတည်းပြေးရသည်။ နေ့လယ်စာ စားပြီးလုပြီးခင်တွင် မိုးသည်သည်း၍ ရွာပြန်သည်။ မိုးခိုနေကြစဉ် ကိုဇေယျာလှိုင်ထံသို့ တရားရုံးရှိ မိတ်ဆွေတစ်ဦးထံမှ ဖုန်း ဝင်လာသည်။

တရားခွင်ပြန်လည် မစတင်ခင် အချုပ်သားများနှင့် မိသားစုဝင်၊ မိတ်ဆွေများကို တွေ့ဆုံခွင့်ပေးနေသည်။ တွေ့ နိုင်ရန် ပြန်လာဖို့ လှမ်း၍ အသိ ပေးသည်။ ကျွန်မတို့အဖွဲ့ တရားရုံးသို့ ပြန်၍ ပြေးကြပြန်သည်။ မိတ်ဆွေသတင်းသမားများကို တရားရုံး၏ နောက်ဘက်ခြမ်းရှိ သံဆူးကြိုးအချုပ်ခန်းအတွင်း ထည့်ထားသည်။ အခန်းအပြင်မှ မိသားစုဝင်များ၊ မိတ်ဆွေများနှင့် စကားပြောကြသည်။ နည်းပညာတိုးတက်နေသော အခြေအနေဖြစ်ရာ ရပ်ဝေးမှ မိတ်ဆွေများနှင့် ဗီဒီယိုကောလ်ပင်ခေါ်၍ စကားပြောကြရသည်။ ဖမ်းဆီးခံထားရသည့် သတင်းသမားတစ်ဦး ဖြစ်သည့် ကိုအေးနိုင်က သတင်းသမားများကို အမှာစကားပါးသည်။ တပ်မတော်မှ မူလသက်သေခံ အချက်အလက်များကို ဖျက်ဆီးပစ်လိုက်ပြီး မိတ္တူဆွဲထားသည်ဟုဆိုသော စီဒီခွေအားရုံးတော်သို့ တင်ပြသည့်ကိစ္စကို ဖော်ထုတ်ရေးသားရန် လို အပ်ကြောင်း သူကပြောသည်။ စကားပြော၍မဝကြခင် တရားခွင် ပြန်လည်စတင် တော့မည်ဖြစ်၍ လုံခြုံရေးရဲဝန်ထမ်းများက အားလုံးကို ထွက်ခွာရန် သတိပေးသည်။

တရားခွင်ကို လေ့လာခဲ့ရသည့် ကာလတစ်လျှောက် ထူးထူးခြားခြား သတိထားမိသည်မှာ တရားသူကြီးသည် သူ၏ ဖုန်းကို အချိန်အတော်ကြာကြာ သုံးစွဲခြင်း၊ ဖမ်းဆီးခံထားရသူများကို အပြီးသတ် အမိန့် မချရသေးသော်လည်း တရားခံဟု ထပ်တလဲလဲ သုံးနှုန်းခေါ်ဆို ခြင်းများပင် ဖြစ်သည်။ ဖမ်းဆီးချုပ်နှောင်ခံထားရသူများဘက်မှ ရှေ့နေများကမူ တရားသူကြီးထံ တင်ပြတိုင်း ၎င်းတို့၏ အမှုသည်များကို ‘စွပ်စွဲခံရသူများ’ဟု ခေါ်ဝေါ်သုံးနှုန်း သည်ကို ကြားရသည်။

အမှုရင်ဆိုင်နေရဆဲ မည်သူ့ကိုမဆို တရားသူကြီးက အပြစ်ရှိကြောင်း ဆုံးဖြတ်ချက်မချမီ အချိန်အထိ အပြစ်ကင်းကြောင်း၊ တရားခံဟု မသုံးနှုန်းဘဲ ‘စွပ်စွဲခံရသူ’ဟုသာ သုံးစွဲရမည်ဟု သတင်းစာပညာ သင်ကြားပေးခဲ့သည့် ဆရာသမားများက မှာဖူးသည်။ ထိုစကားကို ရင်ထဲစွဲအောင် မှတ်သားဖူးသည့် ကျွန်မကတော့ ရှေ့နေတို့၏ အသုံးအနှုန်းကို သမာသမတ်ကျသည်၊ ပို၍သင့်လျော်သည်ဟု ခံစားရသည်။

Photo – Kyaw Zayar Htun                        ဖမ်းဆီးခံ သတင်းသမားများကို အချုပ်ကားဖြင့် ပြန်ခေါ်သွားစဉ်

ထို့အတူ တရားခွင်ထဲတွင် တာဝန်အရှိဆုံးပုဂ္ဂိုလ်များဖြစ်သည့် တရားသူကြီးများသည် အလုပ်ကိစ္စဆောင်ရွက်နေစဉ် တယ်လီဖုန်းသုံးစွဲခြင်းကို ရှောင်ကြဉ်သင့်သည်ဟု ယူဆမိသည်။ သို့မှသာ တရားခွင်တွင် ပါဝင်ပတ်သက်နေသူများအားလုံးနှင့်ပြင်ပလေ့လာသည့် ပုဂ္ဂိုလ်များ၏ ယုံကြည်ကိုးစားမှုကို ရနိုင်ပေမည်။ အမိန့်ချလုဆဲဆဲတွင် တယ်လီဖုန်းကို ကြည့်နေခြင်း၊ ဖုန်းပွတ်ခြင်းများသည် တရားသူကြီးအပေါ် ယုံကြည်မှု လျော့ကျစေသည့် အပြုအမူများဖြစ်ကြောင်း သတိပြုသင့်သည်။ တစ်ခါတစ်ရံတွင် လတ်တလော ဆောင်ရွက်နေသည့် အလုပ်ကိစ္စနှင့်ပတ်သက်၍ မှတ်တမ်းအချက်အလက်များကို ဖုန်းအတွင်း မှတ်သားထားခြင်းကြောင့် ပြန်လည်ကြည့်ရှုနေခြင်း ဖြစ်နိုင်သော်လည်း အထက်မှာ ဖော်ပြခဲ့သည့် အချက်များကိုတော့ သတိပြုသင့်ပေသည်။

သက်သေခံပစ္စည်းများ တင်ပြခြင်းနှင့်ပတ်သက်၍ နှစ်ဖက်ရှေ့နေများက တရားသူကြီးထံ အချီအချ ဆွေးနွေးတင်ပြကြသည်။ တရားလိုရှေ့နေက သက်သေခံပစ္စည်းများကို မှတ်တမ်းတင် လက်ခံစေလိုသည်။ ဖမ်းဆီးခံထားရသူများဘက်မှ ရှေ့နေများက ချိပ်ပိတ်ထားခြင်းမဟုတ်ဘဲ တိပ်ဖြင့် အလွယ်တကူပတ်လာသည့် စက္ကူပုံးထဲမှ ပစ္စည်းများ၊ မူရင်းဖိုင်များ မဟုတ်တော့ဘဲ မိတ္တူကူးထားသော စီဒီချပ် စသည်တို့ကို တရားရုံးက လက်မခံသင့်ကြောင်း တင်ပြကြသည်။ ထိုသို့ ငြင်းခုံနေကြရင်းကပင် အချိန်လင့်လာသည်။

နံနက် ၁ဝ နာရီကတည်းက စတင်ခဲ့သည့် တရားခွင်သည် မွန်းလွဲ ၃ နာရီတိတိတွင် သိမ်းလိုက်သည်။ သက်သေခံပစ္စည်းများကို လက်ခံသင့်၊ မသင့်ကို လာမည့် ရုံးချိန်းတွင် ဆက်လက်ဆွေးနွေးကာ ဆုံးဖြတ်မည်ဖြစ်ကြောင်း တရားသူကြီးက ပြောသည်။ ထို့နောက် တရားရုံးခြံဝင်း အတွင်းရော အပြင်ပါ ပတ်ဝန်းကျင်တစ်ခုလုံး လှုပ်လှုပ်ရှားရှားဖြစ်သွားသည်။

ကျွန်မသည်လည်း လက်ထဲတွင်ကိုင်ထားသော ရိက္ခာထုပ်ကြီးကိုဆွဲကာ အချုပ်ကားဆီသို့ အသော့နှင်ရသည်။ အချုပ်ကားဘေးမှ ရဲတစ်ဦးကို ကမ်းပေးကာ အထုပ်ကို အချုပ်ကားပေါ်သို့ တင်ပေးထားရန် ပြောရာ သူက တင်ပေးသည်။ အခြားသူများ၏ မိသားစုဝင်များကလည်း စားသောက်စရာနှင့် အသုံးအဆောင်ပစ္စည်းများကို အသီးသီးပေးကြသည်။

ထို့နောက် ကျွန်မသည် တရားခွင်မှထွက်ကာ အချုပ်ကားဆီသို့ အတွဲလိုက်လမ်းလျှောက်လာသော အချုပ်သားများဘေးသို့ ကပ်ကာ ကိုလဝီဝမ်အား တီးတိုးကပ်၍ စကားပြောလိုက်သည်။

”ကိုလဝီ အားတင်းထားနော်၊ အခြား ဘာအရေးကြီးတာ မှာဦးမလဲ”

ကိုလဝီဝမ်က ပြုံးစစဖြင့် ပြန်၍ ဖြေသည်။ ”နောက်ရုံးချိန်းကျရင် မင်းဂွတ်သီးနဲ့ကြက်မောက်သီးသယ်လာပေးဖို့ ခင်ဦးသာကို ပြောပေးပါ”ဟူ၏။

ခင်ဦးသာဆိုသည်မှာ ကျွန်မနှင့်ရော ကိုလဝီဝမ်နဲ့ပါ ခင်မင်ရင်းနှီးသည့် လုပ်ဖော်ကိုင်ဖက် သတင်းသမား မိတ်ဆွေများအနက် တစ်ဦးဖြစ်သည်။ နောက်ရုံးချိန်းတွင် ခင်ဦးသာလာမည်ဟု ကြိုသိထား၍ လူကြုံမှာခြင်းဖြစ်သည်။ လတ်တလောတွင် မွန်တိုင်းရင်းသား သူ့အတွက် ကြက်မောက်သီးနှင့် မင်းဂွတ်သီးသည် အရေးကြီးဆုံးအရာ ဖြစ်ပုံရသည်။ ငိုအားထက် ရယ်အားသန်စရာကောင်းလှသော ကိုလဝီဝမ်ပေတည်း။

မိတ်ဆွေသတင်းသမားများကို တင်ဆောင်သွားသည့် ကားပြာကြီးသည် တရားရုံးရှေ့မှ ဣန္ဒြေကြီးစွာနှင့် တရွေ့ရွေ့ ထွက်ခွာသွားလေသည်။ ပြင်ပကမ္ဘာနှင့် တစ်ပတ်တစ်ကြိမ်သာထိတွေ့ ခွင့်ရသည့် မိတ်ဆွေကြီးများသည် လက်ပြနှုတ်ဆက်ကာ လိုက်ပါသွားရတော့သည်။ ကျွန်မသည် မျက်တောင်ကို ပုတ်ခတ်ပုတ်ခတ်လုပ်ကာ အချုပ်ကားထံမှ မျက်နှာလွှဲလိုက်သည်။ ဝမ်းနည်းစရာကောင်းလှသည့် အခိုက်အတန့်မဟုတ်ပါလား။

 အဖြေရှာမရသေးသည့် ဟော်နန်းပိုင်ရှင်

တရားရုံးမှ ထွက်လာသည့် ရှေ့နေများနှင့် မြန်မာဂျာနယ်လစ်ကွန်ရက်၏ အတွင်းရေးမှူးဖြစ်သူ ကိုဇေယျာလှိုင်အား သတင်းသမားများက အင်တာဗျူးလုပ်ကြသည်။

အားလုံးပြီးဆုံးသွားချိန်တွင် ကျွန်မတို့လည်း ခရီးဆက်ကြသည်။ သီပေါသို့ရောက်လျှင် ရောက်အောင်သွားမည်ဟဆုံးဖြတ်ထားကြသည့်အတိုင်း မနက်က ဝင်ရောက်လေ့လာရန် အခွင့်မသာခဲ့သည့် ဟော်နန်းဆီ သွားကြသည်။ ဟင်းလင်းဖွင့်ထားသည့ ် ခြတံခါးပေါက်ကို ဖြတ်ကာ သစ်ရိပ်ဝါးရိပ်များ အုံ့ဆိုင်းနေသည့် လမ်းကလေးမှတစ်ဆင့် ခြံကြီးထဲသို့ ဝင်လိုက်လျှင် ညာဘက်ခြမ်း၌ တင်းနစ်ကွင်းကို တွေ့ရသည်။ တရုတ်စကားပွင့် ဖြူဖြူကလေးများသည် လမ်းပေါ်သို့ ဖြန့်ကျဲချထားသလို ကြွေကျနေသည်ကို မြင်ရသည်မှာ လွမ်းစရာဖြစ်သည်။

Photo – Zayar Hlaing                            သီပေါဟော်နန်းသို့ လာရောက်သည့် ဧည့်သည်များကို ရှင်းပြနေစဉ်

သီပေါစော်ဘွား စဝ်ကြာဆိုင်နှင့် ပတ်သက်သည့် ဘာသာပြန်စာအုပ်အချို့ကို ဖတ်ထားဖူးရာ မျက်စိရှေ့ ၌ မြင်တွေ့နေရသည့် အရာများအားလုံးကို စော်ဘွားမိသားစုနေ ထိုင်ခဲ့ကြစဉ်အချိန်က ပုံရိပ်များဖြင့် အစားထိုး မြင်ယောင်ခံစားရသည်။ သီပေါစော်ဘွားတစ်ယောက် ဘယ်လိုအဖြစ်ဆိုးနဲ့ ကြုံတွေ့ခဲ့ရပြီး မိသားစုနှင့် ရှင်ကွဲခွဲရလေသနည်းဆိုသည့် အတွေး၊ သူ့ကိုမျှော်မည့် မိသားစုနှင့် မဟာဒေဝီစဝ်သုစန္ဒီ၏ ဗျာပါဒ၊ ရှမ်းတိုင်းရင်းသားတို့၏ သောကတို့ကို ကိုယ်ချင်းစာနာကာ လွမ်းတမြမြ ၏ခံစားရသည်။ အတိတ်ကာလ စစ်အာဏာရှင်စနစ်ဆိုး၏ နှိပ်စက်မှုသည် တိုင်းရင်းသားတို့၏ နှလုံးသည်းပွတ်တွင် ဆူးဒဏ်ရာများက တင်းကြမ်းပြည့်နှက်စေခဲ့သည်မဟုတ်လား။

ဟော်နန်း၏ အရှေ့မြေကွက်လပ်တွင် အလံလွှင့်ထားခြင်းမရှိသည့် အလံတိုင်ကို တွေ့ရသည်။ ဆင်ဝင်အောက်တွင်တော့ လယ်ထွန်စက်အသေးတစ်စီး ရပ်ထားသည်။ သီပေါစော်ဘွားမိသားစုခြွေရံသင်းပင်းတို့ နေထိုင်ခဲ့သည့် ဟော်နန်းအဆောက်အအုံထဲသို့ ဝင်သွားချိန်တွင် ကမ္ဘာလှည့်ခရီးသွားများကို တွေ့ရသည်။ သီပေါစော်ဘွားနှင့်မိသားစုဝင်များ၏ ဓာတ်ပုံအဟောင်းများ ချိတ်ဆွဲထားသည်။ ဟော်နန်း၏ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ရှမ်းတိုင်းရင်းသူ အမျိုးသမီးကြီးက ကျွန်မတို့ကို နှုတ်ဆက်သည်။ ဟော်နန်းနှင့် ပတ်သက်သည့် သမိုင်းအထောက်အထားများ၊ ဓာတ်ပုံများနှင့် နောက်ခံအကြောင်းအရာများကို စိတ်ရှည်စွာရှင်းပြသည်။

”သိချင်တာကိုမေးပါ။ အရင်တုန်းကတော့ မပြောခဲ့ဘူး။ အခုတော့ သိချင်တာတွေ မေးပါ။ ပြောပြမယ်။ အခုက လွတ်လပ်ပွင့်လင်းတဲ့ ဒီမိုကရေစီခေတ်ကို ရောက်ပြီလို့ထင်တယ်လေ”ဟုသူက ပြောသည်။

သူပြောပြသည့် စကားများအနက် ကျွန်မ အမှတ်မိဆုံးမှာ ”ဒီနေရာကို ကျွန်မတို့ မိသားစု ထိန်းသိမ်းစောင့်ရှောက်လာခဲ့တာ နှစ်ပေါင်း ၄ဝ ရှိခဲ့ပါပြီ။ ဘယ်သူမှ မနေရင် သိမ်းခံရမှာစိုးလို့ နေရပါတယ်”ဆိုသည့် စကားပင်ဖြစ်သည်။ ယင်းအမျိုးသမီးကြီးမှာ ပျောက်ဆုံးခဲ့သူ သီပေါစော်ဘွား စဝ်ကြာဆိုင်၏ တူမ(အတိအကျဆိုရလျှင် သီပေါစော်ဘွား အစ်ကိုဖြစ်သူ၏ ချွေးမ) ဖြစ်ကြောင်း သိရသည်။ ဟော်နန်း၏ အရှင်သခင်မ စဝ်သုစန္ဒီမှာ အမေရိကန်ပြည်ထောင်စုတွင် အခြေချနေထိုင်လျက်ရှိကြောင်း၊ ခင်ပွန်းဖြစ်သူ ပျောက်ချင်းမလှ ပျောက်သွားသည့် နေ့ရက်ရောက်တိုင်း နှစ်စဉ် စာပို့ကာ အစိုးရကို မေးခွန်းထုတ်ခဲ့ခြင်းကြောင့် ပြည်ဝင်ခွင့် မရရှိတော့ခြင်းဖြစ်ကြောင်း သူက ရှင်းပြသည်။ သူ ရှင်းပြနေစဉ် ပြည်တွင်းခရီးသွားများ ထပ်မံ ရောက်လာသည်။ ဟော်နန်းဖွင့်ချိန် မွန်းလွဲ ၃နာရီခွဲမှ ညနေ ၅ နာရီအတွင်း လာလည်သမျှ ပြည်တွင်းပြည်ပ ဧည့်သည်များကို အင်္ဂလိပ်၊ မြန်မာနှစ်ဘာသာလုံးဖြင့် နေ့စဉ်ဧည့်ခံရ၊ ရှင်းလင်းပြနေရသည့် ဝတ္တရားကို နှစ်ကာလတာရှည်စွာ မပျက်စတမ်း ထမ်းဆောင်နေကြသည်မှာ သာမန်လူများ မပြုလုပ်နိုင်သည့် အရာဖြစ်ကြောင်း မှတ်တမ်းတင်မိပါသည်။ သီပေါဟော်နန်း၏ မျက်နှာချင်းဆိုင် ခပ်လှမ်းလှမ်းတွင် သက်တမ်းရင့်လှပြီဖြစ်သော ညောင်ပင်ကြီးတစ်ပင်ကို တွေ့ရသည်။ ယင်းညောင်ပင်ကြီးကို လွန်လျှင် ပြိုပျက်ဟောင်းနွမ်းနေပြီ ဖြစ်သည့် သစ်သားအဆောက်အအုံတစ်ခုကို တွေ့ရသည်။ စော်ဘွားမိသားစုများ နေထိုင်ခဲ့စဉ်က ဥပုသ်ဆောင်အဖြစ် အသုံးပြုသည့်အဆောက်အအုံဖြစ်ကြောင်း သိရသည်။ ဟော်နန်း၏ ဘေးဘက်တွင် အသုံးမပြုသည်မှာ ကာလကြာမြင့် ခဲ့ပြီဖြစ်သည်ကို ပြသော ရေကူးကန်ကို တွေ့ရသည်။

ခြံဝင်းကျယ်ကြီးထဲတွင် သလဲသီးပင်၊ စကားပင်၊ ထင်းရှူးပင်၊ ဆောင်တော်ကူးပန်းခက်ပန်းနွယ် အစရှိသည့် အပင်များ စုံလင်လှသည်။ စော်ဘွားမိသားစု နေထိုင်ခဲ့စဉ်က ကလေးငယ်များ ပျော်ရွှင်မြူးတူးစွာ ဆော့ကစားခဲ့ကြမည့် ခြံဝင်းကျယ်ကြီးသည် အခုတော့ မြက်ပင်ပေါင်းပင်များ သိုင်းခြုံလျက်။ အိုမင်းရင့်ရော်ခြင်းကိုပြသည့် ရေညှိချေးများကလည်း အထပ်ထပ်။ အတိတ်သည် သာမန်အညတရအတိတ်မဟုတ်။ မည်သည့်အခါမျှ ပျောက်ကွယ်သွားမည် မဟုတ်သည့် သမိုင်းဝင် အထင်ကရ အတိတ်ပင် ဖြစ်တော့သည်။

ဟော်နန်းဆီမှ ပြန်ခါနီးဆဲဆဲတွင် အမှတ်တရအဖြစ် ရောင်းချပေးနေသည့် ‘တစ်ရံတစ်ခါက မဟာဒေဝီစဝ်သုစန္ဒီ’ အမည်ရသည့် ဘာသာပြန်စာအုပ်ကို ဝယ်ယူခဲ့သည်။ ၎င်းစာအုပ်သည် မဟာဒေဝီ(Inge Sergent)ကိုယ်တိုင် ရေးသားထားသည့် Twilight Over Burma ကို မြန်မာဘာသာပြန်ထားသည့် စာအုပ်များပင် ဖြစ်သည်။ စာအုပ်ရောင်းရငွေများကို အဆောက်အအုံ ပြန်လည်ထိန်းသိမ်းရာတွင် အသုံးပြုသည်ဟု ရှင်းပြသည်။ စာအုပ်ဝယ်ယူသည့်ငွေကို လက်ထဲသို့ ပေးစရာမလို။ စားပွဲပေါ်တွင် ကျသင့်သလောက် တင်ခဲ့ရုံပင်။

Photo – Zayar Hlaing                                  သီပေါဟော်နန်းသို့ လာရောက်လည်ပတ်ကြသော ဧည့်သည်များ

ဟော်နန်းမှ အပြန်တွင် သီပေါမြို့၏ ပုဂံအသေးစား Little Bagan ဟု တင်စားသော ရှေးဟောင်းစေတီပုထိုးများတည်ရှိ ရာ ကိုးတောင်ကျောင်းသို့ဆက်၍ သွားကြသည်။ သွားရာလမ်းတစ်လျှောက်တွင် ကိုးတောင်ကျောင်းဘက်မှ ကုန်းကြောင်းလျှောက်၍ ပြန်လာသော ကမ္ဘာလှည့်ခရီးသွားများကို တွေ့ရသည်။

ရှေးဟောင်းအဆောက်အအုံများသည် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခရာကျသော အထောက်အပံ့ဖြစ်သည်ဟု ကောက်ချက်ချမိသည်။ ကိုးတောင်ကျောင်းအနီးသို့ရောက်ချိန်တွင် ရှေးဟောင်းစေတီတစ်ဆူ၏အလယ်တည့်တည့်မှ သစ်ပင်ကြီးတစ်ပင် ပေါက်နေသည်ကို တွေ့ရသည်။ ကျောင်းခြံဝင်းထဲသို့ ဝင်လိုက်သည့်အခါ ချက်ချင်းသတိထားမိသည်က သစ်သားကျောင်းဆောင်များပင် ဖြစ်သည်။ ပကာသနအဆောင်အယောင်များမရှိသည့် ဘုန်းတော်ကြးီ ကျောင်း၏ အသွင်အပြင်ကြောင့် တိတ်ဆိတ်ငြိမ်သက်ခြင်း၊ အေးချမ်းခြင်း စသည့် အငွေ့အသက်ကို ခံစားလိုက်ရသည့်နှယ်။

ထိုကျောင်းမှ ပြန်ထွက်ခါနီး တွင် ဘုန်းတော်ကြီးတစ်ပါးကို တွေ့ရသည်။ ကမ္ဘာလှည့်ခရီးသွားများနှင့် ဧည့်သည်များ ယခုကဲ့သို့ နေ့စဉ် လာရောက်လေ့လာလေ့ရှိသလားဟု မေးလျှောက်ကြည့်သည်။ မေးသည့် မေးခွန်းတွင် အဖြေပါသွားပြီ ဖြစ်သည်။ နေ့စဉ်နဲ့အမျှ ကမ္ဘာလှည့် ခရီးသွားများ မပြတ်တမ်း လာရောက် လေ့လာကြကြောင်း ဘုန်းတော်ကြီးကဖြေသည်။ စေတီပုထိုးများကို အလှူရှင်များ၏ကောင်းမှုဖြင့် ပြုပြင်ထိန်းသိမ်းထားကြောင်း သူက ဆိုသည်။

ဘုန်းတော်ကြီး လက်ညှိုးညွှန်ပြသည့်နေရာသို့ လှမ်း၍ကြည့်လိုက်ရာ ရှေးကျမှုတန်ဖိုး အပြည့်အဝရှိသည့် စေတီပုထိုးများကြားတွင် အရောင်တဖိတ်ဖိတ်လက်နေသည့် ကြေးဆိုင်းဘုတ် ကမ္ပည်းကျောက်စာတိုင်ကိုတွေ့ရသည်။ ထိုဆိုင်းဘုတ်၏နောက်တွင် အသစ်ပြုပြင်ထားသောစေတီတစ်ဆူကို တွေ့ရသည်။ ရှေးဟောင်းစေတီများကြားတွင် စေတီအသစ်က အထင်းသား။

Photo – Zayar Hlaing                   သီပေါမြို့ရှိ Little Bagan က ရှေ့ဟောင်းစေတီတစ်ဆူ

”တခြားစေတီတွေကိုလည်း ထပ်ပြင်ဦးမယ်။ အလှူရှင်တွေ ရထားပြီးပြီ”ဟု ဆိုသည်။

”အဲဒီလိုတွေ လျှောက်ပြင်လိုက်ရင်တော့ ကမ္ဘာလှည့်ခရီးသွားတွေ လာလည်ကြမှာမဟုတ်တော့ဘူး။ ပြင်ရင်တောင် ရှေးမူမပျက် ပြင်ဆင်နိုင်တဲ့ ပညာရှင်တွေရဲ့ အကူအညီနဲ့ ပြင်ဆင်သင့်တယ်နော် ဘုန်းဘုန်း”ဟု ကျွန်မက လျှောက်သည်။

ဘုန်းတော်ကြီးက အလယ်တည့်တည့်က အပင်ပေါက်နေ သည့်စေတီကို ညွှန်ပြရင်း ပြန်ဖြေသည်။

”မပြင်ရင် ပြိုကျသွားတော့မယ်လေ။ နောက်ဆို ဘယ်သူမှ ဒီဘုရားတွေကို အခုလို ဖူးရမှာမဟုတ်တော့ဘူး။ အခုတောင် မနည်းရှင်းလင်းထားရတာ။ ဘုရားတွေပေါ်မှာ ပေါက်နေတဲ့ အပင်ကြီးတွေကို တက်ခုတ်ထားရတာ။ မခုတ်ရင် ဟိုအပင်လို ဖြစ်သွားမှာပေါ့”

သီပေါမြို့၏ Little Bagan မှ ပြန်ခါနီးတွင် ကမ္ဘာလှည့်ခရီးသွားတစ်ဖွဲ့ ထပ်၍ ရောက်လာသည်။ ညနေမစောင်းခင် သီပေါမြို့ကို နှုတ်ဆက်ကာ ခရီးဆက်ခဲ့သည်။ ကျွန်မတို့သည် ရန်ကုန်သို့ မပြန်မီ ရောက်တုန်းရောက်ခိုက် အခြားမြို့များသို့ သွားရောက်လည်ပတ်ရန် တိုင်ပင်ကြသည်။ ပထမတော့ တစ်မြို့လုံးမီးလောင်ခံခဲ့ရဖူးသည့် နမ့်ဆန်မြို့သို့ သွားကြမည်ဟု ကျွန်မက အကြံပြုသည်။ ပြာပုံထဲမှ ပြန်လည်နိုးထအသက်ရှင်ခဲ့ရသည့် နမ့်ဆန်မြို့၏ လက်ရှိအခြေအနေကို မြင်ဖူးတွေ့ဖူးချင်သည်။ ဒေသခံတို့နှင့် စကားစမြည်ပြောကြည့်ချင်သည်။

သို့သော် ပြန်လည် စဉ်းစားကြည့်ကြသည့်အခါ ကျွန်မတို့ ခရီးသွားအဖွဲ့ထဲတွင် မည်သူမျှ မရောက်ဖူးခြင်း၊ နယ်မြေခံမိတ်ဆွေ၊ သူငယ်ချင်း မရှိခြင်း စသည့်အကြောင်းများကြောင့် အစီအစဉ်ဖျက်လိုက်ရသည်။ နမ့်ဆန်သို့ သွားရာ လမ်းတစ်လျှောက်သည် ပန်းချီကားတစ်ချပ်သဖွယ် လှပသည်ဟု ကြားဖူးသည်။ သည်တစ်ကြိမ်တော့ နမ့်ဆန်သို့ သွားချင်သည့် ဆန္ဒကို မျိုသိပ်လိုက်သည်။

ကိုဇေယျာလှိုင်က လားရှိုးမြို့သို့ ဆက်တက်ရန် အကြံပြုသည်။ လားရှိုးမြို့တွင် ကိုဇေယျာလှိုင်နှင့် ကိုကျော်ဇေယျာထွန်းတို့ သတင်းစာပညာသင်တန်းလာရောက်ပို့ချဖူးသည်။ ထိုစဉ်က ခင်မင်ရင်းနှီးခဲ့သည့် မိတ်ဟောင်းဆွေဟောင်းများလည်း ရှိသည်ဟုဆိုသည်။ ငယ်စဉ်က မိုနိုပိုလီကစားစဉ်က ကြားဖူးသည့် လားရှိုးမြို့သို့ လက်တွေ့ရောက်ဖူးရပေဦးမည်ပေါ့။

Photo – Zayar Hlaing                သီပေါမြို့ရှိ Little Bagan က ရှေ့ဟောင်းစေတီနှင့် ပြန်လည် ပြုပြင်ထားသည့် စေတီ

ဒုဋ္ဌဝတီမြစ် ရစ်ခွေစီးဆင်းနေသည့် သီပေါ-လားရှိုးလမ်းအတိုင်း သီပေါမြို့မှ ညနေမစောင်းမီ ထွက်ခွာခဲ့ကြသည်။ လမ်းခုလပ်တွင် ခေတ္တနားသည်မှအပ အကွေ့အကောက်၊ အတက်အဆင်းလမ်းများကို ဖြတ်ကျော်ကာ ညဦးပိုင်းတွင် သွားလိုသည့်ခရီးကို ရောက်လေသည်။ တောင်တက်တောင်ဆင်း အကွေ့အကောက်‑လွန်စွာ ပေါများသည့် ဧရာမမြို့ကြီးတစ်မြို့ကို မီးရောင်တထိန်ထိန်ဖြင့် အပေါ်စီးမှ တွေ့လိုက်ရသည်။ ဓာတ်ပုံပင် မမြင်ဖူးသည့် လားရှိုးမြို့၏ ညဦးယံအလှကား ယခုတိုင် မျက်စိထဲက မထွက်။

လူနေမှုအဆင့်အတန်း မြင့်မားသည့် ခေတ်မီမြို့ကြီးတစ်မြို့ဖြစ်သည်။ တည်းခိုမည့်နေရာသို့ မသွားမီ လားရှိုးတက္ကသိုလ်ဝင်းအတွင်းရှိ ကိုဇေယျာလှိုင်နှင့် ကိုကျော်ဇေယျာထွန်းတို့၏ မိတ်ဆွေ ပါမောက္ခဆရာမကြီး ဒေါက်တာမာလာထံ ဦးစွာဝင်၍နှုတ်ဆက်ကြသည်။

ကျွန်မနှင့် ကိုကျော်ဇေယျတို့အား ယခုမှ တွေ့ဖူးမြင်ဖူးသည့် ဆရာမကြီးသည် အမှတ်တရ လက်ဆောင်လေးများပေးသည်။ ကျွန်မအတွက် ကချင်ပဝါလေးတစ်ထည်နှင့် အိတ်ကလေးတစ်လုံး လက်ဆောင်ပေးသည်။ မနက်ဖြန် လားရှိုးမြို့ရှိ အထင်ကရနေရာများသို့ သွားရောက်လည်ပတ်ကြမည်ဖြစ်ရာ ဆရာမကြီး၏ သမီး တက္ကသိုလ်ကျောင်းသူကလေးနှင့် သူ၏ သူငယ်ချင်းတို့က လိုက်ပို့ပေးကြမည် ဖြစ်သည်။

နောက်ရက်အတွက် အချိန်းအချက်ပြုလုပ်ကာ ပြန်ခဲ့ကြသည်။ ထို့နောက် ပင်ပန်းမှုများ ပြေလျော့စေရန်ဟု အကြောင်းပြကာ ကိုဇေယျာလှိုင်ဦးဆောင်၍ ဒဏ်ကြေဆေးသီးသန့်ရောင်းသည့်ဆိုင်ကို လှည့်ပတ်၍ ရှာသည်။ လားရှိုးမြို့၏ အထင်ကရ မန်စီဘုရားအနီးတစ်ဝိုက်ရှိ ဆိုင်တန်းတွင် တွေ့သည်။ နောက်တစ်နာရီခန့်အကြာတွင် ဈေးကြီးပေးကာ ဝယ်လာသော ဒဏ်ကြေးဆေးမှာ အတုဖြစ်နေကြောင်း သိရ၍ တက်တခေါက်ခေါက်နှင့် မအီမလည်ဖြစ်နေသော ကိုဇေယျာလှိုင်ကို မြင်ရလေတော့သည်။ ထိုနေ့တစ်ညတာကို လားရှိုးမြို့တွင် အနားယူကြသည်။ စိတ်ရောလူပါ ပင်ပန်းသွား၍ ထင်သည်။ ခေါင်းအုံးနှင့်ခေါင်း ထိ သည်နှင့် တချိုးတည်း အိပ်ပျော် သွားလေတော့သည်။

အပိုင်း(၁)၊  အပိုင်း(၃)

၂၀၁၇-အောက်တိုဘာလထုတ်၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၅၀)မှ ခရီးသွားဆောင်းပါး ဖြစ်ပါသည်။

မြတ်စုမွန် ရေးသည်။

အမျိုးအစား - ခရီးသွားဆောင်းပါး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."