၂ဝ၁၉၊ ဖေဖော်ဝါရီလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၆၂)မှ Editorial ဖြစ်ပါသည်။
NLD အစိုးရ သက်တမ်းသုံးနှစ်ရောက်လာချိန်တွင် ရွေးကောက်ပွဲ ကတိက၀တ်များထဲမှတစ်ခုဖြစ်သော ဖွဲ့စည်းပုံ အခြေခံဥပဒေပြင် ဆင်ရေးပထမဆုံးလှုပ်ရှားမှုအဖြစ် ဇန်န၀ါရီ ၂၉ ရက်က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ဒီချုပ်ပါတီမှ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက အခြေခံဥပဒေပြင်ဆင်ရေးကော်မတီဖွဲ့စည်းရန် အရေးကြီးအဆိုတစ်ခုကို တင်သွင်းခဲ့သည်။
ထိုအဆိုကို တပ်မတော်သားကိုယ်စားလှယ်များက လွှတ်တော်နည်းဥပဒေများနှင့် မညီညွတ်ဟုဆိုကာ ဆွေးနွေးခဲ့သည်။ ဆွေးနွေးချက်ကို ပြည်ထောင်စုလွှတ်တော် နာယက ဦးတီခွန်မြတ်က ပယ်ချလိုက်ချိန်တွင်တော့ တပ်မတော်သား ကိုယ်စားလှယ်များ မတ်တတ်ရပ်၍ကန့်ကွက်ခဲ့ကြပြီး ယင်းအဆိုကို လွှတ်တော်တွင် ဆက်ဆွေးနွေးသင့်၊ မသင့် မဲခွဲဆုံးဖြတ်ရာတွင်လည်း မဲမပေးခဲ့ကြပေ။ သို့သော်လည်း အဆိုမှာ ထောက်ခံမဲ ၃၉၄ မဲနှင့် အနိုင်ရရှိခဲ့သည်။
တပ်မတော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ်မောင်မောင်က ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို လုပ်ထုံးလုပ်နည်းအတိုင်းသာ လုပ်စေချင်ပြီး ပြင်ဆင်ရေးကို ကန့်ကွက်တာမဟုတ်ကြောင်း လွှတ်တော်အပြီးတွင် သတင်းမီဒီယာများကို ဖြေကြားခဲ့သည်။
စစ်အစိုးရလက်ထက်က အချိန်ယူရေးဆွဲခဲ့သော ဖွဲ့စည်းပုံအခြေခံဥပဒေသည် ဒီမိုကရေစီစံနှုန်းများနှင့်လွဲချော်နေခြင်းနှင့် အနာဂတ်ငြိမ်းချမ်းရေးနှင့် ဖက်ဒရယ်စနစ်ကို အဟန့်အတားဖြစ်စေသည့် အချက်များကြောင့် ပြင်ဆင်ရန် ကြိုးပမ်းနေကြသော်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၃၆ အရ တပ်မတော်မှ ပူးပေါင်းပါဝင်မှသာ ပြင်ဆင်နိုင်မည့် အနေအထားဖြစ်နေပြီး နိုင်ငံ၏ခေါင်းဆောင် ပိုင်းများ ညှိနှိုင်းပြေလည်မှသာ ဆောင်ရွက်နိုင်မည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူများက ထောက်ပြကြသည်။
ပထမအကြိမ်လွှတ်တော်သက်တမ်းအတွင်း ၂၀၁၅ ဇွန် ၁၀ ရက်ကလည်း NLDမှ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် အကြံပြုချက် ၁၆၈ ချက် တင်သွင်းခဲ့ရာ တပ်မတော်သားကိုယ်စားလှယ်များက ပယ်ချခဲ့သည်။
ယခုအခါ ကြိုးပမ်းမှုတွင်တော့ အခြေခံဥပဒေ ပြင်ဆင်ရေးကော်မတီဖွဲ့စည်းရန် အရေးကြီးအဆိုကိုသာ ဦးစွာတင်သွင်းပြီး မည် သည့်အချက်များကို ပြင်ဆင်မည်ကိုတော့ ထုတ်ဖော်ပြောဆိုထားခြင်း မရှိပေ။ နိုင်ငံရေးလေ့လာသုံးသပ်သူများအနေနှင့် ပြင်ဆင်ရေး တွင် တပ်မတော်စေတနာ အခရာကျသည့်နည်းတူ ပြင်ဆင်ရန်လွယ်ကူသည့် အချက်များမှ စတင်ကာ ကြိုးပမ်းသင့်သည်ဟု ထောက်ပြ ထားကြသည်။