Home အက်ဆေး လွမ်းအောင်ဖန်တဲ့ အညာရွာ

လွမ်းအောင်ဖန်တဲ့ အညာရွာ

203
0
ဓာတ်ပုံ - သန်းနိုင်ဦး
Advertise Here

မြန်မာနိုင်ငံအလယ်ပိုင်း မိုးနည်းရပ်ဝန်းဒေသ ကုန်းခေါင်ခေါင်ရွာ လေးတစ်ရွာက နိုင်ငံကျော် တေးပြုစာဆိုတစ်ယောက်ထွက်ပေါ်ခဲ့ သလို နိုင်ငံသိအမျိုးသားစာပေဆုရှင် ကဗျာကဝိကြီးတစ်ယောက် လည်း ထွက်ပေါ်ခဲ့ဖူးတယ်။ ရေရှားလွန်းလို့ မိုးရေ၊ ကန်ရေကိုသာ အမှီအခိုပြု အားထားကြရတယ်။ ရွှေကိုမလို ရေကိုသာလိုသည် ဆို တဲ့ ရွာမျိုး။ အဲဒီရွာလေးက အရင်ကဆို မြို့ပေါ် တစ်ခေါက်တစ်ကျင်း ရောက်ဖို့ သွားရေးလာရေး အင်မတန်ခက်ခဲလှတဲ့ရွာ၊ အခုတော့ သွားလမ်းသာလို့ လာလမ်းဖြောင့်ခဲ့ပါပြီ။ ဒီရွာလေးက မ္တနလေးတိုင်း၊ တောင်သာမြို့နယ်ထဲက ကန်မြဲ-ဇဂျမ်းဆိုတဲ့ ရွာလေးတစ်ရွာပါ။

ကန်မြဲ-ဇဂျမ်းလို့ အလွယ်တကူခေါ်နေကြပေမယ့် တစ်ရွာစီ သာ ဖြစ်ကြတယ်။ စွယ်တော်ရွက်လို နှစ်ရွာ့တစ်ရွာဖြစ်ပြီး ရွာနှစ် ရွာက စည်းရိုးပဲ ခြားတယ်။ ကန်မြဲထက်စာရင် ဇဂျမ်းက ဖွံ့ဖြိုးမှု ပိုတယ်။ အထက်တန်းကျောင်း၊ ကျေးလက်ကျန်းမာရေးဌာန၊ ငါး ရက်တစ်ဈေး၊ ရဲစခန်းစတဲ့ အစိုးရရုံးဌာနတွေက ဇဂျမ်းမှာ ရုံးစိုက် ကြတယ်။ ကန်မြဲမှာ အစိုးရရုံးဌာနတွေ ရုံးမစိုက်ပေမယ့် ဖန်မီး အိမ် ကဗျာဆရာတင်မိုးနဲ့ ပန်းရည်ဘဏ်တိုက် တေးပြုစာဆို ကန်မြဲကိုအေးကျော်တို့က ကန်မြဲရွာအတွက် ဘုရားသခင်ပေးတဲ့ လက်ဆောင်မွန်တွေပါပဲ။

ဓာတ်ပုံ – သန်းနိုင်ဦး

ကန်မြဲ-ဇဂျမ်းကိုသွားမယ်ဆိုရင် မြင်းခြံ-ပုဂံလမ်းကလာရင် ရသလို မြင်းခြံ-တောင်သာလမ်းက လာရင်လည်းရတယ်။ မြင်းခြံ မြို့ ရဲ့ တောင်ဘက် ၁၆ မိုင်ဝေးပြီး တောင်သာမြို့ အနောက်ဘက် ရှစ်မိုင်ဝေးတယ်။ မြင်းခြံ-ပုဂံလမ်းက ကတ္တရာလမ်းဖြစ်ပြီး ရွာထဲ ကို ဝင်ရတဲ့လမ်းက ကျောက်ကြမ်းလမ်းဖြစ်တယ်။ ပုဂံ-မြင်းခြံ ကားလမ်းကနေ အရှေ့ဘက်ကို ကိုးမိုင်လောက် ဝင်လိုက်ရင် ကန် မြဲ-ဇဂျမ်းရွာကို ဒုတ်ဒုတ်ထိရောက်ပါတယ်။ ရွာကိုဝင်တဲ့ လမ်း အားလုံး ကျောက်ကြမ်းလမ်းပဲဖြစ်ပါတယ်။ ရာသီမရွေးသွားလို့ ရတယ်ဆိုပေမယ့် လမ်းအနည်းငယ်ကြမ်းပါတယ်။ နေ့စဉ် မြင်းခြံ မြို့နဲ့ ပြေးဆွဲနေတဲ့ကားတွေ လေး၊ ငါးစီးရှိတယ်။ ကန်မြဲရွာမှာ ပန်းရည်ဘဏ်တိုက် စာကြည့်တိုက်ကို ၂ဝ၁၄၊ နိုဝင်ဘာလက ဖွင့် လှစ်ထားပြီး စာအုပ် ၇ဝဝ လောက်ရှိပါသတဲ့။ စာကြည့်တိုက်မှူး ဦးချိုက ”နီးစပ်ရာတွေ အလှူခံပြီး ဖွင့်ထားရတာ”လို့ ပွင့်ပွင့် လင်းလင်းပဲပြောတယ်။ စာကြည့်တိုက်ရှေ့မှာ ကျေးရွာရဲ့ ကျက် သရေဆောင် ကန်မြဲ ကိုအေးကျော်နဲ့ ဆရာတင်မိုးကြေးရုပ်တွေ ဂုဏ်ပြုစိုက်ထူထားတယ်။ ဇဂျမ်းရွာဘက်မှာလည်း အလင်းသစ် စာကြည့်တိုက်ကို ထူထောင်ထားတယ်။

Advertise Here

ကန်မြဲ-ဇဂျမ်းသားတွေရဲ့ အဓိက စီးပွားရေးက အရင်က တော့ လယ်ယာစိုက်ပျိုးရေးပါပဲ။ ဒါပေမဲ့ ဒီဘက်နှစ်ပိုင်းတွေမှာ မိရိုးဖလာ တောင်သူလယ်လုပ်တွေ ရှားပါလာတယ်လို့ ရွာခံတွေ က ညည်းကြတယ်။

ဓာတ်ပုံ – သန်းနိုင်ဦး

”ဒီဘက်ခေတ် ကလေးတွေက တောင်သူမလုပ်ချင်ကြ တော့ဘူး။ တစ်နေကုန် ပင်ပင်ပန်းပန်းလုပ်မှ ကျပ် ၆,ဝဝဝ လောက်ရတာကို မခုံမင်တော့ဘူး။ နိုင်ငံခြားထွက်ကြသူနဲ့ မြို့ ပေါ်တက် အလုပ်လုပ်ကြသူတွေပဲ များတယ်။ မိန်းကလေးတွေ ကလည်း ကောက်စိုက်အလုပ်သမ ရှားလာတယ်။ နေရိပ်ထဲ ဆေး လိပ်ထိုင်လိပ်ရင် တစ်နေ့ သုံး၊ လေးထောင်လောက် တွက်ခြေ ကိုက်နေတော့ တောလုပ်ငန်း မလုပ်ချင်ကြတော့ဘူး”လို့ ကန်မြဲ သား အသက်၆ဝ အရွယ် ဦးစိုးဝင်းက ရွာရဲ့ လက်ရှိအခြေအနေကို ရှင်းပြတယ်။

ကန်မြဲ-ဇဂျမ်းက အညာရွာကြီးဖြစ်လို့ အိမ်ခြေ ၂,ဝဝဝ ကျော်ရှိတယ်။ စားသောက်ဆိုင်၊ ဆံပင်မိတ်ကပ် အလှပြင်ဆိုင်၊ ဖုန်းဆိုင်၊ ဆိုင်ကယ်၊ ကားအပိုပစ္စည်းဆိုင်၊ ဆေးခန်း၊ အိမ်ဆောက် ပစ္စည်းဆိုင်၊ တွင်ခုံ၊ ဝပ်ရှော့၊ သံဂဟေ အကုန်ရှိတယ်။ ဒါ့အပြင် လူမှုကူညီရေးအသင်းနဲ့ နိုင်ငံရေးပါတီတွေလည်း ရွာမှာရှိတယ်။ ရွာတော်တော်များများမှာ ထမင်းဆိုင်ဖွင့်ရောင်းတာမရှိကြပေ မယ့် ကန်မြဲ-ဇဂျမ်းမှာ ထမင်းဆိုင်ရှိတယ်။ ရွာလယ် လမ်းမဘေး မှာ စည်ဘီယာဆိုင်သည်ပင် ရှိတယ်ဆိုရင် မအံ့သြပါနဲ့။ ကုန်း ခေါင်ခေါင်က ရှေးအညာရွာကြီးတစ်ရွာမှာ စည်ဘီယာဆိုင်ရှိတာဝမ်းနည်းရမှာလား၊ ဝမ်းသာရမှာလား မိသိန်းကြည်။ ရွာခံတွေရဲ့ အဆိုအရ စိတ်ဝင်စားရင် ဝမ်း၊ တူး၊ သရီးကို မြို့ကြီးပြကြီးတွေရဲ့ ပေါက်ဈေးအတိုင်း ရနိုင်ပါသေးသတဲ့။

ကန်မြဲ-ဇဂျမ်းအညာရွာကြီးက နည်းပညာခေတ်ကြီးမှာ နောက်ကျမကျန်ရစ်ပါဘူး။ သူလည်း မောက်စ်တစ်ကမ်းအကွာ ကနေ လိုချင်တာတွေ ဆွဲချနိုင်တဲ့ က္ဘာ့ရွာကြီးဖြစ်နေပါပြီ။ အော် ရီဒူးတိုင်ရှိတယ်။ တယ်လီနောတိုင်လည်း မိတယ်။ အမ်ပီတီလည်း ရပါတယ်။ အွန်လိုင်းယဉ်ကျေးမှုမှာ ကန်မြဲ-ဇဂျမ်းရွာသူရွာသား တွေလည်း စီးမျောပါဝင်ကြတယ်။ ဖေ့စ်ဘွတ်ခ်အစွမ်းကြောင့် ပဝါပါးနဲ့ ကြက်သားထုပ်တဲ့ ဇာတ်လမ်းတွေလည်း ရှိတာပေါ့။ အွန်လိုင်း မင်္ဂလာစုံတွဲတွေသည်ပင် သားသမီးတွေ ပွားစီးကုန်ကြ ပါပြီ။ ဇဂျမ်းနဲ့ ကန်မြဲ နယ်ချင်းထိစပ်နေတဲ့ နေရာမှာ ရွာလမ်း လေးတစ်လမ်းရှိတယ်။ ရွာသူရွာသားတွေက အဲဒီလမ်းကို ဘား လမ်းလို့ အမည်ပေးထားကြောင်း ကန်မြဲသားတစ်ယောက်က အရွှန်းဖောက်တယ်။ သူပြောတာ မလွန်ဘူး။ အရက်ဆိုင်ချည်း လေး၊ ငါးဆိုင်တန်းစီနေပြီး အရက်ကြော်ငြာတွေကို ခြံစည်းရိုးမှာ ကပ်ပြီး ကြော်ငြာခွင့် ပေးထားတယ်။

ဓာတ်ပုံ – သန်းနိုင်ဦး

အနော်ရထာမင်းတည်ခဲ့တယ်ဆိုတဲ့ ဧက ၁ဝဝ နီးပါးကျယ် တဲ့ ကန်မြဲကန်ကြီး ဒီနှစ် မိုးကောင်းလို့ ကန်ရေပြည့်ရုံမက ကန်ရေ ပါ လျှံကျတဲ့အထိ ရေဝင်ခဲ့တယ်။ ကန်ထဲမှာ ရေခြောက်နေတာ သုံးနှစ်ရှိခဲ့ပြီလို့ ကန်မြဲသား ကိုအောင်ပိုက်က ပြောတယ်။ကန် မြဲကန်အနီးမှာ ပုဂံခေတ်က ရှင်အရဟံသိမ်သမုတ်ခဲ့တဲ့ သိမ်ရှိ တယ်။ ကန်မြဲ-ဇဂျမ်းမှာ ဘုန်းတော်ကြီးကျောင်း ၁၁ ကျောင်းရှိ တယ်။ ကန်မြဲကန်အနီးမှာ ရပ်နီးရပ်ဝေး ခရီးသွားတွေ ခေတ္တခဏ နားနေနိုင်ဖို့ သစ်သားဇရပ်ကြီးတစ်ဆောင် ရှိတယ်။ ဇရပ်ဘေး ဝန်းကျင်မှာ အရိပ်ကောင်းတဲ့ သက်တမ်းရင့်မန်ကျည်းပင်ကြီး တွေက အုံ့ဆိုင်းနေတယ်။ ဇရပ်ပေါ်မှာ ပုပ္ပားနယ်ဘက်က ခြံထွက် ငှက်ပျောသီးလာရောင်းတဲ့ အသက် ၆ဝ ကျော်အရွယ် လင်မယား စတည်းချနေကြတယ်။ သူတို့ ဒီရွာမှာ ငှက်ပျောသီးရောင်းတဲ့ သက်တမ်းသည်ပင် ဆယ်စုနှစ် သုံးစုစာ မကတော့ဘူး။ ကန်မြဲ-ဇဂျမ်းသား တစ်ပိုင်းဖြစ်နေပါပြီလို့ ပုပ္ပားတောင်မကြီး အရှေ့ ဘက် နဂါးလည်ရွာသူ ဒေါ်အုံးရွှေက ဆိုတယ်။ ပုပ္ပားနဲ့ ကန်မြဲ-ဇဂျမ်း ၂၅ မိုင်ဝေးပြီး သူတို့လင်မယားက လှည်းနဲ့လာ ရောင်းကြ တာပါ။ သြဂဲနစ် သီးနှံစစ်စစ်တွေဖြစ်ပြီး ခြံထွက်တွေကို သယ်ပြီး လာရောင်းချတာပါတဲ့။

ကန်မြဲ-ဇဂျမ်းမှာ အရင်ခေတ်တွေက ရေရှားပါးခဲ့ပေမယ့် အခု ပေ ၈ဝဝ ကျော် နက်အောင်တူးထားတဲ့ စက်ရေတွင်းတွေ ကြောင့် ရေမရှားတော့ပါဘူး။ အရင်က ဧည့်သည် ထမင်းကြိုက် သလောက်စား မငြိုငြင်ခဲ့ပေမယ့် ရေသောက်ပြီး ပိုလျှံတဲ့ရေ သွန်ပစ်ရင် စိတ်ကွက်တာတွေ ရှိခဲ့တယ်။ ရွာနဲ့ မလှမ်းမကမ်းမှာ ဆင်တဲဝချောင်း ရစ်ခွေ စီးဆင်းနေပေမယ့် အညာချောင်းဖြစ်လို့ မိုးကြီးတဲ့အခါ ဝါးလုံးထိုးရေစီးဆင်းပေမယ့် နွေအခါမှာ ရေပါး တယ်။ သောက်ရေ၊ သုံးရေအတွက် ဆင်တဲဝချောင်းကို အားကိုး လို့ မရခဲ့ဘူး။

ကန်မြဲ-ဇဂျမ်းသားတွေ ပညာရေးမှာ ထွန်းပေါက်ကြတယ်။ ရွာသူရွာသားတွေရဲ့ အမြော်အမြင်ကြီးမှုပါပဲ။ ဇဂျမ်းအထက ထွက်တွေထဲမှာ ဆရာဝန်၊ အင်ဂျင်နီယာ၊ ကျောင်းဆရာ၊ ဆရာမ၊ တပ်မတော်အရာရှိ စတဲ့ အစိုးရဌာနအသီးသီးမှာ တာဝန်ထမ်း ဆောင်နေကြသူတွေ အများကြီးရှိတယ်။ လက်ရှိ ရွာထဲမှာပဲ ဆေးခန်းဖွင့်ထားတဲ့ ဆရာဝန်တွေက ကန်မြဲ-ဇဂျမ်း အထက ထွက် ဒီရွာသားဆရာဝန်တွေချည်းပါပဲ။ ဇဂျမ်းအထကမှာ တာ ဝန်ထမ်းဆောင်နေတဲ့ ဆရာ၊ ဆရာမတွေထဲမှာ ကန်မြဲ-ဇဂျမ်း ရွာခံက အယောက် ၄ဝ ကျော်ရှိတယ်လို့ ကဗျာဆရာတင်မိုးရဲ့ တူမ အထက်တန်းပြဆရာမ ဒေါ်မိုးမိုးက ပြောပါတယ်။

ဓာတ်ပုံ – သန်းနိုင်ဦး

ကန်မြဲ-ဇဂျမ်းရွာက အခြားအညာရွာတွေလိုပါပဲ။ နှမ်းစိုက် ပဲကြဲလုပ်ကြတဲ့ တောင်သူတွေ ရှိတယ်။ မိုးကောင်းလယ်တွေဖြစ် လို့ မိုးဦးလေဦး မှန်ပါမှ တောသူတောင်သားဘဝ အူစိုကြတယ်။ပုပ္ပားတောင်မကြီးက မိုးရိပ်လေရိပ်ဆင်ရင် ကြိတ်ပြီး ဝမ်းသာကြ ရတဲ့အခြေအနေ။ တစ်ခါတလေ မိုးသည်းတော့မယောင် ရှစ်ခွင် တိုင်းမှိုင်းနေပေမယ့် ရွာချင်မှ ရွာတတ်တာ။ တောင်သူတွေ အမြဲ ညည်းလေ့ရှိတဲ့ ‘တစ်မိုးလို’ဆိုတဲ့ အရပ်မျိုး။ ဆရာဂျမ်းအဖေ စက်ချုပ်ဆရာ ဦးဘအိုက သူ့သားကို ဘဂျမ်းရယ်လို့ အမည် သညာ မှည့်ခေါ်ခဲ့ပေမယ့် သူ့အရပ်၊ သူ့ဒေသ မိုးအောင်မှ ထွန်ချရ တဲ့ အဖြစ်ကို သိနေတဲ့ ဘဂျမ်းက သူ့ကိုယ်သူ တင်မိုးလို့ မှည့်ခေါ် စေခဲ့တယ်။ အဓိပ္ပာယ်က အဖတ်တင်မယ့် မိုး၊ တောသူတောင် သား တောင်သူယာလုပ် ဓားမခုတ်တွေ အဆင်ပြေမယ့် မိုးဆိုတဲ့ သဘောဖြစ်ကြောင်း ဆရာတင်မိုးနဲ့ ကျောင်းနေဖက် အမေရိ ကားရောက် မြင်းခြံသားကဗျာဆရာ မောင်စွမ်းရည်က ရေးသား ခဲ့တယ်။ လယ်ထဲယာထဲဆင်းပြီး လုပ်ကိုင်ကြရာမှာ ပိုးထိ (မြွေကိုက်)သေဆုံးရတာတွေလည်း ရှိတယ်။ ဒီနှစ် ကန်မြဲ-ဇဂျမ်းမှာ ပိုးထိလို့ သေဆုံးသူ သုံးယောက်ရှိပါပြီ။

ကန်မြဲရွာလယ်လမ်းမဘေးမှာ ခါးလောက်မြင့်တဲ့ အုတ်တံ တိုင်းကို ထုံးဖြူဖြူသုတ်ထားတဲ့ အိမ်တစ်လုံးရှိတယ်။ အုတ်တံ တိုင်းအပေါ်မှာတော့ နှစ်လက်မပတ်လည် သံဆန်ခါကွက်တပ် ဆင်ထားပါတယ်။ ဝင်းတံခါးပေါက်က ဝင်သွားရင် ထန်းရွက်တွေ နဲ့ အဖီချထားတဲ့ အိမ်ရှေ့မှာ စားပွဲခုံရှိပြီး ရသေ့လျောင်းလို့ ခေါ်တဲ့ နောက်မှီပါတဲ့ တန်းလျားခုံတွေကို စားပွဲခုံရဲ့ တစ်ဖက်စီမှာ နေရာ ချထားပါတယ်။ အညာကျေးလက်မှာ တွေ့ရလေ့ရှိတဲ့ နှစ်ထပ်အိမ် ဖြစ်ပြီး အိမ်အောက်ထပ်ကို ရေနံချေးသုတ်ထားတဲ့ ဝါးကပ်ထရံ ကာထားတယ်။ သွပ်မိုးအချို့ သံချေးတက်နေတယ်။ ကန်မြဲ-ဇဂျမ်း ရွာလယ်မှာတွေ့ရတဲ့ ကဗျာဆရာကြီး တင်မိုးရဲ့ ငယ်စဉ်က နေ ထိုင်ခဲ့တဲ့ နေအိမ်ဖြစ်ပါတယ်။ လက်ရှိ ဆရာဦးတင်မိုးရဲ့ နှမ ဒေါ်တင်စန်း (အသက် ၈၁နှစ်) တို့ မိသားစု နေထိုင်နေကြပါတယ်။

အိမ်ခါးပန်းမှာ ဆရာတင်မိုးရဲ့ ကိုယ်တစ်ပိုင်းပုံ ဓာတ်ပုံကို မှန်ပေါင်သွင်း ချိတ်ဆွဲထားတယ်။ ဆရာ့မြေးတွေ ဘွဲ့ယူနေတဲ့ပုံကို လည်း မှန်ပေါင်သွင်း ချိတ်ဆွဲထားပါတယ်။ ဆရာ့နေထိုင်ခဲ့တဲ့ အိမ်က ရိုးဂုဏ်နဲ့ ထုံမွှမ်းနေတယ်။ ဆရာတင်မိုးအိမ်နဲ့ ဓားလွယ် ခုတ်မှာ ကန်မြဲ-ဇဂျမ်း ရွာလယ်ဓမ္မာရုံရှိတယ်။ ဓမ္မာရုံက သံကူ ကွန်ကရစ် တစ်ထပ်အဆောက်အအုံဖြစ်ပြီး ရွှေဆေးခြယ်သထား တယ်။ ဓမ္မာရုံကို ကြည့်ပြီး ကန်မြဲ-ဇဂျမ်းသားတွေရဲ့ ဒါနမျိုးစေ့ကို ခန့်မှန်းနိုင်တယ်။ ကဗျာဆရာ့အိမ်နဲ့ မျက်နှာချင်းဆိုင်မှာ ရေနံ ချေးမည်းမည်းသုတ်ထားတဲ့ နှစ်ထပ်အိမ်ဟောင်းတစ်လုံးရှိတယ်။ကဗျာဆရာ့အိမ်လိုပဲ ရှေ့မှာအဖီချထားတယ်။ အဲဒီအိမ်က နာ မည်ကျော် တေးရေးဆရာ ကန်မြဲကိုအေးကျော်ရဲ့ အိမ်ဖြစ်ပါ တယ်။ ပန်းရည်ဘဏ်တိုက်သီချင်းက ကန်မြဲအေးကျော်ရဲ့ ထင် ရှားတဲ့ တေးသီချင်းတစ်ပုဒ်ဖြစ်ပါတယ်။ ကဗျာဆရာအိမ်နဲ့ တေး ရေးဆရာတို့ အိမ်တွေက ရွာလယ်လမ်းခြားပြီး ဟိုဘက် ဒီဘက် မျက်နှာချင်းဆိုင်ဖြစ်နေတာ ကန်မြဲ-ဇဂျမ်းရွာအတွက် သဘာဝ ကပေးထားတဲ့ သက်ရှိရတနာ လက်ဆောင်ကောင်းတစ်ခုပါပဲ။

၁၉၅၇ ခုနှစ်မှာ မြန်မာတစ်နိုင်ငံလုံး မြန်မာစာအမှတ် အများဆုံး (မြန်မာစာဂုဏ်ထူး) နဲ့ ရေစကြို အထက ကနေ ဆယ် တန်းအောင်မြင်ခဲ့တဲ့ မောင်ဘဂျမ်းရဲ့အိမ်က သာမန်တောသူ တောင်သားတွေရဲ့ အိမ်လိုပါပဲ။ ဘာဟိတ်ဟန်မှ မရှိဘူး။ ဆရာ တင်မိုးဖြစ်လာမယ့် မောင်ဘဂျမ်းရဲ့  ခုံနံပါတ်က ဝိုင်ဇက်ဂျီ-၇၄ တဲ့။ သိပ်ကောင်းလွန်းတဲ့ စာစီစာကုံးဖြစ်လို့ မောင်ဘဂျမ်း တက္ကသိုလ်မရောက်မီကတည်းက သင်ရိုးလမ်းညွှန်အဖြစ် ကျောင်း သားတွေကြားမှာ ပျံ့နှံ့နေခဲ့ပြီ။ ၁၉၅၉ မန္တလေးတက္ကသိုလ် ကျောင်းသားဘဝမှာ ဖန်မီးအိမ်ကဗျာစာအုပ်နဲ့ စာပေဗိမာန် (ကဗျာပထမဆု)ရရှိခဲ့တယ်။ ဖန်မီးအိမ်က ဘဂျမ်းကို တင်မိုးဖြစ် စေခဲ့တယ်။ မန္တလေးတက္ကသိုလ်ထွက် စာပေအင်အားစုတွေထဲမှာ ပထမဆုံး ဆုရစာအုပ်ဖြစ်တယ်။ နောက်နှစ်တွေမှာ ဆက်တိုက် ဆိုသလို မောင်စွမ်းရည်၊ ကြည်အောင်၊ ကိုလေး(အင်းဝဂုဏ် ရည်) တို့ရဲ့ ကဗျာစာအုပ်တွေ စာပေဆု ဆက်တိုက်ရခဲ့ကြတယ်။ အထက်အညာက တက္ကသိုလ် ကျောင်းသားလူငယ်တွေ ကဗျာ စာပေဆုတွေ သိမ်းကျုံးယူခဲ့ကြတဲ့ နှစ်ကာလများ ဆိုပါတော့။

ဓာတ်ပုံ – သန်းနိုင်ဦး

ကန်မြဲ-ဇဂျမ်းရွာက အညာဒေသဖြစ်လို့ တောင်သူလုပ်ငန်း အတွက် ရေလိုတယ်။ မြစ်ရေတင် စီမံကိန်းတွေ လုပ် ကြတော့ ကန်မြဲ-ဇဂျမ်းကျေးရွာ ဝန်းကျင်ကရွာတွေ မြစ်ရေတင်စီမံကိန်းကြောင့် လက် တံမြောင်းတွေနဲ့ သယ်ပြီး စိုက်ပျိုးခွင့်ရခဲ့ကြ တယ်။ ကန်မြဲ-ဇဂျမ်းရွာကိုတော့ မြစ်ရေတင်စီမံကိန်း လက်တံမြောင်းတွေက ကွေ ကွင်းသွားခဲ့သတဲ့။ ကန်မြဲရွာသား ကိုအောင်ပိုက်က  ”ဆရာ တင်မိုးရွာဆိုတဲ့ သဘောနဲ့ မင်းလိုလိုက် မင်းကြိုက်ခစားတဲ့ အနားပြာတွေက ငြှိုးခဲ့တာပေါ့”လို့ ပြောပြတယ်။ ဆရာတင်မိုးက လည်း အာဏာပိုင်တွေ အငြိုးအတေးထားရလောက်အောင် လူထုတော်လှန်ရေးမှန်သမျှမှာ တက်တက်ကြွကြွ ပါဝင်ခဲ့ပေ သကိုး။ ဆရာဂျမ်းက မင်းကြိုက်စိုးကြိုက် ကဗျာဆရာမဖြစ်ခဲ့ဘဲ လူထုကဗျာဆရာသာ ဖြစ်ခဲ့တယ်။ စကားစပ်လို့ပြောရရင် ကျေး လက်ကဗျာတွေ၊ ကလေးကဗျာတွေ၊ အချစ်ကဗျာတွေ တစိုက် မတ်မတ်ရေးဖွဲ့ခဲ့တဲ့ ကဗျာဆရာက လူထုတော်လှန်ရေးမှန်သမျှ လူထုနဲ့ထပ်တူ ရင်ဆိုင်ခဲ့ပြီး တော်လှန်ကဗျာလို့ ကြွေးကြော်ခဲ့တဲ့ ကဗျာဆရာတချို့က တော်လှန်ရေးမှာ ကိုယ်လွတ်ရှောင်ခွာခဲ့တာ တွေက သမိုင်းသက်သေတွေရှိတယ်။

ပုဂံညောင်ဦးဘက်ကို အလည်ရောက်ခဲ့ရင် ကန်မြဲ-ဇဂျမ်း ရွာကို အလည်ဝင်ကြပါ။ ပုပ္ပားဘက်ရောက်ခဲ့တဲ့အခါ အလှမ်း မဝေးတဲ့ ကန်မြဲ-ဇဂျမ်းဘက်ကို ဝင်ခဲ့ကြပါ။ ရိုးသားတဲ့ အညာဟန် အညာစရိုက်၊ အညာဓလေ့တွေ ကျန်နေပါသေးတယ်။ အညာသူ၊ အညာသားတွေရဲ့ ကျေးလက်ဆန်တဲ့နေ့ရက်တွေကို ကျော်ဖြတ် ချင်တယ်ဆိုရင် ကန်မြဲ-ဇဂျမ်းကို အလည်လာဖို့ ဖိတ်ခေါ်ပါရစေ။     ။

၂၀၁၆-ဒီဇင်ဘာလထုတ်၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၄၁)မှ Remembrance   ဖြစ်ပါသည်။

သန်းနိုင်ဦး ရေးသည်။

Advertise Here

LEAVE A REPLY

Please enter your comment!
Please enter your name here