Home ခရီးသွားဆောင်းပါး လန်ချန်မဲခေါင်ရဲ့ ရေနိုင်ငံရေး လေ့လာခြင်း

လန်ချန်မဲခေါင်ရဲ့ ရေနိုင်ငံရေး လေ့လာခြင်း

159
0
ဈေးနှုန်းသက်သာစွာ ကြော်ငြာထည့်သွင်းနိုင်ပါပြီ

၂ဝ၁၈၊ ဒီဇင်ဘာလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၆ဝ)မှ Travelogue ဖြစ်ပါသည်။

ဇေယျာလှိုင် ရေးသည်။

မဲခေါင်၊ တရုတ်နိုင်ငံရဲ့ ကုန်းမြင့်တွေမှာ မြစ်ဖျား ခံပြီး မြန်မာနိုင်ငံ အပါအ၀င် နိုင်ငံ ခြောက်ခုကို ဖြတ်သန်းပြီး တောင်တရုတ်ပင်လယ်ထဲကို စီးဝင် သွားတဲ့ ကမ္ဘာ့အရှည်ဆုံးမြစ် နံပါတ် ၇။

ဈေးနှုန်းသက်သာစွာ ကြော်ငြာထည့်သွင်းနိုင်ပါပြီ

ဒီမြစ်ဝှမ်းတစ်လျှောက်နေထိုင်တဲ့ လူဦးရေသန်း ၆၀ အတွက် စိုက်ပျိုးရေး၊ ရေလုပ်ငန်းနဲ့ သယ်ယူပို့ဆောင်ရေးအတွက် အားထားရာ။ အခုခေတ်မှာတော့ အဲဒါတွေထက် ပိုလာပြီး ရေ စီမံခန့်ခွဲမှုဆိုင်ရာ ဒေသတွင်း နိုင်ငံရေးကစားရာ မြစ်တစ်ခု ဖြစ် လာနေပါပြီ။

မတူညီတဲ့ နိုင်ငံတွေကို ဖြတ်ကျော်စီးဆင်းတဲ့ ဒီမြစ်ရဲ့ အရေးပါမှုနဲ့အတူ မြစ်ဖျားခံရာဒေသတွေမှာ လွတ်လပ်စွာ စီး ဆင်းနေတဲ့ ရေကို အဟန့်အတားဖြစ်စေတဲ့အခါ နိုင်ငံရေး လွန်ဆွဲ မှုတွေရဲ့ သက်ရောက်မှုတွေအကြောင်းကို ပြီးခဲ့တဲ့ စက်တင်ဘာ အတွင်းက ထိုင်းနိုင်ငံ ဘန်ကောက်နဲ့ ချင်းရိုင်ပြည်နယ်တွေကို သွားရောက် လေ့လာခွင့် ရခဲ့ပါတယ်။

ပထမဦးဆုံး ဘန်ကောက်မြို့မှာရှိတဲ့ ချူလာလောင်ကွန်း တက္ကသိုလ်မှာ နှစ်ရက်တာ ဆွေးနွေးပွဲနဲ့ စတင်ပါတယ်။ တက္ကသိုလ်ကပညာရှင်တွေနဲ့အတူ လန်ဒန်အခြေစိုက် China Dialogue အဖွဲ့၊ တရုတ်၊ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်နဲ့ မြန်မာက သတင်းစာဆရာတွေ ပါဝင်ကြပါတယ်။ အဓိက ဆွေး နွေးတဲ့ အကြောင်းအရာက ကိုယ့်နိုင်ငံအတွင်းမှာရှိတဲ့ တရုတ် ရင်းနှီးမြှုပ်နှံမှုတွေရဲ့ ပတ်ဝန်းကျင်နဲ့လူမှုစီးပွားအပေါ် အကျိုး သက်ရောက်မှုတွေကို အဓိကထား ဆွေးနွေးကြတာပါ။

မြန်မာနိုင်ငံတွင်းမှာ တရုတ်ရဲ့ မဟာဗျူဟာ ရင်းနှီးမြှုပ်နှံမှု တစ်ခုဖြစ်တဲ့ ကျောက်ဖြူ-ကူမင်းသွယ်တန်းထားတဲ့ ပိုက်လိုင်း တစ်လျှောက် လူ့အခွင့်အရေးချိုးဖောက်မှုတွေအကြောင်းကို တင်ပြဆွေးနွေးဖြစ်ခဲ့ပါတယ်။ ပုစွန်ကန်တွေ ပျက်စီးတာ၊ လယ် မြေနဲ့သစ်တောတွေပျက်စီးတာ၊ ထုံးတမ်းဓလေ့ အစဉ်အလာတွေ ပျောက်ကွယ်ကုန်တာနဲ့ ပိုက်လိုင်းတည်ဆောက်ရေးက ထွက်ရှိ လာတဲ့ ဓာတုစွန့်ပစ်ပစ္စည်းတွေကြောင့် နွားတွေ သေကျေရတဲ့ အကြောင်းတွေ ဆွေးနွေးတော့ တရုတ်သတင်းစာဆရာတွေက တအံ့တသြနားထောင်ပြီး မေးခွန်းတွေ အပြန်အလှန်မေးကြ တယ်။ တရုတ်ရဲ့ ဖွံ့ ဖြိုးရေးစီမံကိန်းတွေကြောင့် ဒေသတွင်းမှာ အားလုံး အဆင်ပြေနေတယ်လို့ပဲ တရုတ်ပြည်တွင်းက လူ အများစုက ထင်ထားကြတာလို့ တရုတ်သတင်းစာဆရာတွေက ပြောကြတယ်။

သူတို့နဲ့အတူ ရွှေတြိဂံဒေသအပါအ၀င် မဲခေါင်မြစ်ကိုသွားရောက်လေ့လာမှာဖြစ်တဲ့အတွက် လမ်းတစ်လျှောက် သိချင်တာ တွေ ထပ်မေးဦးမယ်လို့လည်း သူကပြောတယ်။ ဘန်ကောက်မှာ နှစ်ရက်တာ ဆွေးနွေးပြီးကြတဲ့အခါမှာတော့ ထိုင်းနိုင်ငံရဲ့ မြောက် ဘက်အစွန်ဆုံးမှာရှိတဲ့ ချင်းရိုင်ပြည်နယ်ကို လေယာဉ်နဲ့ ခရီး ဆက်ကြပါတယ်။

ချင်းရိုင်လေဆိပ်မှာ ပိုင်ဆိုတဲ့ အမျိုးသမီးက လာကြိုတယ်။ သူ့နာမည်အပြည့်အစုံက Pianporn Deetes ပါ။ နိုင်ငံတကာ မြစ်များအဖွဲ့ရဲ့ လှုံ့ဆော်ရေးဒါရိုက်တာဖြစ်ပြီး နိုဝင်ဘာ ၂ ရက်က ရန်ကုန်မြို့မှာ ကျင်းပတဲ့ “ရေကာတာနှင့် ပြည်သူ့ဘ၀ မလုံခြုံမှု များ”ခေါင်းစဉ်နဲ့ ဆွေးနွေးပွဲအခမ်းအနားမှာလည်း လာရောက် ဆွေးနွေးခဲ့သူ ဖြစ်ပါတယ်။

ကျွန်တော်တို့အဖွဲ့ကို ဗင်ကားနှစ်စီးနဲ့ လာကြိုတယ်။ ကြို တင်ညှိနှိုင်းထားတာမျိုး မဟုတ်ဘဲ တရုတ်သတင်းစာဆရာတွေ က တစ်စီး၊ ဗီယက်နမ်၊ လာအို၊ ကမ္ဘောဒီးယားနဲ့ မြန်မာသတင်းစာ ဆရာတွေက တစ်စီးဆိုသလို ဖြစ်သွားကြပါတယ်။

လမ်းမှာ တစ်ထောက်နားပြီး ကော်ဖီသောက်ကြပါတယ်။ လယ်ကွင်းတွေ ကြားထဲမှာ ဆိုင်တန်းသုံးလေးခု ရှိတဲ့နေရာလေး ပါပဲ။ ဆိုင်ထဲမှာ ဒေသထွက် ငှက်ပျောသီး သေးသေးလေးတွေကို ချိတ်ဆွဲထားတယ်။ စားချင်ရင် ယူစားလို့ရတယ်လို့ ဆိုင်ရှင်က လောကွတ်ပြုတာကြောင့် သူ လက်ဖက်ရည်ဖျော်နေတဲ့ အချိန် မှာပဲ တစ်လုံး ယူစားကြည့်လိုက်ပါတယ်။ တော်တော်ချိုတဲ့ အသီး တွေပါပဲ။ ဓာတုဗေဒဆေးမသုံးထားတဲ့ သဘာဝသီးနှံတွေ ဖြစ်တယ်လို့ ဆိုင်ရှင်က ဂုဏ်ယူဝင့်ကြွားစွာဆိုပါတယ်။

Photo-Zayar Hlaing
ခရီးတစ်ထောက်နားရာ ကော်ဖီဆိုင်မှမြင်ကွင်း

ချင်းခေါင်

သုံးနာရီလောက် ကားစီးပြီးတဲ့အခါမှာတော့ ချင်းရိုင်ပြည် နယ်ထဲက ချင်းခေါင်မြို့ကိုရောက်ပါတယ်။ လာအိုနဲ့ မဲခေါင်မြစ် သာ ခြားတဲ့ နယ်စပ်မြို့လေးပါပဲ။ ကမ္ဘာလှည့်ခရီးသွားတွေ နှစ် သက်တဲ့နေရာတစ်ခုပါ။ လေယာဉ်ချိန်နောက်ကျခဲ့တာကြောင့် ဟိုတယ်ကို အရင်မ၀င်သေးဘဲ ထမင်းစားမယ့် စားသောက်ဆိုင် ဆီကို တန်းမောင်းပါတယ်။ စားသောက်ဆိုင်နာမည်က Tammila ၊ မဲခေါင်မြစ်ကမ်းနားမှာ တည်ဆောက်ထားတဲ့ ရှုခင်း ကောင်းတဲ့ ဆိုင်တစ်ဆိုင်ပါပဲ။ မြစ်ကြီးနားမြို့က ဧရာဝတီမြစ် ကမ်းဘေးမှာ ဆောက်ထားတဲ့ မလိခူး ကချင်ရိုးရာ စားသောက် ဆိုင်နဲ့ ခပ်ဆင်ဆင်တူပါတယ်။

မြစ်တစ်ဖက်ကမ်းမှာ လာအိုဘက်အခြမ်းက ဘိုခဲ (Bokeo) မြို့ကို လှမ်းမြင်နေရတယ်။ အဲဒီမြို့မှာ လောင်းကစားနဲ့ အနှိပ်ခန်းတွေ ပေါကြောင်းနဲ့ အချိန်ရရင် သွားလည်ကြဖို့ ထမင်း စားရင်း လာအိုသတင်းထောက်က ဆော်သြပါတော့တယ်။  မဲခေါင်မြစ်ထဲမှာတော့ နီကြင်ကြင်မြစ်ရေတွေက တသွင်သွင် စီး ဆင်းနေတယ်။

ကျွန်တော်တို့အဖွဲ့ကို လမ်းပြလုပ်တဲ့ ပိုင်က အချိန်တိကျသူ ဖြစ်တာကြောင့် ထမင်းကို မြန်မြန်စားပြီး ချိန်းထားတဲ့ ဘန်ရမ် ကျေးရွာဆီကို ခပ်သုတ်သုတ်ပဲ ပြန်ထွက်လာကြရပါတော့တယ်။ ရွာကိုရောက်ဖို့ နာရီဝက်လောက် ကားနဲ့ ခရီးဆက်ရပါသေးတယ်။ နယ်စပ်မြို့သေးသေးလေးရဲ့ လမ်းတွေ ဆိုပေမယ့် လမ်းတွေက ညီညာချောမွတ်နေတဲ့ နိုင်လွန်ကတ္တရာလမ်းတွေပါ။

ရွာကိုရောက်တဲ့အခါမှာတော့ စုလစ်မွန်းချွန်တွေနဲ့ တန် ဆာဆင်ထားတဲ့ မုခ်ဦးဝနဲ့ ဘုန်းကြီးကျောင်းတစ်ခုရှေ့မှာ ကားကို ရပ်လိုက်ကြတယ်။ ကျေးရွာစေတနာ့ဝန်ထမ်းအဖွဲ့ကို ဦးစီးသူ တွေက အဆင်သင့်ပဲ စောင့်နေကြတယ်။ ဘုန်းကြီးကျောင်းမျက် စောင်းထိုးနားက အဆောက်အအုံထဲကို ဦးဆောင်ခေါ်သွားကြ တယ်။ လူနေတစ်ထပ်တိုက်သာသာ ရှိတဲ့ အဲဒီ အဆောက်အအုံ ဘေးမှာ အမိုးပဲ မိုးထားပြီး အကာမရှိတဲ့ ဇရပ်လို နေရာလေး တစ်ခု ရှိပါတယ်။ အဲဒီနေရာမှာ ကျွန်တော်တို့အဖွဲ့ကို ရှင်းလင်း တင်ပြဖို့ ဗီနိုင်းပိုစတာတွေ ပြင်ဆင်ထားတာ တွေ့ရတယ်။ ထိုင်း ဘာသာစကားနဲ့ ထုတ်ထားတဲ့ မဲခေါင်မြစ်အကြောင်းနဲ့ သူတို့ ကျေးရွာ အစုအဖွဲ့ပိုင်သစ်တောအကြောင်းတွေ ရေးထားတာလို့ ပိုင်က ရှင်းပြတယ်။

သိပ်မကြာခင်မှာပဲ သူတို့အဖွဲ့ထဲက ဆံပင်အရှည်၊ ခပ်၀၀နဲ့ ပစ်ချာရာဖောင်ဆိုတဲ့ သူက စပြီး မိတ်ဆက်စကားပြောပါတယ်။ သူတို့အဖွဲ့ဟာ ကျေးရွာရဲ့ သာရေးနာရေးအပြင် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ ရေရှည်တည်တံ့တဲ့ ဖွံ့ဖြိုးမှုအတွက် တက်ကြွ လှုပ်ရှားသူတွေနဲ့ ဖွဲ့စည်းထားတယ်လို့ ဆိုပါတယ်။ သူတို့ကျေးရွာ ကလူအများစုဟာ မဲခေါင်မြစ်ထဲကိုစီးဝင်တဲ့ မြစ်လက်တက်တစ်ခု ဖြစ်တဲ့ အင်မြစ် (Ing River) ကို အမှီသဟဲပြုပြီး ရေလုပ်ငန်း လုပ်ကိုင်ကြသူတွေပါ။ မြစ်ရေမျက်နှာပြင်အတက်အကျပေါ် မူ တည်ပြီး မြစ်ကမ်းနဖူးမှာ သီးနှံစိုက်ခင်းလုပ်ကိုင်သူအချို့လည်း ရှိကြပါတယ်။

သူတို့ရွာနဲ့ ကပ်လျက် အင်မြစ်ကမ်းစပ်မှာ ဘိုးစဉ်ဘောင် ဆက် ထိန်းသိမ်းလာတဲ့ ကျေးရွာအစုအဖွဲ့ပိုင် ရေတိမ်တောတစ်ခု ရှိပါတယ်။ ဒီတောထဲက သစ်ပင်တွေကို သူတို့ဘိုးဘေးတွေက စိုက်ပျိုးခဲ့ကြတာ ဖြစ်ပြီး စိုက်ပျိုးသူအပေါ် မူတည်ကာ ပိုင်ဆိုင်မှု တွေ ခွဲဝေထားကြပေမယ့် ရွာသားတိုင်း ထုတ်ယူသုံးစွဲခွင့်ပြုထား ကြတယ်လို့ ဆိုပါတယ်။

Photo-Zayar Hlaing
သတင်းထောက်တွေကိုရှင်းပြနေတဲ့ ပစ်ချာရာဖောင်

အဲဒီသစ်တောဟာ မိုးရာသီမှာ လူတစ်ရပ်စာလောက် ရေနစ်မြုပ်နေလေ့ရှိပြီး နွေရာသီမှာတော့ ကုန်းမြေပေါ်လာလေ့ ရှိတယ်လို့ ဆိုပါတယ်။ ဒါကို ရေ၀ပ်နေတဲ့ သုံးမရတဲ့နေရာဆိုပြီး အထူးစီးပွားရေးဇုန် ဖော်ဆောင်ဖို့ ထိုင်းအစိုးရက စီမံကိန်း ချမှတ်ခဲ့ပါတယ်။ အဲဒီစီမံကိန်းကို တရုတ်စီးပွားရေး လုပ်ငန်းရှင် တွေက အကောင်အထည်ဖော်မှာ ဖြစ်ပါတယ်။ အထူးစီးပွားရေး ဇုန်ကြောင့် သူတို့စားဝတ်နေရေးကို ထောက်ပံ့နေတဲ့ ဒီသစ်တော လေး ပျောက်ကွယ်သွားမှာကို စိုးရိမ်ပြီး အခွင့်အရေးတောင်းဆိုမှု တွေ ပြုလုပ်ရင်း သူတို့အဖွဲ့လေးကို စတင်ဖွဲ့စည်းဖြစ်ခဲ့တာလို့ ရှင်းပြကြပါတယ်။

““ဒီသစ်တောထဲက သစ်၊ ၀ါး၊ ငါးနဲ့ ဆေးဝါးတွေ ဘိုးစဉ် ဘောင်ဆက် ထုတ်ယူသုံးစွဲခဲ့ကြတာ အခုထိပဲ””လို့ ပစ်ချာရာ ဖေါင်က ပြောပါတယ်။

““ဒီသစ်တောက စီးပွားရေးဇုန်အတွက်မဟုတ်ဘူး။ ဒါက စိုက်ပျိုးရေးရဲ့ ရေအရင်းအမြစ်လည်း ဖြစ်တယ်။ အစားအစာ ဖူလုံရေးအတွက် အရေးကြီးတယ်””လို့လည်း သူကဆိုပါတယ်။

ဒါပေမဲ့ မဲခေါင်မြစ်ရဲ့ အထက်ပိုင်း၊ တရုတ်နိုင်ငံထဲမှာ လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖို့ ဆည်တွေပိတ်ပြီး တည်ဆောက် လိုက်ကတည်းက သူတို့မှီခိုနေတဲ့မြစ်ထဲမှာ ငါးမျိုးစိတ်အချို့ တဖြည်းဖြည်း ပျောက်ကွယ်လာတယ်လို့ ဆိုပါတယ်။

သူတို့အဖွဲ့ဟာ တတ်သမျှ မှတ်သမျှနဲ့ မြစ်ထဲကဖမ်းမိသမျှငါးတွေကိုစာရင်းပြုစုပါတယ်။ တတ်ကျွမ်းတဲ့သူတွေကို ဖိတ်ခေါ် ပြီး ရပ်ရွာလူထုကို အသိပညာပေးတာ၊ စည်းရုံးလှုံ့ဆော်တာတွေ ပြုလုပ်တယ်။ သစ်တောထဲက သစ်ပင်တွေကို ရေတွက်တယ်။ တွေ့ရတဲ့ငါးမျိုးစိတ်တွေကိုမှတ်တမ်းတင်တယ်။ အရင်က ငါးမျိုး စိတ်ပေါင်း နှစ်ရာကျော်ရှိရာကနေ အခု မျိုးစိတ်ရှစ်ဆယ်ဝန်း ကျင်ပဲ တွေ့ရတော့တယ်လို့ ဆိုပါတယ်။ ဒီသစ်တောကနေ တစ် နှစ်ကို ကာဗွန်တန်ပေါင်း ၁၇၂,၀၀၀ စုပ်ယူနိုင်တယ် ဆိုတာလည်း တွေ့ရှိ မှတ်တမ်းတင်နိုင်ခဲ့ကြတယ်။

ဒေသဆိုင်ရာ အာဏာပိုင်တွေကိုလည်း မေးမြန်းတာ၊ လူ ထုရဲ့ စိုးရိမ်မှုတွေ တင်ပြတာကိုလည်း ပြုလုပ်ကြတယ်။  အဲဒီ နောက်ပိုင်းမှာ အထူးစီးပွားရေးဇုန် စီမံကိန်းကို ရပ်ဆိုင်းထားပေ မယ့် လက်ရှိ အာဏာသိမ်းစစ်အစိုးရက ပြန်လည်အသက်သွင်း ချင်နေတဲ့သဘော ရှိတယ်လို့ ရွာသားတွေက ရှင်းပြတယ်။

Photo-Zayar Hlaing
ရေတိမ်တောထဲမှ လှေစီးလေ့လာရေး

သဘာဝရေတိမ်တော

အဲဒီနောက်မှာတော့ လေ့လာရေးအဖြစ် ရေတိမ်တောထဲ မှာ လှေစီးထွက်ကြမယ်လို့ ဆိုပါတယ်။ ကားနဲ့ ၁၀ မိနစ် လောက် မောင်းသွားပြီးတဲ့အခါ ချောင်းရိုးလေးတစ်ခုပေါ် ကန့်လန့်ဖြတ် ထားတဲ့ တံတားလေးတစ်စင်းပေါ်မှာ   ခဏရပ်လိုက်ကြတယ်။ အဲဒီချောင်းလက်တက်လေးဟာ အင်မြစ်ထဲကိုစီးဝင်တဲ့ မြစ် လက်တက် ဖြစ်တယ်လို့ ရှင်းပြတယ်။ ကမ်းစပ်တစ်လျှောက်မှာ ပြောင်းစိုက်ခင်းတွေ တွေ့ရတယ်။ မဲခေါင်မြစ်အထက်ပိုင်းမှာ တည်ဆောက်ထားတဲ့ ဆည်တွေဟာ ဒီကမ်းစပ်က ပြောင်းခင်း တွေကိုလည်း သက်ရောက်တယ်လို့ ဆိုပါတယ်။ မြစ်အထက်ပိုင်း မှာ ရေလွှတ်ရေထိန်းလုပ်တဲ့အခါ ရာသီအလိုက် စီးဆင်းနေတဲ့ ရေစီးနဲ့ ရေမျက်နှာပြင်အနိမ့်အမြင့် အပြောင်းအလဲတွေ ဖြစ် ကုန်ပြီး စိုက်ခင်းတွေ ရေမရတာ၊ ရေနစ်မြုပ်တာတွေ တွေ့ကြုံရ တာကြောင့်ပါ။

Photo-Zayar Hlaing
ချင်းခေါင်မြို့လယ်လမ်းမ

တံတားလေးပေါ်ရပ်ပြီး ကျွန်တော်တို့အဖွဲ့ကိုရှင်းပြနေ တုန်းမှာပဲ ရွာခံအမျိုးသမီးတချို့ သုံးဘီးဆိုင်ကယ်လေးနဲ့ ရောက် လာကြတယ်။ သူတို့မျက်နှာက ပြုံးရွှင်နေတယ်။ ဆိုင်ကယ်ပေါ်မှာ ငှက်ပျောသီးသုံးလေးဖီးနဲ့ မန်ကျည်းသီးအစိမ်းတွေ ခူးလာတာ တွေ့ရတယ်။ အမျိုးသမီးတစ်ယောက်ရဲ့ ခြင်းတောင်းထဲမှာတော့ မဲဇလီဖူးလေးတွေကို ကိုင်းလိုက်ခူးလာတာ တွေ့ရတယ်။ သူတို့ထဲ ကအမျိုးသမီးတစ်ယောက်က တရုတ်သတင်းစာဆရာမ တစ် ယောက်ကို မန်ကျည်းသီးစိမ်းတစ်တောင့် လှမ်းပေးပြီး ကြံသကာ လို အခဲတစ်ခုကိုလည်း ပုလင်းထဲက ထုတ်ပေးပြီး စားလို့ရ ကြောင်း ပြောပြတယ်။ တရုတ်သတင်းစာဆရာမက မန်ကျည်း သီးကို နည်းနည်းကိုက်ကြည့်လိုက်ပြီး မျက်နှာရှုံ့တွသွားတယ်။

အဲဒီကနေ နောက်ထပ်ငါးမိနစ်လောက်ဆက်မောင်းလာလိုက်ပြီး လမ်းဘေးတစ်နေရာကို ထိုးရပ်လိုက်ကြပါတယ်။ လမ်း ဘေးဝဲယာမှာ သစ်ပင်တွေ၊ ချုံပုတ်တွေ အပြည့်ပါပဲ။ ဒေသခံ ရွာသားတွေက ဦးဆောင်ခေါ်သွားတဲ့နောက် လိုက်သွားတော့ ချုံပုတ်တွေကြားထဲမှာ စွတ်ကြောင်းရေးရေးမြင်နေရတဲ့ တော လမ်းတစ်ခုကို တွေ့ရပါတယ်။ မြက်ပင်၊ ချုံတွေထဲခြေချလိုက်တော့ မြေသားက ပျော့အိအိနဲ့၊ တချို့နေရာမှာ ရွှံ့ထဲ နစ်ဝင်သွားတယ်။ တောကြက်ဟင်းခါးအပင်နွယ်တွေ တောထနေတယ်။ ကိုက်သုံး ရာလောက်အတွင်းကို ဆက်ဝင်လိုက်တော့ မြက်ရိုင်းပင်တွေ ကြားထဲက ရေစပ်စပ်နေရာမှာ ဖိုင်ဘာလှေတွေ ဆိုက်ကပ်ထား တာ တွေ့ရတယ်။

လှေတစ်စီးကိုလူငါးယောက်ပဲတက်ဖို့ ပိုင်က သတိပေးရင်း အသက်ကယ်အင်္ကျီတွေလှမ်းပေးတယ်။ ကျွန်တော် ရေကူးတတ် ပေမယ့် လိုရမည်ရ တစ်ထည်ယူပြီး ၀တ်လိုက်တယ်။ လှေတွေက ၀မ်းပြားပြီး ဇောက်တိမ်တာကြောင့် တိမ်းစောင်းပြီး ရေမ၀င် အောင် သတိထားပြီး တက်ရတယ်။

ရေထဲမှာလည်း ချုံပုတ်တွေနဲ့သစ်ပင်တွေရောယှက်နေ တယ်။ အဲဒီ ချုံတွေ၊ ၀ါးပင်တွေနဲ့ သစ်ပင်တွေကြားထဲကပဲ လှေကို တဖြည်းဖြည်းချင်း ထိုးထွက်ရတယ်။ သစ်ရိပ်ဝါးရိပ်နဲ့ ပတ်ဝန်း ကျင် တစ်ခုလုံး အေးချမ်းနေတယ်။ ဒီလိုရေတိမ်ဒေသဟာ ရေ သတ်္တ၀ါတွေ ရှင်သန်ပေါက်ပွားဖို့အတွက် အကောင်းဆုံး နေရာပဲ လို့ ပိုင်က ရှင်းပြတယ်။

ရေထဲမှာ အသီးစိမ်းဝါ၀ါလေးတွေ ပေါလောမျောနေတာ တွေ့ရတာနဲ့ မေးကြည့်တော့ အဲဒီအသီးတွေဟာ အဲဒီရေတိမ် တောတစ်ဝိုက်မှာ အများအပြားတွေ့ရပြီး ငါးတွေနဲ့ ရေနေသတ်္တ၀ါ တွေရဲ့ အစာဖြစ်တယ်လို့ ဆိုပါတယ်။ ချုံတွေ ရှုပ်နေတဲ့ နေရာ တွေဟာ သားကြီးငါးကြီးတွေ အလွယ်တကူ မ၀င်နိုင်လို့ သား ပေါက်လို့ကောင်းတဲ့နေရာ ဖြစ်ပြီး အစားအစာကလည်း အဆင် သင့်ရှိနေတာကြောင့် ဒီရေတိမ်တောဟာ ဂေဟဗေဒစနစ် အတွက် တန်ဖိုးရှိတဲ့နေရာပဲလို့ သူက ဆိုပါတယ်။

Photo-Zayar Hlaing
လတ်ဆတ်နေတဲ့ကျွဲကောသီးတွေ

သဘာဝက ပေးတဲ့ ရိက္ခာ

အဲဒီအချိန်မှာပဲ ကျွန်တော်တို့အဖွဲ့ထဲကလှေတစ်စီးက ငါး ဖမ်းပိုက်ထောင်ထားတဲ့ ၀ါးကိုင်းတစ်ခုကို သွားပြီး ဆွဲတင်လိုက် ပါတယ်။ ရေစစ်အကြီးစားလို ပိုက်ကွန်ထဲမှာ ငါးခပ်ကြီးကြီး တစ်ကောင် လွန့်လူးပြီးပါလာတာ တွေ့ရတယ်။ ပါလာတဲ့ အဖွဲ့ တွေက ဓာတ်ပုံဝိုင်းရိုက်ကြတယ်။ တစ်နာရီလောက် တဖြည်း     ဖြည်းချင်း လှည့်ပတ်ကြည့်ပြီးတဲ့အခါ ကုန်းပေါ် ပြန်တက်ခဲ့ကြပါ တယ်။

နေ့လယ်က ရှင်းပြ ဆွေးနွေးခဲ့တဲ့ အဆောက်အအုံဆီကိုပဲ ပြန်သွားတယ်။ အဲဒီတော့မှ သတိထားမိတာ အဆောက်အအုံခြံ စည်းရိုးတစ်ဝိုက်မှာ ငရုတ်ပင်တွေဟာ ပြွတ်ခဲပြီး သီးနေကြတယ်။ ပင်စိမ်း၊ ပူဒီနာ၊ ဆလတ် စတဲ့ ဟင်းသီးဟင်းရွက်တွေကိုလည်း ၀ါးခြမ်းတွေ၊ ပန်းအိုးတွေနဲ့ မြေအိုးကွဲတွေထဲမှာ စိုက်ပျိုးထားတာ တွေ့ရတယ်။ အဆောက်အအုံကို စိတ်ဝင်စားတာနဲ့ ဘယ်သူ ပိုင်သလဲမေးကြည့်တော့ ရွာသားတွေ ရပ်ရေးရွာရေး အသုံးပြုလို့ ရအောင် ဘုန်းကြီးကျောင်းက ခွင့်ပြုပေးထားတဲ့ Community Center ပါပဲဆိုတာ သိလိုက်ရတယ်။ ဆရာနဲ့ ဒကာ တက်ညီ လက်ညီရှိကြတဲ့ ရွာလေးပဲလို့ ကျွန်တော့်စိတ်ထဲက မှတ်ချက် ပေးမိတယ်။

အဲဒီနောက်မှာတော့ တည်းခိုရမယ့် Chiang Khong Teakgarden Riverfront ဟိုတယ်ဆီကို ပြန်လာခဲ့ကြပါတော့ တယ်။ လူတစ်ကိုယ်လုံးလည်း ချွေးတွေ ရွှဲနစ်ပြီး ရေတိမ်စပ်ထဲ လှေစီးခဲ့တာကြောင့် ဘောင်းဘီနဲ့ ဖိနပ်တွေမှာလည်း ရွှံ့အလိမ်း လိမ်း ကပ်လို့နေပါပြီ။

ကျွန်တော်တည်းရမယ့်အခန်းမှာ ၀ရန်တာလေးတစ်ခု ပါပါတယ်။ ၀ရန်တာကနေ ကြည့်လိုက်တော့ ထိုင်းနဲ့ လာအို တောင်ကြောတွေကြားက ကွေ့ကောက်စီးဆင်းနေတဲ့ မဲခေါင် မြစ်ကြီးထဲ သက်တံကြီးတစ်စင်း ရေသောက်ဆင်းလို့။

ညကျတော့ နေ့လယ်စာ စားခဲ့တဲ့ စားသောက်ဆိုင်မှာပဲ ဒင်နာခင်းကျင်းထားတယ်။ နေ့လယ်ပိုင်းကနဲ့ မတူကတော့ ရေခဲဘူးထဲမှာ ဘီယာချမ်း၊ ဟန်နီကန်နဲ့ ဘီယာလီယိုတွေ အပြည့် ထည့်ထားပြီး စိတ်ကြိုက်သောက်လို့ ရတာပါပဲ။ ကြက်ဥမွှေကြော်၊ ယိုးဒယားငါးပိထောင်းနဲ့ သီးရွက်စုံကတော့ ကျွန်တော့်အကြိုက်၊ ဘီယာနဲ့လည်း လိုက်ဖက်ညီလှသပေါ့။

ညစာစားပြီးတော့ တရုတ်သတင်းစာဆရာ၊ လာအို သတင်းစာဆရာ၊ ပိုင်ရဲ့ လက်ထောက် လူထုအခြေပြု အဖွဲ့အစည်း တွေမှာ စေတနာ့ဝန်ထမ်းလုပ်ရင်း အတွေ့အကြုံယူနေတဲ့ ဇက် (Zat) ဆိုတဲ့ ထိုင်းကျောင်းသားလေး တစ်ဦးနဲ့အတူ မြို့ထဲကို လေ့လာရင်း လမ်းလျှောက်ထွက်ခဲ့လိုက်တယ်။

လမ်းက ကျဉ်းပေမယ့်ချောမွတ်နေတယ်။ လမ်းလယ်မျဉ်း၊ ဘေးမျဉ်းဝါတွေလည်းအသေအချာ စည်းသားထားတယ်။ ချင်း ခေါင်မြို့ဟာ မဲခေါင်မြစ်နဲ့အပြိုင် တည်ထားတဲ့ လမ်းမကြီး ဘေး တစ်လျှောက်မှာ အဆောက်အအုံတွေ စုပြုံ တည်ဆောက်ထားတဲ့ ရွာတန်းရှည်လို ပုံစံလေးပါပဲ။ မြို့ထဲမှာ ရေတပ်ဌာနတစ်ခုရှိတယ်။ ကမ္ဘာလှည့်ခရီးသွားတွေ လာတတ်တဲ့ မြို့ ဖြစ်တဲ့အလျောက် လမ်းမကြီးတစ်လျှောက်မှာ ထိုင်းရိုးရာအနှိပ်ခန်းတွေနဲ့ အရက် ဘားတွေ တန်းစီတည်ရှိပါတယ်။

တစ်မိုင်သာသာလောက် လမ်းလျှောက်ပြီးတဲ့အခါမှာ တော့ Seven Eleven ၀ယ်လွယ်ဆိုင်လေးတစ်ခု တွေ့တာနဲ့ ညဘက်ဆာရင် စားဖို့သောက်ဖို့ ရေဘူးနဲ့ မုန့်အချို့ ၀င်ဝယ်ပြီး ပြန်လှည့်ကြပါတယ်။ အပြန်လမ်းမှာ တရုတ်က သတင်းစာဆရာ က တစ်နေကုန်ညောင်းညာနေတာကြောင့် အနှိပ်ခန်းဝင်ချင် တယ်လို့ ဆိုလာပါတယ်။ အချိန်က ည ၁၀ နာရီကျော်နေပါပြီ။

နီးစပ်ရာအနှိပ်ခန်းတစ်ခုထဲဝင်ကြည့်လိုက်တော့ အနှိပ် သမတွေ ပြန်သွားပြီဆိုတာကြောင့် နောက်တစ်ခန်းကို ထပ်ဝင် ကြပြန်ပါတယ်။ ဒီတစ်ခါကျတော့ နှစ်ယောက်ပဲ ၀င်လို့ရမယ်လို့ ဆိုလာပါတယ်။ အဲဒါနဲ့ လာအိုသတင်းစာဆရာက ဇက်နဲ့အတူ ဘီယာသောက်ရင်း ထိုင်စောင့်မယ်လို့ ဆိုလာပါတယ်။ လာအိုနဲ့ ထိုင်းက ဘာသာစကားချင်း နီးစပ်တာကြောင့် သူတို့နှစ်ဦးက စကားပြော အပေးအယူတည့်ကြပါတယ်။

တစ်နာရီလောက် အနှိပ်ခံလိုက်ရတော့ အညောင်းညာ လည်း တော်တော်ပြေသွားသလို ညစာစားတုန်းက သောက်ထား တဲ့ အရှိန်လေးလည်း နည်းနည်းပြေသွားပါတယ်။ တရုတ်သတင်း စာဆရာက မိနစ် ၉၀ အနှိပ်ခံတာကြောင့် သူ့ကိုလည်း စောင့်ရင်း နဲ့ ထိုင်းကျောင်းသားနဲ့ လာအိုသတင်းထောက်စကားဝိုင်းထဲ ၀င် ပြီး သူတို့ဘီယာဘူးလေးတွေနဲ့ အရှိန်ထပ်ယူလိုက်ပါတော့တယ်။

တရုတ်သတင်းစာဆရာ အနှိပ်ခံပြီး ထွက်လာတော့ ဆေး လိပ်သောက်ရင်း သူလည်း စကားဝိုင်းထဲ ၀င်ပါတယ်။ အနှိပ်ခန်း ရဲ့ မျက်နှာစာမှာ ထိုင်ခုံပုလေးတွေနဲ့ ထိုင်ပြီး ကျွန်တော်တို့ စကား ဖောင်ဖွဲ့နေကြတာပါ။ ခဏကြာတော့ အနှိပ်ခန်း မျက်နှာချင်း ဆိုင်က အသက်ခပ်ကြီးကြီးထိုင်းအမျိုးသမီးတစ်ဦးထွက်လာပြီး ““ညသန်းခေါင်တိုင်ပြီ၊ အသံတိတ်ကြပါတော့””လို့ အင်္ဂလိပ်လို အသံခပ်ကျယ်ကျယ်အော်တာ ကြားလိုက်ရပါတော့တယ်။

လက်က နာရီကိုကြည့်တော့ ၁၂ နာရီကျော်ပြီကိုး။ အဲဒီ တော့မှ ကျွန်တော်တို့အဖွဲ့လည်း ပတ်ဝန်းကျင်ကို သတိထားမိပြီး တစ်ယောက်မျက်နှာ တစ်ယောက် ပြန်ကြည့်ပြီး မပြုံးဘဲ ၀ါးလုံး ကွဲ ရယ်မိကြတယ်။ ကျွန်တော်တို့လည်း သောက်ထားတဲ့ ဘူးခွံ လေးတွေကို အိတ်ထဲပြန်ကောက်ထည့်လာပြီး ဟိုတယ်ကို လမ်းလျှောက်ပြန်ခဲ့ကြပါတော့တယ်။

Photo-Zayar Hlaing
မဲခေါင်မြစ်ကူး ထိုင်း-လာအိုဆက်သွယ်ထားသည့်တံတား

ဂေဟစနစ် ချွတ်ယွင်းလာတဲ့ မဲခေါင်

နောက်တစ်နေ့မနက်မှာတော့ ကျွန်တော်တို့ တည်းခိုတဲ့ ဟိုတယ်က အစည်းဝေးခန်းမှာပဲ ချင်းခေါင်ပတ်ဝန်းကျင် ထိန်း သိမ်းရေးအဖွဲ့ခေါင်းဆောင် နီဝက် (Niwat)၊ မယ့်ဖာလောင် တက္ကသိုလ် (Mae Fah Luang University) က သုတေသန ပညာရှင် ကစ်နုကွန်း (Kidnukom) နဲ့ ပိုင်တို့က မဲခေါင်မြစ် တစ်လျှောက် တရုတ်စီးပွားရေးလုပ်ငန်းတွေရဲ့ သက်ရောက်မှု တွေကို ရှင်းပြကြပါတော့တယ်။

မဲခေါင်မြစ်အထက်က ပိတ်ဆောက်လိုက်တဲ့ ဆည်တွေ၊ ရေကာတာတွေကြောင့် မြစ်ထဲ သဘာဝအတိုင်း စီးဆင်းနေတဲ့ ရေစီးကြောင်းတွေ ပြောင်းလဲကုန်တာ၊ မြစ်ရေမျက်နှာပြင်အနိမ့် အမြင့်ကို ခန့်မှန်းလို့ မရတာနဲ့ ရေလမ်းကြောင်း ပြောင်းလဲပြီး    ကုန်တင်ရေယာဉ်တွေ သွားလာရ ခက်ခဲကုန်တာတွေပါပဲ။ အဓိက ပြဿနာကတော့ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုတွေ ဖြစ်လာပြီး ဂေဟဗေဒစနစ် ပျက်စီးလာတာကြောင့် စားဝတ်နေ ရေးကို ထိခိုက်လာတာပါပဲ။

မြစ်ကို ကန့်လန့်ဖြတ်ထားတဲ့ ဆည်တွေကြောင့် မြစ်ညာမှာ သားပေါက်လေ့ ရှိတဲ့ ငါးတွေ မြစ်ညာကို တက်ကာ သားမပေါက် နိုင်တော့တာကြောင့် ငါးတွေ ရှားပါးလာတာ၊ မြစ်ရေမျက်နှာပြင် အနိမ့်အမြင့်က သဘာဝအတိုင်း မရှိတော့တာကြောင့် မြစ်ကမ်း စပ် ချုံပုတ်တွေကြားထဲ အသိုက်လုပ်တဲ့ငှက်တွေရဲ့ သားပေါက် နှုန်း လျော့ကျလာတာတွေ ကြုံလာရပါတယ်။

မဲခေါင်မြစ်ကြောင်းတစ်လျှောက်မှာ တရုတ်ရဲ့ အထူး စီး ပွားရေးဇုန် စီမံကိန်းတွေကြောင့် လူမှုစီးပွားဘ၀ ပြောင်းလဲလာ ပုံတွေနဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေကထွက်ရှိလာတဲ့ ဓာတုမြေ သြဇာဓာတ်ကြွင်းတွေ မြစ်ထဲစီးဝင်တာကြောင့် ရေနေသတ်္တ၀ါ တွေ ဆုံးရှုံးတာတွေလည်း အပါအ၀င်ပါပဲ။ သူတို့ရဲ့ တင်ပြဆွေးနွေး မှုတွေအရ မဲခေါင်မြစ်ရဲ့ စီးဆင်းမှုကို တရုတ်က မြစ်ညာကနေ ထိန်းချုပ်ထားပြီး မြန်မာ၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယားနဲ့ ဗီယက် နမ်ကိုဖြတ်သန်းပြီး တောင်တရုတ်ပင်လယ်အထိ မြစ်ကြောင်း တစ်လျှောက် ကုန်သွယ်ရေးနဲ့ အခြား လူမှုစီးပွားဘ၀တွေကို ထိန်းချုပ်ဖို့ ကြိုးစားနေတယ်ဆိုတာ လေ့လာခွင့်ရလိုက်ပါတယ်။

Photo-Zayar Hlaing
တောင်ပေါ်ဘုရားမှ တွေ့ရသည့်မြင်ကွင်း

မနက်တစ်ခင်းလုံး သူတို့သုံးဦးနဲ့ ဆွေးနွေးပြီးကြတဲ့အခါ နေ့လယ်စာ စားကြပါတယ်။ မွန်းလွဲပိုင်းမှာ ဟွိုင်လက်ရွာ ( Huai Luek Village) ကို ထွက်လာခဲ့ကြပါတော့တယ်။ ဟွိုင်လက်ရွာ သူကြီး သောင်စွတ်အိမ်ကို ၀င်တဲ့လမ်းမှာ ကျွဲကောသီးတွေ အပြည့်တင်ထားတဲ့ ဟိုင်းလတ်ကားတစ်စီးကို တွေ့ပါတယ်။ အညှာတွေ အရွက်တွေ စိမ်းစိမ်းစိုစိုနဲ့ လတ်ဆတ်ကြောင်း ကား ပေါ်က ကျွဲကောသီးတွေက ပြောပြနေကြသယောင်။

ရွာသူကြီးသောင်စွတ်ရဲ့ အိမ်က ခြေတံရှည်အိမ်ကြီး။ ခြံ ထဲမှာ ကျွဲကောနဲ့ သင်္ဘောပင်တွေက အသီးအပြိုင်းအရိုင်းနဲ့။ အပေါ်ထပ် တစ်ခြမ်းမှာ လူနေပြီး နောက်တစ်ခြမ်းမှာက လို အပ်ရင် ရွာသားတွေ စုဝေးတိုင်ပင်တဲ့ နေရာ။ စားပွဲခုံရှည်ပတ် လည်မှာ ပလတ်စတစ်ထိုင်ခုံတွေ ချပေးထားတယ်။ ပတ်ပတ် လည်က အကာအရံမရှိ ဟင်းလင်းပွင့်ဖြစ်တာကြောင့် လေက တဟူးဟူး တိုက်နေတယ်။  အသင့်သောက်ကော်ဖီနဲ့ လက်ဖက် ရည်ဗန်းကလည်း အဆင်သင့်။

မဲခေါင်မြစ်အထက်ပိုင်းမှာ ဆည်တွေ ဆောက်တာရဲ့ သက် ရောက်မှုက မြစ်ကို မှီခိုနေတဲ့ သူတို့ရွာသားတွေရဲ့ စားဝတ်နေ ရေးကို တိုက်ရိုက်သက်ရောက်မှု ရှိလာတယ်လို့ သူက ပြောတယ်။ ၂၀၁၆ တုန်းက မဲခေါင်မြစ်ညာ တရုတ်ဆည်တွေကနေ ရေလွှတ် လိုက်လို့ သောင်စွတ်တို့ရွာ ရေလွှမ်းသွားပြီး နှစ်သစ်ကူးပွဲတော် ပျက်စီးသွားတဲ့အကြောင်းကိုပြောတော့ မြစ်ကြေဘက် ဗီယက် နမ်မှာ မိုးခေါင်ရေရှား ဖြစ်တယ်ဆိုလို့ တရုတ်က ရေလွှတ်ပေး လိုက်ရတာ ဖြစ်တယ်လို့ တရုတ်သတင်းစာဆရာမတစ်ယောက် ပြန်ထောက်ပြတယ်။

ဗီယက်နမ်သတင်းထောက်ကလည်း ဟုတ်မှန်ကြောင်း ပြောတဲ့အခါ အဲဒီလို လုပ်မယ်ဆိုရင်လည်း  မြစ်ကြောင်းတစ် လျှောက်က ဒေသခံတွေကို ကြိုတင်အသိမပေးဘဲ လုပ်တာတော့ မဖြစ်သင့်ဘူးလို့ ၀ိုင်းဝန်းဆွေးနွေးကြတယ်။

အခုတစ်ခါ ထပ်ပြီး သူတို့ရွာအောက်ဘက် လာအိုနိုင်ငံ တွင်းမှာ ၉၆ ကီလိုမီတာအကွာ ပက်ဘမ်ဆိုတဲ့ဆည် (Pak Beng Dam) တည်ဆောက်ဖို့ တရုတ်က စီမံကိန်းဆွဲနေတာကိုလည်း သူတို့က စိတ်ပူနေတယ်လို့ ဆိုပါတယ်။ ““အောက်ဘက်က ဆည် ပိတ်ဆောက်လိုက်ရင် ရေကန်ကြီးထဲ နေရသလို ဖြစ်သွားမယ်။ ငါးတွေလည်း ရေကန်ထဲက ငါးတွေလို အစုန်အဆန် ရှင်သန်ရတဲ့ သဘာဝပျောက်သွားမယ်””လို့ သူ့စိုးရိမ်စိတ်ကို ပြောပြတယ်။ သူ ထိုင်နေတဲ့နေရာကို ကျော်ကြည့်လိုက်ရင် တောင်ကြောတွေ ကြား စီးဆင်းသွားတဲ့ မဲခေါင်မြစ်ကြီးနဲ့အတူ လာအိုနိုင်ငံဘက် အခြမ်းကို လှမ်းမြင်ရပါတယ်။

 

မဲခေါင်ကို ဆန်

သူနဲ့ တစ်နာရီကျော်ကြာ စကားပြောပြီးတဲ့အခါမှာတော့ မဲခေါင်မြစ်ထဲ လှေစီးရင်း လေ့လာကြမယ့် ခရီးစဉ်ပါပဲ။ ကျွန်    တော်တို့အဖွဲ့ လှေနှစ်စီး ခွဲစီးကြတယ်။ ကားစီးကြသလိုပဲ။ အာဆီယံသတင်းထောက်တွေက တစ်စီးနဲ့ တရုတ်သတင်းစာ ဆရာတွေက တစ်စီး မတိုင်ပင်ဘဲ ဖြစ်သွားကြပြန်ပါတယ်။

မဲခေါင်မြစ်အောက်ဘက်ကနေ အထက်ဘက်ကို ဆန် တက်ရတဲ့ ခရီးစဉ်ပါ။ ညာဘက်မှာ လာအိုနိုင်ငံနဲ့ ဘယ်ဘက်မှာ ထိုင်းနိုင်ငံပါ။ လာအိုဘက်မှာ ငှက်ပျောစိုက်ခင်းတွေ တစ်သီ တစ်တန်း တွေ့ရတယ်။ တရုတ်က ရင်းနှီးမြှုပ်နှံပြီး စိုက်ပျိုးထားတဲ့ တစ်ရှူးငှက်ပျောခင်းတွေ ဖြစ်တယ်လို့ လာအိုသတင်းထောက်နဲ့ ကျွန်တော်တို့ခရီးစဉ်ကို လိုက်ပါကူညီတဲ့ မီရင်ဒါဆိုတဲ့ ထိုင်း အမျိုးသမီးက ပြောပြတယ်။

တစ်နေရာရောက်တော့ လာအိုဘက်ခြမ်းမြစ်ကမ်းမှာ ကုန်ကားတစ်စီး မြစ်ကမ်းစပ်ကို ထိုးစိုက်ပြီး မြေဆီအိတ်တွေ စက်လှေပေါ်ကနေ သယ်ယူနေတာတွေ့ရတယ်။ အဲဒါ ငှက်ပျော စိုက်ခင်းတွေအတွက် တရုတ်ဘက်က သယ်ယူလာတဲ့ ဓာတ်မြေ သြဇာတွေ ဖြစ်တယ်လို့ လာအိုသတင်းထောက်က ပြောပြတယ်။ တရုတ်တွေက လာအိုဘက်က မြေနဲ့ လူသာ ငှားပြီး စိုက်ပျိုးနည်း စနစ်နဲ့ ဓာတ်မြေသြဇာတွေကို သူတို့ပြည်တွင်းကပဲ တင်သွင်းလာ တယ်လို့ဆိုပါတယ်။ ထွက်လာတဲ့ ငှက်ပျောသီးတွေကိုလည်း တရုတ်နိုင်ငံကိုပဲ ပြန်သယ်သွားကြတာလို့ သူက ရှင်းပြတယ်။

ဆက်ပြီး စုန်ဆင်းလာတော့ မြစ်လက်တက်တစ်ခုနဲ့ ဆုံတဲ့ နေရာကိုရောက်ပါတယ်။ မြစ်လက်တက်ဘက်က ထွက်လာတဲ့ ရေတွေဟာ ကြည်လင်နေပြီး မဲခေါင်မြစ်ထဲက ရေတွေဟာ လက် ဖက်ရည်ရောင်ထနေပါတယ်။ စဆုံတဲ့နေရာမှာ အကြည်နဲ့ အနောက် သီးသန့်စီ ဖြစ်နေပြီး ညနေစောင်းအကျနေက ရေပြင် ပေါ်မှာ တောက်ပနေတယ်။ တုပမရတဲ့ သဘာဝရဲ့ အလှတရား ပါပဲ။ အဲဒီနေရာဟာ အင်မြစ်နဲ့ မဲခေါင်မြစ် ဆုံတဲ့နေရာပါပဲ။

ဆက်လက်စုန်ဆင်းလာတော့ ထိုင်းနဲ့ လာအို ချိတ်ဆက် ထားတဲ့ မြစ်ကူးတံတား တစ်စင်းအောက်က ဖြတ်ရတယ်။ လာအို အလံလွှင့်တင်ထားတဲ့ အပျော်စီးခရီးသည်တင်စက်လှေတစ်စီးကိုလည်းတွေ့ရတယ်။ ကျွန်တော်တို့ စက်လှေနှစ်စင်းကလည်း အပြိုင်အဆိုင် မောင်းနှင်လာကြရင်း ကျွန်တော်တို့တည်းတဲ့ ဟိုတယ်ရဲ့  မြစ်ညာဘက်က ဆိပ်ကမ်းတစ်ခုမှာဆိုက်ကပ်လိုက် ပါတယ်။

ကမ်းပေါ်တက်၊ အမှတ်တရ ဓာတ်ပုံ ရိုက်ကူးပြီးတဲ့နောက် မှာ ချင်းခေါင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ တည်ရှိရာ အဆောက်အအုံလေးဆီကို ဦးတည်လိုက်ကြပါတယ်။ ချင်းခေါင် မြို့ထဲကနေ လမ်းမကြီးအတိုင်း မြောက်ဘက်ကို တည့်တည့်ထွက် လာရင် အဲဒီရုံးလေးကိုရောက်ပါတယ်။ ဘေးကပ်လျက်မှာတော့ မဲခေါင်မြစ်က စီးဆင်းနေတယ်။

ခြံထဲမှာ သီးနှံပင်မျိုးစုံကို စိုက်ပျိုးထားတယ်။ ကျွန်တော်တို့ အဖွဲ့အတွက် ညနေစာကို အဲဒီခြံဝင်းထဲမှာ စီစဉ်ထားတာပါ။ သူတို့အဖွဲ့က ရန်ပုံငွေအဖြစ် “Justic for the Mekong River and her people” ဆိုတဲ့ စာတန်းပါတဲ့ တီရှပ်တွေလည်း ရောင်း တာ တွေ့ရတယ်။ တစ်ထည် ဘတ် ၃၅၀၊ မြန်မာကျပ်ငွေ တစ် သောင်းခွဲဝန်းကျင်ဆိုတော့ ဈေးနည်းနည်းများတယ်လို့ ဆိုရပေ မယ့် ရန်ပုံငွေဖြစ်တာကြောင့် တစ်ထည်အားပေးဖြစ်ခဲ့တယ်။

ညစာကိုတော့ သူတို့အဖွဲ့ဝင်တွေ ကိုယ်တိုင်ချက်ကြပြီး အသီးအရွက် အသားငါးအစုံပါတယ်။ ကျွန်တော်က ခြံထဲ သီးနေ တဲ့ ငရုတ်ပင်က ငရုတ်သီးသုံးလေးတောင့် လတ်လတ်ဆတ်ဆတ် ကိုခူးစားလိုက်ပါသေးတယ်။ ဒီခြံကိုလည်း သူတို့မြို့က စိုက်ပျိုး ရေးလုပ်တဲ့ သူတစ်ယောက်က အများအကျိုးအတွက် သုံးဖို့ ခွင့်ပြုပေးထားတယ်လို့ နီဝက်က ပြောပြတယ်။ ကိုယ့်ဒေသကို ကာကွယ်ဖို့ ကိုယ်ကျိုးမဖက်တဲ့ စိတ်ဓာတ်ရှိတဲ့သူတွေကို ချီးကျူး မိတယ်။

ဟိုတယ်နဲ့လည်း သိပ်မဝေးတာကြောင့် ညစာစားပြီးတော့ တချို့က ဟိုတယ်ကို လမ်းလျှောက်ပြန်ကြတယ်။ မနက်စောစော ရွှေတြိဂံဘက်ကို လေ့လာရေးထွက်ပြီး ကိုယ်စီ လမ်းခွဲရမှာ ဖြစ် တာကြောင့် အခန်းကို စောစောပြန်ပြီး အထုပ်ပိုးပြင်ဆင် အိပ်ရာ ၀င်ခဲ့ပါတော့တယ်။

Photo-Zayar Hlaing
ရွှေတြိဂံပန်းခြံတွင်းမှ ထိုင်တော်မူရုပ်ပွားတော်

 

ရွှေတြိဂံဆီ

မနက်ပိုင်း ရွှေတြိဂံကိုသွားလေ့လာပြီးမှ နေ့လယ်ပိုင်းမှာ လေဆိပ်ဆင်းကြမှာပါ။ ကျွန်တော်အပါအ၀င် အာဆီယံ သတင်း ထောက်လေးယောက်က ဘန်ကောက်မှာ တစ်ည အိပ်ရဦးမှာ ဖြစ်ပြီး နောက်တစ်နေ့မနက် အစောလေယာဉ်နဲ့မှ ပြန်ကြရမှာပါ။

အပြန်ခရီးက တစ်ယောက်နဲ့ တစ်ယောက် လေယာဉ်ချိန် မတူတာကြောင့် အနီးစပ်ဆုံး အချိန်တွေ ညှိပြီး ကားနှစ်စီး ခွဲတက်ကြပါတယ်။ ဒီတစ်ခါတော့ ကျွန်တော်တို့ကားပေါ်မှာ တရုတ်သတင်းစာဆရာမနှစ်ဦးနဲ့ တရုတ်သတင်းစာဆရာတစ်ဦး တို့ ပါလာကြတယ်။

ရွှေတြိဂံအသွားလမ်းမှာ ချင်းစန်အကောက်ခွန်ဆိပ်ကမ်း(Chiang Saen Custom) ကို ၀င်လေ့လာကြတယ်။ အဲဒီ ဆိပ်ကမ်းနဲ့ ခပ်လှမ်းလှမ်းမှာ လာအိုဘက်နဲ့ ချိတ်ဆက်ထားတဲ့ မဲခေါင်မြစ်ကူးတံတားတစ်စင်း ရှိတယ်။ လုံခြုံရေးဂိတ်ဝမှာ အကောက်ခွန်ဂိတ်မှူးက ဆိပ်ကမ်းနဲ့ ပတ်သက်တဲ့ လုပ်ငန်း ဆောင်တာတွေကို ရှင်းပြတယ်။

ဆိပ်ကမ်းထဲ လှည့်ပတ်ကြည့်တော့ ၀မ်းပြားကုန်တင် သင်္ဘောကြီးတစ်စီးပေါ်ကို စက္ကူသေတ္တာတွေ တင်နေတာ တွေ့ရ တယ်။ အလုပ်သမားတွေကို မေးဖို့ ကြိုးစားကြည့်တော့ ကိုယ် လည်း ထိုင်းဘာသာစကားမတတ်၊ သူတို့ကလည်း အင်္ဂလိပ်လို မပြောတတ်။ ကမ္ဘောဒီးယားသတင်းထောက်က သူနားလည်တဲ့ ထိုင်းဘာသာစကားနဲ့ တီးခေါက်ကြည့်တော့ စီးကရက်တွေ တရုတ်ပြည်ကို တင်ပို့ဖို့ လုပ်နေတာလို့ ဆိုပါတယ်။ တရုတ်မှာ စီးကရက်တွေ ဒီလောက်ပေါတာ ဟုတ်နိုင်ပါ့မလားလို့ သံသယ ၀င်မိတယ်။ အဲဒါနဲ့ ကျွန်တော်တို့နဲ့ပါလာတဲ့ ထိုင်းလုပ်အားပေး ကျောင်းသားလေးကို မေးခိုင်းကြည့်လိုက်တော့ ဆေးရွက်ကြီး တွေ တင်နေတာ ဖြစ်ကြောင်း သိရတယ်။ သင်္ဘောက လာအို အပိုင်၊ ဆေးရွက်ကြီးက ထိုင်းက ထွက်တာ၊ တင်ပို့မှာက တရုတ် လို့ ဇာတ်ရည်လည်တော့တယ်။

အဲဒီကနေ ထွက်လာပြီး ရွှေတြိဂံကို ရောက်တော့ ရွှေတြိဂံ ပန်းခြံထဲက ထိုင်တော်မူ ဗုဒ်္ဓရုပ်ပွားတော်မြတ်ကြီးကို ဖူးမြော်ကြ တယ်။ အဲဒီကအပြီးမှာ လာအိုဘက်ကမ်းကို ကူးဖို့ လုပ်ကြပါ တယ်။ အဲဒီမှာ မြန်မာနိုင်ငံကူးလက်မှတ်ဟာ ပြဿနာတက် တော့တာပါပဲ။ ကျွန်တော်တို့အဖွဲ့မှာ စင်ကာပူ နိုင်ငံသားတစ်ဦး၊ လာအို၊ ကမ္ဘောဒီယားနဲ့ ဗီယက်နမ်က သတင်းစာဆရာတွေ ပါကြတယ်။ အကုန်လုံး လာအိုဘက်ကို ကူးလို့ရတယ်။ မြန်မာ နိုင်ငံသား ကျွန်တော့်ကျတော့ ပေးမကူးပါဘူးတဲ့။ ဘာလို့လဲလို့ မေးကြည့်တော့ ကူးသွားလို့ရတယ်၊ ဒါပေမဲ့ ပြန်ဝင်လာမယ်ဆိုရင် တော့ လေယာဉ်နဲ့ ပြန်ဝင်လာမှ ရတယ်လို့ ဆိုပါတယ်။

ဗီယက်နမ်နဲ့ ကမ္ဘောဒီးယားက သူတွေလည်း ကျွန်တော့်လို ထိုင်းနိုင်ငံထဲကို လေယာဉ်နဲ့ ၀င်လာတာဖြစ်ပြီး ထိုင်းကိုဝင်ဖို့ ဗီဇာမလိုတဲ့အတွက် ပြန်ဝင်လို့မရဘူးလားဆိုတော့ အဲဒါကတော့ လာအိုဘက်ရောက်မှသာ မေးကြည့်ပေတော့လို့ ထိုင်းလ၀က အရာရှိက ဆိုပါတယ်။ ညနေလေဆိပ်လည်း ဆင်းရမှာ ဖြစ်တာ ကြောင့် အချိန်ကလည်း သိပ်မရ၊ မသေချာတဲ့ ခရီးစဉ်ကိုလည်း မစွန့်စားချင်တာကြောင့် ဒီဘက်ကမ်းမှာပဲနေခဲ့ပြီး မဲဆိုင်ဘက်ကို ခရီးဆက်ဖို့ အစီစဉ်ဆွဲလိုက်ပါတယ်။

အဲဒီအချိန်မှာ ကမ္ဘောဒီးယား သတင်းစာဆရာမကလည်း ““နင်တစ်ယောက်တည်း ကျန်ခဲ့မယ်ဆို ငါလည်း နင်နဲ့ အဖော် လုပ်ပြီးနေခဲ့မယ်””တဲ့။ သူလည်း မဲဆိုင်ကို လိုက်ချင်တယ်လို့ ဆိုလာပါတယ်။ ဒီလို ပြည်ဝင်ပြည်ထွက်ကိစ်္စတွေကို  ခရီးစဉ် စီစဉ်တဲ့သူတွေအနေနဲ့ ကြိုတင် သတင်းအချက်လက် စုဆောင်း သင့်တယ်လို့ သူက စောဒကတက်ပါသေးတယ်။

အဲဒါနဲ့ နှစ်ယောက်သား ပါလာတဲ့ ကားနှစ်စီးထဲက တစ်စီး ကို တာချီလိတ်နယ်စပ် မဲဆိုင်ကို မောင်းခိုင်းလိုက်ပါတော့ တယ်။ လမ်းကလည်း ကောင်း၊ ခရီးကလည်း မိုင် ၂၀ နီးပါးလောက်ပဲ ရှိ တာမို့ နာရီဝက်လောက်ပဲ မောင်းလိုက်ရတယ် မဲဆိုင်မြို့ကို ရောက်ပါတယ်။

မဲဆိုင်

ကမ္ဘောဒီးယား သတင်းစာဆရာမအတွက်တော့ ပထမဦး ဆုံးအကြိမ်ပါပဲ။ ကျွန်တော့်အတွက်တော့ ၁၀ နှစ်အကြာမှာ မဲဆိုင်ကို တစ်ခေါက် ထပ်ရောက်လာခြင်းပါ။ အဲဒီမှာ မြန်မာ ဘက်ကမ်းက ကူးလာတဲ့ ဈေးသည်တော်တော်များများကိုလည်း တွေ့ရတယ်။ ကမ္ဘောဒီးယားသတင်းစာဆရာမက ထိုင်းနဲ့ မြန်မာ ဘယ်လိုခွဲသလဲတဲ့။ စကားပြောတာ ကြားရင် သိနိုင်တဲ့အပြင်      မျက်နှာမှာ သနပ်ခါးလူးထားတာ တွေ့လားလို့ သူ့ကို ခွဲခြားပြ လိုက်ပါတယ်။ အဲဒါ ငါတို့ ရိုးရာသနပ်ခါးပဲ၊ မြန်မာတိုင်းလိုလို ကြိုက်ကြ၊ လိမ်းကြတယ်ဆိုတာ ရှင်းပြလိုက်ရတယ်။

ထိုင်းနဲ့မြန်မာကို ချောင်းကျဉ်းလေးက စည်းခြားထား တယ်။ နယ်စပ်ကူးတံတားအောက်က ဖြတ်တော့ လက်နက်ကိုင် အစောင့်တွေ တွေ့ရတယ်။ မဲဆိုင်မှာ လှည့်ပတ်ကြည့်ရှု နေ့လယ် စာ စားပြီး ၄၅ မိနစ်လောက်ကြာတော့ ကားဆီကို ပြန်လာခဲ့ ကြတယ်။ တောဝက်ဘောလုံးအသင်း ပိတ်မိတဲ့ဂူကို သွားကြည့်ဖို့ ကားဆရာကို မေးကြည့်တော့ နည်းနည်းလှမ်းသေးတယ်ဆိုတာနဲ့ လေယာဉ်ချိန်မမီမှာစိုးလို့ ရွှေတြိဂံကိုပဲ ပြန်လာခဲ့လိုက်ကြတယ်။

ညနေ ၄ နာရီမှာ ပြန်ဆုံမယ်လို့ ပြောထားကြတာကြောင့် ရွှေတြိဂံ ပြန်ရောက်တော့ တစ်နာရီလောက် အချိန်စောနေပါ သေးတယ်။ အဲဒါနဲ့ ရွှေတြိဂံပန်းခြံရှေ့က တောင်ပေါ်စေတီလေးဆီ ကို တက်ခဲ့ကြတယ်။ အုတ်စီ၊ သံလက်ရန်းနဲ့ လှေကားထစ်လေး တွေက သန့်ရှင်းနေတယ်။ ရေညှိလေးတွေ ကပ်နေတာကြောင့် ချော်မလဲအောင် သတိထားပြီး တက်ရတယ်။

အပေါ်ရောက်တော့ အုတ်ကျိုးအုတ်ပဲ့တွေ ထိုးထိုးထောင် ထောင်ထွက်နေတဲ့ စေတီပျက်တွေနဲ့ ဇရပ်လိုအဆောင်ဟောင်း တွေတွေ့ရတယ်။ တရုတ်စာတွေရေးထိုးထားတဲ့ ကျောက်တိုင် အမည်းတစ်ခုလည်းတွေ့ရတယ်။ အဲဒီနေရာကနေ နည်းနည်း ထပ်လွန်သွားတော့ သပိတ်ပိုက်ထားတဲ့ ရှင်ဥပဂုတ်္တရုပ်တုနဲ့ ရွှေတြိဂံရှိရာ မဲခေါင်မြစ်ကို မျက်နှာမူထားတဲ့ မတ်တတ်ရပ် ရုပ်ပွားတော်အကြီးကြီးတစ်ဆူ တွေ့ရတယ်။ အဲဒီနေရာက ကြည့် ရင် မြန်မာ၊ လာအိုနဲ့ ထိုင်းဆုံရာရွှေတြိဂံကို အပေါ်စီးကနေ ကောင်းကောင်းမြင်ရတယ်။

လာအိုဘက်ခြမ်းမှာ တည်ဆောက်နေတဲ့ ကာစီနိုလောင်း ကစားရုံတွေ ပါတဲ့ ဆောက်လက်စ အဆောက်အအုံကြီးတွေကို လည်း မြင်ရသလို လှေ၊ သင်္ဘောတွေ ကုန်တင်ချ ပြုလုပ်နေတဲ့ အကောင်အထည် ဖော်လက်စ အထူးစီးပွားရေးဇုန်ကိုလည်း တွေ့ရတယ်။ ပြီးခဲ့တဲ့နေ့က ကစ်နုကွန်း ရှင်းပြခဲ့တဲ့ အထူးစီးပွား ရေးဇုန်တွေပါပဲ။ မြန်မာဘက်အခြမ်းမှာတော့ အမိုးနီနီနဲ့ မုခ်ဦးဝ တစ်ခုသာ တွေ့ရပြီး လှုပ်ရှားမှု မတွေ့ရဘဲ ငြိမ်သက်နေတယ်။

တောင်ပေါ်က ပြန်ဆင်းလာတော့ တရုတ်ကသတင်းစာ ဆရာတွေကို တွေ့ပါတယ်။ လာအိုဘက်ကမ်း ကူးသွားတဲ့သူတွေ လည်း မကြာခင် ပြန်ရောက်လာပြီး ကားပေါ်တက်ကာ လေဆိပ် ကို ဆင်းကြပါတော့တယ်။ တရုတ်သတင်းစာဆရာတွေက နောက်တစ်နေ့မှ ချင်းရိုင်ကနေ ကူမင်းကို တိုက်ရိုက်ပြန်ကြမှာ ကြောင့် ချင်းရိုင်မြို့ထဲမှာ ဆင်းနေခဲ့ကြတယ်။ ကျွန်တော်တို့ အာဆီယံသတင်းထောက်တွေချည်းပဲ ချင်းရိုင်ကတစ်ဆင့် ဘန် ကောက်၊ နောက်တစ်နေ့မနက်အစောမှာတော့ ကိုယ့်ဌာနေ အသီးသီးကို ပြန်ခဲ့ကြပါတော့တယ်။

မြန်မာနဲ့ ထိစပ်နေတဲ့ မဲခေါင်မြစ်ရဲ့ အစိတ်အပိုင်းဟာ တိုတောင်းလှတာကြောင့် သိပ်မသိသာလှပေမယ့် ကျွန်တော်တို့ အိမ်နီးချင်းတွေမှာ တရုတ်ရဲ့ ရေစီမံခန့်ခွဲမှုနိုင်ငံရေးတွေကြားမှာ တက်ကြွလှုပ်ရှားသူတွေ၊ ပညာရှင်တွေနဲ့ ဒေသခံတွေ ပူးပေါင်း ပါဝင်နေတာ တွေ့ ခဲ့ရတယ်။ ကျွန်တော်တို့နိုင်ငံထဲကမြစ်ကြီးတွေ ရဲ့ ရေသယံဇာတ စီမံခန့်ခွဲမှုတွေကရော ဘယ်လိုရှိသလဲ ဆက် လက် လေ့လာရေးသားသွားဖို့ အတွေးတစ်ပွေ့တစ်ပိုက်နဲ့ အိမ် ပြန်ခဲ့ရတဲ့ ခရီးစဉ်တစ်ခုပါပဲ။

 

ဈေးနှုန်းသက်သာစွာ ကြော်ငြာထည့်သွင်းနိုင်ပါပြီ

LEAVE A REPLY

Please enter your comment!
Please enter your name here