Home သတင်း ရန်ကုန်မြို့ မိလ္လာပြွန်စနစ်ပြုပြင်မွမ်းမံရန် ဂျပန်ယန်း ၄၅ ဘီလီယံ အသုံးပြုမည်

ရန်ကုန်မြို့ မိလ္လာပြွန်စနစ်ပြုပြင်မွမ်းမံရန် ဂျပန်ယန်း ၄၅ ဘီလီယံ အသုံးပြုမည်

67
0
အင်းစိန်မြို့နယ်၊ အောင်သိပ္ပံလမ်းတွင် နေအိမ်တစ်အိမ်၏ မိလ္လာကန်အား ရေပုပ်စုပ်ယာဉ်ဖြင့် စုပ်ယူနေစဉ်
Photo-Hay Man Pyae အင်းစိန်မြို့နယ်၊ အောင်သိပ္ပံလမ်းတွင် နေအိမ်တစ်အိမ်၏ မိလ္လာကန်အား ရေပုပ်စုပ်ယာဉ်ဖြင့် စုပ်ယူနေစဉ်
ဈေးနှုန်းသက်သာစွာ ကြော်ငြာထည့်သွင်းနိုင်ပါပြီ
ဟေမာန်ပြည့်
မတ် ၁၂
 
ရန်ကုန်မြို့ မိလ္လာပြွန်စနစ်ပြုပြင်မွမ်းမံရန် ဂျပန်ယန်း ၄၅ ဘီလီယံ အသုံးပြုမည်ဖြစ်ပြီး အခြား လျှပ်စစ်ဓါတ်အားပေးရေးနှင့် မြို့ပြဖွံ့ဖြိုးမှုစီမံကိန်းများဆောင်ရွက်ရန်အပါအ၀င် ဂျပန်နိုင်ငံမှ ယန်း ၈၂ ဘီလီယံ ချေးယူခွင့်ပြုရန် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ယနေ့ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် တင်ပြခဲ့သည်။
 
အဆိုပါချေးငွေကို ဂျပန်နိုင်ငံအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (Japan International Cooperation Agency – JICA) ထံမှ အတိုးနှုန်း ၀ ဒသမ ၀၁ ရာခိုင်နှုန်းဖြင့် ချေးငွေသက်တမ်း နှစ် ၄၀ ချေးယူရန် စီစဉ်ထားကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမောင်မောင်ဝင်းက လွှတ်တော်တွင်ပြောသည်။
 
ဦးမောင်မောင်ဝင်းက “ရန်ကုန်မြို့တော်ရဲ့မိလ္လာပြွန်စနစ်ဟာ နှစ်ပေါင်း ၁၃၀ ကျော်ရှိပြီဖြစ်ပြီးတော့ ကြံ့ခိုင်မှုအခြေအနေ များစွာယိုယွင်းနေပြီဖြစ်တဲ့အတွက် ပြုပြင်မွမ်းမံပြင်ဆင်ရန်လိုအပ်လျှက်ရှိပါတယ်” ဟု ထောက်ပြသည်။
 
မိလ္လာပြွန်ဖွံ့ဖြိုးမှုစီမံကိန်းအတွက် ဖြစ်မြောက်နိုင်စွမ်းလေ့လာဆန်းစစ်မှုကို ၂၀၁၇ နိုဝင်ဘာမှ ၂၀၁၉ ဖေဖော်ဝါရီလအထိ ပြုလုပ်ခဲ့သည်။ မိလ္လာပြွန်စီမံကိန်းဆောင်ရွက်မှုကာလသည် ၂၀၁၉ မှ ၂၀၂၈ အထိ ကိုးနှစ်ကြာမြင့်မည်ဖြစ်ပြီး package ၃ ခုဖြင့် ဆောင်ရွက်သွားမည်ဟု ဒုဝန်ကြီးက ရှင်းလင်းခဲ့သည်။
 
ချေးငွေတွင် ဂျပန်ယန်း ၄၅ ဘီလီယံကို ရန်ကုန်မြို့မိလ္လာပြွန်စနစ်ဖွံ့ဖြိုးမှုစီမံကိန်းအတွက် လည်းကောင်း၊ ရန်ကုန်မြို့တွင် ရေကြီးရေလျှံမှုနှင့် ယာဉ်ကြောပိတ်ဆို့မှုလျှော့ချရေးတို့ ပါဝင်သည့် ရန်ကုန် မြို့ပြဖွံ့ဖြိုးမှုစီမံကိန်းအတွက် ဂျပန်ယန်း ၂၄ ဒသမ ၀၈၅ ဘီလီယံကို လည်းကောင်း၊ ရန်ကုန်တိုင်းနှင့် မန္တလေးတိုင်း ဒေသကြီးတွင်မြို့ပြဧရိယာ ဓါတ်အားဖြန့်ဖြူးမှုတိုးတက်ကောင်းမွန်ရေးစီမံကိန်းအတွက် ဆောင်ရွက်ရန် ဂျပန်ယန်း ၁၂ ဒသမ ၂၈၈ ဘီလီယံ အသုံးပြုမည်ဟု ၀န်ကြီးက ရှင်းလင်းခဲ့သည်။
 
ယင်းချေးငွေကိစ္စနှင့်ပတ်သက်ပြီး ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် မတ် ၁၄ နောက်ဆုံးထားပြီး ပြည်ထောင်စုလွှတ်တော်ရုံးတွင် အမည်စာရင်းတင်သွင်းနိုင်ကြောင်း လွှတ်တော်ဥက္ကဌက ပြောကြားခဲ့သည်။
ဈေးနှုန်းသက်သာစွာ ကြော်ငြာထည့်သွင်းနိုင်ပါပြီ

LEAVE A REPLY

Please enter your comment!
Please enter your name here