Home ဓာတ်ပုံရသ မဲခေါင်ကို မောင်ပိုင်မစီးပါနဲ့

မဲခေါင်ကို မောင်ပိုင်မစီးပါနဲ့

575
0
Advertise Here

၂ဝ၁၈၊ ဒီဇင်ဘာလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၆ဝ)မှ Postcard ဖြစ်ပါသည်။

စောသစ်ထူး ရေးသည်။

 

Advertise Here

မဲခေါင်မြစ်ထဲက ရေတွေဟာ ရာသီချိန်အလိုက် ပုံမှန်စီးဆင်းနေ မှာပဲလို့ မှတ်ယူခဲ့တဲ့  သောင်စွတ် (၅၄ နှစ်) ရဲ့ ယူဆချက်တွေဟာ လွန်ခဲ့တဲ့နှစ်နှစ်က စလို့ လုံးဝပြောင်းလဲသွားခဲ့ပါပြီ။

နှစ်စဉ် ဧပြီလမှာ ကျရောက်လေ့ရှိတဲ့ ထိုင်းလူမျိုးတို့ရဲ့ ရိုးရာပွဲ ဆုန်ခရမ်ပွဲတော်(သင်္ကြန်) အတွက် သောင်စွတ်ရဲ့ ရွာ တည်ရှိရာ မဲခေါင်မြစ်ကမ်းပါးသောင်စပ်မှာ ပြင်ဆင်နေခဲ့ကြချိန် ပေါ့။ မဲခေါင်မြစ်ရေဟာ သူတို့ ထင်မှတ်မထားခဲ့ပါဘဲ တရိပ်ရိပ် မြင့်တက်လာပြီး သူတို့ ပြင်ဆင်ထားတဲ့ ပျော်ပွဲရွှင်ပွဲအတွက်  မဏ္ဍပ်တွေကို နှစ်မြှုပ် ဖုံးလွှမ်းပစ်လိုက်ပါတယ်။

““ထင်မှတ်မထားခဲ့ဘူး။ နုန်းတင်မြေနုကျွန်းတွေပေါ် စိုက် ထားတဲ့ သီးနှံခင်းတွေပါ ပျက်စီးကုန်တယ်””လို့ သူက ပြန်ပြောင်း ပြောပြတယ်။

သောင်စွတ်အုပ်ချုပ်ရတဲ့ ဟွိုင်လက်ရွာ (Huai Luek Village) ဟာ နွေရာသီမှာ မဲခေါင်မြစ်အတွင်း ပုံမှန်ပေါ်ထွန်းလေ့ ရှိတဲ့ သောင်တွေပေါ် ပွဲတော်ကျင်းပကြတာ သူတို့ရဲ့ အစဉ်အလာ ပါ။ ဒါပေမဲ့ ဒီအစဉ်အလာဟာ မမျှော်လင့်ဘဲ မြစ်ရေမြင့်တက် ခဲ့တာကြောင့် ကသုတ်ကရက်ဖြစ်ခဲ့ရပါတယ်။

မဲခေါင်မြစ်ညာ တရုတ်ပြည်တွင်းမှာတည်ဆောက်ထားတဲ့ ဆည်ကနေ ရေတွေ လွှတ်ပေးလိုက်တာကြောင့် မဲခေါင်မြစ်ထဲက ရေတွေ ရုတ်တရက် မြင့်တက်လာတယ်ဆိုတာတော့ နောက်ပိုင်း မှ သူသိလာခဲ့ရပါတယ်။ ၂၀၁၆ နှစ်ဆန်းပိုင်း မဲခေါင်မြစ်အောက် ပိုင်းဒေသတွေမှာ မိုးခေါင်ရေရှားဖြစ်တာကြောင့် မြစ်အထက် ပိုင်းမှာရှိတဲ့ တရုတ်ဆည်တွေကနေ ရေလွှတ်ပေးခဲ့ရတာပါ။

Fish Ladder Illustration by NOAA

တရုတ်နိုင်ငံတွင်းမှာ လန်ချန်လို့ခေါ်ပြီး မြန်မာနိုင်ငံက စတင်လို့ မဲခေါင်လို့ခေါ်တဲ့ မြစ်ရဲ့ မြစ်ညာဒေသမှာ တရုတ်က ရေကာတာတွေတည်ဆောက်ပြီးနောက်ပိုင်း မဲခေါင်မြစ်ကြောင်း မြစ်ဝှမ်းဒေသတွေမှာ စိုက်ပျိုးရေးနဲ့ ရေလုပ်ငန်းတွေ အဓိက ထိခိုက်ခံစားရပြီး ဇီဝမျိုးစုံမျိုးကွဲတွေရဲ့ ဂေဟဗေဒစနစ်နဲ့ အနာ ဂတ်စားနပ်ရိက်္ခာ ဖူလုံရေးကိုပါ ထိခိုက်လာမှာ စိုးရိမ်နေရပြီလို့ ဒေသခံတွေနဲ့ လေ့လာစောင့်ကြည့်ရေးအဖွဲ့တွေက ဆိုကြပါတယ်။

မြစ်အထက်ပိုင်းမှာ ဆည်တွေဆောက်ပြီး မဲခေါင်မြစ်ရဲ့ ရေစီမံခန့်ခွဲမှုကို တရုတ်က လက်ဝါးကြီးအုပ်ကာ မြစ်ကြောင်း ဒေသတွေရဲ့ နိုင်ငံတွေကို ထိန်းချုပ်ဖို့ ကြိုးစားတဲ့ခြေလှမ်းတစ်ရပ် အဖြစ်လည်း သူတို့က ရှုမြင်သုံးသပ်ကြပါတယ်။

မြစ်အထက်ပိုင်းကနေ ရေကိုလိုရင်လိုသလို စုဆောင်း လိုက် ဖွင့်ထုတ်လိုက် လုပ်နေရအောင် ““မဲခေါင်မြစ်ဟာ ရေပိုက် ခေါင်းက လာတဲ့ ရေ မဟုတ်ဘူး””လို့ နိုင်ငံတကာမြစ်များ(International Rivers) အဖွဲ့ရဲ့ လှုံ့ဆော်ရေးဒါရိုက်တာ ပီရန်ပွန်ဒီး တီးစ် (Pianporn Deetes) ကပြောပါတယ်။ သူဟာ မဲခေါင်မြစ် နဲ့သံလွင်မြစ်ထိန်းသိမ်းကာကွယ်ရေးအတွက် ဒေသခံတွေ ပူး ပေါင်းပါဝင်လာအောင် နှစ်ပေါင်းများစွာလှုံ့ဆော်စည်းရုံးလာသူဖြစ်ပါတယ်။

တိဘက်ကုန်းမြင့်ဒေသမှာ မြစ်ဖျားခံတဲ့ မဲခေါင်မြစ်ဟာ ၄,၈၀၀ ကီလိုမီတာရှည်လျားပြီး က်္ဘာပေါ်မှာ ၁၂ စင်းမြောက် အရှည်လျားဆုံး မြစ် ဖြစ်ပါတယ်။ တရုတ်၊ မြန်မာ၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီယားနဲ့ ဗီယက်နမ်နိုင်ငံတွေကို ဖြတ်သန်းစီးဆင်းပြီး တောင်တရုတ်ပင်လယ်ထဲကို စီးဝင်ပါတယ်။ မဲခေါင်မြစ်ဝှမ်းကို မှီတင်းနေထိုင်သူ သန်း ၆၀ ရှိပါတယ်။

 

ဆည်များရဲ့  ခြိမ်းခြောက်မှုကြားက မဲခေါင်

မဲခေါင်မြစ်ညာဒေသ တရုတ်နိုင်ငံအတွင်းမှာ တည် ဆောက်ပြီး ဆည်ခြောက်ခုရှိပြီး လေးခုက တည်ဆောက်ဆဲ ဖြစ်ပါတယ်။ တရုတ်နိုင်ငံတွင်း အပါအ၀င် မဲခေါင်မြစ်ရိုးတစ် လျှောက်မှာတော့ တည်ဆောက်ပြီး ဆည်ခြောက်ခု၊ တည် ဆောက်ဆဲ ခုနစ်ခုနဲ့ တည်ဆောက်ဖို့ စီမံကိန်းလျာထားတဲ့ ဆည် ၁၀ ခုရှိနေတယ်လို့ ကမ္ဘာ့မြစ်များအဖွဲ့ကပြုစုထားတဲ့ မဲခေါင်မြစ် ပေါ်က ဆည်များပြမြေပုံမှာ တွေ့ရပါတယ်။

သဘာဝအတိုင်းစီးဆင်းနေတဲ့မြစ်ရေကို ကန်လန့်ဖြတ် ပိတ်ပြီး ရေကာတာတွေဆည်တွေ တည်ဆောက်လိုက်တာ ကြောင့် မြစ်ရိုးတစ်လျှောက် စုန်ဆန်သွားလာနေကြတဲ့ ငါးတွေ ကို ဟန့်တားသလိုဖြစ်ပြီး ငါးမျိုးဆက်ပြန့်ပွားရေးကို ထိခိုက်လာ နေတယ်လို့ ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းခေါင်ခရိုင်မှာ အခြေ စိုက်တဲ့ ချင်းခေါင်ထိန်းသိမ်းရေးအဖွဲ့ခေါင်းဆောင် နီဝက်ရွိုင် ကွေး (Niwat Roykaew) က ပြောပါတယ်။ သူဟာ မဲခေါင်မြစ် ထိန်းသိမ်းကာကွယ်ရေးအတွက် ဆယ်စုနှစ်များစွာ လုပ်ဆောင်ခဲ့ သူလည်း ဖြစ်ပါတယ်။

ငါးတွေရဲ့ သဘာဝအရ မြစ်ညာဘက်ဆန်တက်ပြီး ငါးသား လောင်းလေးတွေအတွက် သားကြီးငါးကြီးတွေရဲ့ အန္တရာယ် ကင်းလွတ်နိုင်တဲ့ အကာအကွယ်ရှိတဲ့ နေရာတွေမှာ ဥဥချပြီးသား ဖောက်လေ့ရှိပါတယ်။ သူတို့ ဆန်တက်မယ့် မြစ်ရိုးကို ဆည်တွေ က  ပိတ်ကာလိုက်တဲ့အခါ သားပေါက်ရမယ့်နေရာဆီ ရောက် အောင် မသွားနိုင်တော့တာကြောင့် မဲခေါင်မြစ်တွင်းမှာ ငါးတွေ တဖြည်းဖြည်း ရှားပါးလာနေပြီလို့ သူက ဆိုပါတယ်။

တရုတ်က တည်ဆောက်တဲ့ ရေကာတာတွေမှာ ငါးလှေ ကား (Fish Ladder) တွေ တပ်ဆင်ထားတယ် ဆိုပေမယ့် တကယ်တမ်း အလုပ်မဖြစ်ပါဘူးလို့လည်း ဆိုပါတယ်။ ငါးလှေ ကားဆိုတာ ငါးတွေ ခုန်တက်နိုင်လောက်တဲ့ အကွာအဝေးတိုင်း မှာ အထစ်ကလေးတွေ လုပ်ထားပေးပြီး အမြင့်ကို တက်နိုင် အောင် လုပ်ပေးထားတဲ့ လမ်းကြောင်း ဖြစ်ပါတယ်။

ငါးကြီးတွေ မြစ်အထက်ပိုင်းကိုတက်ပြီး သားပေါက်နိုင်ခဲ့ ရင်တောင် ငါးသားပေါက်လေးတွေ မြစ်အောက်ဘက်ကို ပြန်စုန် ဆင်းတဲ့အခါ ရေအားလျှပ်စစ်တာဘိုင်တွေကို ဖြတ်သန်းရတာ ကြောင့် တာဘိုင်ဒလက်တွေကြားမှာ အစိတ်စိတ်အပိုင်းပိုင်း ဖြစ် ပြီး ပြန်ထွက်လာတာတွေကို တွေ့ရှိရတယ်လို့ နီဝက်က ဓာတ်ပုံ တွေနဲ့တကွ သူတို့အဖွဲ့ရဲ့ တွေ့ရှိချက်ကို ရှင်းပြပါတယ်။

ဆည်တွေ ပိတ်ဆောက်လိုက်ပြီးနောက်ပိုင်း မဲခေါင်မြစ်ထဲ မှာတင် ငါးရှားပါးလာတာမဟုတ်ဘဲ မဲခေါင်မြစ်ထဲကို စီးဝင်တဲ့ မြစ်တစ်ခုဖြစ်တဲ့ အင်မြစ် (Ing river) ၀ှမ်းဒေသမှာလည်း အလားတူ ငါးတွေ ရှားပါးလာသလို ငါးမျိုးစိတ်တချို့လည်း ကွယ် ပျောက်ကုန်ပြီလို့ ဒေသခံတွေ ကပြောကြပါတယ်။

ယခင်က အင်မြစ်ထဲမှာ ငါးမျိုးစိတ်ပေါင်း နှစ်ရာကျော်ရှိရာ ကနေ အခုအခါမှာ မျိုးစိတ် ၇၈ မျိုးပဲ တွေ့ရတော့တယ်လို့ ငါးလုပ် ငန်းဌာနရဲ့ လေ့လာတွေ့ရှိချက်ကို ကိုးကားပြီး အသက် ၄၁ နှစ် အရွယ် ဒေသခံ ပစ်ချာရဖောင် (Pitchayehpong) က ပြောပါ တယ်။ သူနေထိုင်တဲ့ ဘန်ရမ်ရွာ(Ban Raung Village) ဟာ အင်မြစ်ကမ်းနဖူးမှာ တည်ရှိပြီး သူဟာ ဘန်ရမ်ရွာရဲ့ အစုအဖွဲ့ပိုင် သစ်တောကို ကာကွယ်ထိန်းသိမ်းတဲ့နေရာမှာ တက်ကြွလှုပ်ရှား သူလည်း ဖြစ်ပါတယ်။

““အနာဂတ်ကာလမှာ ငါးတွေ ပျောက်သွားမှာ စိုးရိမ်ရ တယ်””လို့ သူက လေသံခပ်အေးအေးနဲ့ ညည်းတွားပါတယ်။

သူတို့ရွာပိုင်တဲ့အစုအဖွဲ့ပိုင် သစ်တောအတွက် နောက်ထပ် ခြိမ်းခြောက်မှုတစ်ခုကတော့ တရုတ်က တည်ဆောက်ဖို့ လျာ ထားတဲ့ အထူးစီးပွားရေးဇုန်ပါပဲ။

Photo-Zayar Hlaing
သတင်းထောက်တွေကို ရှင်းပြနေတဲ့ ရွာသူကြီးသောင်စွတ်

အထူးစီးပွားရေးဇုန်နဲ့ ဂေဟဗေဒစနစ် ထိခိုက်နိုင်ခြေ

ဘန်ရမ်ရွာရဲ့အစုအဖွဲ့ပိုင်သစ်တောဟာ ရေတိမ်တော အမျိုးအစားဖြစ်ပါတယ်။ မိုးရာသီမှာ သစ်တောဧရိယာအတွင်း လူတစ်ရပ်စာလောက် ရေနစ်မြုပ်လေ့ရှိပြီး ငါးမျိုးစိတ်တွေ ရှင် သန်ပေါက်ပွားဖို့ နေရာကောင်းလည်း ဖြစ်ပါတယ်။ သစ်တော အတွင်း ပေါက်ရောက်နေတဲ့ အသီးအပွင့်တွေ ကြွေကျပြီး ငါးတွေ အတွက် အစာအာဟာရ ဖြစ်လာသလို သစ်ပင်ချုံနွယ်တွေက လည်း ငါးသားလောင်းတွေ ခိုနားရှင်သန်နိုင်တဲ့ နေရာကောင်းပဲ ဖြစ်ပါတယ်။

ဒေသခံတွေ ၀င်ငွေတိုးဖို့နဲ့ အလုပ်အကိုင်၊ အခွင့်အလမ်း တွေ ဖန်တီးပြီး ရေရှည်တည်တံ့တဲ့ အလုပ်အကိုင်၊ အခွင့်အလမ်း တွေ ဖန်တီးပေးဖို့ အထူးစီးပွားရေးဇုန် တည်ဆောက်မှာ ဖြစ် တယ်လို့ အာဏာပိုင်တွေက ပြောနေပေမယ့် တကယ့်လက်တွေ့ မှာ ဒေသခံတွေရဲ့ သဘာဝအလျောက် ရှင်သန်နေထိုင်မှုကို ခြိမ်း ခြောက်မှုပဲ ဖြစ်တယ်လို့ ပစ်ချာရာဖောင်က ရှုမြင်ထားပါတယ်။

သူတို့ရွာရဲ့ အစုအဖွဲ့ပိုင် သစ်တောဟာ ရေဖုံးလွှမ်းပြီး သုံး မရတော့တာကြောင့် စီးပွားရေးဇုန်အဖြစ် ပြောင်းလဲပစ်မယ် ဆိုတာ အဓိပ်္ပာယ်မရှိဘူးလို့လည်း သူက ဆိုပါတယ်။ ““ဒီသစ် တောဟာ အစားအစာဖူလုံရေးအတွက် အရေးကြီးပါတယ်။ ကျွန်တော်တို့အတွက် အစာရော ဆေးပါ ဒီတောက ပေးနေတာ””လို့ သူက ရှင်းပြတယ်။

““ဒီရေတိမ်တောဟာ အင်မြစ်ရဲ့ အကြီးဆုံးရေတိမ်တော လည်းဖြစ်တယ်။ ကျွန်တော်တို့ ဆွေစဉ်မျိုးဆက် ကာကွယ်လာ တာ နှစ်ရာချီရှိနေပြီ။ ပျက်စီးမခံနိုင်ဘူးလို့””လို့ ပစ်ချာရာဖောင်က သူ့ခံယူချက်ကို သတင်းထောက်တွေကို ပြောပြတယ်။

အထူးစီးပွားရေးဇုန် လုပ်တဲ့အခါ ရေအရင်းအမြစ်တွေကိုမျှဝေသုံးစွဲရတော့မှာ ဖြစ်တာကြောင့် စိုက်ပျိုးရေးအတွက် ရေ အခက်အခဲ ရှိလာနိုင်သလို ရေတိမ်တော ပြုန်းတီးသွားတဲ့အခါ ငါးမျိုးစိတ် ရှင်သန်ပေါက်ပွားတဲ့ စားကျက်လည်း ပျောက်သွားမှာ စိုးရိမ်ရတယ်လို့ သူက ဆိုပါတယ်။

 

Seasonal Flow နဲ့ စိုက်ပျိုးရေး

လက်ရှိအနေထားမှာတောင် ဆည်တွေကြောင့် ငါးမျိုးစိတ် တွေအပြင် စိုက်ပျိုးရေးမှာလည်း အခက်အခဲတွေ ကြုံတွေ့နေရပြီ လို့ ဒေသခံတွေက ဆိုပါတယ်။ ဆည်တွေ ပိတ်တားထားတာ ကြောင့် မြစ်ထဲ စီးဆင်းတဲ့ရေမှာ နုန်းအနည်အနှစ်နဲ့ သဘာဝမြေ ဆီ ပါဝင်မှုနည်းလာတာကြောင့် သီးနှံဖြစ်ထွန်းမှုတွေ ကျဆင်း လာတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

ရာသီအလိုက် စီးဆင်းတဲ့ မြစ်ရေ(Seasonal Flow) ကို မှန်းဆလို့မရတော့တာကြောင့် သီးနှံစိုက်ပျိုးရေးမှာ အခက်တွေ့ရ ပါတယ်။ ၂၀၁၆ ဆောင်ခရမ်ပွဲတော်မတိုင်ခင် မြစ်ညာဘက်က ဆည်ရေလွှတ်လိုက်တာကြောင့် မြစ်ရေ နှစ်မီတာလောက် မြင့် တက်ခဲ့ပြီး စိုက်ခင်းတွေလည်း ပျက်စီးခဲ့တယ်လို့ ဟွိုင်လက် ရွာသူကြီး သောင်စွတ်က ပြန်ပြောင်းပြောပြတယ်။

၂၀၀၈ သြဂုတ် မိုးရာသီတုန်းက မိုးကြီးချိန် မြစ်ညာကနေ ဆည်ရေပါ လွှတ်ချလိုက်တာကြောင့် မြစ်ကမ်းပါးပဲ့ပြီး သူ့ရွာက နေအိမ် ၁၀ လုံး ရေထဲကျသွားခဲ့တယ်လို့ သူ့အတွေ့အကြုံကို ပြောပါတယ်။ မဲခေါင်မြစ်ထဲကိုစီးဆင်းတဲ့ ငိုးမြစ်(Ngo River) လို့ခေါ်တဲ့ မြစ်လက်တက်တစ်ခုဟာလည်း ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

ယခင်က နွေရာသီဆိုရင် ဒေသခံတွေက မဲခေါင်မြစ်ထဲမှာ ရေညှိကောက်ကြပါတယ်။ တစ်ရက်ကို ထိုင်းဘတ် ၅၀၀ (ကျပ် ၂၅,၀၀၀ ခန့်) ဖိုးလောက် ရတယ်လို့ ဆိုပါတယ်။ ခုနောက်ပိုင်းမှာ တော့ မြစ်ရေဟာ ရာသီအလိုက် ပုံမှန်စီးဆင်းမှုမျိုး မဟုတ်တော့ တာကြောင့် ရေညှိတွေ မတွေ့ရတော့ဘူးလို့ သောင်စွတ်က ပြော တယ်။ ငါးအမိအရလည်း နည်းလာတာကြောင့် တံငါသည်တွေ ဟာ အလုပ်ချိန်တွေတိုးလုပ်ပေမယ့် မိသားစုစားဝတ်နေရေး မလုံခြုံတော့ဘူးလို့ ဆိုပါတယ်။

သောင်စွတ်နဲ့ တစ်ရွာတည်းသား ဂျီရာဆက် (Jeerask) က ““ညဘက်တွေပါ ငါးဖမ်းနေရတာတောင် ငါ့ကလေးတွေကို ကျောင်းပို့ဖို့ တော်တော်ရုန်းကန်ရတယ်””လို့ ညည်းတွားပါတယ်။ ရွာလူဦးရေ ၈၀ ရာခိုင်နှုန်း တံငါသည်တွေ ဖြစ်တဲ့ သူတို့ရွာက တချို့လူငယ်တွေဟာ အလုပ်အကိုင်ကောင်းတွေ ရှာဖွေဖို့ ဘန် ကောက်လို မြို့ကြီးတွေကို ရွှေ့ပြောင်းသွားရတယ်လို့ ပြောပါတယ်။

ဆွေစဉ်မျိုးဆက် နေလာတဲ့ ဒီရွာမှာ ၁၉၉၈ ကစလို့ လူ ကြောင့်ဖြစ်တဲ့  သဘာဝပတ်ဝန်းကျင် သက်ရောက်မှုတွေ စတင် ခံစားလာရတာလို့ ဒေသခံတွေက ပြန်ပြောင်းပြောပြတယ်။ ယခင်က သူ့ရာသီအလိုက် ဖြစ်ပေါ်လေ့ရှိတဲ့ မြစ်ရေမျက်နှာပြင် တွေကို ခန့်မှန်းရခက်လာတာ၊ ငါးအရအမိနည်းလာတာ စတာ တွေ ကြုံတွေ့လာရတယ်လို့ ဆိုပါတယ်။ စဖြစ်ကာစက ဘာ ကြောင့်မှန်းမသိပေမယ့် နောက်ပိုင်းမှတော့ မြစ်ညာဘက်က ဆည်တွေကြောင့်ဆိုတာ သိလာကြပါတယ်။

အခုတစ်ခါ သူတို့ရွာရဲ့ အောက်ဘက် ၉၆ ကီလိုမီတာအကွာ လာအိုနိုင်ငံနယ်နိမိတ်ထဲမှာ ဆောက်နေတဲ့ ပက်ဘမ်ဆည် (Pak Beng Dam) စီမံကိန်းဟာလည်း သူတို့အတွက် ပိုမိုကြီးမားတဲ့ ခြိမ်းခြောက်မှု ဖြစ်လာနေပါတယ်။ အဲဒါကို အချက်ငါးချက်နဲ့ ဒေသခံတွေက ထောက်ပြတယ်။

ဆည်ပိတ်ဆောက်လိုက်တဲ့အခါ ရာသီချိန်အလိုက် စီး ဆင်းမယ့် မြစ်ရေစီးကြောင်း အပြောင်းအလဲဖြစ်နိုင်တာ၊ ရေ လမ်းကြောင်းအပြောင်းအလဲကြောင့် မဲခေါင်မြစ်ထဲ လှေစီးတဲ့ ကမ္ဘာလှည့်ခရီးသည် ကျဆင်းနိုင်တာ၊ မြစ်ရေမျက်နှာပြင် မြင့် တက်လာရင် ကမ်းစပ်က စိုက်ခင်းတွေ ပျက်စီးမှာ၊ ရာသီအလိုက် ဖမ်းမိတဲ့ ငါးတွေ လျော့နည်းလာမှာနဲ့ ဓာတုစွန့်ပစ်ပစ္စည်းတွေ မြစ်ထဲကို ပိုမိုဝင်ရောက်လာမှာ စိုးရိမ်ရတယ်လို့ ဆိုကြပါတယ်။

ဒါနဲ့ပတ်သက်လို့ ထိုင်းအမျိုးသား လူ့အခွင့်အရေးကော် မရှင်ကို လှမ်းပြီး စုံစမ်းမေးမြန်းကြပါတယ်။ အဲဒီနောက်မှာတော့ မဲခေါင်မြစ်ကော်မရှင်က တာဝန်ရှိသူတွေ လာရောက်ပြီး ငါး လှေကား ထည့်သွင်းပေးမယ် ဆိုတဲ့အကြောင်း လာရောက်ရှင်းပြ တယ်လို့ သောင်စွတ်က ပြောတယ်။

““ဒါပေမဲ့ ဆည်ရဲ့ အကျိုးသက်ရောက်မှုတွေကို သေချာ ရှင်းပြမသွားဘူး””လို့ သူ့မကျေနပ်ချက်ကို ပြောပြတယ်။ ပက် ဘမ်ဆည်ဒီစီမံကိန်းကို တရုတ်က လာအိုနိုင်ငံအတွင်းမှာ တည် ဆောက်တာဖြစ်တာကြောင့် နိုင်ငံတကာဆက်ဆံရေး အရ ဖြေရှင်းရမယ့် ကိစ္စဖြစ်တယ်လို့လည်း သူက သုံးသပ်ပါတယ်။

ပက်ဘမ်ဆည်စီမံကိန်းနဲ့ ပတ်သက်ပြီး ““ပြည်ထောင်စု အဆင့်အဖွဲ့အစည်းတွေဆီကနေ နိုင်ငံရေးအရ ဆောင်ရွက်လို စိတ် သိပ်မတွေ့ရဘူး”” လို့ သောင်စွတ်က သူ့အိမ်ရဲ့ ဧည့်တွေ့ ဆောင်မှာ သတင်းထောက်တွေကို ပြောပြတယ်။

သူ့နောက်ဘက်မှာတော့ မဲခေါင်မြစ်က တောင်တန်းတွေ ကြားထဲ ကွေ့ဝိုက်စီးဆင်းနေတယ်။ သူ့ခြံထဲက ကျွဲကောပင်တွေ၊ သင်္ဘောပင်တွေပေါ်မှာ အသီးတွေက တိုးလိုးတွဲလောင်းနဲ့။

Photo-Zayar Hlaing
လာအိုဘက်ကမ်းမှ တစ်ရှူးငှက်ပျောစိုက်ခင်းများ

 

တစ်ဦးတစ်ဖွဲ့  လက်ဝါးကြီး မအုပ်ပါနဲ့

မဲခေါင်မြစ်ကြောင်းတစ်လျှောက်မှာ ရှိတဲ့ ဆည်စီမံကိန်း၊ အထူးစီးပွားရေးဇုန်၊ စိုက်ပျိုးရေးနဲ့  ကုန်စည် သယ်ယူပို့ဆောင်ရေး လုပ်ငန်းတွေမှာ တရုတ်ရင်းနှီးမြှုပ်နှံသူတွေဟာ နေရာအနှံ့နေရာ ယူထားတာ မြစ်ကြောင်းတစ်လျှောက် စက်လှေနဲ့ လှည့်လည် ကြည့်ရှုခဲ့စဉ်က တွေ့ရပါတယ်။

Photo-Zayar Hlaing
လာအိုအလံလွှင့်တင်ထားသည့်မဲခေါင်မြစ်အတွင်းအပျော်စီးလှေတစ်စင်း

ရွှေတြိဂံဒေသ လာအိုဘက်မှာ ဆောက်လက်စအထူးစီးပွား ရေးဇုန်နဲ့အတူ ကာစီနိုလောင်းကစားရုံသစ်တွေလည်း တွေ့ရ တယ်။ လာအိုနဲ့ မဲခေါင်မြစ်ပဲ ခြားထားတဲ့ ထိုင်းနိုင်ငံ ချင်းစန် အကောက်ခွန်ဆိပ်ကမ်း (Chiang Saen Custom) မှာ လာအို အလံလွှင့်ထားတဲ့ သင်္ဘောပေါ် ဆေးရွက်ကြီးစက်္ကူ သေတ်္တာတွေ တင်ဆောင်နေတာ တွေ့ရတယ်။ အလုပ်သမားခေါင်းဆောင်ကိုမေးကြည့်တော့ တရုတ်နိုင်ငံကို တင်ပို့မှာလို့ ပြောတယ်။

မဲခေါင်မြစ်ကမ်းတစ်လျှောက် လာအိုဘက်အခြမ်းမှာ စိမ်းစိုနေတဲ့ တစ်ရှူးငှက်ပျောခင်းတွေ တသီတတန်းကြီး တွေ့ရ တယ်။ ၂၀၁၀ ၀န်းကျင်လောက်ကစတင်ပြီး တရုတ်စီးပွားရေး သမားတွေက လာအိုဘက်ကမြေတွေနဲ့ အလုပ်သမားတွေကိုငှား၊ ဓာတုဗေဒဆေးတွေသုံးပြီး စိုက်ပျိုးတာကြောင့် ပတ်ဝန်းကျင် ညစ်ညမ်းမှုနဲ့အတူ ကျန်းမာရေးပြဿနာတွေ တွေ့ကြုံလာရ တယ်ဆိုတဲ့ သုတေသနစာတမ်းပေါင်း မြောက်မြားစွာရှိပါတယ်။

မဲခေါင်မြစ်ဟာလည်း အဲဒီစိုက်ခင်းတွေက ထွက်လာတဲ့ ဓာတုဗေဒ ဓာတ်ကြွင်းတွေရဲ့  ညစ်ညမ်းမှု ကြုံတွေ့နေရတယ်လို့ ဒေသခံ တံငါသည်တွေက ပြောကြပါတယ်။

မဲခေါင်မြစ်ဝှမ်းတစ်လျှောက်မှာ ဆည်ဆောက်တာ၊ စိုက် ပျိုးရေးနဲ့ အခြားစီးပွားရေး စီမံကိန်းကြီးတွေလုပ်တဲ့အခါ ဒေသခံ တွေအနေနဲ့ ကြိုတင် သတင်းအချက်အလက်မရတာနဲ့ ပါဝင် ဆွေးနွေးခွင့်မရတာတွေက လူမှုစီးပွား အကျပ်အတည်းတွေကို ဖြစ်ပေါ်လာစေတဲ့အချက်တစ်ချက်ဖြစ်တယ်လို့ ဟွိုင်လက်ရွာ သား ဂျီရာဆတ်က ပြောပါတယ်။

““အဓိပ္ပာယ်ပြည့်ဝတဲ့ လူထုပါဝင်ခွင့်မရတာ အရမ်းဆိုး တယ်””လို့ သူက ညည်းတွားပါတယ်။ ပက်ဘမ်ဆည် တည် ဆောက်ရေးနဲ့ ပတ်သက်ပြီး စီမံကိန်းရဲ့ သက်ရောက်မှုတွေကို အစိုးရက ရှင်းပြပေမယ့် ဘယ်လို အကျိုးသက်ရောက်မှုတွေ ရှိ လာမလဲ ဆိုတာကိုတော့ အာဏာပိုင်တွေက သေချာရှင်းပြတာ မျိုး မလုပ်ခဲ့ကြဘူးလို့ ဆိုပါတယ်။

နီဝက်ရွိုင်ကွေးက  ““မြစ်တစ်စင်းတည်းကို အားလုံး ၀ိုင်း သုံးနေရတာ။ နိုင်ငံတစ်ခုတည်းအတွက်မဟုတ်ဘူး။ အရင်းအမြစ် တွေကို မျှဝေသုံးစွဲ နေရတာကြောင့် အားလုံးနဲ့ဆိုင်တယ်။ ဒါဟာ အရှေ့တောင်အာရှရဲ့ ရေအရင်းအမြစ် အကျပ်အတည်းပဲ””လို့ သုံးသပ်ပါတယ်။

သူကပဲ  အခုလိုလည်း မှတ်ချက်ပေးပါသေးတယ်။

““မဲခေါင်မြစ်ဆိုတာ  ရောင်းစားဖို့ မဟုတ်ပါဘူး””

 

Advertise Here

LEAVE A REPLY

Please enter your comment!
Please enter your name here