Home ပုံရိပ်လွှာ မနောမြေ ငှက်ပျောတွေ အမျိုခံနေရပြီလား

မနောမြေ ငှက်ပျောတွေ အမျိုခံနေရပြီလား

594
0
Photo-Ye Lwin
Photo-Ye Lwin
Advertise Here

၂ဝ၁၉၊ ဧပြီလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၆၄)မှ  Cover Story ဖြစ်ပါသည်။

ရဲလွင် ရေးသည်။

ဝိုင်းမော်(ဧပြီ၊ ၂၀၁၉)

Advertise Here

ကချင်ပြည်နယ်၊ ၀ိုင်းမော်မြို့နယ် နယ်နိမိတ် အတွင်းသို့ ၀င်လိုက်သည်နှင့် လမ်းတစ်လျှောက် ကုန်တင်ယာဉ်များ ဥဒဟို ဖြတ်သန်းသွားလာ နေသည်ကို တွေ့ရသည်။ ကားပေါ်တွင် ကုန် ပစ္စည်းမပါ။ ရံဖန် ရံခါတွင်တော့ ဓာတ်မြေသြဇာအိတ်များတင်ဆောင်လာတတ်ကြသည်။

ကုန်တင်ယာဉ်အားလုံးနီးပါး၏ ယာဉ်နံပါတ်ပြားတွင် တရုတ်စာတန်းများ ပါရှိသလို ယာဉ်မောင်းများမှာလည်း ဒေသခံမဟုတ်ဘဲ တရုတ်စကားပြောသူ များ ဖြစ်သည်။ ၎င်းတို့ဦးတည်ရာ အရပ် ကား ကချင်ပြည်နယ်အတွင်းရှိ တစ်သျှူး ငှက်ပျောခင်းများရှိရာ ကျေးရွာများဆီသို့ ဖြစ်သည်။

အဆိုပါ ငှက်ပျောစိုက်ခင်းနှင့် ဆက်စပ်သည့် ပိုးသတ်ဆေး၊ ဓာတ်မြေ သြဇာအပါအ၀င် ကုန်ပစ္စည်းသယ်ယူ သည့် ကုန်တင်ယာဉ်များအဆုံး အားလုံး သည် တရားမ၀င်ကြောင်း ကချင်ပြည် နယ်အစိုးရအဖွဲ့က ထုတ်ဖော်ပြောဆိုထား သော်လည်း ယင်းတို့ကို တားဆီးမည့်သူ မရှိ၊ လွတ်လပ်စွာစိုက်ပျိုး၊ ထုတ်လုပ်၊ သယ်ဆောင်လျက် ရှိကြသည်။

Photo-Ye Lwin ငှက်ပျောဖီးစတင်ထုတ်ပိုးရန် ပထမအဆင့်ပြင်ဆင်နေပုံ
Photo-Ye Lwin
ငှက်ပျောဖီးစတင်ထုတ်ပိုးရန် ပထမအဆင့်ပြင်ဆင်နေပုံ

တစ်သျှူးငှက်ပျော ဘယ်ကစ

တစ်သျှူးငှက်ပျောမှာ တရုတ်တို့က ၎င်းတို့၏  Tissue Culture နည်းပညာ ဖြင့်မျိုးစေ့ထုတ် စိုက်ပျိုးသော ငှက်ပျော မျိုးစိတ်ဖြစ်သည်။ ကုန်သွယ်ရေးဦးစီးဌာန ရှိ မှတ်တမ်းတစ်ခုတွင်မူ ဘရာဇီးငှက်ပျော (တစ်သျှူး) မျိုး ဖြစ်သည်ဟုလည်း ဖော်ပြ ထားသည်။ တရုတ်ဘာသာဖြင့် “ရှန်း ကျောင်း” ဟု ခေါ်ဆိုကြသည်။

မြန်မာပြည်တွင် တရုတ်တစ်သျှူး ငှက်ပျောများ စတင်စိုက်ပျိုးခဲ့သည့် အချိန်က ၂၀၀၆-၀၇ ဖြစ်သည်။ ဘိန်း အစားထိုး သီးနှံစိုက်ပျိုးခြင်းဟူသော ခေါင်းစဉ်အောက်တွင် ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်အတွင်းရှိ မဒီးယန်ကွင်း နှင့် ရှဒါန်ပါကွင်းတွင် တရုတ်တစ်သျှူး ငှက်ပျောစိုက်ပျိုးရန် အဆိုပါကာလက ကချင်ပြည်နယ် တိုင်းမှူးဖြစ်သူ ဗိုလ်ချုပ် စိုးဝင်းက ခွင့်ပြုပေးခဲ့ခြင်းဖြစ်ပြီး ကွင်း နှစ်ခုပေါင်းဧက တစ်သောင်းခန့်ရှိကြောင်း ကချင်ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှု   နှင့် စာရင်းအင်းဦးစီးဌာန(မြေစာရင်း) မှ အရာရှိတစ်ဦးက ပြောပြသည်။

သတင်းမီဒီယာများထံ ဖြေကြားမှု အပေါ် အထက်လူကြီးများ အမြင်မကြည် မလင်ဖြစ်မည်ကို စိုးရိမ်သောကြောင့် နာမည်ထည့်သွင်းဖော်ပြခြင်းမပြုရန် အဆို ပါ မြေစာရင်းအရာရှိက မေတ္တာရပ်ခံ ခဲ့သည်။

တစ်သျှူးငှက်ပျောစိုက်ပျိုးခြင်းကို မြောက်ပိုင်းတော်ဝင်မြေကုမ္ပဏီ၊ ငွေ ကြယ်ဖြူကုမ္ပဏီနှင့် မြေသင်းရနံ့ ကုမ္ပဏီ တို့က စတင်ဆောင်ရွက်ခဲ့ပြီး စုစုပေါင်း  စိုက်ပျိုးမြေဧက ၁၃,၀၀၀ ကျော်ရှိ ကြောင်း ကုန်သွယ်ရေးဦးစီးဌာန ၀က်ဘ် ဆိုက်တွင် ဖော်ပြထားသည်။

ယင်းနောက်၂၀၁၀  ခန့်တွင် တော် ၀င် ကျောက်စိမ်းကုမ္ပဏီနှင့် ပန်းမြတ် မာလာကုမ္ပဏီတို့ကလည်း တစ်သျှူး ငှက် ပျောစတင်စိုက်ပျိုးလာကြောင်း မြေစာ ရင်းအရာရှိက မှတ်တမ်းများ ကိုးကား၍ ပြောပြသည်။

ယနေ့အချိန်တွင်မူ ကချင်ပြည်နယ် အတွင်းတွင် တစ်သျှူးငှက်ပျောစိုက်ပျိုး နေသည့် ကုမ္ပဏီစုစုပေါင်း ၃၆ ခု ရှိနေပြီ ဖြစ်သည်ဟု ပြည်နယ်အစိုးရအဖွဲ့ လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီး ဟောင်း ဦးမြသိန်းက ပြောပြသည်။

Photo-Ye Lwin ကချင်ပြည်နယ်တွင် ပထမဆုံး တစ်သျှူးငှက်ပျော စတင်စိုက်ပျိုးရာ ရှုဒါန်ပါကွင်း
Photo-Ye Lwin
ကချင်ပြည်နယ်တွင် ပထမဆုံး တစ်သျှူးငှက်ပျော စတင်စိုက်ပျိုးရာ ရှုဒါန်ပါကွင်း

တရားမ၀င်ပေမယ့် အခွန်ကောက်နေ

၂၀၁၈၊ မေ ၂၉ ရက်က ပြုလုပ်သော ကချင်ပြည်နယ်လွှတ်တော် အစည်း အဝေးတွင် ထိုစဉ်က ၀ိုင်းမော်မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးနော်လီ(ယခုစည်ပင်ဝန်ကြီး)က တစ် သျှူးငှက်ပျောများနှင့် ပတ်သက်၍ ကချင် ပြည်နယ်အစိုးရအဖွဲ့က မည်မျှခွင့်ပြုထားကြောင်းမေးမြန်းခဲ့ရာ ကချင်ပြည်နယ် အစိုးရအဖွဲ့မှ စီမံဘဏ္ဍာဝန်ကြီး အပါ အ၀င် ၀န်ကြီးသုံးဦးက  တစ်ခုမျှ တရား မ၀င်ကြောင်း အသီးသီး ပြောကြားခဲ့ ကြသည်။

သို့သော် ၂၀၁၆-၁၇ ဘဏ္ဍာနှစ် အတွင်းပြုလုပ်ခဲ့သော ကချင်ပြည်နယ် အစိုးရအဖွဲ့ အစည်းအဝေးတစ်ခုတွင် တော့ တစ်သျှူးငှက်ပျောတင်ယာဉ်များ ထံမှ တစ်စီးလျှင် ငွေကျပ်နှစ်သောင်းနှင့် သုံးသောင်းကြား လမ်းအသုံးပြုခကောက် ခံရန် ပြည်နယ်အစိုးရအဖွဲ့က ဆုံးဖြတ်ခဲ့ ကြောင်း လီဆူတိုင်းရင်းသားရေးရာ ၀န် ကြီး ဦးအားတီယောဟန်က ပြောပြသည်။

““ငှက်ပျောတွေက တရားမ၀င်ဘူး ဆိုပေမယ့် စည်ပင်ဝန်ကြီး ဦးနေ၀င်းက ဒီ ကိစ္စကို လောလောဆယ်မှာ ရသင့်ရထိုက် တဲ့ အခွန်ရရမယ်ဆိုတဲ့အနေနဲ့ သူလုပ်ခဲ့ တာလို့ မြင်ပါတယ်””ဟု ၎င်းင်းက ပြောသည်။

စည်ပင်ဝန်ကြီးဟောင်း (ယခု လူမှု ရေးဝန်ကြီး) ဦးနေ၀င်းကို အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး မေးမြန်းအတည်ပြုရန် ဧပြီ ၂ ရက်က ၎င်း၏လက်ကိုင်ဖုန်းနှင့်  ၎င်း၏ကိုယ်ရေးအရာရှိထံ ငါးကြိမ်ထက်မနည်း ဆက်သွယ်ခဲ့သော်လည်း ဖုန်းပြန်လည် ဖြေကြားခြင်းမရှိပေ။

၂၀၁၈၊ ဧပြီ အတွင်း ကျင်းပပြုလုပ် ခဲ့သော ကချင်ပြည်နယ်လွှတ်တော် အစည်းအဝေးတွင်လည်း တစ်သျှူးငှက် ပျောခင်းများထံမှ တစ်ဧကလျှင် တစ်နှစ် ကျပ်တစ်သောင်းမှ နှစ်သောင်းကြား အခွန်ကောက်ခံဖို့  ဆုံးဖြတ်ခဲ့ပြန်သည်။ ကချင်ပြည်နယ်မြေယာခွန်ဥပဒေကြမ်း အတွက် ဆွေးနွေးအတည်ပြုစဉ် တရုတ် တစ်သျှူးငှက်ပျောကို အထူးသီးနှံခွန် အဖြစ် သတ်မှတ်ပြီး အခွန်ကောက်ယူရန် ထည့်သွင်းရေးသားကာ အဆိုပါဥပဒေ ကြမ်းကို အတည်ပြုခဲ့ခြင်းဖြစ်သည်။

တစ်သျှူးငှက်ပျောခင်းများထံမှ အခွန်ကောက်ခံရန်ဆုံးဖြတ်သောအချိန်သည် ၂၀၁၈ ဧပြီတွင်ဖြစ်ပြီး ၎င်းင်းငှက်ပျော ခင်းများသည် တရားမ၀င်ကြောင်း ကချင် ပြည်နယ်လွှတ်တော်၌ အစိုးရအဖွဲ့ လာ ဖြေသောအချိန်မှာ ၂၀၁၈ မေ တွင် ဖြစ် သည်။ ကချင်ပြည်နယ်အစိုးရအဖွဲ့သည် ငှက်ပျောခင်းများထံမှ အခွန်ကောက်ရန်ဆုံးဖြတ်ခဲ့ပြီးနောက် လွှတ်တော်ကိုယ်စား လှယ်များက မေးမြန်းမှသာ တရားမ၀င် ကြောင်း ပြန်လည်ထုတ်ဖော်ပြောဆိုခြင်းဖြစ်သည်ကို တွေ့ရ၏။

ထို့ပြင် တစ်သျှူးငှက်ပျောသည် တရားမ၀င်ဟု ဆိုသော်လည်း အထူးသီးနှံ ခွန်  ခြောက်မျိုးစာရင်းထဲတွင် ထည့်ထား ပြန်သည်ဟု ပြည်နယ်လွှတ်တော်ကိုယ် စားလှယ် ဦးတင်ဦးယုက ပြောသည်။ တစ် သျှူးငှက်ပျောသည် တရားဝင်ဟု ထင် သည့်အတွက် သီးနှံခွန်အတွင်းထည့်သွင်း လိုက်ခြင်းဖြစ်ကြောင်း၊ သို့သော် ပြန်လည် မေးမြန်းရာတွင် ပြည်နယ်ခွင့်ပြုချက် မရှိ သည်ကို တွေ့ရကြောင်း ၎င်းကပြောသည်။

၎င်းကိစ္စအပေါ် လွှတ်တော်ကိုယ် စားလှယ်များက ၀ိုင်းဝန်းမကန့်ကွက်ခဲ့ကြဘူးလားဟုမေးမြန်းရာ ““အစိုးရက ခွင့်ပြု ထားတာမဟုတ်ဘူးပြောတယ်။ မစိုက်ပါနဲ့ လို့ တားထားတာလည်းမရှိဘူး။ ပြီးတော့ တရားမ၀င်ဘူးလို့လည်း ပါးစပ်က ပြော နေတယ်။ ဥပဒေမှာလည်း မရှိထားဘူး။အောက်ခြေမြေပြင်မှာက လက်တွေ့ စိုက် နေတယ်။ ဒီတော့ ဆုံးရှုံးမယ့်အတူတူ မဖြစ်မနေကောက်မှပဲဆိုတဲ့သဘောမျိုးပါ ပဲ””ဟု ၎င်းက ရှင်းပြသည်။

လီဆူတိုင်းရင်းသားရေးရာဝန်ကြီး ဦးအားတီယောဟန်ကမူ အဆိုပါကိစ္စ အပေါ် ““ခွင့်ပြုထားတာမရှိရင် နံပါတ် တစ်၊ အခွန်ကောက်လို့မရဘူး။ နံပါတ်နှစ်၊ အဲဒါကို စီမံခန့်ခွဲခွင့်မရှိဘူး။ ဒါ အလုပ် တစ်ခု ဆိုတာက ခွင့်ပြုထားတဲ့အပေါ်မှာ ပဲ စည်းမျဉ်းနဲ့ ဥပဒေဘောင်အထဲမှာပဲ Management (စီမံခန့်ခွဲ)လုပ်လို့ရ တယ်””ဟု မှတ်ချက်ပြုသည်။

၂၀၁၈    ဇွန် ၂၄ ရက်က ရန်ကုန်မြို့ တွင် ပြုလုပ်သော NLD ပါတီညီလာခံသို့ ကချင်ပြည်နယ် ၀န်ကြီးချုပ် ဒေါက်တာ ခက်အောင် တက်ရောက်ခဲ့စဉ်ကလည်း တရားမ၀င်ဟုဆိုထားသော တစ်သျှူး ငှက်ပျောနှင့် ပတ်သက်၍ မေးမြန်းခဲ့ရာ ကချင်ပြည်နယ်တွင်း တစ်သျှူးငှက်ပျော စိုက်ပျိုးမှုကို ကန့်သတ်လိုက်ပြီဟု  ပြန် လည် ဖြေကြားခဲ့ပြန်သည်။

““အန်ကယ်တို့က ဒီငှက်ပျောကို ထပ်ပြီးစိုက်ဖို့ ခွင့်မပြုတော့ဘူး””ဟု ဒေါက်တာခက်အောင်က ပြောခဲ့သည်။ ရှိပြီးသား စိုက်ခင်းများကို တရားဝင် အသိအမှတ်ပြု၊ မပြုကိုတော့ ရှင်းရှင်း လင်းလင်း မပြောခဲ့ပေ။

ငှက်ပျောခင်းများကို ကန့်သတ် လိုက်ပြီဟု ၀န်ကြီးချုပ်က ပြောကြားခဲ့ သော်လည်း ၂၀၁၉  ဖေဖော်ဝါရီအတွင်း ၀ိုင်းမော်၊ မိုးမောက် စသည့်မြို့နယ်များသို့ ကွင်းဆင်း သတင်းရယူခဲ့ရာတွင် ငှက် ပျောခင်းအသစ် ဖော်ဆောင်ရန် မြေလှန် ထွန်ယက်ထားသော စိုက်ပျိုးမြေများကို ကားလမ်း ၀ဲ/ယာတစ်လျှောက်တွင် တွေ့ ခဲ့ရသည်။

၂၀၁၉၊ မတ် ၃ ရက်က  မိုးညှင်းမြို့ နယ်တွင် ပြုလုပ်ခဲ့သော လူထုတွေ့ဆုံပွဲ၌  ကချင်ပြည်နယ်ဝန်ကြီးချုပ်က  တစ်သျှူး ငှက်ပျောလုပ်ငန်းသည် မြန်မာလုပ်သား နှစ်သိန်းခန့်ကို အလုပ်အကိုင်အခွင့် အလမ်း ပေးထားနိုင်သောကြောင့် လမ်း ကြောင်းပေါ် တည့်မတ်ပေးနိုင်ခဲ့သည်ဟု ပြောခဲ့သည်။

ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ် ၁၁ မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခွန်ဝင်းသောင်းက တစ်သျှူးငှက် ပျောနှင့် ပတ်သက်လျှင် အခွန်ငွေ တူတူ တန်တန်မရကြောင်း၊ သဘာဝပတ်ဝန်း ကျင်နှင့် ပတ်သက်၍လည်း များစွာ ပျက်စီးသောကြောင့် ၀န်ကြီးချုပ်၏ ပြောကြား မှုသည် ပြဿနာ၏အဖြေမဟုတ်ကြောင်း  ဆိုသည်။

““၀န်ကြီးချုပ်ပြောတာကို ကျွန်တော်တို့လည်း သဘောမကျဘူး””ဟု ၎င်းင်း ကဆိုသည်။

Photo-Ye Lwin ရောင်းတန်းမဝင်သဖြင့် အပယ်ခံရသော ငှက်ပျောဖီးများ
Photo-Ye Lwin
ရောင်းတန်းမဝင်သဖြင့် အပယ်ခံရသော ငှက်ပျောဖီးများ

ပြည်နယ်အစိုးရ ပတ်သက်နေသလား

ကချင်ပြည်နယ်အတွင်း တစ်သျှူးငှက်ပျောစိုက်ပျိုးနေသည့် ကုမ္ပဏီ သုံး ဆယ်ကျော်အနက် “ချန်းရင်ခူး”ဟု အမည် ရသော ကုမ္ပဏီတစ်ခုလည်း ပါဝင်လေသည်။

၎င်းကုမ္ပဏီ “ချန်းရင်ခူး”နာမည်ပါ ကုမ္ပဏီ လေးခုရှိနေပြီး  ရှယ်ယာရှင်မှတ် တမ်းတွင် ဦးဇခုန်တိန့်ယိန်းနှင့် သားဖြစ် သူ ဇခုန်ယိန်းဆောင်တို့ ပါဝင်နေသည်ကို ကမ္ဘာတစ်လွှားရှိ ကုမ္ပဏီပေါင်း သန်း ၁၀၀ ကျော်၏ အချက်အလက်ကို လွှင့် တင်ထားသော Open Corporates  ၀က်ဘ်ဆိုက်တွင် ဖော်ပြထားသည်။ (ကချင်ပြည်နယ် အထူးဒေသ- ၁ နယ် ခြားစောင့်တပ်ခေါင်းဆောင် ဦးဇခုန်တိန့် ယိန်းသည် ပထမအကြိမ်၊ ကချင်ပြည်နယ် မဲဆန္ဒနယ် အမှတ် ၅ အမျိုးသားလွှတ် တော်ကိုယ်စားလှယ် ဖြစ်သလို သူ၏သား ဖြစ်သူ ဇခုန်ယိမ်းဆောင်သည် လက်ရှိ တွင် ယင်းဒေသ၏ အမှတ်၂ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဖြစ်သည်။)

ထိုကုမ္ပဏီများမှာ Yin Khu Development Company Limited, Chang Yin Khu Construction Co.,Ltd, Chang Yin Khu Development Gems & Jewellery Co.,Ltd, Chang Yin Khu Development Mining Co.,Ltd တို့ဖြစ်သည်။ ယခု တစ်သျှူးငှက်ပျော စိုက်ပျိုးသော ကုမ္ပဏီမှာ Chang Yin Khu Development Company Limited ဖြစ်သည်။

၂၀၁၈  ဇူလိုင် ၃ ရက်က  မြန်မာ့ အလင်းသတင်းစာ ဖေ့စ်ဘွတ်ခ် စာ မျက်နှာတွင် ဖော်ပြခဲ့သော “တာလော ကြီး ကျေးရွာရှိ တစ်သျှူးငှက်ပျောခြံ၌ တရုတ်နိုင်ငံသားတစ်ဦး ဓာတ်လိုက် သေ ဆုံး” သတင်းထဲတွင်လည်း ချန်းရင်ခူး ကုမ္ပဏီသည် တစ်သျှူးငှက်ပျောစိုက်ပျိုးကြောင်း ဖော်ပြထားသည်။

ယင်းအပြင် ငှက်ပျောသယ်ဆောင် ရာလမ်းကြောင်းပေါ်တွင်ကျရောက်သော ကချင်ပြည်နယ်ဝိုင်းမော်မြို့နယ်အတွင်း၊  ခပ်ချိုနှင့် စန်းကားရွာအကြားရှိ တံတား တစ်စင်းဖွင့်ပွဲကို ချန်းရင်ခူးကုမ္ပဏီက ပြည်နယ်အစိုးရသို့ ဖိတ်ကြားရာ ၀န်ကြီး ချုပ် ကိုယ်တိုင် တက်ရောက်ဖွင့်လှစ်ခဲ့ သည်ဟု လီဆူတိုင်းရင်းသားရေးရာဝန် ကြီးက ပြောသည်။

၎င်းတံတားမှာ ပြည်နယ်အစိုးရ၏ဘတ်ဂျက်ဖြင့် တည်ဆောက်ခြင်း မဟုတ် ဘဲ ချန်းရင်ခူးကုမ္ပဏီမှ တည်ဆောက်ခဲ့ ခြင်း ဖြစ်သည်ဆိုခြင်းကို ပြည်နယ်လွှတ် တော်ကိုယ်စားလှယ် ဦးတင်ဦးယုက  ဟုတ်မှန်ကြောင်း အတည်ပြုသည်။

““တချို့ကလည်း ပြောကြတယ်၊ အစိုးရထံကနေ ဘတ်ဂျက်မတောင်းဘဲ သူတို့လုပ်သွားတာ ကျေးဇူးတင်ရမယ် ပေါ့။ တချို့ကျတော့ ပုဂ္ဂလိကက အစိုးရကို ဘာမှအသိမပေးဘဲ လုပ်တာမို့လို့ မသွား သင့်ဘူးပေါ့”ဟု ဝေဖန်ကြသည့် အခြေ အနေကို ၎င်းက ပြောပြသည်။

အဆိုပါတံတားသည် ပေငါးဆယ် နီးပါးရှည်လျားပြီး တံတားအမည် မရှိ၊ တံတားအနီး ရေချမ်းစင်တစ်ခုသာ ရှိပြီး ရေချမ်းစင်တွင် ၂၀၁၆ ဟူသော စာတန်း ရေးထိုးထားသည်။

၎င်းတံတားကိစ္စနှင့်ပတ်သက်ပြီး  ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းညွန့် လက်ကိုင်ဖုန်းသို့ ၁၇ ကြိမ် တိတိ ဆက်သွယ်မေးမြန်းရာ ဖုန်းပြန် လည် ဖြေကြားခြင်းမရှိပေ။

 

မြေယာဆုံးရှုံးလာသော ဒေသခံများ

၂၀၁၀  နိုဝင်ဘာ ၃၀ ရက်တွင် ကချင်ပြည်နယ်၊ မိုးမောက်မြို့၊ ဒေါ့ဖုန်း ယန်မြို့နယ် မြေစာရင်းဌာနသည် တရုတ်တစ်သျှူးငှက်ပျောစိုက်ပျိုးရန် ပန်းမြတ် မာလာကုမ္ပဏီကို မြေလွတ်မြေရိုင်း စုစု ပေါင်း ဧက ၁,၅၅၀ အတွက် မြေစာရင်းပုံစံ ၁၀၅ ချထားပေးခဲ့သည်။

၎င်းပုံစံ ၁၀၅ စာရွက်တွင် မြေစာ ရင်းဦးစီးမှူး ဦးဇော်ဝင်းထွန်း၊ လက်ထောက်ဦးစီးမှူး ဦးတန်ဂွန်း တို့ လက်မှတ် ရေးထိုးထားသည်ကို တွေ့ရသည်။

မြေစာရင်းပုံစံ ၁၀၅ နှင့်ပတ်သက်၍ လုပ်ငန်းဆောင်ရွက်မှု အဆင့်ဆင့်ကို မေးမြန်းရာ ယခင် မြေလွတ်မြေရိုင်း ဥပဒေ အရ ဧက ၅၀ အောက်ဆိုလျှင် ပြည်နယ် မြေလွတ်မြေလတ်မြေရိုင်းစီမံခန့်ခွဲရေး ကော်မတီက ခွင့်ပြုပေးနိုင်ပြီး ဧက ၅၀ အထက်ဆိုလျှင် ပြည်ထောင်စု ဗဟို အဆင့်ကော်မတီကသာ ခွင့်ပြုနိုင် ကြောင်းနှင့် ယခု ပြင်ဆင်ထားသည့် မြေ လွတ်မြေလပ်မြေရိုင်းဥပဒေအရမူ ဧက ၃၀၀ အောက်ဆိုလျှင် ပြည်နယ်ကော်မတီ က ခွင့်ပြုနိုင်ပြီဖြစ်ကြောင်း အမည်မဖော် လိုသည့် မြေစာရင်းအရာရှိက ရှင်းပြ သည်။

ဦးဇော်ဝင်းထွန်းသည် ယခုဖြစ်စဉ် တွင် အထက်ကို တင်ပြခြင်းမရှိဘဲ ဆောင် ရွက်ခဲ့ကြောင်း အထက်ပါ မြေစာရင်း အရာရှိက ဆိုသည်။

လက်ရှိတွင် ပန်းမြတ်မာလာ ကုမ္ပဏီနှင့် မြေယာအငြင်းပွားမှုဖြစ်ပွား နေသော ဒေါ့ဖုန်းယန်မြို့နယ် တာဆိုင် ကျေးရွာအုပ်စုမှ တောင်သူများ၏ မြေ ယာများသည် ဦးဇော်ဝင်းထွန်း ခွင့်ပြုခဲ့ သည့် ပုံစံ ၁၀၅ မြေဧရိယာအတွင်း ပါဝင် နေလေသည်။

ပန်းမြတ်မာလာကုမ္ပဏီအနေဖြင့် ဂရန်ရှိသည်ဟုဆိုကာ ကျေးရွာပိုင်မြေ များအပေါ် စိုက်ပျိုးမြေချဲ့ထွင်သည်ဟု အဆိုပါကျေးရွာသားများက ပြောဆိုကြ သည်။ ပုံစံ ၁၀၅ ဆိုသည်မှာ (ပိုင်ဆိုင်မှု မြေ)ဂရန်မဟုတ်ဘဲ မြေပြင်ပေါ်တွင် ၎င်းဧရိယာသည် အမှန်တကယ်ရှိကြောင်း မြေပုံမှတ်တမ်းတင်ခြင်းသာ ဖြစ်သည်။

ဒေါ့ဖုန်းယန်မြို့နယ်၊ တာဆိုင်ကျေး ရွာအုပ်စုတွင် ကျေးရွာဘုံပိုင်မြေများအား ရွာခံလူထုမသိဘဲ မြေပွဲစားများက ပန်း မြတ်မာလာကုမ္ပဏီသို့ ငှားရမ်းလိုက်သည် ဟု ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်မိုးက ပြောသည်။

၂၀၁၈ ဇန်န၀ါရီ ၁၈ ရက်စွဲဖြင့် ချုပ် ဆိုထားသည့် စာချုပ်၌ မြေငှားသူနေရာ တွင် လူပုဂ်္ဂိုလ်နာမည် မတွေ့ရဘဲ ရွာဘုံ ပိုင်မြေဟုသာ ရေးသားဖော်ပြထားသည် ကို တွေ့ရပြီး စာချုပ်တွင် လက်မှတ်ရေးထိုး ထားသည့် သက်သေများကိုလည်း ရွာခံ များက မသိရှိဟု ဆိုသည်။ ရွာဘုံမြေ ၁၂၅ ဧကကို တစ်ဧကလျှင် ကျပ်ငါးသောင်းဖြင့် သုံးနှစ်ငှားရမ်းထားကြောင်း ဖော်ပြ ထားသည်။

ထို့နောက် ဒေသခံများ၏ စိုက်ပျိုး မြေများကို ယန္တရားကြီးများဖြင့် မြေယာ ပြုပြင်ရန်ရောက်လာသည့်အခါ ဒေသခံ များက သွားရောက်တားမြစ်သော်လည်း ကုမ္ပဏီဘက်မှ ဆက်လက်လုပ်ဆောင် သောကြောင့် မြို့နယ်မြေစာရင်းဦးစီးဌာန သို့ တိုင်ကြားခဲ့သည်ဟု ဆိုသည်။

ထို့ကြောင့် ပန်းမြတ်မာလာကုမ်္ပဏီ ပိုင်ရှင် ဒေါ်ခေါန်မိုင်အား မြေစာရင်းဦးစီး ဌာနက ခေါ်ယူစစ်ဆေးခဲ့သည်။ ဒေါ်ခေါန် မိုင်က ငှက်ပျောစိုက်ပျိုးရန် မြေကို လျှောက်ထားခြင်းမရှိဘဲ ၀ယ်ယူခဲ့ခြင်းသာ ဖြစ်ကြောင်း၊ အစတွင် မြေပိုင်ရှင်များ နှင့် အကျိုးတူ စိုက်ပျိုးခဲ့ပြီး မြေရှင်များက ရောင်းချသဖြင့် ၀ယ်ယူခဲ့ခြင်း ဖြစ်ကြောင်း၊ မြေစာရင်းပုံစံ ၁၀၅ ရှိကြောင်း ထွက်ဆို ခဲ့သည်။

၂၀၁၀ ကတည်းက ပန်းမြတ်မာ လာ ကုမ္ပဏီအနေဖြင့် မြေလွတ်မြေရိုင်း များအား ပုံစံ ၁၀၅ ရရှိခဲ့ပြီး ၂၀၁၂ တွင် ကချင်လွတ်မြောက်ရေးတပ်မတော် KIA နှင့် မြန်မာ့တပ်မတော်တို့ တိုက်ပွဲ များ ပြန်လည်ဖြစ်ပွားသောကြောင့် စိုက်ပျိုးရေးလုပ်ငန်းများ ရပ်ဆိုင်းခဲ့ရသည်။ ထို့နောက် ၂၀၁၈ တွင်ပြန်လည်လာ ရောက်လုပ်ကိုင်ခြင်း ဖြစ်သည်ဟု ဒေါ့ဖုန်း ယန်မြို့နယ်အတွင်းရှိ ငှက်ပျောခင်းများ တွင်လုပ်သက် ၁၄ နှစ်ကျော်ရှိ အလုပ် သမားခေါင်းဆောင် ဒေါ်အေးအေးအောင် က ပြောသည်။

အချို့နေရာများတွင် ဒေသခံ တောင်သူများကိုယ်တိုင်က ၎င်းင်းတို့ မြေ မကောင်း၍ ထွန်ယက်စိုက်ပျိုးခြင်းမပြုဘဲ ပစ်ပယ်ထားသော မြေအချို့ကို ငှက်ပျော စိုက်ပျိုးဖို့ ငှားရမ်းထားခဲ့ကြောင်း ဒေါ့ဖုန်း ယန် မြေစာရင်းဌာနက ဆိုသည်။

သို့သော် ဒေသခံများ ငှားရမ်းသော မြေ၊ ပွဲစားများ ငှားရမ်းသော မြေ ဟူ၍ ခွဲခြားရန် ခက်ခဲပြီး ပြဿနာတက်သည့် ဖြစ်စဉ်များတွင်မူ  ၎င်းတို့မှာ တစ်ဖက်နှင့် တစ်ဖက် အချင်းချင်း စွပ်စွဲပြောဆိုနေ   ကြသည်။

မြေပိုင်ရှင်တောင်သူတစ်ဦးဖြစ်သူ ဒေါ့ဖုန်းယန်မြို့နယ်၊ အောက်တာဆိုင် ကျေးရွာနေ ဦးရင်မောင်က ““ကုမ္ပဏီ ဘက်က မြေစာရင်းက ပေးလို့ လုပ်တာ လို့ ပြောတယ်။ မြေစာရင်းကို ငွေသိန်း ၂၀၀ ပုံပေးခဲ့ပြီးပြီတဲ့။ “ကျွန်မမြေကို ရှင် တို့က လာလုတာ၊ ရှင်တို့မြေကို ကျွန်မ လာလုတာမဟုတ်ဘူး”လို့ (ဒေါ်ခေါန်မိုင် က) ပြောတယ်ဗျာ။ ကျွန်တော်တို့ တောင် သူဆိုတာ မြေမရှိရင် ဘာမှ လုပ်လို့ မရ တော့ဘူး။ မြေမရှိရင် မဖြစ်တဲ့အတွက်က ကျွန်တော်တို့ကတော့ မဆုတ်ပေးနိုင် ဘူး””ဟု ပြောသည်။

ယခုကိစ္စနှင့်ပတ်သက်၍ ဒေါ်ခေါန် မိုင်၊ ၎င်းင်း၏သားဖြစ်သူ အားတီနှင့် ပန်း မြတ်မာလာကုမ္ပဏီမန်နေဂျာဆိုသူ ဦးရန် နိုင်မင်းတို့အား ဖုန်းဖြင့် ဆက်သွယ်သော် လည်း ဖုန်းများအားလုံး စက်ပိတ်ထားသည်။

၎င်းကိစ္စရပ်များအား ပြည်နယ် အဆင့် မြေစာရင်းဦးစီးဌာနနှင့် အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာနများသို့ အမည် မဖော်လိုသည့် မြေစာရင်းအရာရှိက တိုင် ကြားစာများပေးပို့ခဲ့သော်လည်း ယနေ့ အချိန်ထိ တစ်စုံတစ်ရာ အရေးယူဆောင် ရွက်ခြင်း မရှိသေးဟု ဆိုသည်။

မြေယာများအား လုပ်ထုံးလုပ်နည်း ကို ကျော်လွန်ကာ ပုံစံ ၁၀၅ ထုတ်ပေးခဲ့ သော မြေစာရင်းဦးစီးအရာရှိ ဦးဇော်ဝင်းထွန်းသည် လက်ရှိအချိန်တွင် ဟိုပင်မြို့ နယ် မြေစာရင်းမှူးအဖြစ် ပြောင်းရွှေ့တာ ၀န်ထမ်းဆောင်နေကြောင်း အမည်မဖော် လိုသည့် မြေစာရင်းအရာရှိက ပြောသည်။

ဆက်လက်ပြီး အစိုးရအဖွဲ့မှတစ်စုံတစ်ရာအရေးယူမှု ရှိ၊ မရှိ ကချင်ပြည်နယ် အစိုးရအဖွဲ့တွင်၂၀၁၆ မှ၂၀၁၈ အထိ ပြည်နယ် လယ်ယာစိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် ဆည်မြောင်းဝန်ကြီး တာဝန်ယူခဲ့ သူ ဦးမြသိန်းကို မေးမြန်းရာ ““ကျွန်တော် အမှတ်မရတော့ဘူး။ ကျွန်တော် သတိ မထားမိတော့ဘူး”” ဟုသာ ပြန်လည် ဖြေ ဆိုခဲ့သည်။

ဒေါ့ဖုန်းယန်မြို့နယ်အတွင်းတွင် ပန်းမြတ်မာလာ ကုမ္ပဏီဘက်က ရွာမြေ အတွင်း တစ်သျှူးငှက်ပျော ၀င်ရောက် စိုက်ပျိုးထားသော မြေဧက ၁၀၀ ခန့်၊ ဒေသခံများထံမှ တရားမ၀င်ဟုဆိုသော အရပ်စာချုပ်ဖြင့် ငှားရမ်းစိုက်ပျိုးထား သည့် မြေဧက ၈၂၈ ဧက၊ အမှုအခင်းဖြစ်ပွားနေသောမြေများအတွင်း ၀င်ရောက် စိုက်ပျိုးထားသော တစ်သျှူးငှက်ပျော ၄၀ ဧက ရှိကြောင်း မြေစာရင်းဌာနတွင် မှတ် တမ်းတင်ထားသည်။ သို့သော် အောက် ခြေတွင် ယခုပမာဏထက် များမည်ဟု ဒေသခံများက ခန့်မှန်းကြသည်။

အရပ်ဘက်အဖွဲ့အစည်း ၁၁ ဖွဲ့ ဖြင့် ဖွဲ့စည်းထားသော “မြေယာလုံခြုံမှုနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဆိုင်ရာ ကွန်ရက်အဖွဲ့” မှ ပြုစုထားသော    “အစိမ်းရောင်စီးပွားရေး ၀ိရောဓိ”အစီ ရင်ခံစာတွင်မူ ကချင်ပြည်နယ်အတွင်း တစ်သျှူးငှက်ပျောစိုက်ပျိုးဧက စုစုပေါင်း တစ်သိန်းကျော်ပြီဟု ဖော်ပြထားသည်။

၎င်းစစ်တမ်း အစီရင်ခံစာတွင် တစ် သျှူးငှက်ပျော စိုက်ပျိုးရန် ကုမ္ပဏီများက မြေယာများရယူရာတွင် စိုက်ပျိုးမြေ၏ မူလပိုင်ရှင်များ သဘောတူညီချက်ဖြင့် ရယူမှု ၄၁ ရာခိုင်နှုန်း၊ သဘောတူညီမှုမရှိ ဘဲ ရယူထားမှု ၅၉ ရာခိုင်နှုန်းရှိသည်ဟု ဖော်ပြထားသည်။

ဖိအားပေးခြင်းနည်းလမ်းဖြင့် စိုက်ပျိုးမြေရယူမှု ၁၅ ရာခိုင်နှုန်း၊ ခြိမ်းခြောက် မှု ၁၄ ရာခိုင်နှုန်း၊ လိမ်လည်ရယူမှု ၁၀ ရာ ခိုင်နှုန်း၊ အတင်းအဓမ္မရယူမှု ၂၀ ရာခိုင် နှုန်း၊ ညှိနှိုင်းငှားရမ်းမှု ၂၅ ရာခိုင်နှုန်း၊ ညှိနှိုင်းဝယ်ယူခြင်း ၁၆ ရာခိုင်နှုန်း ရှိသည် ဟု စစ်တမ်းက ဆိုသည်။

အဆိုပါစစ်တမ်းကို  ၀ိုင်းမော်မြို့ နယ်အတွင်းရှိ ကျေးရွာ လေးခုနှင့် ဗန်း မော်မြို့နယ်အတွင်းရှိ ကျေးရွာနှစ်ခုတို့ကို ကွင်းဆင်းသုတေသနပြု ထုတ်ပြန်ထား ခြင်း ဖြစ်သည်။

Photo-Ye Lwin ငှက်ပျောတစ်ထမ်းလျှင် ငါးရာကျပ်ဖြင့် သယ်ယူနေကြသော ငှက်ပျောခြံအလုပ်သမားများ
Photo-Ye Lwin
ငှက်ပျောတစ်ထမ်းလျှင် ငါးရာကျပ်ဖြင့် သယ်ယူနေကြသော ငှက်ပျောခြံအလုပ်သမားများ

သစ်တောမြေပေါ်

ကျူးကျော်တဲ့ ငှက်ပျော

ပြီးခဲ့သည့် ၂၀၁၇ – ၁၈ အတွင်း သစ်တောဦးစီးဌာနက မိုးမောက်မြို့နယ် အတွင်း တိန်းသော် (၁) နှင့်တိန်းသော်(၂) ဟူ၍ ကြိုးပြင်ကာကွယ်တောနှစ်ခုကို သတ်မှတ်ခဲ့ကြောင်း မိုးမောက်မြို့နယ် မြေစာရင်းဌာန မှတ်တမ်းများတွင် ဖော်ပြ ထားသည်။ သစ်တောမြေအတွင်းသစ်ပင် ခုတ်ထွင်ရှင်းလင်းခွင့်၊ ထွန်ယက်စိုက်ပျိုး ခွင့် မရှိသော်လည်း လက်ရှိတိန်းသော် (၁) ကြိုးပြင် ကာကွယ်တောအတွင်း၌ ကုမ္ပဏီနှစ်ခုက တရုတ်ငှက်ပျောဧက ရှစ် ထောင်ကျော် ၀င်ရောက်စိုက်ပျိုးထား ကြောင်း ၎င်းင်းစာရင်းများတွင် တွေ့ရှိရသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ သယံ ဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ်ဦးဇော်မင်း ကို မေးမြန်းရာ သစ်တောပိုင်မြေများ အတွင်း စိုက်ပျိုးထားသော ငှက်ပျောခင်း များသည် ခွင့်ပြုချက်တင်ထားခြင်း မရှိ ကြောင်း ပြောသည်။

““ဥပဒေနဲ့အညီ အရေးယူဖို့ ရှိပါ တယ်။ ပြည်နယ်အစိုးရအဖွဲ့တို့ ဘာတို့က နေ တရားစွဲဖို့ အကုန်လုပ်ထားပါတယ်။ တရားစွဲထားပြီလို့ သိရပါတယ်””ဟု ၎င်းင်း က ဆိုသည်။

ကချင်ပြည်နယ် သစ်တောဦးစီး ဌာနသို့ ဆက်သွယ်မေးမြန်းရာတွင် သစ် တောကြိုးဝိုင်း/ကြိုးပြင်ကာကွယ်တော များအတွင်း ငှက်ပျောစိုက်ပျိုးသည့် ကုမ္ပဏီငါးခုကို တရားစွဲဆိုထားကြောင်း ဆိုသည်။

၎င်းင်းကုမ္ပဏီများကို သစ်တောမြေမှ ဖယ်ရှားပေးရန် တရားရုံးက ဆုံးဖြတ်ချက် ချခဲ့သော်လည်း လက်ရှိအချိန်ထိ မဖယ် ပေးသည့်အတွက် ““သတိပေးစာ သုံးကြိမ် ထုတ်ပြီးတော့ အခုနောက်ဆုံး ထုတ်ပြန် တဲ့ သစ်တောဥပဒေနဲ့ တရားစွဲဖို့  ၀ိုင်းမော် (မြို့နယ်)ဥပဒေအရာရှိကို အကြံဉာဏ် တောင်းထားပါတယ်”” ဟု ကချင်ပြည် နယ် သစ်တောဦးစီးဌာနမှူး ဦးခင်မောင် ဦးက မော်ကွန်းသို့ ပြောပြသည်။

 

ပျက်စီးလာသော သဘာဝပတ်ဝန်းကျင်

ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်း က ၀ိုင်းမော်မြို့နယ် အောင်မြေ ၂ ကျေးရွာ ရှိ နမ့်မြင်ချောင်းအတွင်း ငါးများ အစု အပြုံလိုက် သေဆုံးမှုဖြစ်ပွားခဲ့သည်။ အဆိုပါ ချောင်း၏ ဘေးဝဲယာတွင် တစ်သျှူးငှက်ပျောခြံများ ရှိပြီး ချောင်းပတ် ၀န်းကျင်ရှိ ကုန်းမြင့်များကိုလည်း ကုမ္ပဏီ များက ယန္တရားများဖြင့် မြေလှန်၍ ငှက် ပျောစိုက်ပျိုးထားသည်ကို တွေ့ခဲ့ရသည်။

ငှက်ပျောခြံတွင် အသုံးပြုသည့် ပိုးသတ်ဆေးများကြောင့် ငှက်ပျောခြံ အတွင်း ဖြတ်သန်းစီးဆင်းသွားသော ချောင်းမှ ငါးများ သေဆုံးခဲ့ခြင်းဖြစ် ကြောင်း ဒေသခံများက မှတ်ယူထား  ကြသည်။

ပြည်နယ်အစိုးရအဖွဲ့ သယံဇာတ ၀န်ကြီးအသစ် ဦးဒါရှီလဆိုင်းကမူ ပိုး သတ်ဆေးကြောင့်မဟုတ်ဘဲ ငါးမိုင်းခွဲ ခြင်းနှင့် အဆိပ်ခတ်ခြင်းကြောင့် ငါးများ သေဆုံးခြင်းဟု မီဒီယာများထံသို့ ဖြေ ကြားထားသည်။

ငှက်ပျောခင်းအတွင်း အသုံးပြု သည့် ပိုးသတ်ဆေးအားလုံးမှာ တရုတ် နိုင်ငံမှ တင်သွင်းလာခြင်းဖြစ်ကြောင်း ငှက်ပျောခင်း အလုပ်သမားခေါင်းဆောင် ဒေါ်အေးအေးအောင်က ဆိုသည်။ ၎င်း ဓာတ်မြေသြဇာနှင့် ပိုးသတ်ဆေးဘူးခွံ များကို ကြည့်ရှုရာတွင် အားလုံးလိုလို တရုတ်စာတန်းများသာ ပါရှိသည်ကို တွေ့ ရသည်။ ယနေ့အချိန်တွင် အဆိုပါ ဓာတ် မြေသြဇာများကို ၀ိုင်းမော်မြို့နယ်အတွင်း ရှိ ဓာတ်မြေသြဇာရောင်းသောဆိုင်များတွင်ပါ ၀ယ်ယူရရှိနိုင်ပြီ ဖြစ်ကြောင်း ဒေါ်အေးအေးအောင်က ပြောသည်။

ပိုးသတ်ဆေးများကြောင့်ဝိုင်းမော် မြို့နယ်အတွင်း၂၀၁၇ -၁၈ နှစ်များတွင် ကျွဲ၊ နွား သေဆုံးမှုများ ဖြစ်ပွားခဲ့ပြီး လုပ် သားများလည်း ရောဂါဘယ ဖြစ်ပွားမှု ရှိ ခဲ့ကြောင်း ငှက်ပျောခြံလုပ်သားများက စွပ်စွဲပြောဆိုကြသည်။

သို့သော် ယင်းအချက်နှင့်ပတ်သက် ၍မူ ဓာတ်ခွဲစမ်းသပ်မှုများလည်း မရှိသေးသလို တိကျသေချာသည့် သက်သေပြ ချက်လည်း မရှိသေးပေ။

၂၀၁၈ သြဂုတ် အတွင်း ကန်ပိုက်တီ နယ်စပ်ဂိတ်သို့ ဖြတ်သန်းဝင်ရောက်လာ သော တရုတ်နိုင်ငံမှ ဓာတ်မြေသြဇာတင် ယာဉ် ၂၈ စီးနှင့် ယာဉ်မောင်း တရုတ်နိုင်ငံ သား ခုနစ်ဦး ဖမ်းဆီးရမိခဲ့ပြီး အခြားသူ များမှာ ထွက်ပြေးလွတ်မြောက်ခဲ့သည်။

တရားမ၀င်ဟု ဆိုကြသော ဓာတ် မြေသြဇာကိစ္စနှင့်ပတ်သက်၍ဖမ်းဆီးမှု ရှိ၊ မရှိ မေးမြန်းရန် ပြည်နယ်အစိုးရအဖွဲ့ ဘဏ္ဍာအခွန်၊ စီမံကိန်းနှင့် စီးပွားရေး ၀န်ကြီး ဦးဝေလင်း ကိုင်ဆောင်သော ဖုန်း နံပါတ်နှစ်ခုသို့ ငါးကြိမ် ဆက်သွယ်ခဲ့သော် လည်း ဖုန်းပိတ်ထားသည်။ ၎င်းင်းကိုယ်ရေး အရာရှိကို သုံးကြိမ် ထပ်မံဆက်သွယ် သော်လည်း တယ်လီဖုန်းဖြေကြားခြင်း မပြုခဲ့ပေ။

ကချင်ပြည်နယ်တွင် စိုက်ပျိုး သော တစ်သျှူးငှက်ပျောများကို ယူနန် ပြည်နယ်တွင် စိုက်ပျိုးသည်ဟု ပြောဆို ကာ   အခြားနိုင်ငံများသို့ တင်ပို့ကြောင်း နှင့် ထိုကဲ့သို့ တင်ပို့သည့်အခါတွင်  ““ဓာတ်မြေသြဇာ ပိုသုံးတယ်လို့ စစ်ဆေးတွေ့ရှိ ရင် ဧကသုံးထောင်ပဲစိုက်စိုက်၊ လေး ထောင်ပဲ စိုက်စိုက် ဘယ်နိုင်ငံမှ လက်ခံမှာ မဟုတ်ပါဘူး။ ပြည်သူတွေက စိုးရိမ်ကြ တာပါ””ဟု ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က ယခုနှစ် မတ် ၃ ရက်က ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် ပြည်သူလူထုနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

ဝန်ကြီးချုပ်၏ ပြောကြားချက်တွင် ဓာတ်မြေသြဇာ လုံးဝမသုံးဘူးဟု ပြော ဆိုခြင်းမဟုတ်ဘဲ ပိုမသုံးဘူးဟုသာ ဆိုလို ခြင်းဖြစ်သည်။ သို့သော် တစ်သျှူးငှက် ပျော စိုက်ခင်းများတွင်သုံးစွဲသော ပိုး သတ်ဆေးနှင့် ဓာတ်မြေသြဇာများမှာ တရားဝင် တင်သွင်းလာခြင်းမဟုတ်သော ကြောင့် သုံးစွဲခွင့် မရှိပေ။

ဝန်ကြီးချုပ် ဒေါက်တာခက်အောင် ကို မေးမြန်းခွင့်ရရန် ၎င်းင်းကိုင်ဆောင်သော ဖုန်းနံပါတ်များကို ဆက်သွယ်ခဲ့သော်လည်း အားလုံး စက်ပိတ်ထားသဖြင့် ဆက်သွယ်၍ မရခဲ့ပါ။

ဝိုင်းမော်-မိုးမောက်-ဒေါ့ဖုန်းယန် လမ်းတစ်လျှောက် ၀ဲယာတွင် ရှိသော ငှက်ပျောခင်းများသို့ သွားရောက်ကြည့်ရှု ခဲ့ရာတွင် ငှက်ပျောခင်းဝန်းကျင်၊ ငှက် ပျောခင်းအတွင်း၌ ပလတ်စတစ်များ၊ ဖော့များ တောင်ပုံယာပုံ ကျန်ရှိနေပြီးငှက်ပျောခင်းမှ စွန့်ပစ်ပစ္စည်းများ လမ်း ဘေးဝဲယာတစ်လျှောက် စုပုံနေလျက်ရှိသည်။

ငှက်ပျောစိုက်ပျိုးရန် တောင်ယာ ခုတ်ထွင်ရှင်းလင်းရာတွင်လည်း ဧရိယာ အတွင်းရှိ သစ်ကြီးဝါးကြီးမှန်သမျှကို  ယန္တရားကြီးများဖြင့် မြေလှန်ပြီး မီးရှို့ ဖျက်ဆီးခဲ့ကြသည်။ ငှက်ပျောစိုက်ပျိုး မည့် မြေနေရာရှိ တောင်များ၊ လွင်ပြင်များ ကို မြေလှန်လိုက်သည့်အတွက် ယင်းနေ ရာရှိ သစ်ပင်ဝါးပင်များ၊ ပန်းမန်များ၊ ဒေသတိုင်းရင်းဆေးပင်များအားလုံး ပျက်စီးဆုံးရှုံးရကြောင်း အစိမ်းရောင် စီး ပွားရေး ၀ိရောဓိ အစီရင်ခံစာက ဆိုထားသည်။

 

ဖြေရှင်းဖို့ ဘယ်သူတွေ ဘာလုပ်နေလဲ

တရုတ်တစ်သျှူးငှက်ပျောကား များသည် မြန်မာ-တရုတ်နယ်စပ်ကန်ပိုက်တီနယ်စပ်ဂိတ်၊ နယ်ခြားစောင့်တပ် အမှတ် ၁၀၀၃ ထိုင်သည့် စင်ကြိုင်ဂိတ်၊ ဆဒုံးစုပေါင်းဂိတ်၊ ချီဖွေလမ်းဆုံစုပေါင်း ဂိတ်၊ ၀ိုင်းမော်ဂိတ်တို့ကို ဖြတ်သန်းပြီးမှ သာလျှင် ငှက်ပျောခင်းများသို့ ရောက်ကြ ကြောင်း၊ ယင်းဂိတ်များတွင် ရဲတပ်ဖွဲ့၊ လ၀က၊ နယ်ခြားစောင့်တပ်၊ သတင်းရဲ တပ်ဖွဲ့၊ အကောက်ခွန် စသည့် ဌာနဆိုင်ရာ များ စုပေါင်းစစ်ဆေးကြောင်း ကချင်ပြည် နယ်အစိုးရ အဖွဲ့ဝင်အချို့နှင့် ကချင်ပြည် နယ် သတင်းရဲတပ်ဖွဲ့ဝင် အချို့ထံမှ စုံစမ်း ရရှိသည်။

ကားအနည်းငယ်မှာ ကန်ပိုက်တီ ဂိတ်မှ ပေါ်တင်ဝင်ရောက်ကြပြီး ကား အများစုမှာ ကန်ပိုက်တီဂိတ်၏ မြောက် ဘက် ဝေမိုးရွာလမ်းမှ ခိုးဝင်ကာ ကန်ပိုက် တီနှင့် စင်ကြိုင်အကြားတွင် လမ်းမပေါ်သို့ ပြန်တက်ကြကြောင်းပြောကြသည်။ ကန် ပိုက်တီနယ်စပ်တစ်လျှောက်ကိုမူ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဇခုန်တိန့်ယိန်း၏ နယ်ခြားစောင့်တပ် အမှတ် ၁၀၀၁၊ ၁၀၀၂၊ ၁၀၀၃ တို့က ထိန်းချုပ်ထားသည်။

အထက်ပါ အကြောင်းအရာများ နှင့်ပတ်သက်၍ မေးမြန်းခွင့်ရရန် ကချင် ပြည်နယ်အစိုးရအဖွဲ့က ထုတ်ပြန်ထား သည့် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးနေလင်းထွန်းကိုင်ဆောင် သည့် ဖုန်းနံပါတ်များနှင့် ၎င်းင်း၏ကိုယ် ရေးအရာရှိ ဖုန်းနံပါတ်များသို့ ဆက်သွယ် ခဲ့သော်လည်း ခေါ်ဆိုမရခဲ့ပေ။

 

အချိန်မီ မဖြေရှင်းခဲ့သော်

တရုတ်တစ်သျှူးငှက်ပျောကိစ်္စနှင့်ပတ်သက်၍ ရွာလမ်းများ ပျောက်ကွယ် သွားခြင်း၊ ဘတ်ဟိုးနှင့် တူးလိုက်သည့် အတွက် လယ်ယာမြေများ ပုံမှန်အတိုင်း ရေမရရှိ၍ မြေဆီခန်းခြောက်ခြင်း၊ ကျေး ရွာမြေများ ဆုံးရှုံးခြင်း၊ ဓာတ်မြေသြဇာ သုံးစွဲမှုကြောင့် ကျန်းမာရေးထိခိုက်ခြင်း စသည့် နစ်နာမှုများနှင့်ပတ်သက်သော ဒေသခံများ၏ တိုင်စာများသည် ၂၀၁၈ အတွင်း များစွာရောက်လာခဲ့ကြောင်း လီဆူတိုင်းရင်းသားရေးရာဝန်ကြီး ဦးအားတီယောဟန်က ဆိုသည်။

တစ်သျှူးငှက်ပျောကိစ္စနှင့်ပတ် သက်၍ ကချင်ပြည်နယ် လယ်ယာစိုက်ပျိုး ရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ၀န်ကြီး အသစ် ဦးကျော်ကျော်ဝင်းက ““ တစ်သျှူး ငှက်ပျောနဲ့ပတ်သက်ပြီး စီမံခန့်ခွဲမှုကော်မတီဖွဲ့စည်းပြီးတော့မှ အဲဒီ ကော်မတီ အောက်မှာ ဆပ်ကော်မတီများ ထားရှိပြီး တော့ အသီးသီး ဒါတွေနဲ့ပတ်သက်ပြီး စီမံ ခန့်ခွဲနိုင်ဖို့အစပျိုးနေပါပြီ””ဟုဆိုသည်။

ယခုဖြစ်စဉ်နှင့်ပတ်သက်၍ မော်ကွန်းက တွေ့ဆုံဆက်သွယ် မေးမြန်းခဲ့ သော အစိုးရဌာနဆိုင်ရာ ပုဂ်္ဂိုလ်အချို့နှင့် လွှတ်တော်ကိုယ်စားလှယ် အချို့ကလည်း တစ်သျှူးငှက်ပျောနှင့်ပတ်သက်လျှင် ဥပဒေကြောင်းအရ တိတိကျကျ ကိုင် တွယ်ဆောင်ရွက်မှသာ အခွန်ငွေအပိုင်း၊ ဒေသခံများနှင့် ကုမ်္ပဏီတို့အကြား ဖြစ် ပွားခဲ့သော ပြဿနာအပိုင်းတို့ကို ကိုင်  တွယ်နိုင်မည်ဟု ထောက်ပြခဲ့ကြသည်။

အစိမ်းရောင်စီးပွားရေးဝိရောဓိ အစီရင်ခံစာက တစ်သျှူးငှက်ပျောနှင့် ပတ်သက်၍ ကနဦး သဘာဝပတ်ဝန်းကျင် ဆန်းစစ်လေ့လာခြင်း (IEE-Initial Environmental Examination) ပြုလုပ်ရန်၊ သဘာဝပတ်ဝန်းကျင် ရေရှည် တည်တံ့ဖို့ အစီအမံများ ထားရှိရန်၊ တည် ဆဲဥပဒေများအတိုင်း စနစ်တကျ အကောင် အထည်ဖော်ဆောင်ရွက်ရန်၊ စနစ်ကျ သော မြေအသုံးချမှုပုံစံ ထားရှိရန်၊ တစ် သျှူးငှက်ပျော စိုက်ပျိုးထုတ်လုပ်မှု အခြေ အနေများကို လေ့လာဆန်းစစ်ရန် စသည့် ကဏ္ဍများကို ပြုလုပ်ဖို့ လိုအပ်ကြောင်း တိုက်တွန်းထားသည်။

သို့သော် လီဆူတိုင်းရင်းသားရေး ရာဝန်ကြီးကမူ ““ဒီတစ်သျှူးငှက်ပျော တွေကို စီမံချက်နဲ့ Plan ဆွဲပြီးမှ၊ ဥပဒေ ဘောင်ထဲကနေ စည်းမျဉ်းတွေရေးဆွဲပြီးမှ ဘယ်လိုလုပ်မယ်ဆိုတာတော့ ဒီကနေ့ထိ ကျွန်တော်တို့ကက်ဘိနက်မှာ ချပြ ဆွေးနွေးတာ၊ လမ်းဩန်တာတော့ မရှိသေး ပါဘူး””ဟု ဆိုသည်။

““ဆုပေးဒဏ်ပေးစနစ်နဲ့ အမြန်ဆုံး ကိုင်တွယ်ပြီးမှ ပြည်သူရဲ့ အရေးကို ဖြေ ရှင်းနိုင်မှာ၊ လျစ်လျူရှုထားလို့ မရဘူးလို့ ကျွန်တော် အဲဒီလိုပဲ ပြောချင်ပါတယ်””ဟုလည်း ၎င်းင်းက ပြောသည်။

အစိုးရက ထိရောက်သည့် အရေး ယူမှုများ မရှိသေးခင် တစ်သျှူးငှက်ပျော ခင်းများက အောက်ခြေမြေပြင်တွင် တစ်စတစ်စ တိုးပွားလာလျက်ရှိနေပြီး ကုမ္ပဏီများကလည်း ငှက်ပျောခင်းများ ထပ်မံစိုက်ပျိုးရန် တောင်များကို မြေ လှန်ကာ ထွန်ယက်ထားကြလေသည်။

တရုတ်မှလာသော ငှက်ပျောမျိုး စိတ်၊ တရုတ်မှလာသော ဓာတ်မြေသြဇာ နှင့် ပိုးသတ်ဆေး၊ တရုတ်မှလာသော စိုက် ပျိုးနည်းစနစ်များဖြင့် ကချင်မြေပေါ်တွင်စိုက်ပျိုးဖြစ်ထွန်းခဲ့သော တစ်သျှူးငှက် ပျောခိုင်များ တင်ဆောင်ထားသည့် နယ်စပ်မှ ၀င်လာသော ၂၂ ဘီးကုန်တင်ယာဉ် ကြီးများသည်လည်း ၎င်းင်းတို့ဝင်ရောက်ခဲ့ သော နယ်စပ်ဂိတ်ပေါက်သို့ ဦးတည် မောင်းနှင်လျက်ရှိနေဆဲပင်။

Photo-Ye Lwin ဦးအာတီးယောဟန်
Photo-Ye Lwin
ဦးအာတီးယောဟန်

ကချင်ပြည်နယ်တွင် တရားမ၀င် စိုက် ပျိုးထုတ်လုပ်နေသည့်  တရုတ်တစ်သျှူး ငှက်ပျော စိုက်ခင်းများနှင့် ပတ်သက်၍ ကချင်ပြည်နယ်အစိုးရ အဖွဲ့မှ မည်သို့ လုပ်ဆောင်နေသည်နှင့် အစိုးရ အဖွဲ့အတွင်း ကြုံတွေ့နေရသည့် အခြေအနေများကို ကချင်ပြည် နယ် အစိုးရအဖွဲ့ ၀င်တစ်ဦးဖြစ်သော လီဆူ တိုင်းရင်းသားရေးရာဝန်ကြီး ဦးအားတီယောဟန်နှင့် တွေ့ဆုံမေး မြန်းထားသည်များထဲမှ ကောက်နုတ် ဖော်ပြလိုက်ပါသည်။

 

ရဲလွင် မေးသည်။

 

မော်ကွန်း။  ။ တရားမ၀င်ဘူးဆိုပေမယ့် ပေါ်ပေါ်ထင်ထင်သွားလာ စိုက်ပျိုးထုတ်လုပ်နေတဲ့ တစ်သျှူးငှက်ပျောကိစ္စမှာ ပြည်နယ် အစိုးရအဖွဲ့က ဆောင်ရွက်ထားရှိမှုအခြေအနေဘယ်လိုရှိပါသလဲ ခင်ဗျ။

ဦးအားတီယောဟန်။  ။ ကျွန်တော့်သဘောထားအရ ပြောတာ နော်၊ ပြည်နယ်အစိုးရအဖွဲ့အနေနဲ့ မပြောဘူး။ ဒါကို ကိုင်တွယ်ဖို့ ဆိုတာ စီမံချက်ကြီးကြီးဖြစ်တဲ့အတွက် အစိုးရအဖွဲ့တွေနဲ့ သက် ဆိုင်ရာအဖွဲ့တွေ အားလုံးစုပေါင်းပြီးမှ ကချင်ပြည်နယ်အစိုးရ အဖွဲ့က ဒါကို စီမံချက်တစ်ခုထားပြီးမှစနစ်တကျ ကိုင်တွယ်ဖြေ ရှင်းတဲ့နည်း လုပ်ရမယ်။ ဒီနေ့ထိတော့ အဲဒါမျိုး မရှိသေးပါဘူး။

လက်ရှိ သက်ဆိုင်ရာဌာနဆိုင်ရာဝန်ကြီးများရဲ့ လမ်းညွှန်မှု နဲ့ ဒီတစ်သျှူးငှက်ပျောကို ဘယ်လိုစီမံချက်နဲ့ လုပ်ထားတယ် ဆို တာ ကျွန်တော်တို့ကို ပေးမသိဘူး။ ကျွန်တော်တို့က နားမလည်တဲ့ ပြည်သူတွေကိုချပြပြီးမှ ဒါတော့ ဥပဒေဘောင်ထဲမှာ ပြည်သူက ဘယ်အကန့်မှာ နေပြီးမှ ဒီပြည်နယ်ဆို ပြည်နယ်၊ ပြည်ထောင်စုဆို ပြည်ထောင်စု၊ ၀င်ငွေရရှိဖို့ တစ်ဖက်တစ်လမ်း ဥပဒေဘောင်ထဲ မှာ လုပ်နေတယ်ဆိုတာကို ရှင်းပြရမှာ။ ဒီကနေ့အထိတော့ ဒီလို စနစ်တကျ ကိုင်တွယ်ဖြေရှင်းတာ မရှိသေးဘူးလို့ ကျွန်တော် မြင် ပါတယ်။

 

မော်ကွန်း။  ။ တစ်သျှူးငှက်ပျောကိစ်္စကိုဖြေရှင်းဖို့ အစိုးရအဖွဲ့ထဲ မှာ အစည်းအဝေးဘယ်နှကြိမ်များ လုပ်ခဲ့ပြီးပြီလဲ ခင်ဗျ။

ဦးအားတီယောဟန်။  ။ ပြီးခဲ့တဲ့ ၂၀၁၆-၁၇ တုန်းက ကျွန်တော်တို့ စည်ပင်ဖြတ်သန်းခွန်။ အဲဒါကောက်မယ်ဆိုတဲ့ အချိန်မှာ တင်ပြ တာ ရှိပါတယ်။ ကျွန်တော်တို့က သက်ဆိုင်ရာဌာနကနေ ဘယ်လို ပဲဖြစ်ဖြစ် ရရှိလာတဲ့ အကောက်အခွန် ရရှိဖို့ ဆောင်ရွက်နေတဲ့ အချိန်မှာ ဒီဖြတ်သန်းခွန်ကို စည်ပင်ဌာနအနေနဲ့ ကောက်တာကို အစိုးရအဖွဲ့ အစည်းအဝေးမှာလည်း ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့ တာ ရှိပါတယ်။

 

မော်ကွန်း ။   ။ ဖြတ်သန်းခွန်ဆိုတာ တရုတ်တစ်သျှူးငှက်ပျော တင်ကားတွေကို ကောက်တာလား။

ဦးအားတီယောဟန်။  ။ ဒီငှက်ပျောတင်တဲ့ကားတွေကို ရန်ပုံငွေ အဖြစ်ပေါ့၊ ဒေသစည်ပင်လမ်းတံတားတွေ ပြောမယ်ဆိုရင် သူတို့ ကားတွေကြောင့်မို့ မြို့တွင်းဖြတ်သန်းတဲ့အခါမှာ ပျက်စီးသွားတဲ့ ဟာတွေကို ပြန်လည်ပြုပြင်နိုင်ဖို့ မြို့မှာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ဖို့ အတွက် စည်ပင်ကဏ္ဍကနေ စည်ပင်ရန်ပုံငွေဆိုပြီးတော့မှ စည် ပင်ဝန်ကြီး ဦးနေ၀င်းဦးဆောင်ပြီးမှ ဒါတွေကို လုပ်ခဲ့တာ ရှိပါတယ်။

 

မော်ကွန်း။ ။ ပြည်နယ်အစိုးရက ပြောတာကြတော့ ငှက်ပျော တွေက တရားမ၀င်ဘူး၊ ဒါပေမဲ့ ငှက်ပျောတင်ထားတဲ့ ကားတွေ ကိုကျတော့ တရားဝင်အခွန်ကောက်တယ်ဆိုတော့ ဒါ ဘယ်လို ဖြစ်ရတာပါလဲ။

ဦးအားတီယောဟန်။  ။အဲဒါကျတော့ ငှက်ပျောတွေကို ခွင့်ပြု ထားတာ မဟုတ်ရင်တောင်မှ လောလောဆယ် စည်ပင်ဝန်ကြီး ဌာနကနေ သူရသင့်တဲ့အခွန်လောက်တော့ ကျွန်တော်တို့ဆီမှာရရမယ်ဆိုပြီးတော့ သူ့စီမံချက်နဲ့၊ ဒါကတော့ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့ဆီမှာ ခွင့်ပြုတာ၊ ခွင့်မပြုတာဆိုတာ ခွင့်ပြုပေးဖို့က လည်းသူ့မှာလည်း တာဝန်မရှိဘူး။ သို့သော် ဖြတ်သန်းနေတဲ့ နေ ရာကနေ အကောက်အခွန်လည်းရမယ်ဆိုရင်ပြည်သူလည်း အကျိုးရှိမယ်ဆိုပြီးတော့ သူ့ဘက်ကနေ တစ်ထောင့်တစ်နေရာက နေ ဆောင်ရွက်ပြီးတော့ ကြိုးစားပေးခဲ့တာဖြစ်လိမ့်မယ်လို့ ကျွန် တော်သဘောပေါက်ပါတယ်။

 

မော်ကွန်း။  ။ အဲဒီအခွန်ကောက်တဲ့ကိစ္စက အောင်မြင်ခဲ့လား။ အခုထိလည်း ကောက်နေတုန်းလားခင်ဗျ။

ဦးအားတီယောဟန်။  ။ အဲဒါကတော့ သူတို့ စည်ပင်ဝန်ကြီး စ အကောင်အထည်ဖော်ခဲ့တာ အခုအချိန်အထိ မရဘူး။ မရတော့ ဘူး။ ဒီကနေ့ကနေ စပြီး မကောက်တော့ဘူးဆိုတာတော့ ကြေ ညာချက် မထုတ်ရသေးတဲ့အတွက် အခုထိ ရရှိနေတယ်လို့ပဲ မျှော်လင့်ပါတယ်။ အခွန်ရယ်လို့မဟုတ်ဘဲ ကားဖြတ်သန်းကြေး ကတော့ စည်ပင်ဝန်ကြီးဦးနေ၀င်း စီမံခဲ့တာ အခုအထိ အသက် ၀င်နေမယ်လို့ ထင်ပါတယ်။

 

မော်ကွန်း။  ။ သိရသလောက် တရုတ်ငှက်ပျောကားတွေက ကန် ပိုက်တီနယ်စပ်ဂိတ်က ဖြတ်သလို မှောင်ခိုလမ်းက ဖြတ်လာတဲ့ ကားတွေလည်း ရှိတယ်လို့ ပြည်သူတွေထံက သိရပါတယ်။ မှောင် ခိုလမ်းက ၀င်/ထွက်တဲ့ ကားတွေ အတွက် ဘယ်လိုလုပ်ပါသလဲ။

ဦးအားတီယောဟန်။  ။ အဲဒါကတော့ ကျွန်တော်ပြောတာထက် ပြည်သူက ပိုသိလိမ့်မယ်။ သူတို့က နေ့စဉ် အဲဒီမှာ နေလာတာကိုး။ မျက်မြင်မှာ ဒါဟာ ဘယ်ကဖြတ်လာသလဲ ဘယ်လိုဖြစ်နေတယ် ဆိုတာ အသေးစိတ်တော့ မသိဘူးပေါ့။ ဒါပေမဲ့ ပြည်သူတွေ သိလို့ ပြောတာပဲပေါ့။ ကျွန်တော့်အနေနဲ့တော့ ဒီဟာတွေ ဘယ်ကနေ ဘယ်လိုဝင်လာတယ်ဆိုတာ အဲဒီအပိုင်းမှာ ပြောမယ်ဆိုရင်တော့ တာဝန်ရှိတဲ့၊ နိုင်ငံတော်က ကျမ်းသစ္စာကျိန်ပြီးမှ တိုင်းပြည်ကို ကာကွယ်မယ်ဆိုပြီးမှ တာဝန်ပေးထားတဲ့ ဌာနတွေ အများကြီး ရှိပါတယ်။

ပြောမယ်ဆိုရင်တော့ ဒီနယ်စပ်ဒေသကနေ ဖြတ်ကျော် လာတဲ့အခါမှာ နယ်စပ်ဒေသ ဖွံ့ဖြိုးရေးနဲ့လုံခြုံရေးပေးတဲ့ နယ်လုံ ၀န်ကြီးဌာနပေါ့နော်။ လ၀ကတွေ၊ ရဲတွေကို အကုန်အုပ်ချုပ်ရ တယ်၊ ပြီးတော့အဆင့်ဆင့် ကွပ်ကဲမှုရှိမယ်ဆိုရင်တော့ အဲဒီလို မျိုးတော့ မရှိနိုင်ဘူး ထင်ပါတယ်။ သို့သော် ပြည်သူတွေက ဒီလို မျိုး ရှိနေတယ်ဆိုလို့ ပြည်သူ့အသံကို နားထောင်ပြီးတော့မှ ကျွန်တော်တို့ ကျမ်းသစ္စာကျိန်ခဲ့တဲ့ ပြည်သူ့အပေါ်မှာ သစ္စာရှိရ မယ်၊ နိုင်ငံတော်အပေါ်မှာ သစ္စာရှိရမယ် ဆိုတာနဲ့အညီ ဆက် လက် ဆောင်ရွက်သွားမယ်ဆိုရင်တော့ ဒါမျိုး နောက်နောင်မရှိဘဲ ကင်းမဲ့သွားမယ်လို့ ထင်ပါတယ်။

 

မော်ကွန်း ။   ။ ငှက်ပျောကိစ္စနဲ့ပတ်သက်ရင် ပြည်နယ်အစိုးရအဖွဲ့က မျက်ကွယ်ပြုထားတာလား။ ငုတ်တုတ်ထိုင်ကြည့်နေတာလား။

ဦးအားတီယောဟန်။  ။ အဲဒါကတော့ရှင်းပါတယ်။ ဘာကြောင့် ရှင်းပါသလဲဆိုတော့ ပြီးခဲ့တဲ့ နှစ်တုန်းက သက်ဆိုင်ရာ ၀န်ကြီး တွေကိုလည်း မီဒီယာတွေက မေးခဲ့တယ်။ မီဒီယာက မေးတဲ့အခါ ကျတော့ ကျွန်တော်တို့က သက်ဆိုင်ရာ  ၀န်ကြီးများကလည်းပဲ ကျွန်တော်တို့က တစ်လက်မမှ ခွင့်ပြုထားတာ မရှိပါဘူးဆိုတဲ့ အခါကျတော့ ဒါကကျတော့ စကားပြီးသွားပြီလေဗျာ။ ခွင့်ပြု ထားတာမရှိရင် နံပါတ်တစ်၊ စောစောက ငါ့ညီမေးသလို အခွန် ကောက်လို့မရဘူး။ နံပါတ်နှစ်၊ အဲဒါကို စီမံခန့်ခွဲခွင့် မရှိဘူး။ ဒါ အလုပ်တစ်ခုဆိုတာက ခွင့်ပြုထားတဲ့အပေါ်မှာပဲ စည်းမျဉ်းနဲ့ ဥပဒေဘောင်အထဲမှာပဲ Managment (စီမံခန့်ခွဲမှု) လုပ်လို့ ရတယ်။ အဲဒီအပေါ်မှာ ပြောရမယ်ဆိုရင်တော့ သူတို့လည်း သက် ဆိုင်ရာ ၀န်ကြီးတွေလည်း တစ်လက်မမှ ခွင့်ပြုထားတာမရှိဘူး ဆိုပြီး ဖြေထားတဲ့အတွက် အဲဒီအတိုင်းပဲ ဖြစ်မှာပါ။ ကျွန်တော် အဲဒီလိုပဲ အဲဒီလောက်ပဲ ပြောလို့ရတယ်။

 

မော်ကွန်း။  ။ တရုတ်တစ်သျှူးငှက်ပျောကိစ္စမှာ မြေယာဆုံးရှုံး သွားလို့ လုပ်အားခေါင်းပုံဖြတ်ခံရလို့ နစ်နာတဲ့ ပြည်သူတွေ တိုင်စာတွေ ပို့တယ်လို့သိရတယ်။ အဲဒီတိုင်စာတွေ ပြည်နယ်အစိုးရထံ ရောက်လာရဲ့လား၊ ရောက်လာပြီးတော့ ပြည်နယ်အစိုးရအဖွဲ့ထဲ မှာပဲ ပျောက်သွားတာလား။

ဦးအားတီယောဟန်။  ။ ပြည်သူတွေ ခံစားနေရတယ်ဆိုတာ ပြည်သူတွေ တိုင်တယ်ဆိုတာ ပထမ ကျွန်တော်တို့ ဒီ NLD အစိုးရ စတက်ကတည်းက သိပြီးသားပါ။ မတက်ခင်ကလည်းပဲ ဒီမြေယာနဲ့ ပတ်သက်ပြီးမှ ပြည်သူတွေ၊ တကယ် လက်လုပ်လက် စားသမားတွေက ဥပဒေကို နားမလည်ဘူး။ နားမလည်တော့ ဟို ရုံးသွားလိုက် ဒီပုတ်လိုက်၊ ဒီရုံးသွားလိုက် ဟိုပုတ်လိုက်နဲ့ လုပ်နေ တယ် ဆိုတာလည်း ကျွန်တော်သိပြီးသားပါ။

အခုနောက်ပိုင်း NLD အစိုးရ တက်လာတဲ့အခါမှာ ပြည် သူက လမ်းတံတားတွေ လုပ်ပေးတာထက် လုပ်ပေးတာလည်း ကောင်းပါတယ်။ ပြည်သူရဲ့ခံစားချက်ကိုပြောတာနော်။ ကျွန် တော့်အမြင်နဲ့။ ဒါပေမဲ့ အဲဒီထက်ဆိုရင် ပြည်သူရဲ့ အခွင့်အရေး ကို ပုံဖော်ပြီးမှ NLD အစိုးရသည် ပြည်သူ့ရဲ့ အခွင့်အရေးကို စောင့်ရှောက်ပေးတယ်ဆိုပြီးမှ ပြည်သူက ခံစားလာတဲ့အခါကျ တော့ ပြည်သူက အဲဒီအပေါ်မှာ အခြေခံပြီးတော့မှ ငါတို့ မိဘ တွေ့ပြီ၊ ငါတို့ အခုပြည်သူတွေကို ကာကွယ်ပေးတဲ့ အစိုးရ တွေ့ပြီ ဆိုပြီး တိုင်ကြားလာတာ။

တိုင်စာတွေကတော့ သက်ဆိုင်ရာဌာနကိုလည်း တိုင် တယ်။  တိုင်လာတဲ့ စာတွေကတော့ ရောက်လားမသိ၊ မရောက် လား မသိ။ ပြည်သူတွေက တိုင်ထားတဲ့ဟာ ခြောက်လ၊ တစ်နှစ် ကျော်လာရင်လည်း စာရွက်စာတမ်းတွေ ပျောက်သွားတာတွေ ဖြစ်တဲ့အခါကြတော့ ဒီနေ့အထိ အဲဒီလိုမျိုး ခံစားနေရတဲ့အခါကြ တော့ ၂၀၁၈ နောက်ပိုင်းဆိုရင် ကျွန်တော်တို့ တိုင်းရင်းသားရေး ရာဝန်ကြီးတွေထံမှာ တိုင်စာတွေ အများကြီးရှိပါတယ်။ တိုင်စာ တွေသည် အချို့ တစ်သျှူးငှက်ပျောရဲ့ ဧရိယာထဲမှာ ရှိတဲ့ရွာတွေ လမ်းတွေ ပျောက်သွားတာ လယ်ယာမြေတွေ ခန်းခြောက် သွားပြီးမှ ဘတ်ဟိုးတွေနဲ့ တူးလိုက်တဲ့အခါကြတော့ လယ်ယာ မြေတွေ ပုံမှန်အတိုင်း ရေမရဘဲနဲ့ လယ်ယာမြေတွေ ဆုံးရှုံးတာ တွေ၊ ပြီးတော့ ရွာမြေတွေ ဆုံးရှုံးရတာတွေ၊ ပြီးတော့  မြေသြဇာ သုံးစွဲမှုတွေကြောင့် ကလေးတွေ ကျန်းမာရေးထိခိုက်မှုတွေ စတဲ့ အမျိုးမျိုးနဲ့ တိုင်စာတွေ ကျွန်တော်တို့ဆီ ရောက်လာတယ်။

ဒါပေမဲ့ ကျွန်တော်တို့က ဒီတိုင်စာက ဘယ်သူနဲ့ သက်ဆိုင် သလဲ၊ မြေစာရင်းနဲ့ သက်ဆိုင်ရင် မြေစာရင်းကို ညှိနှိုင်းထား တယ်၊ အဲဒီတော့ အဲဒီလို ညှိနှိုင်းထားတဲ့အပေါ်မှာတောင်မှ ဒီနေ့ အထိ ဘယ်ဟာတွေ ဘယ်လိုပြီးစီးသွားပြီ။ ပြည်သူရဲ့ အခွင့်အရေး ကို ၀န်ကြီး ညှိနှိုင်းလာတဲ့ကိစ္စ ဘယ်လိုမျိုး ဖြစ်ပြီးမှ ဘယ်လိုမျိုး ပြည်သူ့အရေး ဆောင်ရွက်ထားပြီဆိုတဲ့ဟာ ခိုင်မာတဲ့အကြောင်း ပြန်ကြားချက်က မရှိခဲ့တဲ့အခါ ကြတော့ ခုနကလိုပေါ့ ပြည်သူတွေ တိုင်တာကတော့ ပြောတော့ မပြောတော့နဲ့ပေါ့ကွာ။ ၀န်ကြီး ကိုယ်တိုင် ညှိနှိုင်းထားတဲ့ စာကို တောင်မှ အောက်ခြေမှာ လေး လေးနက်နက် ဆောင်ရွက်တာ မရှိဘူးဆိုရင်တော့ ပြည်သူတွေက တော့ ဝေးပြီပေါ့။

 

မော်ကွန်း။  ။ ဒီအတိုင်းဆို တရုတ်တစ်သျှူးငှက်ပျောက ဘယ် လောက်ဆိုးသွားနိုင်သလဲ သုံးသပ်ပေးပါ ခင်ဗျ။ အောက်ခြေမှာ ဆိုလည်း တောင်ကို ကတုံးတုံးပြီး မြေလှန်စိုက်ပျိုးဖို့ ဆောင်ရွက် နေတာတွေ တွေ့ ခဲ့ရတဲ့အတွက်ပါ။

ဦးအားတီယောဟန်။  ။ ပြည်နယ်အစိုးရက စီမံချက်အနေနဲ့ ဘယ်နေ့ကနေ စပြီးမှ မြေစာရင်းဥပဒေ၊ သစ်တောဝန်ကြီးဌာနရဲ့ စည်းမျဉ်းဥပဒေ ဒီနိုင်ငံအတွင်းမှာ ရင်းနှီးမြှုပ်နှံမှုရဲ့ စည်းမျဉ်း ဥပဒေအထဲမှာ ပါအောင် သေချာလည်း စနစ်တကျ ကိုင်တွယ် သွားမယ်ဆိုရင်တော့ မနက်ဖြန်ကနေစပြီး လုပ်မယ်ဆိုရင် ဒါ အဟန့်အတား ပြုသွားမယ်။ ဒါမြေပြင်ပေါ်မှာ ဘယ်လောက် ဘယ်နှဧက၊ ဒါဝယ်ထားတာလား၊ မြေစာရင်းပုံစံအရ ဘယ်သူက ပိုင်ဆိုင်ထားတာ၊ အဲဒီလို ကိုင်တွယ်သွားမယ်ဆိုရင်  လေးငါး ခြောက်လအတွင်းမှာ အဆင်ပြေသွားမှာပေါ့။ မကိုင်တွယ်သရွေ့ ကတော့ ဘယ်လောက် ကြန့်ကြာသွားမယ်ဆိုတာ ခန့်မှန်းလို့ မရဘူး။

 

မော်ကွန်း။  ။ ဒါဆို တစ်သျှူးငှက်ပျောကိစ်္စမှာ ဆောင်ရွက်ဖို့  ကချင်ပြည်နယ်အစိုးရအဖွဲ့မှာ အခက်အခဲတွေ ရှိနေတာလား။

ဦးအားတီယောဟန်။  ။ ကျွန်တော်ပြောမယ်။ မန္တလေးတိုင်း အစိုးရအဖွဲ့၊ ရန်ကုန်တိုင်းအစိုးရအဖွဲ့။ မှားရင် စေတနာအမှားပဲ ခံတယ်။ တိုင်းပြည်အတွက် ကောင်းအောင်လုပ်မယ် သူတို့ရဲ့ ဆောင်ရွက်မှုတွေဟာ။ ကျွန်တော်ချီးကျူးတယ်။ ကျွန်တော်တို့ ကလည်း တကယ်လို့များ ဒါကို ကိုင်တွယ်ဖို့ အခက်အခဲဆိုတာက ဥပဒေ ရှိနေပြီးသား။ အဲဒီတော့ အခက်အခဲဆိုတာ ကျွန်တော် ပြောတာက ကိုယ်မကျူးလွန်ထားရင် ဒါဟာ အခက်အခဲ မရှိပါ ဘူး။ စည်းမျဉ်းရေးဆွဲလိုက်ပြီးမှ ကိုယ့်နိုင်ငံ ကိုယ့်ဒေသ ကိုယ့် တိုင်းပြည်ပဲ။ ကိုယ့်တိုင်းပြည်မှာ နိုင်ငံတကာက ဥပဒေမဲ့လုပ်နေ မယ် ဘာညာကို ခံနေမယ်ဆိုရင်တော့ ဒါနိုင်ငံတော်အထိပါ သိက္ခာကျတယ်လေ။

အဲဒီတော့ ကျွန်တော်ထင်ပါတယ်။ တကယ်လို့များ ဒီဟာ ကို ပြည်ထောင်စုနဲ့ ညှိနှိုင်းရမယ့်အကန့်ကို ပြည်ထောင်စုနဲ့ ညှိ နှိုင်း၊ ပြည်နယ်အစိုးရအဖွဲ့ ၀န်ကြီးများအားလုံး တာဝန်တစ်ခု ချင်းစီယူပြီးမှ ဟန်ချက်ညီညီနဲ့ တာဝန်တွေ ခွဲဝေပြီးမှ စနစ်တကျ ပြည်သူ့အရေးကို၊ ပြည်သူ့အရေးဆိုတာ အားလုံးပါတယ်နော်။ လုပ်ငန်းရှင်ကို နစ်နာစေချင်လို့ ပြောတာမဟုတ်ဘူး။ လုပ်ငန်း ရှင်တွေလည်း နိုင်ငံတော်မှာ တစ်ဖက်တစ်လမ်းကနေ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခွန်ရှာပေးနေတာ။ အဲဒီတော့ လုပ် ငန်းရှင်လည်း ဥပဒေဘောင်အတွင်းမှာ ဖြစ်ရမလို ပြည်သူ့အရေး မှာလည်း မနစ်နာအောင် ကိုင်တွယ်မယ်ဆိုရင် ကျွန်တော်ထင် တာ ဒါကတော့ အခက်အခဲ မရှိဘူးလို့ ထင်ပါတယ်။ ဒါပေမဲ့ အခက်အခဲရှိသလား၊ စိန်ခေါ်မှုရှိသလားဆိုတာ စိန်ခေါ်မှုကတော့ အနည်းနဲ့ အကျဉ်းတော့ ရှိမှာပေါ့။ ဒါပေမဲ့ ဒီစိန်ခေါ်မှုကတော့ မှားရင်လည်း စေတနာအမှားပဲ သဘောထားမယ်ဆိုရင် ကိုင် တွယ်ဖို့ လွယ်ကူသွားမှာပေါ့။ လွယ်ကူသွားမှာဆိုတာထက် ဖြစ် မြောက်သွားမှာပေါ့ကွာ။

 

မော်ကွန်း။  ။ ၀န်ကြီးပြောသွားတဲ့အထဲမှာ ““ကိုယ်မကျူးလွန်ထား ရင် အခက်အခဲမရှိပါဘူး””လို့ ပြောသွားတော့ ပါဝင်ပတ်သက် ကျူးလွန်ထားတာတွေ ရှိနေတာလား။

ဦးအားတီယောဟန်။  ။ အဲဒါတော့ ကျွန်တော် မပြောတတ်ဘူး။ ဘာကြောင့်လဲဆိုရင်တော့ ဘယ်သူတွေ ပါဝင်ကျူးလွန်ထား တယ်ဆိုတာ ကျွန်တော်တို့က ဒီတစ်ယောက်နဲ့ တစ်ယောက်ကို ဒါက ဘယ်လိုလုပ်ထားတယ်၊ ဘယ်လို လုပ်ထားတယ် ဆိုပြီးမှ ဘယ်သောအခါမှ အပြစ်ရှာပြီးမှ ဘယ်သောအခါမှ ဘယ်သူ့ကိုမှ လိုက်ပြောလေ့ မရှိသလို ကောင်း သထက် ကောင်းလာအောင် ပူးပေါင်းပေးချင်တဲ့စိတ်ပဲရှိတယ်။ ဒီမှာ ဒုက္ခရောက်နေတယ်။ ဒါကို ဘယ်လို ကယ်ရမလဲ။ ဒီလိုပဲ တွေးမိတယ်။

 

မော်ကွန်း။  ။ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ မိသားစုဝင်တွေက တရားမ၀င် တစ်သျှူးငှက်ပျောစိုက်တဲ့ ကုမ္ပဏီမှာ ရာထူး အကြီးပိုင်းနဲ့ အလုပ်လုပ်နေတယ်ဆိုတဲ့ ကိစ်္စတွေ သိခဲ့ရတယ်။ ကချင်ပြည်နယ်အစိုးရအဖွဲ့ထဲမှာရော အဲဒီကိစ္စကို သိပါသလား။

ဦးအားတီယောဟန်။  ။ အဲဒီအပိုင်းမှာလည်း ကျွန်တော် တလောက ကြားဖူးတာ၊ ကြားဖူးတာပဲ ရှိပါတယ်။ ဒါပေမဲ့ ကြား ဖူးတာပဲ ရှိတဲ့အခါကြတော့ ကျွန်တော်တို့ ဒီတောင်ပိုင်းအကန့် မှာပေါ့၊ ၀န်ကြီးများရဲ့ အကန့်မှာလည်း တချို့ရဲ့ တိုင်းဒေသတွေ မှာတော့ ၀န်ကြီးများအားလုံးက မိသားစုလို တာဝန်တစ်ခုကို နေရာအကန့်မခွဲထားဘူး။ အားလုံးသည် အစိုးရ အဖွဲ့ဝင် ၀န်ကြီး ပဲ။ အားလုံးသည် ပြည်သူအတွက် လိုအပ်တဲ့ နေရာကနေ ၀ိုင်း ၀န်းပြီး ညှိနှိုင်းပြီးမှ ဆောင်ရွက်ရမယ်ဆိုပြီးတော့ မန္တလေးတိုင်းဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်တို့က အဲဒီလိုမျိုးပေါ့နော်။

ကျွန်တော်တို့ဘက်မှာကျတော့ ဒီဟာသည် ညှိနှိုင်းပြီးမှ ဘယ်ဌာနနဲ့၊ ကိုယ်မသက်ဆိုင်တဲ့ဟာတော့ မပြောရဘူး၊ ကိုယ့် သက်ဆိုင်တဲ့ကိစ္စတွေပဲ အလုပ်လုပ်ရမယ်ဆိုပြီးမှ လမ်းဩန်ချက် ဖြစ်တဲ့အခါကျတော့ ကျွန်တော်တို့က ကျွန်တော်တို့ သက်ဆိုင် တာက တိုင်းရင်းသားရဲ့ အခွင့်အရေး နစ်နာဆုံးရှုံးမှု ကာကွယ် ပေးမှု ဒီလောက်ပဲရှိပါတယ်။

 

မော်ကွန်း။  ။ ဖြည့်စွက်ပြောချင်တာများရှိရင် ပြောပြပေးပါဦး ခင်ဗျ။

ဦးအားတီယောဟန်။  ။ ကျွန်တော်တို့ ဒီတစ်သျှူးငှက်ပျောရဲ့ ဧရိယာအထဲမှာ ကျရောက်နေတဲ့ ပြည်သူတွေ တော်တော် ဒုက္ခ ရောက်ပါတယ်။ တိုင်စာမရောက်ခင်ကတည်းကလည်း ကျွန် တော့်အနေနဲ့တော့ သိပါတယ်။ အဲဒီဟာရဲ့ အဓိက ဆိုလို့ရှိရင် သက်ဆိုင်ရာဝန်ကြီးဌာနက အောက်ခြေအဆင့်ထိ ပြည်သူကို အလေးထားပေးတဲ့ ပြည်သူရဲ့ အခက်အခဲတွေကို ကူညီဖေးမ ကူညီနိုင်တဲ့ ၀န်ထမ်းတွေ ရှိဖို့ လိုပါတယ်။

အရင်က ကျွန်တော်တို့ သမ္မတကြီး လွှတ်တော်မှာ ပြောခဲ့ တာ တစ်ခွန်းရှိပါတယ်။ မေတ္တာခေါင်းပါးတဲ့ လူတွေပဲ ပြည့်နှက် နေတဲ့ ကျွန်တော်တို့ရဲ့ အစိုးရအုပ်ချုပ်မှုရဲ့ အောက်မှာရှိတဲ့ ဌာန ဆိုင်ရာတချို့၊ အားလုံးကိုမပြောဘူး၊ တချို့တွေကြောင့် ပြည်သူ တွေလည်း အစိုးရအဖွဲ့ကို အယုံအကြည်ကင်းမဲ့တယ်။ အဲဒီတော့ အစိုးရက ဒါကို တိတိကျကျ ကိုင်တွယ်ပေးဖို့ လိုတယ်ဆိုတာ ကျွန်တော်ဒီနေရာကနေ မက်ဆေ့ခ်ျပေးချင်တယ်။ အစိုးရသည် ကိုယ့်ရဲ့ သားသမီးသည် ဘာလုပ်နေလဲဆိုတာ ကိုင်တွယ်ပြီးမှ ကောင်းတဲ့သူကို ဆုပေးဒဏ်ပေးစနစ်နဲ့ အမြန်ဆုံးကိုင်တွယ်ပြီးမှ ပြည်သူရဲ့အရေးကို ဖြေရှင်းနိုင်မှာ၊ လျစ်လျူရှုထားလို့ မရဘူးလို့ ကျွန်တော် အဲဒီလိုပဲ ပြောချင်ပါတယ်။

Advertise Here

LEAVE A REPLY

Please enter your comment!
Please enter your name here