Home အက်ဆေး မိုဘိုင်းလ်ဖုန်းရောဂါ

မိုဘိုင်းလ်ဖုန်းရောဂါ

255
0
Advertise Here

 #MawKunMagazine
#လက်သွေး
၂ဝ၁၈၊ မတ်-ဧပြီလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၅၅)မှ Essay ဖြစ်ပါသည်။

 

Advertise Here

ခရီးတစ်ခုသွားခါနီးမှာပဲ ကျွန်တော့် လက်ကိုင်ဖုန်း လက်က လွတ်ကျတာ မှန်ကွဲပြီး အလုပ် မလုပ်တော့ဘူး။ ဖုန်းလည်း ကိုင်လို့မရ၊ သုံးလို့လည်းမရနဲ့ အတော် စိတ်ကသိကအောက်ဖြစ်ရတယ်။ ဒီဖုန်းထဲမှာ ခရီးစဉ်အတွက် အချိန်ဇယား မှတ်ထားတာတွေ၊ ဆက်သွယ်ရမှာတွေနဲ့ အခြားအသုံးဝင်မယ့်အရာတွေ ပါတာကြောင့် စိတ်တွေ ရှုပ်ထွေးသွားခဲ့တယ်။

ဖုန်းဆိုင်တွေမှာ လိုက်ရှာပြင်ပေမယ့် တစ်ရက် စောင့်ရမယ်ဆိုတာကြောင့် အဆင်မပြေခဲ့ဘူး။ ဒါကြောင့် ဆက်သွယ်ဖို့ keypad ဖုန်းတစ်လုံး ဝယ်လိုက် ရတယ်။ ပျက်တဲ့ဖုန်းကတော့ နယ်ရောက်မှပဲ ပြင်လိုက် ရပါတယ်။ ဖုန်းမရှိတဲ့အချိန်က တစ်ရက်သာသာပဲ။ ဒါ တောင် keypad ဖုန်းနဲ့ ဆက်သွယ်လို့ ရသေးတာ။ ဒါပေမဲ့ မျက်နှာပြင်ကို ကိုင်တွယ်ပွတ်သပ်ပြီး ဆော့ဖ်ဝဲလ် တွေနဲ့ မသုံးရတဲ့အခါ  တော်တော် အဆင်မပြေ ဖြစ်ရတယ်။

ဖုန်းမရှိရင် အဓိပ္ပာယ်မဲ့သွားသလိုလည်း ခံစားလိုက်ရတယ်။ စိတ်ထဲလည်း လန့်သွားတယ်။ ဖုန်းမရှိရင် မဖြစ်တော့ဘူးလားပေါ့။ ဒီလို စဉ်းစားမိတော့ အရင် ဖုန်းမရှိစဉ်တုန်းက အချိန်တွေကိုလည်း ပြန်အမှတ်ရမိ တယ်။ ကျွန်တော် ဖုန်းမကိုင်နိုင်တုန်းက ဘယ်လိုနေ ထိုင်ခဲ့တာလဲပေါ့။

အရင်တုန်းကဆို သူငယ်ချင်းတွေ မိတ်ဆွေတွေရဲ့ ဖုန်းနံပါတ်တွေကို သေချာ စနစ်တကျ စာအုပ် လေးနဲ့ မှတ်ထားခဲ့ရတယ်။ အဲဒီတုန်းက မှတ်ခဲ့တဲ့ ဖုန်းနံပါတ် ၉ဝ ရာခိုင်နှုန်းလောက်က ကြိုးဖုန်းနံပါတ်တွေပါ။ တစ်ယောက်နဲ့ တစ်ယောက်ဆက်သွယ်ဖို့ ကိုယ့်အိမ်နဲ့ နီးစပ်ရာ ဖုန်းတွေကို ပေးထားကြတာပေါ့။ ကျွန်တော်ဆို လည်း ကျွန်တော့် အိမ်နားက ဖုန်းနံပါတ် ပေးထားရတာပေါ့။

အလုပ်လျှောက်တဲ့အခါမှာရော သူငယ်ချင်း အသစ်နဲ့တွေ့တဲ့အခါမှာပါ ဒီဖုန်းနံပါတ်တွေပဲပေးခဲ့ တာ။ ဖုန်းလာပြီဆို ဖုန်းဆိုင်က လာခေါ်ပေးတယ်။ ဖုန်း ပြောခအပြင် လာခေါ်ခ ငါးဆယ်၊ တစ်ရာ အပိုပေးခဲ့ရတာ ပေါ့။ တချို့ရပ်ကွက်တွေမှာဆိုရင် လာမခေါ်ဘူး။ လော်စပီကာကြီးတပ်ထားပြီး ဘယ်သူ ဖုန်းလာနေပါတယ်ဆိုပြီး မိုက်နဲ့လှမ်းအော်ကြတယ်။

ဒီလို ဖုန်းနံပါတ်တွေရှိပေမယ့် အရေးအကြောင်း ရှိမှသာ ဆက်ဖြစ်တာပါ။ တစ်လနေလို့လည်း တစ်ခါတောင် ပြောချင်မှပြောရတာ။ အဲဒီတုန်းကလည်း ဖုန်းမဆက်လို့ အဆက်အသွယ် ပြတ်တယ်ဆိုတာတော့ မရှိခဲ့ဘူး။ ပုံမှန်ပဲ ဘယ်သွားမယ်၊ ဘာလုပ်မယ် သူငယ်ချင်းတွေကိုချိန်းရင် ဖုန်းလေး တစ်ခါဆက်လိုက်ရုံပဲ။ ဒါတောင် အနေဝေးတဲ့ သူငယ်ချင်းမို့လို့ ဖုန်းဆက်ရတာ။ ရပ်ကွက်ထဲက သူငယ် ချင်းတွေကတော့ လမ်းထိပ်ထွက်လိုက်တာနဲ့ ဘယ်သူက ဘယ်နေရာမှာ ရှိတယ်ဆိုတာသိရတော့ ကိုယ် သွားချင်တဲ့ သူဆီ သွားရုံပဲ။

ဖုန်းမရှိတဲ့အချိန်ကဆို လမ်းလျှောက်ရင် လည်းအေးဆေး။ ဘေးဘီဝဲယာ ဂရုစိုက်ကြည့်မိတယ်။ အသိမိတ်ဆွေတွေတွေ့ရင်လည်း တစ်ယောက်နဲ့တစ်ယောက် နှုတ်ဆက်စကားတွေ ပြောကြတယ်။ ပြောလို့မှ အားမရရင် လက်ဖက်ရည်ဆိုင်မှာထိုင်ပြီး စကားတွေ အေးဆေးပြောကြ တယ်။ စားပွဲခုံပေါ်မှာ လက်ဖက်ရည်နှစ်ခွက် ဆေးလိပ် တစ်ပွဲ။ တစ်ခါတစ်ရံ ဆေးပေါ့လိပ်နှစ်လိပ် ရေနွေးအိုးတစ်လုံးနဲ့ တစ်နေ့လည်း ကုန်ခဲ့ဖူးတယ်။

ပြောရရင်တော့ ဖုန်းဆိုတာ အရင်တုန်းက ကျွန်တော် တို့အတွက် အပိုပစ္စည်းပဲ။ မှတ်မိသေးတယ်၊ ကျွန်တော့် သူငယ်ချင်းတစ်ယောက်၊ သူငယ်ချင်းတွေထဲမှာ အရင်ဆုံး ဖုန်းစကိုင်နိုင်တဲ့သူပေါ့။ သူက တစ်နှစ်လောက် သင်္ဘော တက်ပြီး ပိုက်ဆံလေးက ရှိလာတော့ ဖုန်းဝယ်ကိုင်တယ်။

ကိုင်ခါစကတော့ ဖုန်းလေးတပြပြပေါ့။ နောက်တော့ လည်း ဖုန်းဆက်စရာဆိုလို့ အပေါင်းအသင်းထဲမှာ ဘယ်သူမှမရှိ တစ်ရက်လုံးနေမှ ဖုန်းက တစ်ခါတောင် မပြောရ ဆိုတော့ သူလည်း ဖုန်းကိုမကိုင်တော့ဘူး။ အိမ်မှာပဲ ထားခဲ့တော့တာ။ ကျွန်တော်တို့ သူငယ်ချင်းတွေကြားထဲမှာလည်း ဖုန်းက အပိုပစ္စည်းတစ်ခုလိုဖြစ်နေတော့ ဖုန်းမရှိ တာဟာ ဘာမှ ပြောင်းလဲမသွားဘူးလေ။

အရင်တုန်းက အပေါင်းအသင်းတွေနဲ့ ပျော်ခဲ့တဲ့ အချိန်တွေကို ပြန်စဉ်းစားမိတယ်။ မနက်မိုးလင်း လက်ဖက် ရည်ဆိုင်ထိုင်၊ အလုပ်သွား။ ညနေ ဂစ်တာတီး၊ သီချင်းဆို မြစ် ကမ်းနား သွားထိုင်ကြ။ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့် စကြနောက်ကြနဲ့ အင်မတန်ပျော်ဖို့ကောင်းခဲ့တယ်။

အဲဒီပျော်ရွှင်မှုတွေကို  ဒီနေ့မိုဘိုင်းလ်ကမ္ဘာမှာ ပြန်ရနိုင်မယ် မထင်တော့ဘူးလို့ ကျွန်တော် စဉ်းစားမိတယ်။ ကျွန်တော်နဲ့ သူငယ်ချင်းတွေ တစ်နေရာစီ ဝေးနေကြတာလည်းပါမယ်။ ဒါပေမဲ့ ဝေးကွာတာက အဓိကတော့မဟုတ်ဘူး။ အပြောင်း အလဲက ဖုန်းပဲ။

ကျွန်တော်တို့သူငယ်ချင်းတွေ လွန်ခဲ့တဲ့ တစ်နှစ်လောက်က ပြန်တွေ့ကြသေးတယ်။ အရင်ကလောက် နွေးထွေးမှုမရှိကြတော့ဘူး။ မတွေ့တာကြာလို့ မဟုတ်ဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့စကားဝိုင်းမှာ ဖုန်းတွေက နေရာယူထားလို့ပါပဲ။ အရင်က တစ်ယောက်နဲ့ တစ်ယောက် စကားကို ပြောစရာမကုန် အောင် တစ်ယောက် တစ်လှည့်ပြောကြပေမယ့် အခုတော့ လက် ကိုင်ဖုန်းတွေပေါ်မှာပဲ အားလုံးက အာရုံရောက်နေကြတယ်။ စကားစတစ်ခုရပြီဆိုလည်း တစ်ယောက်ယောက်ဆီက ဖုန်းလာ ရင်လာ၊ မလာရင် အင်တာနက် ဖွင့်ကြည့်တာနဲ့ ကျွန်တော် တို့စကားဝိုင်းတွေက တိတ်ဆိတ်သွားရပြန်တယ်။

ပြောလိုက်တဲ့ စကားလုံးတွေမှာလည်း သူငယ်ချင်းတွေ အရင်က စနောက်နေကျ စကားလုံးတွေမှာ ဖုန်းအကြောင်း တွေက နေရာဝင်ယူလာတယ်။ ဥပမာ-မင်းဖုန်းက ဘာအမျိုး အစားလဲ၊ ဘယ်ဆော့ဖ်ဝဲလ်က ဘယ်လိုဆိုတာတွေပေါ့။ တစ်ခါ တလေ စဉ်းစားမိတယ်။ ဖုန်းမရှိဘဲ တစ်လလောက် နေကြည့် မလားလို့ပေါ့၊ ဒါပေမဲ့ ဖြစ်နိုင်မယ် မထင်တော့ဘူး။

ဖုန်းကို ဆက်သွယ်ရေးအတွက် အသုံးမပြုဘဲ ကျွန်တော် သုံးလေးရက်လောက်တော့ နေဖူးပါတယ်။ အလုပ်ကိစ္စနဲ့ နယ် တွေ ခရီးထွက်ရတဲ့အခါမှာပေါ့။ ဒါပေမဲ့ ဖုန်းက ဆက်သွယ်ဖို့ပဲ မရတာ။ ကျန်တဲ့ သီချင်းနားထောင်တာ နာရီကြည့်တာ၊ ဓာတ်ပုံ လေးတွေ ပြန်ကြည့်တာ၊ ဂိမ်းဆော့တာ စတာတွေတော့ လုပ်မိ နေတာပါပဲ။ ဒါတောင် ဖုန်းလိုင်းမမိတာလေးတစ်ခုနဲ့တင် ခြောက်ကပ်ကပ် ခံစားမိရသေးတယ်။

ကိုယ့်ရဲ့ တစ်နေ့တာရှင်သန်မှုမှာ လက်ကိုင်ဖုန်းက လိုအပ် မှုကြီးတစ်ခုလို ဖြစ်နေတာပဲ။ အရင်တုန်းကဆို ဖုန်းကိုင်နိုင်တဲ့ သူတွေကို သိပ်အားကျမိတာ။ ဖုန်းလေးကို ပွတ်၊ သီချင်းလေး နားထောင်နေတဲ့သူတွေပေါ့။ ဒါပေမဲ့ အခု သူတို့ဘဝကို ကျွန် တော် ရောက်ပြီး ဖုန်းရဲ့ လောင်းရိပ်အောက်မှာ နေမိတဲ့အခါမှာ တော့ ဖုန်းမရှိတဲ့ လူတွေကို ကျွန်တော်ပြန်အားကျမိတယ်။

တကယ်လို့ ဖုန်းတွေသာ မရှိတော့ရင် ငါ ဘယ်လိုနေနိုင် မလဲဆိုပြီးလည်း တစ်ခါတစ်ရံ တွေးဖူးပါရဲ့။ အဖြေတော့ မရခဲ့ဘူး။ စဉ်းစားကြည့်လိုက်တော့ ကျွန်တော့်တစ်နေ့တာ နှစ်ဆယ့်လေး နာရီမှာ ဖုန်းပွတ်တဲ့အချိန်က အနည်းဆုံး ငါးနာရီအထက်မှာ ရှိပါတယ်။ ဒါက ဖုန်းချည်းပဲ သီးသန့်ကြည့်တဲ့ အချိန်ကို ပြော     တာပါ။

တစ်နေ့တာ ဖုန်းအချိန်ဇယားကိုပဲ ကြည့်။ မနက် အိပ်ရာထ တယ်။ ဖုန်းမှာ ပေးထားတဲ့ နှိုးစက်နဲ့။ ဒါပေမဲ့ အိပ်ရာက မထချင် သေးဘူး။ အလုပ်က နောက်ကျမှာလည်းစိုးတာကြောင့် ဘာလုပ် လဲဆိုတော့ နာရီနှိုးစက်သံကြားလို့ မျက်လုံးပွင့်တာနဲ့ အင်တာနက်ဖွင့် ဟိုကြည့်ဒီကြည့်လုပ်လိုက်ရင် မျက်လုံးက ကျယ်သွား ရော။ အဲဒီလိုနည်းနဲ့ ကျွန်တော်အိပ်ရာထတယ်။

ပြီးတော့ ရေမိုးချိုး၊ မနက်စာစား၊ အလုပ်သွားရင် အိမ်ပေါ် က ဆင်း လမ်းပေါ်ရောက်တာနဲ့ ကျွန်တော့်ချစ်သူဆီ ဖုန်းဆက် တယ်။ ပြီးရင် ကားပေါ်တက်တယ်။ နေရာမရရင် နားကြပ်တပ်ပြီး သီချင်းနားထောင်တယ်။ နေရာရရင် ကားပေါ်မှာ အင်တာနက် ဖွင့် သုံးတယ်။ ကားပေါ်ကဆင်းရင်လည်း နားကြပ်လေးနဲ့ ။

ရုံးရောက်တယ်။ ရုံးမှာလည်း အလုပ်လုပ်စရာရှိရင် လုပ်၊ မရှိရင် ဖုန်းနဲ့ အင်တာနက်သုံးရင်သုံး ဟိုကြည့်ဒီကြည့်။ ချစ်သူနဲ့ သုံးလေးခါလောက် ဖုန်းပြော။ ညနေအလုပ်ပြန် ချစ်သူနဲ့ တွေ့၊ တွေ့ရင်းနဲ့ ဂိမ်းလေးဖွင့်ကြည့်၊ အင်တာနက်လေးသုံး။ တစ်ခါ တလေ အချိန်ကြာသွားရင် ချစ်သူက မျက်စောင်းထိုးတော့မှ ဖုန်းလေးပြန်ချထားရတယ်။

ချစ်သူနဲ့လမ်းခွဲပြီး အိမ်ပြန်တော့လည်း လမ်းမှာ သီချင်း နားထောင်တယ်။ အင်တာနက်သုံးတယ်။ အိမ်ရောက်တော့လည်း ချစ်သူနဲ့ ဖုန်းပြော၊ အင်တာနက်သုံး၊ အိပ်ခါနီးအထိ ဖုန်းနဲ့ ဂိမ်း ဆော့တယ်။ ဒီလိုနဲ့ တစ်နေ့တာမှာ ဖုန်းက  ကျွန်တော်နဲ့ တစ်သား တည်း ဖြစ်နေတယ်။ ဒီဖုန်းကို ကျွန်တော် မျက်စိအောက်က အပျောက်မခံနိုင်တော့ဘူး။

အရင်ကလိုလည်း လမ်းသွားရင်း ဘေးဘီနဲ့ ပတ်ဝန်းကျင် ကိုမကြည့်မိတော့ဘူး။ နားထဲမှာ နားကြပ်နဲ့ သီချင်းနားထောင် တယ်။ တစ်ခါတလေ လမ်းမှာ ကားဟွန်းတီးတာ မကြားလို့ အဆဲ ခံရသေးတယ်။ တစ်ခါ ဖုန်းပြောရင်း မြောင်းထဲတောင် ပြုတ်ကျ သေးတယ်။

ကျွန်တော့်ဘဝကို ဖုန်းက လွှမ်းမိုးသွားပြီလား။ ကျွန်တော် က ကျေကျေနပ်နပ်နဲ့ အလွှမ်းမိုးခံနေရတာလား။ သေချာတာ ကတော့ ကျွန်တော်တို့ ဖုန်းနဲ့ လုံးဝ ကင်းကွာလို့ မရနိုင်တော့ပါ ဘူး။ ဒါပေမဲ့ တရားလွန်လွှမ်းမိုးမှု မခံရအောင်တော့ ထိန်းချုပ်နိုင် မယ်ထင်တယ်။

အခု ဒီစာရေးနေရင်းတောင် ကျွန်တော့်ဆီ ဖုန်းနှစ်ခါဝင် လာတယ်။ ရေးလက်စပြတ်သွားတယ်။ ဖုန်းပြောတယ်။ ပြီးတော့ ဖုန်းက ဆေးစွဲသလိုပဲ ကိုင်မိတာနဲ့ မချချင်တော့ ဖုန်းပြောပြီး အင်တာနက်ကို ဖွင့်သုံးသေးတာ။ ပြီးတော့မှ စာကို ပြန်ဆက် ရေးရတယ်။ အခုလည်း ဒီစာကို မြန်မြန်ရေးနေမိတယ်။ ဘာလို့လဲ ဆိုတော့ ကျွန်တော့် ဖုန်းထဲက ဂိမ်းက Alarm ပေးနေပြီ။ ကျွန် တော် ဖုန်းကို ဖွင့်ရပါတော့မယ်။

 

Advertise Here

LEAVE A REPLY

Please enter your comment!
Please enter your name here