မိန်းမဖြစ်ရတာ အပြစ်လား

၂ဝ၁၈၊ နိုဝင်ဘာလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၅၉)မှ Essay  ဖြစ်ပါသည်။

မြတ်စုမွန်ရေးသည်

လူမှုကွန်ရက် စာမျက်နှာမှာ အမျိုးသမီးတွေ သီးသန့်စုဝေးတဲ့ စာမျက်နှာလေးတစ်ခု ရှိတယ်။  အဲဒီစာမျက်နှာထဲမှာ အမျိုးသမီးတွေနဲ့ ပတ် သက်တဲ့ ကျန်းမာရေး၊ ခံစားချက်နဲ့ အတွေ့အကြုံ လေးတွေကို ရေးကြတယ်။ ဖလှယ်ကြတယ်။

တစ်နေ့က အဲဒီစာမျက်နှာထဲမှာ ကိုယ် ဝန်ဆောင် အမျိုးသမီးငယ်တစ်ယောက်ရဲ့ မေး ခွန်းလေးတစ်ခုကို ဖတ်ရတယ်။ သူက အဲဒီနေ့က သူ့ဗိုက်ထဲက ကလေးလေးဟာ မိန်းကလေးဖြစ် တယ်ဆိုတာ သိရတဲ့နေ့ပါ။

မိန်းကလေးဆိုတာ သိရတော့ အစကတည်းက ယောက်ျား လေးပဲ လိုချင်တဲ့ သူ့ခင်ပွန်းက တူးတူးခါးခါးပဲ။ လုံး၀ သဘော မကျဘူး။ မိန်းကလေး မလိုချင်ဘူး။ အိမ်ထောင်ရေးမှာ ပဋိပက်္ခ တွေ ဖြစ်လာနိုင်တာတွေကို ရင်ဖွင့်ပြီး စိတ်သောက ဖိစီးနေတဲ့ အဲဒီ အမျိုးသမီးငယ်က အကြံဉာဏ် တောင်းတယ်။ သူ ဘယ်လို လုပ်ရမလဲပေါ့။ ပုံမှန်ထက် ပြင်းထန်နေတဲ့ သူ့စိတ်ခံစားချက်ကို အဲဒီမေးခွန်းထဲမှာ တွေ့ရတယ်။ ဗိုက်ထဲက သနေ်္ဓသားဟာ မိန်း ကလေးဖြစ်နေခြင်းအပေါ် အပြစ်ရှိ ခံစားစိတ်တွေကို သူ့မေးခွန်း ထဲမှာ တွေ့ရတယ်။

ကျွန်မ စိတ်ထဲမှာ သိပ်ကြီးမားတဲ့ ပြဿနာမဟုတ်ပါဘူးလို့ တွေးလိုက်မိပေမယ့် အမျိုးသမီးတွေရဲ့ မှတ်ချက်တွေ အများကြီး တက်လာတာ တွေ့ရတယ်။ အများစုက ကိုယ်ဝန်ဆောင် အမျိုး သမီးငယ်ရဲ့ ခင်ပွန်းကို စိတ်ဆိုးကြတယ်။ “သူ့ကို မိန်းမက မမွေးလို့ ယောက်ျားက မွေးသလား”လို့ ရန်ထောင်ကြတယ်။ သမီးမိန်း ကလေးရဲ့ အားကိုးရပုံနဲ့ အားသာချက်တွေကို  ထောက်ပြကြပြီး ကာယကံရှင် မိန်းကလေးကို အားပေးကြတယ်။ “မွေးပြီးရင်တော့ ချစ်သွားမှာပါ”၊ “ဖအေဆိုတာ သမီးကို ပိုချစ်တာ” စသဖြင့် စုံလို့ ပါပဲ။

ဒီမိန်းကလေးနဲ့ အတွေ့အကြုံတူတဲ့ အခြားသူတွေကလည်း သူတို့ အဖြစ်အပျက်တွေ၊ ခံစားချက်တွေကို ရင်ဖွင့်ကြတယ်။ တချို့ မိန်းကလေးတွေက သူတို့ကိုယ်တိုင် သမီးမိန်းကလေး မလို ချင်ကြကြောင်း၊ သားယောက်ျားလေးသာ မွေးချင်တဲ့အကြောင်း ဝင်ဆွေးနွေးကြတယ်။  တချို့က နောင်ဘဝသာ တကယ်ရှိလျှင် ယောက်ျားလေးအဖြစ်သာ လူဖြစ်လာချင်ကြောင်း ပြောကြတယ်။

အဲဒီ အဖြစ်အပျက်တွေထဲက စိတ်ဝင်စားစရာကောင်းတဲ့ အဖြစ်အပျက်တစ်ခုကို တွေ့ရတယ်။ အမျိုးသမီးတစ်ယောက်က သူ့ဘ၀ အတွေ့အကြုံကို ပြန်ပြောပြထားတာပါ။  သူ့ကိုမွေးတော့ မွေးခန်းထဲက မထွက်ခင်မှာပဲ သူ့အဘိုးက မြေးမိန်းကလေးမှန်း သိတာနဲ့ သမီးနဲ့ မြေးကို ထားခဲ့ပြီး ဆေးရုံကနေ ချက်ချင်း ပြန် လှည့်ထွက်သွားခဲ့ဖူးတယ်။ မိန်းကလေးအဖြစ် မွေးဖွားလာရတဲ့ မြေးကို လက်မခံနိုင်ဘူး။ သူက လူတော်တော်များများ တွေးခေါ် ကြသလိုပဲ ဘုန်းမြင့်ကံမြင့် မြေးယောက်ျားလေး လိုချင်တာ။ မလိုချင်ဘဲ ရလာတဲ့ မြေးမိန်းကလေးကို ဘယ်တုန်းကမှ မျက်နှာ သာ မပေးခဲ့ဘူး။ ဒီဖြစ်ရပ်ဟာ မိန်းကလေးတစ်ယောက်အဖြစ် မွေးဖွားလာခဲ့ရတဲ့ သူ့အတွက်တော့ သေရာပါမယ့် စိတ်ဒဏ်ရာ ဖြစ်ခဲ့တယ်။

အဲဒီ သီးသန့်စာမျက်နှာကလေးက တစ်ဆင့် မိန်းကလေး အဖြစ် မွေးဖွားလာတဲ့ မိန်းမတို့ရဲ့ စိတ်ဒဏ်ရာ၊ အငုံ့စိတ်၊ သိမ်ငယ် ခြင်း၊ ခံပြင်းစိတ်၊ ဒေါသ၊ တော်လှန်လိုတဲ့ အတွေးအခေါ်တို့ကို မြင်ခွင့်ရလိုက်တယ်။ စိတ်ဝင်စားစရာ ကောင်းတဲ့ ဖြစ်ရပ်မှန် အဖြစ်အပျက်တွေ အများကြီးကို တစုတဝေးတည်း တွေ့လိုက်ရ သလိုပဲ။ တချို့ အဖြစ်အပျက်တွေဟာ ခံပြင်းဖို့ကောင်းတယ်။ ရင်နာဖို့ကောင်းတယ်။ တွန်းလှန်ပစ်ဖို့ ကောင်းတဲ့ စုတ်ပဲ့တဲ့ အတွေးဆိုးတွေ ဆိုတဲ့ အသိက ရင်ထဲမှာ ဆူပွက်လာစေတယ်။

သူတို့ရဲ့ စိတ်ဒဏ်ရာကနေ ကျွန်မရဲ့ ရင်ထဲမှာ ငုပ်လျှိုးနေတဲ့ ဆူးတချို့ကို ပြန်ပြီး သတိရမိစေတယ်။

ဒီလို ပြောလို့ ကျွန်မဟာ မိန်းကလေးအဖြစ် မွေးဖွားလာ ရခြင်းကို မနှစ်မြို့သူ၊ မလိုလားသူ မိသားစုဝင်တွေ ကြားထဲမှာ ကြီးပြင်းခဲ့ရတဲ့ လူတစ်ယောက် မဟုတ်ခဲ့ပါဘူး။ သာမန်၊ ပုံမှန် မွေးဖွားကြီးပြင်းခဲ့တဲ့ လူတစ်ယောက်။

ဒါပေမဲ့ မိန်းကလေး ဖြစ်ရခြင်းအတွက် သိမ်ငယ်ခြင်း၊ ပြစ်ရှိခံစားစိတ် စတဲ့ အရာတွေ ရင်ထဲကို ရောက်လာတဲ့ အရွယ် ကိုတော့ ကျွန်မ ကောင်းကောင်း မှတ်မိနေတယ်။

အဲဒီတုန်းက ကျွန်မ အသက်က ခုနစ်နှစ်ဝန်းကျင်လောက် ရှိပြီ။ ကျွန်မမွေးပြီး သိပ်မကြာခင်မှာ ကျွန်မအမေကြီး (အဘွား)ဟာ အိမ်နဲ့ မလှမ်းမကမ်းက ဘုန်းကြီးကျောင်းမှာ ရာသက်ပန် သီလရှင် ဝတ်သွားတယ်။ အဲဒီဘုန်းကြီးကျောင်းဟာ ကျွန်မတို့ မိသားစု ဘိုးဘေးတွေ လက်ထက်ကတည်းက ကိုးကွယ်တဲ့ ကျောင်း။ ဗုဒ်္ဓဘာသာတို့ရဲ့ ဥပုသ်သီလဆောက်တည်တဲ့ နေ့တိုင်း လူကြီးသူမတွေနဲ့အတူ အမေကြီး သီတင်းသုံးတဲ့ ဇရပ်ကို အမြဲ တမ်း လိုက်သွားတယ်။ ဘုန်းကြီးကျောင်းပရဝဏ်မှာ ပေါင်းရှင်း၊ မြက်နုတ် ဝေယျာဝစ်္စအလုပ်တွေကို အမြဲတမ်း ကူညီတယ်။

ကျွန်မတို့ မူလတန်းအရွယ်တုန်းက ကျူရှင်ဆိုတာ မရှိ သေးဘူး။ အဲဒီ ဘုန်းကြီးကျောင်းမှာ ကျွန်မရဲ့  ဦးလေးတော်စပ်သူ ဘုန်းတော်ကြီးတစ်ပါးရှိတယ်။ သူက ဆယ်တန်းကို (ခ)နဲ့ အောင် မြင်ထားတာ။ ကျွန်မနဲ့ အခြား သူငယ်ချင်းသုံးယောက်ကို အဲဒီ ဦးလေးဘုန်းကြီးက စာသင်ပေးတယ်။ ကျောင်းကြီးပိတ်ရက် တွေဆို ကျွန်မတို့တွေဟာ ဦးလေးဘုန်းကြီးဆီမှာ မနက်ခင်းတိုင်း ကျူရှင်တက်ရတယ်။

ကျူရှင်က ဆင်းရင် ကျွန်မတို့တွေဟာ အိမ်ကို တန်းပြန် လေ့ မရှိဘူး။ ဘုန်းကြီးကျောင်းပေါ်မှာ တံမြက်စည်းသိမ်းတာ၊ ကြမ်းတိုက်တာတွေမှာ ဝိုင်းကူညီကြတယ်။ ပြီးရင် ဘုန်းဘုန်း တွေက စွန့်တဲ့ သကြားလုံးတွေ၊ မုန့်တွေ၊ ငှက်ပျောသီး၊ ဘီစကစ် စတာတွေကို စားသောက်ပြီး ဘုန်းကြီးကျောင်းအောက်မှာ လောက်စာလုံးပစ်တမ်း၊ ဖိနပ်ပစ်တမ်း၊ ပုန်းတမ်းလိုက်တမ်း ကစားကြတယ်။ ဘုန်းကြီးကျောင်းဆိုတော့ အသံကျယ်ကျယ် လည်း အော်ဟစ်ဆော့လို့မရပါဘူး။ မျက်ရိပ်မျက်ခြည်၊ ခြေဟန် လက်ဟန်နဲ့ ဆော့ရတယ်။ အသံထွက်ရင်တောင် ချုပ်တည်းပြီး ခပ်တိုးတိုးပြောရတယ်။  ဒါပေမဲ့ ကျွန်မတို့တွေက ကလေးတွေစုံ တဲ့ နေရာဖြစ်လို့ ပျော်ကြတာပဲ။

အမေကြီးသီလရှင်ရယ်၊ ဦးလေးဘုန်းကြီးရယ်ရှိတဲ့ ဒီဘုန်း ကြီးကျောင်းဟာ ကျွန်မအတွက်တော့ အင်မတန် ရင်းနှီးကျွမ်း ဝင်တဲ့နေရာ၊ ပျော်စရာကောင်းတဲ့ နေရာပါ။ ဘုန်းကြီးကျောင်း ဝေယျာဝစ်္စ ကူညီတဲ့အခါ ကျွန်မတို့ ကလေးတွေဟာ တံမြက်စည်း သိမ်းတာနဲ့ ကြမ်းတိုက်တာကို အဓိက ကူညီရတယ်။ ဘုန်းကြီး ကျောင်းရဲ့ သစ်သားကြမ်းပြင်ကျယ်ကြီးဟာ ကိုရင်လေးတွေ၊ ဘုန်းကြီးကျောင်းသားလေးတွေနဲ့ ကျွန်မတို့လို ရပ်ကွက်ထဲက ကလေးတွေလုပ်အားနဲ့ ပြောင်လက်နေတာပေါ့။

ကြမ်းတိုက်တော့မယ်ဆိုရင် ဘုန်းဘုန်းတွေက ကျောင်း ထောင့်တစ်နေရာမှာ သိမ်းထားတဲ့ တံမြက်စည်းတွေ၊ ရေနံဝနေ တဲ့ ကြမ်းတိုက် သင်္ကန်းအစုတ်တွေ ထုတ်ပေးတယ်။ တံမြက်စည်း လှည်းပြီးတာနဲ့ ကျွန်မတို့တွေဟာ ကြမ်းတိုက်ဝတ်တွေကို ကိုင် ကိုယ်တာဝန်ယူထားတဲ့ ဧရိယာကို ဖင်ဘူးတောင်းထောင်ပြီး ပြောင်အောင် တွန်းကြတော့တာပဲ။ ဘုန်းကြီးကျောင်းကြီးက လည်း အကျယ်ကြီး၊ အလျားအရှည်ကြီးဆိုတော့ ဟိုဘက်ထိပ် ကနေ သည်ဘက်ထိပ်ရောက်အောင် လက်မောင်းအောင့်တဲ့အထိ တွန်းကြရတာ။ ဒါပေမဲ့ ဘယ်သူအရင် ဟိုဘက်ထိပ်ရောက်မလဲလို့ တစ်ယောက်ယောက် အမြဲတမ်းစိန်ခေါ်နေကျ ဆိုတော့ လက် မောင်းအောင့်တာတွေ၊ ပင်ပန်းတာတွေ ဂရုစိုက်မအားပါဘူး။ ချွေးတလုံးလုံးနဲ့ ငြင်းလိုက်ခုံလိုက်နဲ့ အတော်ကို ပျော်ဖို့ ကောင်း ခဲ့တာ။

တစ်နေ့မှာ ဘယ်သူက အစထွင်လိုက်တယ်မသိဘူး။ လက် နဲ့ တွန်းမယ့်အစား ကြမ်းတိုက်ဝတ်ပေါ်မှာ တစ်ယောက်က ထိုင်၊ နောက်တစ်ယောက်က လက်နဲ့ ဆွဲကြမယ်တဲ့။ ဒီဘက်ထိပ်ကနေ ဟိုဘက်ထိပ်ရောက်ရင် ထိုင်တဲ့လူက တစ်လှည့်ဆွဲရတယ်။ အဲဒီ နည်းက တော်တော် ပျော်ဖို့ကောင်းတဲ့ နည်းပါပဲ။ ဆွဲရတဲ့လူက တစ်ဖက်ထိပ်ကို ရောက်ချင်ဇောနဲ့ အပြေးဆွဲသွားရင် ဆွေးနေတဲ့ ကြမ်းတိုက်ဝတ်ကြီး နှစ်ခြမ်းကွဲသွားပြီး ထိုင်နေတဲ့လူက ပြုတ်ကျ ကျန်ခဲ့တယ်။ ဒါကို ကြည့်ပြီး ကလေးသဘာ၀ တဝါးဝါး တဟား ဟား အော်ရယ်ကြတယ်။ အဲဒီလို အချိန်ဆိုရင် ပုံမှန်အချိန်ထက် နည်းနည်း အသံပိုကျယ်လို့ရတယ်။ လုပ်အားပေးနေတဲ့ ကလေး တွေဆိုတော့ ဘုန်းဘုန်းတွေက ခွင့်လွှတ်ထားတတ်တယ်လေ။

အဲဒီလိုနဲ့ ကျွန်မ ထိုင်စီးရမယ့်အလှည့်မှာ ယောက်ျားလေး သူငယ်ချင်းတစ်ယောက်က ဆွဲရတယ်။ တစ်ဖက်ထိပ်ကို မရောက် ခင်မှာ ကျွန်မတို့ ကြမ်းတိုက်နေတဲ့ နေရာကို ဘုန်းဘုန်းတစ်ပါး ရောက်လာပြီး အသံကျယ်ကျယ်နဲ့ အော်တော့တာပဲ။

““ဟဲ့…ဆင်းစမ်း၊ ဒါသင်္ကန်းတွေဆိုတာ မသိလား၊ နင်က မိန်းမလေ။ မိန်းမဆိုတာ ဘုန်းနိမ့်တယ်၊  သင်္ကန်းနဲ့ မထိရဘူး၊ ဆင်း ဆင်း””

ရေနံ၊ ဖယောင်းချက်နဲ့ ဖုန်မှုန့်တွေ ကပ်ငြိနေတဲ့  မည်းညစ် ညစ် ကြမ်းတိုက်ဝတ်ပေါ်က ကျွန်မ ကပျာကယာ ခုန်ဆင်းလိုက် ပြီး မတ်တတ်ရပ်နေမိတယ်။ စောစောက ရယ်မောသံတွေနဲ့ ညံ နေတဲ့ ကျွန်မတို့က်္ဘာလေးဟာ စက်္ကန့်ပိုင်းအတွင်း တိတ်ဆိတ် သွားတယ်။ အပ်ကျသံတောင် ကြားလောက်တယ် ဆိုတာ အဲဒါ ကို ပြောတာဖြစ်မယ်။ ကျွန်မသူငယ်ချင်း ယောက်ျားလေးတွေ၊ ကိုရင်လေးတွေနဲ့ ဘုန်းကြီးကျောင်းသားလေးတွေဟာ ကျွန်မကို တစ်လှည့်၊ ဘုန်းဘုန်းကို တစ်လှည့် တအံ့တသြ ဝိုင်းကြည့်နေ    ကြတယ်။

““မိန်းကလေးဆိုတာ ဘုန်းနိမ့်တယ်””ဆိုတဲ့ စကားကို အဲဒီ မှာ စကြားဖူးတာပဲ။ အဲဒီအဖြစ်အပျက်ဟာ မိန်းကလေးတစ် ယောက်အဖြစ် လူဖြစ်လာတဲ့ ကျွန်မအတွက်တော့ ပထမဆုံး ပေါက်ခဲ့ဖူးတဲ့ ဆူးတစ်ချောင်းပါပဲ။

နောက်ထပ် ဆူးတစ်ချောင်းက မူလတန်းကျောင်းသူဘ၀ မှာ ပေါက်ခဲ့တာ။ အဲဒီတုန်းက ကျွန်မက တတိယတန်း ကျောင်း သူပေါ့။ အရိုက်ကြမ်းတဲ့ ကျောင်းအုပ်ကြီး အုပ်ချုပ်တဲ့ အလယ် တန်းကျောင်းမှာ တက်နေတဲ့ အချိန်ကာလ။ ကျောင်းအုပ်ဆရာ ကြီးဟာ လက်သန်းလုံးလောက်ရှိတဲ့ ဖိုးခေါင်ကြိမ်ကို တဝှေ့ဝှေ့ ယမ်းပြီး နှစ်ထပ်ကျောင်းဆောင်ကို အပေါ်တက်လိုက်၊ အောက် ဆင်းလိုက်နဲ့ အမြဲတမ်း လှည့်ပတ်နေလေ့ရှိတယ်။

သူ့ကြိမ်လုံးရဲ့ ထိပ်ဖျားမှာ သားရေကွင်းရောင်စုံကို ပတ် ထားတယ်။ အဲဒီ သားရေကွင်းတွေက စာသင်ချိန်မှာ ဆော့နေတဲ့ နောက်ဆုံးတန်းက ကျောင်းသားတွေဆီက သိမ်းထားတာ။ ကျောင်းသားမှန်သမျှဟာ ရခိုင်သံနောင်းနောင်းနဲ့ အော်တတ်တဲ့ ဆရာကြီးရဲ့ အသံရယ်၊ သားရေကွင်းတွေ ပတ်ထားတဲ့ ဖိုးခေါင် ကြိမ်ရယ်ကို အကြောက်ဆုံးပဲ။ ရိုးရိုးကြိမ်လုံးထက် သားရေကွင်း ပတ်ထားတဲ့ ကြိမ်လုံးနဲ့ ရိုက်တာ ပိုနာတယ်ဆိုတာ အားလုံးသိကြ တယ်လေ။

တစ်နေ့ နေ့ခင်း မုန့်စားကျောင်းဆင်းချိန်မှာ အတန်းထဲက သူငယ်ချင်းတွေက စာသင်ခန်းအပြင်ဘက်က မြေကွက်လပ်မှာ ကစားနေကြတယ်။ အတန်းထဲက ယောက်ျားလေးသူငယ်ချင်း တွေက ပြတင်းပေါက်ကနေ တစ်ယောက်ပြီး တစ်ယောက် ကျော် ခွတက်ပြီး ကလေးတွေ ကစားနေကြတဲ့ မြေကွက်လပ်ဆီ ခုန်ချ သွားကြတယ်။ သူတို့လိုပဲ ကျွန်မလည်း ဂါဝန်ကို ခါးတောင်း ကျိုက်ပြီး ပြတင်းပေါက်ပေါင်ကို ခွတက်လိုက်တယ်ဆိုရင်ပဲ ဆရာ ကြီးရဲ့ အော်သံကျယ်ကြီးကို ကြားလိုက်ရတယ်။

““အဲဒါ ဘယ်သူလဲ။ အခုပြန်ဆင်းခဲ့။ လာခဲ့စမ်း””

ဆရာကြီးဟာ သူ့လက်ထဲက ကြိမ်လုံးကို တဆဆ လုပ်ရင်း လှမ်းခေါ်တယ်။ ကျွန်မရှေ့က ကောင်တွေကတော့ ကျောင်းပတ် ပြီး လွတ်အောင်ပြေးကုန်ကြပြီ။ ကျွန်မတစ်ယောက်တည်း ဆရာ ကြီး ကြိမ်လုံးစာမိပြီဆိုတာ အတပ်သိလိုက်တယ်။ ခါးတောင်း ကျိုက်ထားတဲ့ ကျောင်းစိမ်းဂါဝန်ကို ဖြေချပြီး ဆရာကြီး ရှေ့ လက်ကလေးပိုက်ပြီး ရောက်သွားတော့ ဆရာကြီးရဲ့ ဖိုးခေါင် ကြိမ်ဟာ လေထဲမှာ ဝဲတက်သွားတယ်။ ဂါဝန်က ဖောင်းနေတော့ ကြိမ်နဲ့ အသား တိုက်ရိုက် မထိတဲ့အတွက် ရိုက်ချက်က သိပ်မနာ ဘူး။ ဒါပေမဲ့ ဆရာကြီးပြောခဲ့တဲ့ စကားတစ်ခွန်းကိုတော့ တစ် သက်လုံး မမေ့ဘူး။

““မိန်းကလေးဖြစ်ပြီး ပြတင်းပေါက်က ကျော်တက်ရ သလား””

““မိန်းကလေးဖြစ်ပြီး ကျော်တက်ချင်ဦး””

ဒီလိုတွေ ထပ်တလဲလဲပြောပြီး ငါးချက်လောက် ကြိမ်စာ မိခဲ့တယ်။ ကျွန်မရှေ့က ပြတင်းပေါက် ကျော်တက်သွားတဲ့ ယောက်ျားလေးတွေကတော့ အရိုက်မခံရဘူး။ နာမည်နဲ့တကွ တိုင်ပေမယ့် ဆရာကြီးဟာ ကလေး ၁၀ ယောက်လောက် ကျူး လွန်တဲ့ ပြတင်းပေါက် ကျော်တက်ခြင်း အမှုမှာ မိန်းကလေးဖြစ်တဲ့ ကျွန်မကသာ အပြစ်အရှိဆုံးအဖြစ် ဆုံးဖြတ်ခဲ့တယ်လေ။

ဒီဖြစ်ရပ်နှစ်ခုဟာ မူလတန်းအရွယ် ငယ်ဘဝမှာ ကြုံတွေ့ ခဲ့ရတာဖြစ်ပြီး အထက်တန်းကျောင်းသူအရွယ် ဘဝမှာ ထပ်ကြုံရ တာတစ်ခု ရှိခဲ့ဖူးတယ်။

ကျွန်မတို့ မြို့နဲ့ မလှမ်းမကမ်းမှာ ငပလီကမ်းခြေရှိတယ်။ တနေ့ သူငယ်ချင်းတွေနဲ့အတူ  ငပလီကမ်းခြေကို ရောက်တော့ သဲသောင်ပြင်မှာ တင်ထားတဲ့ ငါးဖမ်းစက်လှေတွေကို တွေ့တယ်။ ပင်လယ်ရေပြင်ရယ်၊ သဲသောင်ပြင်ရယ်၊ ရပ်ထားတဲ့ စက်လှေ တွေရယ်က လိုက်ဖက်ပြီး ရှုခင်းက လှနေတယ်။ အဲဒါနဲ့ စက်လှေ ဘေးမှာရပ်လို့ဖြစ်စေ၊ စက်လှေပေါင်ကိုမှီလို့ဖြစ်စေ၊ ပေါင်ပေါ်မှာ ထိုင်ပြီးဖြစ်စေ အိုက်တင်အမျိုးမျိုးနဲ့  ဓာတ်ပုံတွေ ရိုက်ကြတယ်။ အခုခေတ်လို ဖုန်းတွေ၊ ကင်မရာတွေ ပေါတဲ့အချိန် မဟုတ်တော့ မြို့က ဓာတ်ပုံဆရာ ဦးလေးက ရိုက်ပေးတယ်။

သိပ်မကြာခင်မှာ လှေပိုင်ရှင်လို့ထင်ရတဲ့ ယောက်ျားတစ် ယောက် ရောက်လာပြီး ““ဟေ့…မိန်းမတွေ လှေဦးမှာ မထိုင်ရ ဘူး။ မိန်းမတွေ လှေဦးမှာထိုင်ရင် လာဘ်တိတ်တယ်။ ဒီမှာ မထိုင် နဲ့ သွား သွား”” ဆိုပြီး လူရှေ့သူရှေ့မှာ ကျွန်မတို့ကို မျက်နှာထား တင်းတင်းနဲ့ နှင်ထုတ်တော့တာပဲ။

ဒါတွေဟာ မိန်းကလေးတစ်ယောက်အဖြစ် မွေးဖွားလာတဲ့ လူတစ်ယောက်အတွက် ငယ်ဘဝကတည်းက ပတ်ဝန်းကျင်က ပေးခဲ့တဲ့ စိတ်ဒဏ်ရာတွေ၊ စိတ်ပိုင်းဆိုင်ရာအရ နာကျင်ခံရခက် စေတဲ့ ဆူးတွေပါပဲ။ ဖြူစင်တဲ့အရွယ်တွေကတည်းက ပတ်ဝန်း ကျင်ဆီမှာ အယူအဆ အရောင်တွေ အစွန်းအထင်းခံလိုက်ရတဲ့ အခြေအနေတွေပါပဲ။

“မိန်းကလေးဖြစ်ပြီး” ဆိုတဲ့ စကားစုနဲ့ စတဲ့ အခြားသော တားမြစ်မှုတွေ၊ ရှုတ်ချမှုတွေ၊ ကဲ့ရဲ့စကားတင်း ဆိုမှုတွေကတော့ မိန်းမသားတစ်ယောက်အတွက် နေ့စဉ်လိုလို ရင်ဆိုင်နေရတဲ့ အရာတွေလို့ ပြောရမယ်။

မိန်းမတွေဟာ ဘုန်းကံနိမ့်တယ်၊ လာဘ်တိတ်စေတယ်ဆို တဲ့ အယူအဆကို ဘယ်သူ စတင်တီထွင်လိုက်သလဲ ဆိုတဲ့ အတွေးကသာ စိတ်ထဲမှာ တဝဲလည်လည် အမြဲဖြစ်စေခဲ့ပါတယ်။

မိန်းကလေးအဖြစ် မွေးဖွားလာတာ အပြစ်လား၊ မွေးဖွား လာတဲ့ မိန်းကလေးတွေကို ခွဲခြားနှိမ်ချနေတဲ့ လူတွေက အပြစ် လားဆိုတာ ပြန်စဉ်းစားဖို့ လိုအပ်တယ်လေ။ တချို့ မိန်းကလေး တွေကတော့ ငယ်ဘဝကတည်းက ဒီလို အပြောခံရတဲ့အတွက် ကိုယ့်ကိုယ်ကိုယ်ဘုန်းကံနိမ့်သူ၊ သိမ်ငယ်ရသူဆိုတဲ့ အခြေအနေ ပုံစံခွက်ထဲကို အလိုက်သင့် ဝင်သွားကြပေမယ့် ကျွန်မကိုတော့ ဒါတွေကို တော်လှန်ချင်တဲ့ တော်လှန်ရေးအတွေးကသာ လွှမ်းမိုး ခဲ့တယ်။

ပုန်းတမ်းလိုက်တမ်း၊ စစ်တိုက်တမ်း၊ ဂေါ်လီပစ်တမ်း အတူ တူ ကစားခဲ့တဲ့ ကျွန်မရဲ့ ယောက်ျားလေး သူငယ်ချင်းတွေဟာ အဲဒီဘုန်းကြီးဆီကနေ “မိန်းမတွေဟာ ဘုန်းနိမ့်တယ်”လို့ ပြောခံ ရတဲ့စကားတစ်ခွန်းကို မကြားရခင်အထိ ကြမ်းတိုက်ဝတ်ပေါ်က ကျွန်မကို ဘုန်းနိမ့်တယ်လို့ မယူဆခဲ့ကြဘူး။

ကျောင်းပြတင်းပေါက်ကို အတူကျော်ခွ၊ ကစားကွင်းဆီကို ခုန်ချနေကျ အတန်းထဲက ယောက်ျားလေး သူငယ်ချင်းတွေဟာ  ဆရာကြီးရဲ့ အရိုက်ကို မခံရခင်အချိန်အထိ ကျွန်မကို မိန်း ကလေးကြောင့် ဒါ မလုပ်ရဘူး ဆိုတာမျိုး မတွေးခဲ့ကြဘူး။

အဲဒီအဖြစ်အပျက်မျိုးတွေကနေ သူတို့တွေဟာ သူတို့ ပတ်ဝန်းကျင်က မိန်းကလေးတွေကို ဘယ်လိုခွဲခြားနှိမ်ချရမယ်၊ သူတို့ မိန်းကလေးတွေထက် ပိုသာလွန်မြင့်မြတ်တယ်၊ ငါတို့က ဘုန်းရှင်ကံရှင်ဆိုတဲ့ အယူအဆကို သင်ယူခဲ့ကြတယ်။ အဲဒီလို အယူအဆတွေကနေ တစ်ဆင့် “မြင့်မြတ်တဲ့ သားယောက်ျား လေး၊ မြေးယောက်ျားလေးပဲ လိုချင်တယ်”ဆိုတဲ့ အဘိုးတွေ၊ အဖေ၊တွေ ပေါ်ထွက်လာတယ်။ လှေဦးမှာ ယောက်ျားတွေ အရက် ဝိုင်းဖွဲ့တာ အပြစ်လု့ိ မတွေးမိပေမယ့် မိန်းမထိုင်ရင် လာဘ်တိတ် တတ်တယ်ဆိုတဲ့ ခပ်တုံးတုံး အတွေးအခေါ် ရှိသူတွေ ပေါ်ထွက် လာစေတယ်။

အောက်တန်းကျပြီး၊ လူမဆန်တဲ့ လုပ်ရပ်မျိုးတွေကို လုပ် ကြတဲ့ ယောက်ျားတွေကို လူတွေ ပြောလေ့ရှိတယ်။ “ယောက်ျား တန်မဲ့ ဒါမျိုးလုပ်တယ်”၊ “ယောကျ်ားဖြစ်ပြီးအောက်တန်းကျ လိုက်တာ”၊ “မိန်းမ ကျနေတာပဲ”တဲ့။ ဒါဟာ လူတွေရဲ့ အရိုးထဲ စွဲနေတဲ့ အယူအဆတွေကို ပြတဲ့ စကားရပ်တွေပါပဲ။ မြင့်မြတ် ကောင်းမွန်တဲ့ အလုပ်တွေကို လုပ်ရင် ဒါက ယောက်ျားတွေ လုပ် တာလို့ အမည်တပ်၊ အောက်တန်းကျပြီး သေးသိမ်ညံ့ဖျင်းတဲ့ အလုပ်တွေကိုလုပ်ရင် ဒါမိန်းမတွေ လုပ်တာလို့ နာမည်တပ်လေ့ ရှိတဲ့ လူ့အဖွဲ့အစည်းကို ဒီ၊အရိုးစွဲ အယူအဆတွေကနေ တစ်ဆင့် မွေးဖွားလာခဲ့တယ်။

ဒါတင်လားဆိုတော့ မဟုတ်ပါဘူး။ ငယ်စဉ်ကတည်းက မိန်းကလေးအဖြစ်နဲ့ မွေးဖွားလာတဲ့အတွက် ဓလေ့ထုံးစံလိုလို၊ ဘုရားက ပညတ်ထားတာလိုလိုနဲ့ ခွဲခြားနှိမ်ချသမျှကို ခံရဖူးတဲ့ မိန်းမသားတွေကိုယ်တိုင်က သူတို့ရဲ့ သားယောကျ်ားလေး မွေး လာတဲ့အခါ အစဉ်အလာထဲက ဖောက်မထွက်နိုင်ကြပြန်တာ တွေ့ရပါတယ်။ သားယောက်ျားလေးတွေကို မိသားစုကရော၊ လူ့ အဖွဲ့အစည်းက၊ ဘာသာရေးခေါင်းဆောင်တွေကပါ “ယောက်ျား ဆိုတာ…”နဲ့ စတင်တဲ့ ဝါကျတွေကို ခေါင်းထဲရိုက်ထည့်ပြီး မိန်းမ တွေထက် သာလွန်မြင့်မြတ်သူတွေအဖြစ် ပုံသွင်းကြပြန်တယ်။

ဒီလိုနဲ့ ဆူးတွေ တစ်ချောင်းပြီး တစ်ချောင်းပေါက်ခဲ့ဖူးလို့ ရှေးရိုးစွဲပုံစံခွက်တွေကို သွေဖည်၊ အစဉ်အလာထဲက ဖောက်ထွက် ချင်တဲ့ တော်လှန်ရေးမိန်းမသားတွေနဲ့ မိန်းမဆိုတာ ဘုန်းနိမ့်တဲ့ သတ်္တဝါလို့ ယုံကြည်ထားသူတွေ ထိပ်တိုက်တိုးကြတယ်။ ဒီလိုပဲ သံသရာလည်ခဲ့တာ ကြာပြီမဟုတ်လား။

ဒါပေမဲ့ ဒီနေ့အချိန်အခါမှာ အဲဒီ လည်နေတဲ့ သံသရာကို အပြတ်ဖြတ်တောက်ဖို့ ကြိုးစားကြည့်သင့်တဲ့ အချိန်ရောက်ပြီလို့ ထင်တယ်။

မွေးရာပါ ကိုယ်ခန်္ဓာဖွဲ့စည်းပုံ မတူညီတဲ့အပေါ် အကြောင်း ပြုပြီး သာလွန်သူ၊ ဘုန်းမြင့်သူ၊ ဘုန်းကံနိမ့်သူ စတဲ့ ခွဲခြားနှိမ့်ချ   ခြင်း ရှေးရိုးစွဲ တံဆိပ်ကပ်တာမျိုးတွေ ရပ်တန်းက ရပ်သင့်ပြီ မဟုတ်ပါလား။

သက်မဲ့ ကြိုးတန်းတစ်ခုဟာ သက်ရှိလူသားတစ်ယောက်ကို ဘုန်းနိမ့်အောင် လုပ်နိုင်စွမ်းရှိတယ်ဆိုတာ မိတ်ဆွေတို့ရော ယုံ ကြည်ပါသလား။ “ထဘီတန်းအောက် ဝင်မိရင် ဘုန်းနိမ့်တယ်”စတဲ့ ရုပ်ပိုင်းဆိုင်ရာ ကိုးကွယ်ယုံကြည်မှုတွေ ရှေ့တန်းတင်တဲ့ အတွေးဟောင်း အမြင်ဟောင်းတွေကို ပြောင်းပြန်လှန်ပစ်ဖို့ သင့်ပြီမဟုတ်လား။ အမျိုးသမီးတွေကို ခွဲခြားနှိမ်ချဖို့အတွက် တီ ထွင်ထားတဲ့ အယူအဆအဟောင်းတွေကို ကန်ထုတ်ပစ်ဖို့ အချိန် ရောက်ပြီ မဟုတ်ပါလား။  

အရိုးစွဲနေတဲ့ အရင်လက်ကျန် အသက်ကြီးသူ လူအဟောင်း တွေကို တုံ့ပြန် ပြောဆိုနေမယ့်အစား အခုမှ လူ့လောကထဲကို ရောက်လာတဲ့ လူအသစ်၊ မျိုးဆက်အသစ်ကို အစဉ်အလာထဲက ဖောက်ထွက်တဲ့ အမြင်သစ်နဲ့ လူကို လူလို မြင်၊ လူပီသတဲ့ အတွေးအခေါ်သစ်တွေကို သင်ကြားပေးဖို့ အချိန်ရောက်နေပြီလို့ ကျွန်မတော့ တွေးမိတယ်။

လောကကြီးထဲကို ဖြူဖြူစင်စင် ရောက်လာကြတဲ့ ကလေး တွေကို တစ်သက်လုံး မိမိတို့ ကြီးပြင်းခဲ့ရတဲ့အတိုင်း ကျား၊ မ ခွဲခြားဆက်ဆံရေး ပုံစံခွက်ထဲကို ရိုက်ထည့်ဖို့ မကြိုးစားကြပါနဲ့။ ကျား၊ မ တန်းတူညီမျှရေး အစဉ်အလာသစ်တွေနဲ့ လောကကို အလှဆင်ဖို့ သင်ကြားပေးပါ။ မိန်းကလေးအဖြစ် မွေးဖွားလာတဲ့ လူတစ်ယောက်ကို စိတ်ဒဏ်ရာတွေ၊ ဒေါသဆူးတွေ ထပ်ပြီး မပေးကြတဲ့ ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းအဖြစ် ပြောင်းလဲကြည့် ပါလို့ ဆန်္ဒပြုလိုက်ပါရစေ။

 

#MawKunMagazine

ဆက်သွယ်မှာယူနိုင်စေရန်…….

         

OFFICE    : No.121, 4th Floor, Corner or 49 Street and Anawrahta Street, Pazundaung Township, Yangon, Myanmar.   

: 0931340239

: 09791663065

 

website: www.mawkun.com

 

facebook: @mawkunmagazine

mawkun.chronicle@gmail.com

 

အမျိုးအစား - အက်ဆေး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."