Home ခရီးသွားဆောင်းပါး မိခင်ဂင်္ဂါကို ပူဇော်ပွဲ

မိခင်ဂင်္ဂါကို ပူဇော်ပွဲ

87
0
ဓာတ်ပုံ - ကျော်ရင်မြင့်
ဈေးနှုန်းသက်သာစွာ ကြော်ငြာထည့်သွင်းနိုင်ပါပြီ

ညနေရီရီ နေဝင်ဖြိုးဖျ မှောင်ရီသမ်းစ အချိန်။ နေမင်းက ကမ္ဘာလောကကို နှုတ်ဆက်တဲ့အနေနဲ့ သူရဲ့ ရွှေရောင် ရောင်ခြည်တွေကို  အစွမ်းကုန် ပက် ဖျန်းနှုတ်ဆက်ခဲ့ပြီ။ ဒီအချိန်ဟာ အကြည့်တန်သူတွေတောင်မှ လှတဲ့ အချိန်တဲ့။ တကယ့်ကို အလှပြင်ထား တဲ့ မိန်းမပျိုလေးတွေဆိုရင် မလှမရှိ မြင်ရတဲ့ မိန်းကလေးတိုင်း လှပနေတဲ့ အချိန်ပေါ့။

ဂင်္ဂါမြစ်ကမ်းပါးကို အိန္ဒိယသူ ပျိုဖြူလေးတစ်အုပ် ဆင်း လာကြပါပြီ။ သူတို့က မိခင်ဂင်္ဂါကို ပူဇော်ဖို့ လာကြတာပါ။ မိန်းမ ပျိုကလေးတွေရဲ့ ခေါင်းမှာ ပန်းတွေဝေနေအောင် ပန်ဆင်ထား တယ်။ ဝတ်ဆင်လာတဲ့ ဆာရီတွေကလည်း အရောင်အသွေးစုံ တယ်။ ဒါကြောင့်လည်း ‘ရောင်စုံလှပ အိန္ဒိယ’ လို့ သူတို့က ဂုဏ် ယူပြီး ပြောကြတာ။ သူတို့ဟာ မိခင်ဂင်္ဂါမြစ်ကို ပူဇော်ဖို့ မြစ်ကမ်း နဖူးက နဒီမုခ်ဦး (Ghat) ကို လာရောက်ကြတာပါ။

ဗာရာဏသီက ဂင်္ဂါမြစ်ကမ်းနဖူးမှာ နဒီမုခ်ဦး (Ghat) ၈၇ ခု ရှိတယ်။ နဒီမုခ်ဦးအများစုကို ရေချိုးသန့်စင်ဖို့နဲ့ မိခင်ဂင်္ဂါကို ပူ ဇော်ရာနေရာအဖြစ် အသုံးပြုကြပါတယ်။ လှေသင်္ဘောတွေ ဆိုက်ကပ်ရာ ဆိပ်လည်းဖြစ်တယ်။ အချို့ မုခ်ဦးမှာတော့ ကွယ်လွန်သူတွေကို သင်္ဂြိုဟ်ဖို့ အသုံးပြုပါတယ်။ ဒီမုခ်ဦးအများစုကို လွန်ခဲ့တဲ့နှစ်ပေါင်း ၃ဝဝ ကျော် (၁၇ဝဝ အေဒီ) က ဆောက်လုပ်ခဲ့ တာ ဖြစ်ပါတယ်။ မုခ်ဦးအများစုဟာ အများပြည်သူပိုင်ဖြစ်တယ်။ ပြည်သူအများ လွတ်လပ်စွာ အသုံးပြုနိုင်ကြတယ်။ မုခ်ဦးအချို့က တော့ ပုဂ္ဂလိက ပိုင်တယ်။ ပုဂ္ဂလိက မုခ်ဦးအချို့က သူတို့ပိုင် နဒီ မုခ်ဦးမှာ အဆင့်ရှိရှိ သင်္ဂြိုဟ်ပေးတဲ့ ဝန်ဆောင်မှု ပေးတယ်တဲ့။ ဒါကြောင့် ငွေကြေးကြွယ်ဝသူတွေက စပါယ်ရှယ်မုခ်ဦးမှာ ခမ်း ခမ်းနားနား မီးသင်္ဂြိုဟ်လေ့ရှိတယ်။

ဈေးနှုန်းသက်သာစွာ ကြော်ငြာထည့်သွင်းနိုင်ပါပြီ

ဟိန္ဒူအယူအဆမှာ ကွယ်လွန်ပြီးနောက် သင်္ဂြိုဟ်တာက လည်း ဘဝမှတ်တိုင်တစ်ခု ဖြစ်ပါတယ်။ မီးသင်္ဂြိုဟ်ရင်း ပူဇော်ပွဲ ကိုလည်း ပြုလုပ်တယ်။ Manikarnika နဲ့  Harishchandra နဒီ မုခ်ဦးနှစ်ခုကို သင်္ဂြိုဟ်ရေးအတွက် လုပ်ဆောင်တာများတယ်။

ဓာတ်ပုံ - ကျော်ရင်မြင့်
ဓာတ်ပုံ – ကျော်ရင်မြင့်

ဂင်္ဂါမြစ်ဟာ အိန္ဒိယနိုင်ငံအတွက် မြင့်မြတ်တဲ့မြစ်ကြီး ဖြစ် ပါတယ်။ မြို့ ရွာဒေသများကို ဂင်္ဂါမြစ်က ဖြတ်သန်းစီးဆင်းတယ်။ ဗာရာဏသီကိုတော့ အမွန်မြတ်ဆုံး နေရာအဖြစ် သတ်မှတ်ထား တယ်။ ဒါကြောင့်လည်း ကွယ်လွန်အနိစ္စရောက်ရင် ဗာရာဏသီ က ဂင်္ဂါမြစ်ကမ်းမှာ မီးရှို့သင်္ဂြိုဟ်လိုတဲ့ဆန္ဒ သူတို့မှာ ရှိကြပါတယ်။ ဒါကြောင့်လည်း အိန္ဒိယနိုင်ငံမှာ တစ်နှစ်ကို ကွယ်လွန်သူ ၂၅,ဝဝဝ က ၃ဝ,ဝဝဝ ဟာ ဂင်္ဂါမြစ်ကမ်းက နဒီမုခ်ဦးကို လာရောက်ပြီး သင်္ဂြိုဟ်တယ်။  ပျမ်းမျှခြင်းအားဖြင့် တစ်ရက်ကို လူ ၈ဝ ဦး ရှိတယ်။

နိုင်ငံအနှံ့က လူတွေ ယခုလို လာရောက်ပြီး မီးသင်္ဂြိုဟ်နေ တာကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးမှု၊ လေထုညစ်ညမ်းမှု၊ မြစ်ရေညစ်ထေးမှု ဖြစ်တယ်လို့ ဆိုတယ်။ ဒါကြောင့်လည်း  Ganga, the source of life ကို ၁၉၆ဝ ခုမှာ ဖွဲ့စည်းမှတ် ပုံတင်ပြီး မြစ်ထိန်းသိမ်းရေး၊ ဂင်္ဂါယဉ်ကျေးမှု ထိန်းသိမ်းရေးကို ဦးစားပေးဆောင်ရွက်နေတယ်လို့ အဖွဲ့  ဥက္ကဋ္ဌက ပြောပါတယ်။ ယဉ်ကျေးမှု အစဉ်အလာဖြစ်တဲ့ မိခင်ဂင်္ဂါမြစ်ကို ပူဇော်တာကို လည်း နေ့စဉ်နေ့တိုင်းပဲ ဂင်္ဂါမြစ်ကမ်းနဖူးက နဒီမုခ်ဦးတွေမှာ ပြု လုပ်ပါတယ်။ မနက်တစ်ကြိမ်၊ ညနေတစ်ကြိမ် မိုးသည်းသည်းရွာ ရွာ၊ နှင်းပိတ်ပိတ်ကျကျ၊ လေပြင်းထန်ထန် ရာသီဥတု ဘယ်လိုပဲ ဖြစ်နေပါစေ မပျက်မကွက် ပြုလုပ်တယ်လို့ ဆိုပါတယ်။ မိခင်ဂင်္ဂါ ကို ပူဇော်တာကို ခမ်းခမ်းနားနား ပြုလုပ်တဲ့အတွက် လာရောက် ကြည့်ရှုသူ များတယ်။ ဗာရာဏသီမြို့ဟာ ဗုဒ္ဓဘာသာ၊ ဟိန္ဒူဘာ သာ၊ ဂျိန်းဘာသာ ကိုးကွယ်သူတွေအတွက်လည်း အရေးပါတဲ့ နေရာတစ်ခုဖြစ်ပြီး နိုင်ငံခြားသား ခရီးသွားဧည့်သည် လာရောက် မှု များတယ်။ ဂင်္ဂါပူဇော်ပွဲက နိုင်ငံခြားသားဧည့်သည်တွေကို ဆွဲ ဆောင်တယ်။ ကမ်းနဖူးမှာရှိတဲ့ အိမ်တွေ၊ ဈေးဆိုင်တွေက သူတို့ ဝရန်တာမှာ နိုင်ငံခြားသားဧည့်သည်တွေ ကြည့်ဖို့ နေရာငှားတယ်။

မိခင်ဂင်္ဂါကို ပူဇော်ရာ နဒီမုခ်ဦးတစ်ဝိုက်မှာ လူတွေ ကြိတ် ကြိတ်တိုး များပြားတယ်။ ပူဇော်ဖို့ အချိန်နီးပြီဆိုရင် အသင့်နေရာ ယူထားတဲ့ ဂီတအဖွဲ့က စတင်တီးမှုတ်တယ်။ အိန္ဒိယရိုးရာ ဗုံနဲ့ ဘာဂျာသံက ပတ်ဝန်းကျင်ကို ဆွဲဆောင်ပါတယ်။ အိန္ဒိယတေး သွားများ သဘာဝအတိုင်း ခပ်မြူးမြူး တေးသီဆိုမယ်။

ဓာတ်ပုံ - ကျော်ရင်မြင့်
ဓာတ်ပုံ – ကျော်ရင်မြင့်

ပူဇော်ဖို့ နေရာအဖြစ်နဲ့ ကျောက်ဖျာတွေကို ဂင်္ဂါမြစ်ကမ်း နဖူးမှာ လုပ်ထားပါတယ်။ ကျောက်ဖျာတွေက တစ်သီတစ်တန်း။ ကျောက်ဖျာတွေပေါ်မှာ ရောင်စုံပန်းပွင့်တွေရဲ့ ပွင့်ဖတ်တွေကို  ပန်းကော်ဇောခင်းထားတယ်။ အရောင်စုံတာမို့ အင်မတန်မှ လှပ ပါတယ်။ ကျောက်ဖျာဦးထိပ်မှာတော့ စားပွဲပုလေးတစ်ခု ခင်း ထားပြီး ဖဲစစားပွဲခင်း ခင်းထားတယ်။ စားပွဲပေါ်မှာတော့ ခရု သင်း၊ ကြေးခေါင်းလောင်းနဲ့ ပန်းကုံး၊ ပန်းပွင့်တွေ၊ ပွင့်ဖတ်တွေ ရှိပါတယ်။

ပူဇော်ဖို့ အချိန်ကျတဲ့အချိန်မှာ ခရုသင်းမှုတ်လိုက်တယ်။ ဝတ်ကောင်းစားလှတွေ ဆင်မြန်းထားပြီး ပန်းတွေ ဝေနေအောင် ပန်ဆင်ထားတဲ့ အမျိုးသမီးလေးတွေက အဆင်သင့်ပြင်ထားတဲ့ ကျောက်ဖျာရှိရာကို ဆင်းလာတယ်။ ဖဲအင်္ကျီပြောင်ပြောင် ဆင် မြန်းထားတဲ့ အမျိုးသားတွေလည်း ကျောက်ဖျာဆီ ဆင်းလာတယ်။

အမျိုးသမီးလေးတွေက ကျောက်ဖျာပတ်ပတ်လည်မှာ ဖယောင်းဆီမီးတွေ ထွန်းညှိတယ်။ အမျိုးသားက ကျောက်ဖျာ ထိပ်မှာ နေရာယူလိုက်ပြီး အမျိုးသမီးလေးနှစ်ယောက်က ကျောက်ဖျာနောက်ပိုင်းမှာ ရပ်လျက်နေ ရာယူပါတယ်။

အသံသြဇာနဲ့ပြည့်ဝတဲ့ အမျိုးသား ကြီးတစ်ယောက်က   ‘ဥုံ’ အစချီကာ ပူဇော် တဲ့မန္တာန်ကို စတင်ရွတ်ဆိုပါတယ်။ မိခင် ဂင်္ဂါပူဇော်ပွဲကို ကမ်းလုံးညွတ်အောင် လာ ကြည့်ရှုသူတွေများသလို ဂင်္ဂါမြစ်ပြင်ထဲမှာ လည်း လှေတွေ၊ မော်တော်တွေနဲ့ ကြည့်သူ တွေပြည့်နေတယ်။ မှောင်စပျိုးပြီမို့ အချို့က ပူဇော်တဲ့အနေနဲ့ မြစ်ပြင်ထဲ မျှောလိုက်တဲ့ မီးကြာခွက်ကလေးတွေလည်း မီးရောင် တလက်လက်နဲ့ မြစ်ရေပြင်မှာ မျောနေတာ၊ ရေပြင်ကို မီးရောင်ဟပ်နေတာ မြင်ရတာ သိပ်ကို လှပပါတယ်။

ကျောက်ဖျာထိပ်က စားပွဲလေးတွေ က ငွေလင်ပန်းထဲမှာ ပန်းပွင့်ဖတ်တွေ အပြည့်ရှိသလို ငွေခွက်ထဲမှာတော့ နွားနို့ တွေ ရှိပါတယ်။ ပူဇော်ပွဲစတာနဲ့ အမျိုးသား က ဒူးထောက်ထိုင်ကာ ငွေခွက်ထဲက နွားနို့ တွေကို ဂင်္ဂါမြစ်ထဲ သွန်ချတယ်။ ပြီးတော့ မြစ်ရေကိုယူပြီး နဖူးကိုထိတယ်။ ဒီအချိန် မှာ အိန္ဒိယရိုးရာ ဗုံသံ၊ ဘာဂျာသံ၊ သီချင်း ဆိုသံတွေကို ခပ်မြိုင်မြိုင် ကြားနေရတယ်။ အမွှေးတိုင်တွေကို ထွန်းညှိလိုက်တော့ မီး ခိုးမှိုင်းတွေက မြင်ကွင်းကို ဂန္ဓာရီဆန်စေ တယ်။ မွှေးရနံ့လည်း သင်းပျံ့လာပါတယ်။

ပူဇာကျောက်ဖျာထိပ်မှာရှိကြတဲ့ အမျိုးသားတွေက မန္တာန်တစ်ခုကို သံပြိုင် ဆိုတယ်။ ပြီးတော့ ခရုသင်းတွေကို သံပြိုင် မှုတ်တယ်။ မှုတ်သမှ အကြာကြီး။ ပတ်ဝန်း ကျင်တစ်ခွင်လုံး ခရုသင်းမှုတ်သံ ဖုံးလွှမ်း သွားပါတယ်။ ငါးမိနစ်ကြာလောက် ခရုသင်းတွေ သံပြိုင်မှုတ်ကြပြီးတဲ့နောက် ခရုသင်းကို စားပွဲပုလေးပေါ် ပြန်ချ၊ အဆင်သင့်ရှိတဲ့ ကြေးခေါင်းလောင်းလေး တွေကို လှုပ်ပြီး တီးကြပြန်တယ်။ ‘တင် တင် တင် တင်’ ခေါင်းလောင်းသံလွင်လွင် က တစ်လှည့် ဆွဲဆောင်ပြန်ပါတယ်။

အမျိုးသမီးလေးတွေကတော့ ဒေါင်းမြီးယပ်တောင်တွေကို ခတ်ပေးနေ တယ်။ ကြေးခေါင်းလောင်းတွေ တီးပြီးနောက်မှာ ငွေလင်ပန်းထဲက ပန်းပွင့်ဖတ် ရောင်စုံကို မြစ်ရေပြင်ပေါ် ကြဲဖြန့်တယ်။

မွှေးရနံ့တွေ၊ ခရုသင်းတွေ၊ ဗုံသံ၊ ဘာဂျာသံ၊ ကြေးခေါင်းလောင်းသံတွေ၊ လေမှာ တလွင့်လွင့် လွင့်ပါနေတဲ့ ပန်းပွင့်ဖတ်ရောင်စုံတွေကို တစ်လှည့်စီ ခံစား နေရတယ်။

ဓာတ်ပုံ - ကျော်ရင်မြင့်
ဓာတ်ပုံ – ကျော်ရင်မြင့်

မြွေဟောက်တစ်ကောင် ပါးပျဉ်းထောင်နေတဲ့အသွင်လက်ကိုင်နဲ့ ကြေး ခွက်ကြီးထဲက မီးစာကို မီးညှိလိုက်ချိန်မှာ မီးတောက်ကြီးက ဟုန်းခနဲ တောက်လာ တယ်။ ကျောက်ဖျာထိပ်ဦးမှာရှိတဲ့ အမျိုးသားက မီးတောက်မီးလျှံတွေနဲ့ ကြေး ခွက်ကြီးကို လက်ကကိုင်ကာ ဝှေ့ယမ်းရင်း မိခင်ဂင်္ဂါမြစ်ကို ပူဇော်ပါတယ်။ ဒီ အချိန်မှာ အမျိုးသမီးလေးတွေကတော့ ကိုယ်စီလက်အုပ်ချီလို့ပါ။

အားလုံး မြစ်ဘက်ကို မျက်နှာမူပြီး ပူဇော်တယ်။ ပြီးတော့ ညာဘက်ကို ပြိုင်တူလှည့်ကြပြီး ပူဇော်တယ်။ အရပ်လေးမျက်နှာစလုံးကို ဒီပုံစံ တစ်လှည့်စီ လှည့်ပြီး ပူဇော်တာပါ။

အဝတ်စနီနီရဲရဲနဲ့   ထုပ်ထားတဲ့ ပန်းပွင့်ဖတ်ရောင်စုံတွေကို ထုတ်ယူ ပြီး ဖြန့်ကြဲရင်း အရပ်လေးမျက်နှာကို လှည့်ကာ ပူဇော်ကြပြန်ပါတယ်။

မိခင်ဂင်္ဂါကို ဒီလို ပူဇော်တာမျိုး အဆင့် ၁၆ဆင့်နဲ့ ပူဇော်ပါတယ်။ မိခင် ဂင်္ဂါမြစ်ကိုရော၊ ဂင်္ဂါနတ်သမီးကိုရော ပူဇော်ကြတာဖြစ်ပါတယ်။ မီးလျှံတွေ က ဂင်္ဂါနတ်သမီးရဲ့ စွမ်းအားကို ပူဇော် တာလို့ ဆိုတယ်။

ပူဇော်မှု အဆုံးသတ်တာကတော့ မီးလျှံတွေအထက်မှာ သူတို့ရဲ့ လက် ဖဝါးကိုကင်ပြီး ဒီလက်ဖဝါးကို နဖူး ပြင်မှာတင်ပြီး ဂင်္ဂါနတ်သမီးရဲ့ သန့်စင် ခြင်းကို ဆုမွန်တောင်းကြတယ်။

မိခင်ဂင်္ဂါပူဇော်တာကို ဟာရီဝါ၊ ရစ်ခ်ျကက်ရှ်တို့မှာလည်း လုပ်ကြပါ တယ်။ ဗာရာဏသီကတော့ အစည် ကားဆုံး ဖြစ်ပါတယ်။

ရိုးရာဓလေ့ ယုံကြည်မှုအရ မိခင် ဂင်္ဂါကိုပူဇော်တာပုံမှန်လုပ်ဆောင်ရင်း တစ်ဖက်မှာ နိုင်ငံခြားသားခရီးသွား တွေကို ဆွဲဆောင်တာဖြစ်လို့ မိခင် ဂင်္ဂါပူဇော်တာ(Ganga Aarti)က ကမ္ဘာကျော်ပြီး ဗာရာဏသီကိုရောက် သူတိုင်းလိုလိုကြည့်ရှုရတဲ့ အခမ်း အနားတစ်ခု ဖြစ်နေပါတယ်။     ။

 

၂၀၁၆-နိုဝင်ဘာလထုတ်၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၄၀)မှ ခရီးသွား ဆောင်းပါးဖြစ်ပါသည်။

 

ကျော်ရင်မြင့် ရေးသည်။

 

ဈေးနှုန်းသက်သာစွာ ကြော်ငြာထည့်သွင်းနိုင်ပါပြီ

LEAVE A REPLY

Please enter your comment!
Please enter your name here