Home ဒိုင်ယာရီ ဗိုလ်ကြီးဝင်းထိန် အလွဲလွဲ အချော်ချော် ရေးသားချက်များကို ထောက်ပြခြင်း

ဗိုလ်ကြီးဝင်းထိန် အလွဲလွဲ အချော်ချော် ရေးသားချက်များကို ထောက်ပြခြင်း

34
0
ဈေးနှုန်းသက်သာစွာ ကြော်ငြာထည့်သွင်းနိုင်ပါပြီ

၂ဝ၁၉၊ ဧပြီလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၆၄)မှ  Diary ဖြစ်ပါသည်။

အပိုင်း ၂

မန်းဖိုးအေး ရေးသည်။

ဈေးနှုန်းသက်သာစွာ ကြော်ငြာထည့်သွင်းနိုင်ပါပြီ

(ယခင်လမှအဆက်)

အားကိုးတကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည်ဆီ ၀င်လာတဲ့ ကိုကံရှိန်၊ ကိုလှထွန်းအောင်တို့ နှစ်ယောက်ကို ဗိုလ်ကြီးဝင်းထိန် ကြားဖြတ် ဟန့်တားထားပါတယ်။ “ဒေါ်စုက ကျေးလက်တောသူ တောင်သားလယ်သမား ကို အထူးတွေ့လိုတယ်။ မဟန့်တားပါနဲ့” ဆိုတဲ့ မှာထားချက်ကို ဗိုလ်ကြီးဝင်းထိန် ဘာကြောင့် သွေဖည် ရတာပါလဲ။ နောက်ပြီး အားကိုးတကြီးနဲ့ လာပို့တဲ့ ဗီဒီယိုတိပ်ခွေကို ကတိပေးထားတဲ့အတိုင်း လိုက်နာ ဆောင်ရွက်ခြင်း မပြုဘဲ ကိုယ့်တစ်ဦးတည်း သဘောနဲ့ အံဆွဲထဲ ထည့်ပိတ် ဖျောက်ဖျက်ပစ်ရတာပါလဲ။ ကိုကံရှိန်တို့ လာရောက်ပေးအပ်စဉ်က သင်္ကြန်ပြီးခါစ ဧပြီလလယ်အချိန်ပါ။ ဖမ်းခံကြရတာက မေလ ကုန်ပိုင်း ဖြစ်တယ်။ ဒီအရေးပါတဲ့ သတင်းမှတ်တမ်းခွေဟာ ဒေါ်စုဆီလည်း မရောက်၊ ကုလသမဂ္ဂဆီလည်း မရောက်၊ န၀တဆီလည်း မရောက်ဘဲ အံဆွဲထဲ ချောင်ထိုးခံလိုက်ရတယ်။ ပြည်သူတို့က အချိန်ကုန်ခံ၊ ငွေကုန်ခံ၊ အပန်းတကြီးနဲ့ အန္တရာယ်ကို ရင်ဆိုင်ပြီး ခက်ခက်ခဲခဲ ကြိုးပမ်းဆောင်ရွက်ခဲ့ တာကို ဗိုလ်ကြီး ၀င်းထိန်က လှောင်ပြောင်သလို အထင်မြင်သေးပြီး မထီမဲ့မြင် ကိုင်တွယ်ဆောင်ရွက်ခြင်းဟာ အရေး တော်ပုံအတွက် တောင်သူလယ်သမားတွေအတွက် တအားကို နစ်နာဆုံးရှုံးပါတယ်။ သူ့တစ်ယောက်တည်း အတွေးနဲ့ ဒီသတင်း မှတ်တမ်းခွေကို ကိုယ့်သဘောနဲ့ ကိုယ် ချောင်ထိုးတာဟာ အမှား ကြီး မှားယွင်းနေပါတယ်။ ဒီလို မှားယွင်းတဲ့ လုပ်ရပ်ကြီးမျိုး ဗိုလ်ကြီးဝင်းထိန် ဒီတစ်ခုတည်း ကျူးလွန်လိမ့်မယ် မထင်ပါ။

ခင်ဗျား တော်တော်ဆိုးတယ်ဗျာ။ ပြည်သူ့အရေးကို ခင် ဗျား ဦးစားမပေးဘူး။ ကိုယ်လုပ်တာမှ အမှန်တဲ့လား။ ခင်ဗျား လောက် ဘယ်သူကမှ မတွေးတတ်၊ မလုပ်တတ်ဘူး၊ အားကိုး တကြီး ရောက်လာတဲ့ ပြည်သူကို ခင်ဗျား ရထားတဲ့ အခွင့်အရေး (အာဏာပါဝါ)နဲ့ လှည့်စားညာလွှတ်ပြီး ဘယ်သူနှင့်မှ ဆွေးနွေး တိုင်ပင်ခြင်းမပြုဘဲ ကိုယ်လုပ်ချင်ရာ လုပ်သွားတယ်။ ခင်ဗျား မကောင်းဘူး။

(စာမျက်နှာ ၅၀၉။ စာပိုဒ်ရေ ၆၊ ၇)

Directional Microphone

“ကိုဖိုးအေး၊ ကိုကျော်သန်းနဲ့ ကိုလှထွန်းတို့ သုံးယောက် ဒေါ်အောင်ဆန်းစုကြည် ခြံထဲကို ကျွန်တော့်ကို နွေစပါးတွေ အကြောင်း လာပြီး ပြောတာက ဒေါ်အောင်ဆန်းစုကြည် အိမ်ရှေ့ မှာ ထိုးထားတဲ့ မဏ္ဍပ်ထဲမှာပါ။ ကျွန်တော်တို့ စကားပြောတဲ့ နေရာက ခြံဝမှာ စုနေတဲ့ ထောက်လှမ်းရေးရုံးနဲ့ တစ်တန်းတည်း ပါ။ ဒီအကြောင်းကို နောက်မှ သိရလို့ ဗဟုသုတဖြစ်အောင် ပြန် ရေးပြနေရတာပါ။ ကျွန်တော်နဲ့ ကိုဖိုးအေးတို့အုပ်စု ပြောနေတဲ့ စကားတွေကို ခြံဝက ထောက်လှမ်းရေးက အကုန်လုံး အသံဖမ်းမိ ပါတယ်။ သူတို့နေရာနဲ့ ကျွန်တော်တို့နေရာက ကိုက် ၃၀ လောက် ပဲ ဝေးမှာပါ။ သူတို့ဟာ ကျွန်တော်တို့ စကားပြောနေတာကို Directional Microphone နဲ့ ဖမ်းယူတာပါ။ အဲဒီဖုန်းဟာ ကမ္ဘာအရပ်ရပ်က ထောက်လှမ်းရေးအဖွဲ့တွေက သုံးတာပါ။ လူ တစ်ယောက် စကားပြောနေတယ်ဆိုရင် သူ့ကို တည့်တည့် လှမ်း ချိန်လိုက်၊ ကိုက် ၅၀ အတွင်းမှာဆိုရင် အကုန် ဖမ်းမိပါတယ်”

ဗိုလ်ကြီးဝင်းထိန်ရဲ့ ရေးသားချက်က သူ့ ဒါမှမဟုတ် ဒေါ်အောင်ဆန်းစုကြည် တော်တော် ညံ့ဖျင်းသလိုမျိုး ဖြစ်နေတယ်။ စကားပြောတဲ့နေရာထိုင်ခင်းကို ကျွန်တော်ကပဲ ဆင်ခြင် တုံမဲ့ စီစဉ်သလိုလို သူ ဒီလို ဆိုချင်တာဖြစ်တယ်။

ဒီနေရာမှာ ဗိုလ်ကြီးဝင်းထိန် နေရာဩန်းပြမှု လွဲမှားပါ တယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တိုက်ရှေ့က မြေကွက်လပ်မှာ မဏ္ဍပ်တစ်ချိန်လုံး အခိုင်အခံ့ ထိုးမထားပါ။ နက်ဖြန်သဘက် အခမ်းအနားပွဲ တစ်ရပ်ရပ်  လုပ်တော့မယ်ဆိုတော့မှ ကျွန်တော်တို့ဟာ ၀ါးဓနိဆိုင်မှာ ၀ါးယားတွေ ငှားရမ်းပြီး တက်သုတ်နှင် အမိုးမိုးကြ၊ တာလပတ်မိုး ဖြန့်ခင်းကြ လုပ်ကြပါတယ်။ ပျဉ်ချပ် တွေ ငှားရမ်းပြီး စင်ထိုးကြ၊ တက်တက်ကြွကြွ လုပ်ကြကိုင်ကြပါ တယ်။ အခမ်းအနားပွဲ ပြီးစီးသွားရင် ပြန်ဖျက်ကြ၊ ငှားရမ်းထား တဲ့ ၀ါးလုံး၊ ပျဉ်ချပ်၊ မိုးကာ တာလပတ်စကြီးတွေ ပြန်အပ်ကြရပါ တယ်။ ဒါတွေကို အပိုင်ဝယ်ခြမ်းထားပြီး အခိုင်အခံ့မဏ္ဍပ်အဖြစ် ပြုလုပ်မထားပါ။ ကျွန်တော်တို့တွေ ကိုယ်တိုင်ကိုယ်ကျ လုပ်ကိုင် ကြတာ ဖြစ်တယ်။

ဒီတော့ “ကျွန်တော်တို့ကို နွေစပါးအကြောင်း လာပြီး ပြော တာက ဒေါ်အောင်ဆန်းစုကြည် အိမ်ရှေ့မှာ ထိုးထားတဲ့ မဏ္ဍပ် ထဲမှာ” ဆိုတဲ့ စာပိုဒ်က  လုံးဝ လွဲမှားနေပါတယ်။ နေရာလွဲတာတင် မဟုတ်သေးပါ။ စောစောက ပြောပြခဲ့တဲ့အတိုင်း ကိုကံရှိန်၊ ကိုလှထွန်းအောင်နဲ့ ကြိုတင်သိထားဖို့ဝေးစွ၊ လူချင်းပင် မဆုံ ဆည်းကြသေးပါ။ အင်းစိန်ထောင်တွင်း အထူးတရားရုံး ရောက် ကာမှ လူချင်း တွေ့ ဆုံကြ၊ ထောက်လှမ်းရေးက အမှုတွဲပေးကာမှ အမှုတွဲမှန်း သိရှိရတာပါ။ အဖမ်းမခံရခင် အပြင်မှာ ဘယ်လိုမှ မသိမကျွမ်းသေးတဲ့သူကို ကျွန်တော် ဘယ့်နှယ်လုပ် ဒေါ်စုခြံထဲ ခေါ်သွင်းနိုင်ရမှာလဲ။ လွဲချော်ချက်က ထင်ရှားလွန်းနေပါတယ်။

ဒေါ်စုခြံဝင်းထဲမှာ လူစုလူဝေးနဲ့ ဒေါ်စုနဲ့ တွေ့ဆုံခြင်းမှာ ကျွန်တော်ပါဝင်မှု ခုနစ်ကြိမ် ရှိခဲ့ပါတယ်။ တစ်ကြိမ်က မအူပင် မြို့နယ် လက်ျားကြီးကျေးရွာ ကရင်လူငယ်ထုနဲ့ ဒေါ်စုတွေ့ဆုံမှု။ ၁၉၈၉ ဇန်န၀ါရီတုန်းက ဖြစ်တယ်။ ဒုတိယအကြိမ်က ၁၉၉၅ ဇူလိုင် ၁၀ ရက်မှာ ဒေါ်စု လွတ်မြောက်လာပါတယ်။ သြဂုတ်မှာ ကမာရွတ်မြို့နယ် NLD အဖွဲ့ဝင်များနဲ့ ဒေါ်စု တွေ့ဆုံပါတယ်။ ကမာရွတ်လွှတ်တော် (၁၉၉၀) လွှတ်တော်ကိုယ်စားလှယ် ဆရာ ကြီးမင်းသုဝဏ်ပါ ရှိပါတယ်။ ကျွန်တော့်ပါ အထူးတလည် ဖိတ် ခေါ်လို့ ကျွန်တော် ပါဝင်ပါတယ်။ ဒီနှစ်ကြိမ်က ဒေါ်စုရဲ့ အိမ်တွင်း ဧည့်ခံပွဲမှာ မဟုတ်ပါ။ ဗိုလ်ကြီးဝင်းထိန် ဩန်းတဲ့ ဒေါ်စု တိုက်ရှေ့က မဏ္ဍပ်မှာလည်း မဟုတ်ပါ။ ဒေါ်စုတိုက်အိမ်ရဲ့ လက်ယာဘက် အခြမ်း ကပ်လျက်က အဖီအောက်မှာ ဖြစ်တယ်။ ခြံထဲ ထောက် လှမ်းရေးစခန်းနဲ့က ဒေါ်စုရဲ့ တိုက်အိမ်ကြီးတစ်တိုက်လုံး ခြား ထားပါတယ်။

ကဲ…ဗိုလ်ကြီးဝင်းထိန် ဩန်းတဲ့ တိုက်ရှေ့မဏ္ဍပ်ထဲမှာ ဖြစ် တယ်ပဲ ထားလိုက်ပါဦး။ ကျွန်တော် ခေါ်ဆောင်လာသူတို့နဲ့ ဒေါ်အောင်ဆန်းစုကြည်၊ ဦးကြည်မောင်၊ ဦးတင်ဦး၊ ဗိုလ်ကြီးဝင်း ထိန်တို့ကို “လာကြဟေ့၊ ဟောဒီမှာ ကျွန်တော်တို့ တွေ့ကြဆုံကြ၊ ဆွေးနွေးပြောဆိုကြရအောင်”ဆိုပြီး နေရာထိုင်ခင်းကို ကျွန် တော် စီစဉ်ချထားခွင့် ရှိပါရဲ့လား။ စိုးစဉ်းမျှ စဉ်းစား၊ တွေးတော စရာ မလိုပါ။ ခြံရှင် ဒေါ်စုနဲ့ သူ တာဝန်လွှဲအပ်ထားတဲ့ ပုဂ်္ဂိုလ်က သာ စီစဉ်ဆောင်ရွက်ခွင့် ရှိပါတယ်။ ဒီ စီစဉ်သူဟာ ဗိုလ်ကြီးဝင်း ထိန်သာ ဖြစ်ဖို့များပါတယ်။ ကျွန်တော်တို့ ဘယ်တုန်းကမှ ထောက်လှမ်းရေးရဲ့ အကျင့်ယုတ်မှုကို လျှော့တွက်မထားပါ။ အစဉ်အမြဲ သတိကြီးစွာ ထားပါတယ်။ တပ်ထွက်ကြီး ဗိုလ်ကြီး ၀င်းထိန်၊ သူ တစ်ချိန်က ပါဝင်ထမ်းဆောင်ခဲ့တဲ့ သူ့တပ်ဖွဲ့ကို သူ လျှော့တွက်ထားပုံ ရပါတယ်။ ကျွန်တော်နဲ့ တွေ့ဆုံမှုမဟုတ်ဘဲ အခြားသော တွေ့ဆုံမှုတွေမှာ ဗိုလ်ကြီးဝင်းထိန်တို့ ဒီ “မဏ္ဍပ် ကွင်းပြင်”မှာ တွေ့ ဆုံပြောဆိုကြတဲ့ အခြင်းအရာ ရှိကောင်းရှိနေ ပါလိမ့်မယ်။ ရှိခဲ့တာကြောင့်လည်း ကျွန်တော် စီစဉ်ခဲ့တဲ့ တွေ့ဆုံ မှုနဲ့ လွဲချော် ထောက်ပြလိုက်ခြင်း ဖြစ်နေပါတယ်။ လွဲချော်မှား ယွင်းမှု ဖြစ်ရပ်ကို ကိုယ့်အမှား ကိုယ်မသိဘဲ ကျွန်တော့်ဆီ ပုံချ တာ ဖြစ်နေပါတယ်။ ဒါဟာ ဗိုလ်ကြီးဝင်းထိန် နားထင်သွေး ရောက်ပြီး ထောက်လှမ်းရေးကို လျှော့တွက်ခြင်း ဖြစ်တယ်။ ကိုယ့်အားနည်းချက်၊ ကိုယ့်မှားယွင်းချက်ကို ကိုယ် မှန်မှန်ကန် ကန် မမြင်ဘဲ သူတစ်ပါးကို ပုံချတာမျိုး လာမလုပ်သင့်၊ မလုပ် အပ်ပါ။ အမှားပြုလုပ်ပြီးကာမှ၊ နောက်ပြီး ဗိုလ်ကြီးဝင်းထိန် ထောက်ပြသလို ထောက်လှမ်းရေးက ဒီလို ဒီလို အသံဖမ်းယူထား နိုင်တာကို သိရှိပြီးကာမှ၊ စိုးရိမ်ထိတ်လန့်ပြီး ကျွန်တော့်ကို ထန်း လက်အဖြစ် အကာအရံပြု လွှဲချလိုက်တာ ဖြစ်တယ်။ လွဲချော် အကြောင်းပြ အကြောက်အကန် ငြင်းလို့ မရပါ ဗိုလ်ကြီးဝင်းထိန် ခင်ဗျာ။ ခင်ဗျားရဲ့ လုပ်ဆောင်ချက်၊ အလွန်အကျွံ အမှားအယွင်း တို့ကြောင့် ခင်ဗျားဟာ အငြိုးအတေးခံရပြီး ထောက်လှမ်းရေးရဲ့ အမဲဖျက်တာ ခင်ဗျား ခံလိုက်ရတာပါ။ ဒီအကြောင်းကို နောက် ပိုင်းတစ်နေရာမှာ ထောက်ပြပါမယ်။

(စာမျက်နှာ ၅၁၀)

ဧပြီ ၃၀ ရက်

“ကိုဖိုးအေးတို့ ကျွန်တော့်ကို နွေစပါးကိစ္စ လာပြောပြီး နောက်နှစ်ရက်ဟာ ဧပြီလ ၃၀ ရက်နေ့ပါ။ အဲဒီနေ့ ညကိုးနာရီ မှာ ကျွန်တော့်အိမ်ကို ထောက်လှမ်းရေး၊ ရဲနဲ့ ရပ်ကွက်အုပ်ချုပ်ရေး မှူးတို့ လာဝိုင်းပြန်ပါတယ်။ ၁၀ ယောက်လောက် ရှိမှာပါ။ …..

နောက်ပိုင်းကျမှ ကျွန်တော် သိရတာက ကိုဖိုးအေးတို့ နွေ စပါးကိစ္စ လာပြောတဲ့အကြောင်းကို သူတို့ သိရှိသွားတဲ့အတွက် ကျွန်တော့်ကို ဒီကိစ္စနဲ့ ပတ်သက်ပြီး ဖမ်းတော့မယ်လို့ ဆုံးဖြတ် လိုက်ကြပါတယ်”

ဒီစာပိုဒ်အရ ထောက်လှမ်းရေးတွေ ဗိုလ်ကြီးဝင်းထိန် နောက် သဲကြီးမဲကြီး လိုက်ရတာက ကျွန်တော် ဆောင်ရွက်ခဲ့ပြီး တဲ့ ဧပြီ ၃၀ ရက်ရဲ့ နွေစပါးကြောင့်လို့ ဗိုလ်ကြီးဝင်းထိန် အတိ အလင်း ထောက်ပြသွားပါတယ်။

သူ့စာပိုဒ်ထဲမှာ “ကိုဖိုးအေးက ကျွန်တော့်ကို နွေစပါးကိစ္စ လာပြောပြီး” ဆိုပြီး ရေးသားထားပါတယ်။ သူ့စာပိုဒ်အရ ကျွန် တော်က သူ့ကို အားကိုးတကြီးနဲ့ တောင်သူလယ်သမားတွေ နှိပ် စက်ညှဉ်းပန်းခံရတဲ့ နွေစပါးအကြောင်း သူ့ထံ ဦးတည်လာပြောပြ သလို ဖြစ်နေတယ်။ သူဟာ အလိုအလျောက် အရေးပါသူတစ် ယောက်လို ဖြစ်သွားတယ်။

ကျွန်တော်နဲ့ လယ်သမားတွေ ဦးတည်တာက ဒေါ်စုပါ။ တွဲ ဖက်ပြီး ဦးကြည်မောင်၊ ဦးတင်ဦးတို့ကိုလည်း တောင်သူလယ် သမားတို့ရဲ့ ဘ၀ကို သိစေလိုပါတယ်။ ဗိုလ်ကြီးဝင်းထိန်ရဲ့ စာအရ ကျွန်တော်တို့က သူ့ဆီ လာဦးခိုက်သလို ဖြစ်နေပါတယ်။ ဒီတုန်း က ဗိုလ်ကြီးဝင်းထိန်က ဒေါ်စု လာတွေ့သူတွေနဲ့က ကြားခံ ရက် ချိန်း အချိန်းအချက် ပြန်ကြားပေးရေး ဖြစ်တယ်။ စီစဉ်ဆုံးဖြတ် ပေးသူတစ်ယောက်လို့ မမြင်ပါ။

လယ်သမားနဲ့ ဒေါ်စု တွေ့ဆုံဖို့ နေ့ရက်အချိန်ကို ကျွန်တော် တစ်လကျော်ကတည်းက ကြိုတင် ခွင့်ပြုချက် တောင်းခံပါတယ်။ ဒေါ်စု အပြည့်အ၀ စီစဉ်နိုင်အောင်၊ သေချာအောင် တင်ကြိုပြီး တောင်းခံခြင်း ဖြစ်တယ်။ အနားရောက်မှ လျှပ်တစ်ပြက် တောင်း ခံခြင်း မဟုတ်ပါ။ ကျွန်တော် တောင်းခံတဲ့ နေ့ရက်၊ အချိန်နာရီ အတိုင်း ဒေါ်စု ခွင့်ပြုခဲ့တာချည်းပါ။ ဒါဟာ ဗိုလ်ကြီးဝင်းထိန်ရဲ့ အစီအမံ မဟုတ်ပါ။

သူက “ဧပြီ ၃၀ ရက်နေ့ အဲဒီနေ့ ညကိုးနာရီ မှာ ကျွန်တော့် အိမ်ကို ထောက်လှမ်းရေး၊ ရဲနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ လာ ၀ိုင်းပြန်ပါတယ်”။ ဒီစာပိုဒ်အရ ကျွန်တော် နွေစပါးအရေး သူ့ကို တင်ပြတယ်။ ဒါကို လက်ခံတွေ့ဆုံခဲ့တာကြောင့် ထောက်လှမ်းရေး အငြိုးအတေးကို သူ ခံရတယ်ဆိုပြီး သူ့အိမ် အ၀ိုင်းခံရတာ ကျွန် တော့်ရဲ့ မဆင်မခြင်လုပ်ရပ်ကို သူလက်ခံမိတာကြောင့် ဆိုတာ မျိုး ဆိုက်ရောက်နေတယ်။

ကျွန်တော်တို့ အင်းစိန်သီးသန့်၊ သီးခြားတိုက်မှာ ဗိုလ်ကြီး ၀င်းထိန်ကို ၁ အခန်း။ ၂ အခန်းက န၀တတွေ ဒေါ်စုနဲ့ တွေ့ဆုံ ဆွေးနွေးဖို့ တစ်ကိုယ်တော် ဆန်္ဒထုတ်ဖော်တဲ့ ဦးခေသ၀ (ဦးခေ သ၀နဲ့ စပ်လျဉ်းပြီး ဗိုလ်ကြီးဝင်းထိန်ရဲ့ စာအုပ် စာမျက်နှာ ၅၁၅ မှာ အလွဲလွဲအချော်ချော် ရေးသားထားချက်ကို ထုတ်ဖော်ပါဦး မယ်။) အခန်းနံပါတ် ၃က အာဇာနည် ဦးဘ၀င်းရဲ့ သားကြီး ဦးအေးဝင်း၊ ကျွန်တော်က အခန်းနံပါတ် ၄ မှာပါ။

ညရောက်ရင် ကျွန်တော်တို့တွေ ကိုယ့်အခန်းမှာ ကိုယ်စီ လှောင်ပိတ်ခံကြရပြီး စကားတွေ ပြော၊ သီချင်းတွေ ဆို၊ ကဗျာ ရွတ်ကြဖြင့် အချိန်ကို ကျော်လွှားဖြတ်သန်းကြပါတယ်။

တစ်ညမှာ ဗိုလ်ကြီးဝင်းထိန်က အာပေါင်အာရင်းသန်သန် နဲ့ ပြောပြပါတယ်။

““၁၉၉၆ လွတ်လပ်ရေးနေ့ မရောက်ခင် အကြိုတစ်ရက်မှာ ကျွန်တော့်ကို ထောက်လှမ်းရေးက ဖမ်းဆီး ချုပ်နှောင်လိုက်တယ်။ လွတ်လပ်ရေးအခမ်းအနား ပြီးဆုံးမှ ပြန်လွှတ်ပေးတယ်ဗျာ။ ကျွန်တော် နှာတင်းသွားတယ်။ သံတမန်ရုံးတွေက ကျင်းပတဲ့ ပွဲ တိုင်း ကျွန်တော် တက်တယ်။ သွားတယ်။ သူတို့ မျက်စိနောက် အောင်ကို လိုက်လုပ်တယ်။ ကျွန်တော့်ကို ငြှိုးချင်လည်း ငြှိုးပေါ့ ဗျာ။ ကျွန်တော် လျှောက်လုပ်ပစ်တယ်””

““ဟ… ဗိုလ်ကြီးဝင်းထိန်။ ခင်ဗျား ဒီလို လျှောက်လုပ်တော့ ခင်ဗျားကို လန့်ဖျပ်ပြီး အထင်ကြီး တစ်ခွဲသားနဲ့ မလွှတ်တမ်း လိုက်တော့မှာပေါ့ဗျာ”” ကျွန်တော် လှမ်းပြီး ပြောလိုက်တယ်။

““လိုက်တာပေါ့ဗျာ။ ကျွန်တော် အမြင်ကတ်လွန်းလို့ သံရုံး ဧည့်ခံပွဲတိုင်း မလွတ်တမ်း သွားတယ်ဗျာ။ သူတို့လည်း တကောက် ကောက် လိုက်ရတာ အလုပ်ရှုပ်ကုန်တယ်ဗျာ။ ဟား ဟား ဟား”” ဗိုလ်ကြီးဝင်းထိန် အားပါးတရ ရယ်သံက ကျွန်းတိုက်တစ်တိုက် လုံး ဟိန်းသွားပါတယ်။

အရာရာ လျှော့မတွက်တတ်တဲ့ စစ်အာဏာပိုင်တို့ရဲ့ စစ် ထောက်လှမ်းရေးက ဒေါ်စုအပါးမှာ အမြဲတမ်း ရှိနေတဲ့ ဗိုလ်ကြီး ၀င်းထိန်ဟာ သံတမန်ပွဲတွေ တက်၊ သံတမန်နဲ့ တပူးတွဲတွဲ လုပ် နေလေတော့ သူ့ကို ဘာလိုလို ထင်မှတ်ပြီး အမှုအခင်းရှာကြံပြီး သူ့ခြေကို ချုပ်လိုက်ခြင်း ဖြစ်တယ်။

ဗိုလ်ကြီးဝင်းထိန်က ကျွန်တော် ဆောင်ရွက်တဲ့ လယ် သမားရေးရာမှာ ဘာတစ်ခုမှ ပါဝင်ဆောင်ရွက်ခြင်း မရှိပါဘူး။ လယ်ကန်သင်းရိုးဆီ ခြေချဖို့ ဝေးစွ။ ထိုစဉ်က တောရိပ်တောင် ရိပ်လေးတောင် မခိုဖူးပါ။ မြို့ပြနှင့် သူ့အိမ်၊ သူ့ခြံ၊ ဒေါ်စုခြံမှာသာ ကျင်လည်ကျက်စားနေရသူပါ။ ဒါကလည်း သဘာဝပါ။ ဒေါ်စုနဲ့ လာတွေ့သူတွေနဲ့ ကြားခံဆက်သွယ်ရေး လုပ်ရမယ့် အရေးတကြီး အလုပ်က သူ့အလုပ်ပါ။ ကျေးလက်ဆီ သွား၊ တောရွာတွေဆီ ဆင်းရမယ့်တာဝန် သူ့မှာ မရှိပါ။ ထောက်လှမ်းရေးက သူ့ကို ထောင်ချချင်တာနဲ့ တမင် ကျွန်တော်နဲ့ အမှုတွဲလိုက်ပြီး တစ် တရားခံနေရာမှာ သူရောက်သွားပါတယ်။ ဒါကို ဗိုလ်ကြီးဝင်းထိန် ချော်လဲရောထိုင်လိုက်တယ်။ လယ်ယာအကျိုး သူ ဆောင်ရွက်ခဲ့ သလိုလို မြင်းခြံထောင်မှာ ဟိတ်ဟန်ထုတ် ကြွားပါတယ်။ မြင်းခြံ ထောင်ထွက်တို့က သူ့ကြွားလုံးကို သံသယရှိကြတယ်။ ကျွန် တော့်ကို မေးမြန်းကြတယ်။ ““ဗိုလ်ဝင်းထိန် တောင်သူလယ်သမား အရေး ဘာတွေ ပေါက်ပေါက်မြောက်မြောက် လုပ်ခဲ့လို့လဲ ကိုဖိုး အေး””လို့ မေးကြမြန်းကြတယ်။ ““ရှိပါဘူးဗျာ။ ကျွန်တော်တို့ တောင်းတဲ့ ရက်ချိန်းအတိုင်း ဒေါ်စုပေးတယ်ဆိုတာ သူက တစ် ဆင့် ပြန်ကြားခြင်းပဲ ရှိပါတယ်။ ဒါတောင် သူနဲ့ တိုက်ရိုက်ပြောဆို ကြတာ အင်မတန် နည်းပါးပါတယ်။ ကြားခံလူငယ်တစ်ယောက် ပြန်ပြောတာကို သိရတာ ဖြစ်တယ်””။

ဒီ သူ့ရဲ့ ကြွားလုံးထုတ်စာပိုဒ်ကို ထောက်ပြရရင် ကျွန် တော့်ရဲ့ နွေစပါးဂယက် သူ့ကို ရိုက်ခတ်ပြီး ထောက်လှမ်းရေးက ထောင်ချလိုက်ရခြင်း မဟုတ်ပါ။ သူ့ရဲ့ မဆင်မခြင် ခြေလှမ်းရှုပ် ခြင်းကြောင့် ဘာမှန်းညာမှန်းမသိတဲ့ ထောက်လှမ်းရေးက လန့် ဖျပ်ပြီး ထောင်ချလိုက်ခြင်း ဖြစ်တယ်။ ဒါကို သိချင်တာပါဆိုရင် သူ့ရဲ့ “သံသရာတစ်ကွေ့” စာအုပ်ထူကြီးထဲမှာရယ်၊ မီဒီယာတွေနဲ့ ပြောကြဆိုကြတာရယ်၊ သူ့ရဲ့ စည်းဘောင်ကျော် အိုးနင်းခွက်နင်း ဆောင်ရွက်ချက်တို့က ရှေ့လုပ်ငန်းစဉ်တွေအတွက် အကွက်ကျ ကျ ပီပီပြင်ပြင် ဆောင်ရွက်ခြင်း မဟုတ်ဘဲ ဆင်ကန်းတောတိုး ဆောင်ရွက်ခြင်းတွေ ဖြစ်တယ်။

ကျွန်တော်တို့ မြန်မာစကားမှာ “ဇာတ်သမားလာရင် မှတ် သားစရာတွေ ရှိတယ်။ ဇာတ်သမားပြန်ရင် မှတ်သားစရာတွေ ကျန်ရစ်တယ်” ဆိုရိုးစကား ရှိတယ်။ ခုလည်း ဗိုလ်ကြီးဝင်းထိန် လာရင် ဆူဆူပွက်ပွက်တွေ ဖြစ်တယ်။ သူပြန်သွားရင် ရှင်းမရတဲ့ အရှုပ်ထုပ်တို့ ကျန်ရစ်ခဲ့တယ်။

ဒီ ကျန်ရစ်ခဲ့တဲ့ အရှုပ်ထုပ်ကို သူက တခြားသူပေါ် ပုံချတတ် တဲ့ အကျင့် သူ့မှာ ရှိတယ်။ ဒါက သူ့ရဲ့ ထူးခြားချက်၊ သူ့ရဲ့ ပညာ ရပ်ပါ။

(စာမျက်နှာ ၅၁၀ မှာ)

“နောက်ပိုင်းမှာ ကျွန်တော် သိရတာက ကိုဖိုးအေးတို့ နွေ စပါးကိစ္စ လာပြောတဲ့အကြောင်း သူတို့ သိသွားတဲ့အတွက် ကျွန် တော့်ကို အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ဖမ်းတော့မယ်လို့ ဆုံးဖြတ် လိုက်ကြတယ်။ အဲဒီတုန်းက အားလုံး သဘောတူထားတဲ့ လုပ် ထုံးလုပ်နည်းမှာ ထောက်လှမ်းရေးကို ဖမ်းဖို့သင့်တယ်ဆိုတဲ့ လူတိုင်းကို နာမည်နှင့်တကွ ရှေ့နေချုပ်ရုံးကို တင်ပြခွင့်တောင်း ကြပါတယ်။ လုပ်ရိုးလုပ်စဉ်မှာ အကြိမ် ၁၀၀ မှာ ၉၉ ခုလောက်ကို တော့ ရှေ့နေချုပ်ရုံးက ခွင့်ပြုမြဲပါ။ ဒါပေမဲ့ ကျွန်တော့်ကို ဖမ်းဖို့ ရှေ့နေချုပ်ရုံးကို ခွင့်တောင်းတဲ့အခါမှာ ရှေ့နေချုပ်ထိ တင်ပြရပါ တယ်။ အဲဒီတုန်းက ရှေ့နေ့ချုပ်က ဦးသာထွန်းပါ။

“ကျွန်တော့် အောင်နိမိတ်ကိစ္စနဲ့ ခရီးတွေ ထွက်နေတုန်းက ဦးသာထွန်းဟာ ပြည်ထဲရေးဌာနက ညွှန်ကြားရေးမှူးချုပ်ပါ။ နယ်နိမိတ်ကိစ္စနဲ့ ခရီးထွက်တဲ့ အချိန်တွေမှာ သူနဲ့အတူ ခရီးသွား ဖူးပါတယ်။ အစည်းအဝေးတွေမှာလည်း မကြာခဏ ကြုံဖူးတော့ လူချင်းလည်း ခင်နေပါတယ်။ သူဟာ န၀တ အစိုးရ တက်လာတဲ့ အခါ ရှေ့နေချုပ် ဖြစ်လာပါတယ်။ ကျွန်တော့်ကို ဖမ်းဖို့ ထောက် လှမ်းရေးက တင်ပြခွင့်တောင်းတဲ့အခါ ဦးသာထွန်းက လက်မှတ် ရေးထိုးမပေးဘူးလို့ ယူဆရပါတယ်။ ဒါကြောင့် အဲဒီ ဧပြီလ ၃၀ ရက်နေ့ည ကျွန်တော့်ကို သေချာပေါက် ဖမ်းပြီဆိုပြီး လာစောင့် တဲ့ ထောက်လှမ်းရေးတွေ တစ်ညတာ အိပ်ပျက်သွားပါတယ်”

ဗိုလ်ကြီးဝင်းထိန် ထုတ်ဖော်ရေးသားလိုက်မှ ထောက် လှမ်းရေးရဲ့ လူဖမ်းပွဲမူတစ်ရပ်ကို အထင်အရှား သိလိုက်ရပါတယ်။ တန်ခိုးအာဏာ သြဇာအရှိန်အ၀ါ ကြီးမားလွန်းတဲ့ ထောက်လှမ်း ရေးက သူ့ကို ဖမ်းချင်တိုင်း ဖမ်းမရဘူးဆိုတာရယ်၊ နောက်ပြီး ဖမ်းမယ့်လူရဲ့ နာမည်နဲ့တကွ ရှေ့နေချုပ်ရုံးကို တင်ပြခွင့် တောင်း ရမယ်ဆိုတာကို ဗဟုသုတတစ်ရပ်အဖြစ် သိမြင်လိုက်ရပါတယ်။ ဒါကိုလည်း လုပ်ရိုးလုပ်စဉ်ဆိုပြီး ခြွင်းချက်ဖြစ်နိုင်ခြေလေး တစ်ခု ကိုတော့ ထောက်ပြထားပြန်ပါသေးတယ်။ “လုပ်ရိုးလုပ်စဉ်မှာ အကြိမ် ၁၀၀ မှာ ၉၉ ခုလောက်ကိုတော့ ရှေ့နေချုပ်ရုံးက ခွင့်ပြု မြဲပါ”။

ထောက်လှမ်းရေးတွေ မျက်စိနောက်လောက်အောင်၊ အလုပ်ရှုပ်အောင် တမင်အရွဲ့တိုက်ပြီး သံတမန်ပွဲတိုင်း လိုက်နွှဲတဲ့ ဗိုလ်ကြီးဝင်းထိန်ကို ဖမ်းဆီးဖို့ ထောက်လှမ်းရေးရဲ့ အမည်စာရင်း တင်ပြမှုက လုပ်ရိုးလုပ်စဉ် အကြိမ် ၁၀၀ ထဲက ရှားရှားပါးပါး တစ်ကြိမ်ဖြစ်တဲ့ ခွင့်ပြုချက် ပယ်ချခြင်းကို ဗိုလ်ကြီးဝင်းထိန် ခံ စားရတာဟာ အင်မတန် ကြီးမားတဲ့ ထူးခြားတဲ့ ကုသိုလ်ကြီး တစ်ခုလို ဖြစ်နေပါတယ်။ ရှေ့နေချုပ် ဦးသာထွန်းနဲ့ ဗိုလ်ကြီးဝင်း ထိန်ရဲ့  ပုဂ်္ဂိုလ်ရေးခင်မင်မှု နွယ်ကြိုးက အံ့မခန်း ကြီးမားလွန်းလှ ပါတယ်။ ကျန် ကျွန်တော်တို့လို လူမျိုးတွေကတော့ လုပ်ရိုးလုပ် စဉ် အကြိမ် ၉၉ ထဲ ပါဝင်ပတ်သက်နေရတော့ ကံဆိုးလှပါတယ်။ အားကျလှပါတယ် ဗိုလ်ကြီးဝင်းထိန်ရယ်။

(စာမျက်နှာ ၅၁၅)

ဆရာတော် ဦးကုသလ

“နောက် အချုပ်သားသစ် တစ်ယောက်ကတော့ ကြည့်မြင် တိုင်မြို့နယ်ထဲက အောင်မင်္ဂလာဆိုတဲ့ ကျောင်းက ဆရာတော်ပါ။ သက်တော် ၃၄ နှစ်လောက် ရှိပါပြီ။ ၁၄ ၀ါပေါ့။ သူက ဒေါ်အောင် ဆန်းစုကြည်ရဲ့ စနေ၊ တနင်္ဂနွေ ဟောပြောပွဲတိုင်းကို လာပြီး နား ထောင်လေ့ရှိပါတယ်။ နိုင်ငံရေးဇာတ်ရှိန်တွေ မြင့်လာတဲ့အခါမှာ အဲဒီ ဆရာတော် ဦးကုသလက ဘယ်သူ့ကိုမှ မတိုင်ပင်ဘဲ ကိုယ့် ဆုံးဖြတ်ချက်နဲ့ ကိုယ် ကိစ္စတစ်ခု လုပ်လိုက်ပါတယ်။

သူက ကြည့်မြင်တိုင်ဈေးသွားပြီး ၀ါးလုံးတစ်လုံး၊ ကတ်ထူ ပြား လေးပေပတ်လည်တစ်ခုနဲ့ ဆော့ဖ်ပင်တစ်ခု ၀ယ်ပါတယ်။ ၀ယ်ပြီးတော့ သူ့အခန်းမှာ ဆော့ဖ်ပင်နဲ့ ကတ်ထူပြားပေါ်မှာ သူ့ ဆန္ဒရှိတာတွေ ရေးချပါတယ်။ (၁) နိုင်ငံရေးအကျဉ်းသားများ အမြန်ဆုံး လွှတ်ပေးရေး (၂) အတင်းအဓမ္မ လုပ်အားပေးခိုင်းခြင်း များ တစ်နိုင်ငံလုံး ရပ်တန့်ရေး (၃) ၁၉၉၀ ခုနှစ် ရလဒ် အသိ အမှတ်ပြုရေး (၄) ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အမြန်ဆုံး တွေ့ဆုံဆွေးနွေးရေး ဖြစ်တယ်”

ဗိုလ်ကြီးဝင်းထိန် ရေးသားတဲ့ အကြောင်းအရာ အချက် အလက်တွေ မှန်ကန်နိုင်ပါတယ်။ တက်တက်စင် လွဲချော်တိမ်းပါး နေတာက ကိုယ်တော်ရဲ့ ရဟန်းဘွဲ့၊ သီတင်းသုံးတဲ့ ကျောင်းအမည် တွေ ဖြစ်တယ်။

ဦးဇင်းရဲ့ ရဟန်းဘွဲ့ရင်းအမှန်က ဦးခေသ၀ပါ။ ဗိုလ်ကြီးဝင်း ထိန်ရေးသားတဲ့ ဦးကုသလ မဟုတ်ရပါ။ ထိုစဉ်က ဦးဇင်းဦးခေ သ၀ သီတင်းသုံးနေတာက အလုံမြို့နယ်၊ ကမ်းနားဘက်က သစ် တောကျောင်းတိုက် ဖြစ်ပါတယ်။ ဗိုလ်ကြီးဝင်းထိန်က ကြည့်မြင်တိုင်ကျောင်းတိုက်ရယ်လို့ လွဲချော်ရေးသားပါတယ်။

ဦးဇင်းဦးခေသ၀ဟာ ကျွန်တော်နဲ့အတူတကွ နေထိုင်ခဲ့တဲ့ သီးသန့်ထောင် ၁ တိုက်တန်းလျားမှာ ရဟန်းသိက္ခာပုဒ်နဲ့အညီ ကျင့်ကြံနေထိုင်ပါတယ်။ မွန်းလွဲညစာ သုံးဆောင်ခြင်း အလျဉ်း မရှိပါ။ အရိယာပုတ် မျှတအောင် နေထိုင်ပါတယ်။ နောက်ပိုင်း သာယာဝတီထောင်ဆီ ပြောင်းရွှေ့ခံရပါတယ်။ သာယာဝတီ ထောင်ထွက်တွေကို မေးမြန်းတော့လည်း သီးသန့် ၁ တိုက်မှာ သီတင်းသုံးတဲ့အခါ ရဟန်းဝိနည်းတော်အတိုင်း ကျင့်ကြံ အား ထုတ် နေထိုင်ပါတယ်။

ဦးဇင်းဦးခေသ၀က ပုံစံပုဆိုး အဖြူစကို ရဟန်းတို့ သင်း ပိုင်ဝတ်သလို ရှေ့အလယ်တည့်တည့်ကနေ လိပ်တင်ပါတယ်။ ပုံစံ ပုဆိုးအဖြူတစ်စကို ချုပ်ရိုးဖြေလိုက်တယ်။ ဧကသီ ဆင်မြန်းသလို ကိုယ်ပေါ်မှာ ကျုံ့ကျုံ့ရုံ့ရုံ့လေး လွှားတင်ထားပါတယ်။ ဒါကို ဦးဇင်း အားမလိုအားမရ ဖြစ်နေပါတယ်။

တစ်နေ့မှာ ““ဒကာကြီး ဦးဖိုးအေး၊ ဦးဇင်း သင်္ကန်းရုံချင် တယ် ဒကာရယ်။ ဦးဇင်းကို ဆောင်ကြဉ်းပေးပါ””။ ကျွန်တော့်သမီး ထောင်ဝင်စာလာတော့ အထူးတလည် မှာလိုက်ပါတယ်။ နောက် အပတ် ထောင်ဝင်စာမှာ အနားလုံးထားတဲ့ ပုဆိုးစနှစ်စ  ယူလာ ကြတယ်။ အနက်စင်းအကွက် နီညိုရောင် (သျှားရောင်) လုံချည် နှစ်ကွင်း သမီး ယူလာပါတယ်။ တစ်ထည်က ကျွန်တော့်အတွက်။ ကျန်တစ်ထည်က သားကြီးထိန်လင်းအတွက်။ လုံချည်ကွင်းလို ချုပ်ယူလာခြင်း မပြုပါ။ ထိပ်အနားနှစ်ဖက်ကို ချုပ်ရိုးလုံးထား ပါတယ်။ ထောင်ဝင်စာအပြန် ၁ တိုက်ဆီ ပြန်ရောက်တာနဲ့ ဦးဇင်း ဦးခေသ၀ကို ဆက်ကပ်လိုက်ပါတယ်။ ဦးဇင်း ချက်ချင်းပဲ ကောက်ဝတ်လိုက်တယ်။ တအားကို ကြည်နူးသွားပါတယ်။

ခု ဦးခေသ၀နဲ့ တယ်လီဖုန်း အဆက်အသွယ် ရနေပါတယ်။ ပုဂံညောင်ဦးနားက ပန်းကုန်းတင်ရွာရဲ့ ရွာဦးကျောင်းမှာ စာချ ကိုယ်တော်အဖြစ် ကျောင်းထိုင်နေပါတယ်။ လာမယ့် မေလဆန်း ပုပ္ပားခရီးသွားရင်းနဲ့ ကင်းကွာသွားတာ ၁၃ နှစ် ကြာပြီဖြစ်တဲ့ ကျောင်းထိုင်ဆရာတော် ဦးခေသ၀ထံ သွားရောက်ဖူးမြော်ပါဦး မယ်။ ဦးဇင်း ကျန်းမာချမ်းသာစွာဖြင့် တိုင်းပြည်အကျိုး၊ သာ သနာ့အကျိုး ဆထက်ထမ်းပိုး သယ်ပိုးနိုင်ပါစေကြောင်း ဆုမွန် ကောင်း တောင်းလိုက်ပါတယ်။

(စာမျက်နှာ ၅၁၇)

မ၀ံ့မရဲ ရှေ့နေတွေ

“အမှုစစ်တုန်းက ကျွန်တော် တရားသူကြီးကို ရစ်တဲ့ အတွက် အမှုကို တစ်ရက်ဆိုင်းပြီး ကျွန်တော့်အတွက် ရှေ့နေ လိုက်ဖို့ ခွင့်ပြုလိုက်ပါတယ်။ ကျွန်တော့်အတွက် ရှေ့နေ ရောက် လာပါတယ်။ မင်္ဂလာဒုံမြို့နယ်က ၁၉၉၀ ခုနှစ် မေလက အရွေး ချယ်ခံ ဦးကြည်ဝင်းပါ။ နောက်မှာ G-7 လို့ ခေါ်တဲ့ အထဲ ပါသွား သူပါ။ သူ့ခမျာ ကြောက်ကြောက်နဲ့ ဘာမေးရမှန်းမသိတော့ ကျွန် တော်ကပဲ ခဏ ခဏ ၀င်မေးရပါတယ်”

ကျွန်တော်တို့အမှုကို စစ်တဲ့ တရားသူကြီးက အမျိုးသမီး ကြီးတစ်ယောက် ဖြစ်တယ်။ အင်းစိန်က တရားသူကြီး နော်အေး အေးမူ ဖြစ်တယ်။ သူ့ခင်ပွန်းက ရေတပ်က ဗိုလ်မှူးချစ်စန်းမောင် ဖြစ်တယ်။ ထောင်ဝင်းအတွင်းက အထူးတရားရုံး ဖြစ်တယ်။ တရားခွင်ကို အထူးလျှို့ဝှက်ပိတ်ဆို့ထားပါတယ်။ ၅(ည) အကျဉ်း သားတို့ရဲ့ နည်းမျိုးစုံ ကြိုးပမ်းမှုကြောင့် ဘယ်နေ့ ဘယ်ရက်မှာ ရုံး ထုတ်စစ်ဆေးမယ်ဆိုတဲ့ သတင်း မိသားစုအသီးသီးနဲ့ NLD ရုံးချုပ်ဆီ ရောက်ရှိသွားပြီ ဖြစ်တယ်။ ထိုစဉ်က NLD ဥက္ကဋ္ဌ ဦးတင်ဦး၊ ကျွန်တော့်သားသမီးတွေအပြင် အခြား အမှုစစ်ဆေး ခံကြရမယ့် မိသားစုတို့ကပါ ထောင်ဘူးဝဆီ ကြိုတင်ရောက်နှင့် နေကြပြီ ဖြစ်တယ်။ ဒါပေမဲ့ ၀င်ခွင့်မပြုပါ။ မိသားစုက ငှားရမ်း ထားတဲ့ ဥပဒေအကျိုးဆောင် ရှေ့နေရှေ့ရပ်တို့လည်း ၀င်ခွင့်မရ ကြပါ။ အားလုံး ထောင်ဘူးဝရှေ့က ကိုမင်းဆွေတို့ အိမ်ကနေ စောင့်နေကြရပါတယ်။

စောင့်ဆိုင်းနေခိုက် “လင်း လက်ဖက်ရည်ဆိုင်” ရှေ့မှာ ရပ် ထားတဲ့ E2000 ကားပေါ်ကို SB တို့က အမှုလိုက်ပါဆောင်ရွက် မယ့် ရှေ့နေတွေကို ကားပေါ်ခေါ်ပြီး အထူး မှာကြားပါတယ်။ သူ တို့ကို န၀တ စစ်အစိုးရကို ထိခိုက်စေမယ့် မေးခွန်းမျိုး မထုတ်ဖို့ ကို ဟန့်တား ပြောကြားပါတယ်။

ရှေ့နေတို့က မေးသင့်မေးအပ်တဲ့ မေးခွန်းကို ရဲရဲဝံ့ဝံ့ မေး မြန်းကြပါတယ်။ အမှုစစ်ပြီးနောက် လိုက်ပါဆောင်ရွက်ကြတဲ့ ရှေ့နေများက ဒေါ်စုထံ သွားရောက်ကြပြီး တရားခွင်ဖြစ်စဉ်ကို ဒေါ်စု သိရှိအောင် ပြောပြပါတယ်။ စနေနေ့ ခြံရှေ့ဟောပြောပွဲမှာ ဒေါ်စုက အမှုစစ်ဆေးမှုမှာ တရားနည်းလမ်းမကျကြောင်း လူထု ပရိသတ်ကို ပြောကြားပါတယ်။ တရားခွင်မှာ ရှေ့နေတို့ရဲ့ မေး မြန်းခဲ့တဲ့ အချက်အလက်ကို ဒေါ်စု လူသိရှင်ကြား ထုတ်ဖော်ပြော ကြားပါတယ်။ ဒါဟာ အမှုလိုက်ပါ ဆောင်ရွက်တဲ့ ကျွန်တော်တို့ ရှေ့နေတွေဆီက ပြန်လည်ကြားသိရတဲ့ အချက်အလက်တွေပါ။

ခု အဲဒီ တရားခွင်ဖြစ်စဉ်ကို ဗိုလ်ကြီးဝင်းထိန် တလွဲတချော် ရေးသားထားပါတယ်။ သူ့အမှုကို လိုက်ပါဆောင်ရွက်တဲ့ အကျိုး ဆောင်ရှေ့နေက ဦးစံတင် ဖြစ်တယ်။ ၁၉၉၀ လှည်းကူး NLD လွှတ်တော်ကိုယ်စားလှယ် ဖြစ်တယ်။ ဦးစံတင်ကို ဗိုလ်ကြီးဝင်း ထိန် မေ့လျော့နေပါတယ်။ ၁၉၉၀ ခုနှစ် မင်္ဂလာဒုံ လွှတ်တော်ကိုယ် စားလှယ် ဦးကြည်ဝင်း ဆိုပြီး လွဲမှား ဖော်ပြထားပါတယ်။ ဦးကြည်ဝင်းက ရှေ့နေတစ်ယောက် မဟုတ်ပါ။ ဗိုလ်ကြီးဝင်းထိန် လွဲမှား ဖော်ပြခြင်း ဖြစ်ပါတယ်။

နောက်ထပ် လွဲမှားတဲ့ အချက်တစ်ရပ်ကို ထောက်ပြပါမယ်။

ဗိုလ်ကြီးဝင်းထိန်က သူ့အမှုကို လိုက်ပါဆောင်ရွက်တဲ့ ဥပဒေအကျိုးဆောင်ရှေ့နေကို “သူ့ခမျာ ကြောက်ကြောက်နဲ့ ဘာ မေးရမှန်း မသိတော့ ကျွန်တော်ကပဲ ခဏခဏ ၀င်မေးရပါတယ်”

ကဲ…ဘယ့်နှယ်ရှိစ၊ လိုက်ပါဆောင်ရွက်ပေးတဲ့ အကျိုး ဆောင်ရှေ့နေကို “သူ့ခမျာ ကြောက်ကြောက်နဲ့” ဆိုပြီး သုံးနှုန်း ထားပါတယ်။ ဒါဟာ ရှေ့နေ့ဦးစံတင်ကို ချိုးနှိမ်ထားခြင်းပေလား၊ သို့တည်းမဟုတ် ဗိုလ်ကြီးဝင်းထိန်က မကြောက်မရွံ့ဘဲ တရားခွင် မှာ ရှေ့နေရှေ့ရပ်ထက် တတ်ကျွမ်းပြီး မေးခွန်းတွေကို သူကလည်း ထုတ်ပြုမေးခွန်းထုတ်တယ်ဆိုတဲ့ ကြွားလုံးထုတ်ခြင်းပေပဲလား။ ဗိုလ်ကြီးဝင်းထိန် တစ်ခုခုကို ရည်ဩန်းနေပါတယ်။ ထိုစဉ်က ရှေ့နေဦးစံတင် ထိုးဖောက်ဝင်ရောက်လာတဲ့ ဇာတ်လမ်းဇာတ် ကွက်ကို ခင်းကျင်းပြသဖို့ လိုလာပါပြီ။ ဇာတ်စုံကို ကျွန်တော် ခင်း ပြပါမယ်။

စစ်အာဏာရှင်ဘက်တော်သားများမှလွဲပြီး ပြင်ပလူ ၀င်ခွင့်မရအောင် တားဆီးထားပါတယ်။ တရားခွင်မှာ အားလုံး န၀တ စစ်အာဏာရှင်ရဲ့ လက်အောက်ခံတို့သာ ရှိနေပါတယ်။ ဒါ လောက် ပိတ်ဆို့ဟန့်တားမှု တင်းကျပ်နေချိန်မှာ တက်ထရက် အဖြူရောင် လည်ကတုံး ၀တ်ဆင်ထားတဲ့ အသက်လေးဆယ် ကျော် လူတစ်ယောက်၊ ခါးမှာ ၀တ်ဆင်ထားတာက ရခိုင်လုံချည်၊ စမတ်အတော်ကျပါတယ်။ သူ့ရဲ့ ၀တ်စားထားပုံက ကျွန်တော်တို့ ကို မေးမြန်းစစ်ကြောတဲ့ ထောက်လှမ်းရေးတို့ရဲ့ ၀တ်ဆင်ထားပုံနဲ့ တစ်ထေရာတည်း ဖြစ်နေတာပါ။ မင်နဲ့ မောင်းနဲ့ တရားခွင်ထဲ ရောက်လာတယ်။ စားပွဲခုံတစ်လုံးရှေ့မှာ ရပ်လိုက်တယ်။ ပါ လာတဲ့ အိတ်ထဲက ခေါင်းပေါင်းကို ထုတ်ယူလိုက်တယ်။ အနက် ရောင်တိုက်ပုံအင်္ကျီ ဖြန့်လိုက်တယ်။ သူ့ကိုယ်ပေါ် ၀တ်ဆင်လိုက် တယ်။ အကျအန ၀တ်ဆင်ပြီးတာနဲ့ သူ့လက်ဆွဲအိတ်ထဲက စာ ရွက်စာတမ်းတွေ ထုတ်ယူလိုက်တယ်။ တရားသူကြီးကို စကား ပြောဖို့ ခွင့်တောင်းလိုက်တယ်။

““ကျွန်တော်ဟာ ဦးဝင်းထိန်အမှုကို လိုက်ပါဆောင်ရွက် မယ့် ရှေ့နေ ဦးစံတင် ဖြစ်ပါတယ်။ ဟောဒီမှာ ဦးဝင်းထိန်မိသားစု က ကျွန်တော့်ကို ဦးဝင်းထိန်အမှုကို လိုက်ပါဆောင်ရွက်ခွင့်ပြုတဲ့ ကိုယ်စားလှယ်လွှဲစာပါ။ ကျွန်တော် ရုံးတော်ကို တင်ပြပါတယ်။ လျှပ်တစ်ပြက် ပေါ်ပေါက်လာတဲ့ အနေအထားကြောင့် တရားသူ ကြီးရော ထောက်လှမ်းရေးတွေ၊ြှ တွေ  မျက်စိမျက်နှာပျက် ကုန်ကြတယ်။ အထပ်ထပ် ပိတ်ဆို့ထားတဲ့ အနေအထားကို ရဲရဲ ၀ံ့ဝံ့ ထိုးဖောက်ဝင်ရောက်လာတာကို အံ့အားသင့်သွားကြပါ တယ်။ ဒီအခြေအနေရောက်လာမှတော့ ပိတ်ပင်ဟန့်တားလို့ မဖြစ်တော့ပါ။ ခွင့်ပြုလိုက်ရပါတယ်။ ဦးစံတင်က တစ်လက်စ တည်း ကျန်အမှုသည်လေးဦးရဲ့ ဥပဒေအကျိုးဆောင်တို့ကိုပါ လိုက်ပါခွင့်ပြုရေးကို တစ်ပါတည်း တင်ပြပါတယ်။ လုပ်ထုံးလုပ် နည်းအရ တရားသူကြီး ခွင့်ပြုလိုက်ရပါတယ်။ ကျွန်တော့်ရဲ့ ရှေ့ နေ ဦးခင်မောင်ရှိန်၊ သား ထိန်လင်းရဲ့ ရှေ့နေ ဦးစိုးဟန်၊ ကိုကံရှိန်၊  ကိုလှထွန်းအောင်တို့ရဲ့ ရှေ့နေတွေကတော့ ဦးအောင်သိန်းနဲ့ ဦးမြင့်သောင်းတို့ ဖြစ်ကြပါတယ်။ အမှုလိုက်ရှေ့နေတွေ တရား ခွင်ဆီ ၀င်လာကြတယ်။ ဥပဒေဆိုင်ရာ အကျိုးကို ဆောင်ရွက်ကြ ပါတယ်။ ရှေ့နေ ရှေ့ရပ် အသီးသီးတို့က မေးသင့်မေးထိုက်တဲ့ မေးခွန်းတွေ တရားလိုသက်သေတွေကို မေးမြန်းပါတယ်။ ဒါကို ဗိုလ်ကြီးဝင်းထိန်က လိုက်ပါဆောင်ရွက်ကြတဲ့ ရှေ့နေတွေဟာ ကြောက်ရွံ့ကြပြီး မမေးရဲဘူးဆိုပြီး ချိုးနှိမ်ရေးထားပါတယ်။ ဒါ့ အပြင် ကြောက်ရွံ့နေတဲ့ ရှေ့နေတွေ ကိုယ်စား သူကပဲ မေးခွန်း ခဏခဏ ထုတ်ရတယ်ရယ်လို့ ကိုယ်ရည်သွေး ရေးသားထားပါ တယ်။ ဒါဟာ ချိုးနှိမ်သလိုများ၊ စော်ကားသလိုများ ဖြစ်မနေပါ လားဗျာ။

(စာမျက်နှာ ၅၂၈၊ စာပိုဒ်ရေ ၅)

“ကျွန်တော့်အမှုတွဲ ကိုဖိုးအေးကတော့ ရထားထဲမှာ ပါလာ တဲ့ လူတွေနဲ့ နိုင်ငံရေးဆွေးနွေးတာ တစ်နေ့လုံး တစ်ညဥ့်လုံးပါပဲ။ မအိပ်မနေ စကားပြောနိုင်လွန်းတဲ့ သူပါ။ တစ်ဆက်တည်း သူ့ အကြောင်း ပြောလိုက်ပါရစေ။ ကိုဖိုးအေးတို့ သားအဖနှစ်ယောက် စလုံး မြစ်ကြီးနားထောင် ပါသွားပါတယ်”

ဒီစာပိုဒ်မှာ ဗိုလ်ကြီးဝင်းထိန် လွဲချော်ရေးသားထားတဲ့ ဒုတိယအချက် “သားအဖနှစ်ယောက်စလုံး မြစ်ကြီးနားထောင် ပါသွားပါတယ်” ဆိုတဲ့ အချက်ပါ။ ဒီအချက်က အငြင်းပွားစရာ မရှိပါ။ ကွဲကွဲပြားပြား သိသာထင်ရှားလွန်းနေပါတယ်။ ဗိုလ်ကြီး ၀င်းထိန်ပြောသလို ကျွန်တော်တို့ သားအဖနှစ်ယောက်စလုံး မြစ် ကြီးနားထောင်ဆီ ပြောင်းရွှေ့ခံရခြင်း မရှိပါ။ ဒါကို ဗိုလ်ကြီးဝင်း ထိန် မပိုင်ဘဲနဲ့ ဘာကြောင့် မြစ်ကြီးနားထောင်ဆီ သားအဖ နှစ် ယောက် ရွှေ့ပြောင်းခံရတယ် ရေးရတာပါလိမ့်။

အဖြစ်မှန်က ဒီလိုပါ။

၁၉၉၇ မတ်လမှာပါ။ မန္တလေးမှာ ရှဖီးကို အကြောင်းပြုပြီး ကုလား-ဗမာ အဓိကရုဏ်း ပေါ်လာပါတယ်။ ဒီအချိန်မှာ ကျွန် တော်တို့ ၅(ည)အကျဉ်းသား အများအပြား ထောင်ပြောင်းခံရ ပါတယ်။ တစ်နေ့နဲ့ တစ်ည ရထားတွင်းမှာ လှောင်ပိတ်ပြီး မန္တလေးရထားနဲ့ ပို့ဆောင်ပါတယ်။ ညနေစောင်းလောက်မှာ မန္တလး အိုးဘိုထောင်ဆီ ရောက်သွားကြပါတယ်။ ထောင် ပြောင်းမှာ ပါလာကြတဲ့ ကျွန်တော်ရယ်၊ ၁၉၉၀ ကြည့်မြင်တိုင် လွှတ်တော်ကိုယ်စားလှယ် ဦးလှထွန်း၊ တပ်ထွက်သင်္ဘောသား ဟောင်း ဦးကျော် (၂၀၁၀သင်္ဃန်းကျွန်း NDF ပါတီ လွှတ်တော် ကိုယ်စားလှယ်)၊ ဒေါက်တာလှိုင်မြင့် (မော်ဒယ်လ် သန္တာလှိုင်နဲ့ ဟစ်ဟော့ပ် တေးသံရှင် ဘာဘူရဲ့ ဖခင်)၊ ကျွန်တော်တို့လေး ယောက်ကို မန္တလေးအိုးဘိုထောင် ၃ တိုက်မှာ ပိတ်လှောင်ထား ပါတယ်။ နောက်တစ်နေ့မနက် ဝေလီဝေလင်းမှာ ကျွန်တော့် သားကြီး ထိန်လင်း၊ အမှုတွဲ ကိုလှထွန်းအောင်၊ ကြည်ဖေကျော် (ယခု USA)၊ ကျော်ကျော်စိုး(ခ) ကိုမာကီး (ယခု ပြည် သူ့ပါတီ)၊ ဒေါက်တာခင်ဇော်ဝင်း၊ ဒေါက်တာဇော်မြင့်မောင်(ယခု မန္တလေးတိုင်း ၀န်ကြီးချုပ်) တို့ကို မြစ်ကြီးနားထောင်ဆီ ရွှေ့ ပြောင်းပါတယ်။ နောက်နေ့မှာ ဗိုလ်ကြီးဝင်းထိန်၊ ဘိုဘိုဦးတို့ကို မြင်းခြံထောင်ဆီ ပို့ပါတယ်။ အိုးဘိုထောင် နောက်ထပ်အခန်းမှာ ကျန်ရစ်တာက တော့ ကိုကျော်ဇေယျ (ယခု နော်ဝေ)၊ ကိုညီထွေး (ယခင် Hot News ဂျာနယ် လက်ထောက်အယ်ဒီတာ၊ ယခု ပြည်သူ့ပါတီ)၊ ကိုကျော်သောင်း (ကျောင်းသားအဖွဲ့၊ ရွှေဝါရောင် ပြီးနောက် ပြည်ပရောက်)၊ လှိုင်ဝင်းမောင် (တပ်မတော်တပ်ကြပ် ကြီးစာရေးမှ နုတ်ထွက်ပြီး နိုင်ငံရေးမှုဖြင့် ထောင်ကျ၊ ယခု ဘယ်ဆီရောက်နေမှန်း မသိရပါ)။

ကဲ…ဒီလောက်ဆိုရင် ရှင်းသွားပါပြီ။ ဗိုလ်ကြီးဝင်းထိန် ရေး သားချက်က လွဲချော်နေတာ ထင်ရှားနေပါတယ်။ သားကြီးထိန် လင်း မြစ်ကြီးနားထောင်ပြောင်း၊ ကျွန်တော်က မန္တလေးအိုးဘို ထောင်မှာ ကျန်ရစ်ခဲ့ပါတယ်။ န၀တတို့က သားအဖ တကွဲတပြား ဖြစ်အောင် စက်ဆုပ်ယုတ်မာလွန်းပါတယ်။ အပြင်မှာ ကျန်ရစ်တဲ့ လူမမယ်သားသမီးတွေမှာ သမီးနှစ်ယောက်က ဦးလေး၊ အဒေါ် တွေရဲ့ အုပ်ထိန်းမှုအောက်မှာ နေကြရတာပါ။ ငါးတန်းနဲ့ ခြောက် တန်း တက်နေတဲ့ သားငယ်နှစ်ယောက်က အုပ်ထိန်းသူ ကင်းမဲ့တဲ့ ဘ၀နဲ့ လှိုင်သာယာမှာ ချို့ချို့တဲ့တဲ့ နေထိုင်ကြရပါ တယ်။ ဒါ့အပြင် န၀တ ယိမ်းတဲ့ လမ်းမှူးတွေ၊ လမ်းလူကြီးတို့ရဲ့ တစ်ဖက်တစ်လမ်း က နှိပ်ကွပ်မှုတွေကို သားငယ်နှစ်ယောက်ဟာ အလူးအလိမ့် ခံကြရတယ်။

သားသမီးတွေမှာ ငွေကြေးချို့တဲ့မှုကြောင့် ထောင်ဝင်စာ ကို ခုနစ်လ၊ ရှစ်လကျော်ကြာမှ လာရောက်တွေ့နိုင်ကြပါတယ်။ လာပြန်ရင်လည်း ခြစ်ကုပ်စုဆောင်းထားတာလေးနဲ့ မလောက် မင လာရောက်တွေ့ဆုံကြရပါတယ်။ မြစ်ကြီးနားအကျဉ်းထောင် ကို ပိုလို့တောင် အရောက်အပေါက်နည်းပါတယ်။ ၁၉၉၀  ICRC ပံ့ပိုးမှုက ရတယ်ဆိုတာက ခရီးစရိတ်လောက်သာ ဖြစ်တယ်။ စား စရာဟင်းလျာ၊ မုန့်ပဲသရေစာ ပေးပို့မှုက မလောက်မငပါ။ ဒီအထဲ လုပ်ငန်းကိုင်ငန်းပျက်ရ၊ အလုပ်ရှင်ရဲ့ ငြိုငြင်မှု မခံရအောင်လည်း လိုက်လျောညီထွေ နေရပါတယ်။ သူတို့လေးတွေရဲ့ စားဝတ်နေ ရေးတွေ၊ ပညာရေးတွေမှာ အတော်လေး ကသိကအောက် ဖြစ်ရ ပါတယ်။ ဖခင်နဲ့ သားကြီးရဲ့ ယုံကြည်ချက် အကောင်အထည် ဖြစ် မြောက်ရေးအတွက် သားသမီးတို့ကပါ အကျဉ်းကျ ဒုက္ခဝေဒနာ ကို မျှဝေခံကြရတယ်။ နိုင်ငံရေးအကျဉ်းသားဟောင်းတိုင်း ရင် ဆိုင်ကြုံတွေ့ရတဲ့ ခံပြင်းစရာ အဖြစ်သနစ်တွေပါ။ ဒါကလည်း အကျဉ်းကျနေတဲ့ နိုင်ငံရေးအကျဉ်းသားမှသာ ရင်ဆိုင်ကြုံတွေ့ရ တဲ့ နာကြည်းခါးသီးတဲ့ ဝေဒနာမျှသာ မဟုတ်ပါ။ အကျဉ်းကျခံ ခြင်း မရှိတဲ့ နိုင်ငံရေးသမားတိုင်းလိုလို ဒီအတိဒုက္ခကို အံတင်း ကာ ခံစားကြရပါတယ်။ သူတို့တွေဟာ မိမိတစ်ကိုယ်ရေ၊ မိမိ တစ် မိသားစုရဲ့ စည်းစိမ်ခံစားမှုတစ်ခုတည်းအတွက် ပေးဆပ်နေကြသူ တွေ မဟုတ်ပါ။ မြန်မာနိုင်ငံသူနိုင်ငံသားတိုင်းရဲ့ လွတ်မြောက်ရေး၊ တန်းတူရည်တူ နေထိုင်နိုင်တဲ့ ဒီမိုကရေစီရေးအတွက် ကိုယ့် ဘာသာ တော်လှန်ရေးမီးပြင်းထဲ ၀င်ရောက်စတေးခံနေကြခြင်း ဖြစ်တာပါ။ ဆိုးရွားတဲ့ ဖက်ဆစ်စစ်ဖိနပ်အောက်ကနေ မြန်မာ ပြည်သူတစ်ရပ်လုံး လွတ်မြောက်ရုန်းထွက်လာရေးအတွက် တနင့်တပိုး ထမ်းပိုးကြပါတယ်။

ကဲ…ဒါတွေကို ခေတ္တအနားပေးလိုက်မယ်။ ဒီစာပိုဒ်ရှေ့က စာကြောင်းလေးဆီ ဦးပြန်လှည့်ကြစို့။

“ကျွန်တော့်အမှုတွဲ ကိုဖိုးအေးကတော့ ရထားထဲမှာ ပါလာ တဲ့ လူတွေနဲ့ နိုင်ငံရေးဆွေးနွေးတာ တစ်နေ့လုံး တစ်ညဥ့်လုံးပါပဲ။ မအိပ်မနေ စကားပြောနိုင်လွန်းတဲ့ သူပါ”

သူ ဒီအကြောင်းရေးလိုက်တာကို ဖတ်လိုက်တော့မှ သြော် …. ဒီလူ ငါ့ကို မျက်ခြည်မပြတ် ကြည့်နေပါကလားဆိုတာ ခုမှ သတိထားမိတယ်။ “နိုင်ငံရေးဆွေးနွေးတာ တစ်နေ့လုံး တစ်ညဥ့် လုံးပါပဲ”။ ဒီစကားဆိုလိုရင်းက ဘာများပါလိမ့်။ ချီးမွမ်းခြင်းလား၊ ကဲ့ရဲ့ ရှုတ်ချခြင်းလား၊ အဓိပ္ပာယ်နှစ်ခွ ထွက်နေပါတယ်။ ရှိစေ တော့။ သူ့စိတ်ထဲက ထင်ဟပ်မှု ဘာဆိုတာ သူမှတစ်ပါး အခြား သော သူ မသိနိုင်ပါ။ ကျွန်တော့်အပိုင်းက ထောက်ပြရမှာက “နိုင်ငံရေးဆွေးနွေးတာ” ဆိုတဲ့ စကားရပ်ပါ။

ဟုတ်ပါတယ်။ ကျွန်တော်တို့ လုပ်ကိုင်နေတာက နိုင်ငံရေး ဖြစ်တယ်။ နိုင်ငံရေးလုပ်တဲ့သူဟာ တစ်ရံမလပ် နိုင်ငံရေး အကြောင်း ဆွေးနွေးရမယ်၊ ငြင်းခုံကြမယ်၊ လုပ်ငန်းအဖြေရှာ  လုပ်ကြကိုင်ကြရမယ်လေဗျာ။ ဒီနေရာမှာ ဗိုလ်ကြီးဝင်းထိန် စေ့စပ်သေချာ ကျွန်တော့်ကို စောင့်ကြည့်အကဲခတ်ပြီး ပြောထွက်ရ တဲ့ ကျွန်တော် ဘာကြောင့် မအိပ်မနေ စကားပြောရတာပါလိမ့်။ ဒါကို ရှင်းအောင်လင်းအောင် ရှင်းလင်းပြောပြပါ့မယ်။

စနေ၊ တနင်္ဂနွေ ဒေါ်စုရဲ့ ခြံရှေ့ လူထုဟောပြောပွဲမှာ ဒေါ်စု ကဏ္ဍတစ်ရပ် ဖွင့်လိုက်ပါတယ်။ လူထုပရိသတ်တို့က မေးခွန်းတစ် ပုဒ်စီ ကြိုတင်ရေးသားမေးမြန်းနိုင်ပါတယ်။ ဒေါ်စု ဖတ်ကြားပြပြီး ဖြေကြားပေးပါတယ်။ တစ်ကြိမ်မှာ-

“အန်တီရှင့်၊ သမီးတို့ လှိုင်သာယာမှာ ထမင်းရည်တစ် ပုလင်းကို ငွေငါးကျပ်ပေးပြီး ၀ယ်သောက်နေရပါတယ်ရှင့်”။ ဒေါ်စု ဒီမေးခွန်းလွှာကို ဖတ်ပြပြီး အဆုံးမှာ လူအုပ်ကြားထဲ ကိုယ် ရောင်ဖျောက် လုံခြုံရေးယူထားတဲ့ ကျွန်တော် ခေါင်းနားပန်း ကြီးသွားတယ်။ “ဟိုက်၊ ငါ့ခေါင်း ဆင်းနင်းခံရပြီ”။ ကိုယ့်ပြဿနာ ကိုယ်သိလိုက်တယ်။ ကျွန်တော် တွေးထင်ထားတဲ့အတိုင်းပါပဲ။ ကိုယ်ရောင်ဖျောက်ထားတဲ့ ကျွန်တော့်ဆီ အသိအကျွမ်းတွေ တိုး ဝှေ့လာကြ၊ လက်ဆန့်တန်းနှုတ်ဆက်ကြ။ “တကယ်ပြောင်မြောက် တယ် ဦးဖိုးအေးရေ” တဲ့။ နှုတ်ဆက်ကြ၊ ဂုဏ်ပြုကြတာ အားပါး တရပါ။ ဒီက ခေါင်းနားပန်းကြီးနေတာကို ဘယ်သူကမှ အကဲ မခတ်မိကြပါ။

ဟောပြောပွဲ ပြီးဆုံးသွားတယ်။ ကတ္တရာလမ်းပေါ် လူသွား ပလက်ဖောင်းပေါ် တင်ကျန်ရစ်တဲ့ အမှိုက်သရိုက်တို့ကို လှည်း ကျင်းရှင်းလင်းလိုက်တယ်။ ဆောင်းဘောက်၊ ၀ါယာကြိုးတွေ အစရှိတာကို သိမ်းဆည်းပြီး နေရာတကျ ထားလိုက်တယ်။ လှည်းကျင်းတဲ့ အမှိုက်သရိုက်ကို မီးတောက်မကြီးအောင် သတိ ထားပြီး မီးရှို့ပစ်လိုက်တယ်။ အားလုံး ပြီးစီးမှ ရေမိုးချိုးပြီး လှိုင် သာယာအိမ်ဆီ သားအဖနှစ်ယောက် ပြန်ကြပါတယ်။

““သားရေ၊ မင်းတို့အန်တီရဲ့ ထမင်းရည်က ငါတို့သားအဖ ခေါင်းကို ဆင်နင်းတဲ့ ပြဿနာကြီးကွ။ လှိုင်သာယာမှာ ခြေသွက် လက်သွက် လှုပ်ရှားနေတာက တို့သားအဖတွေလေကွာ။ ဒီမေး ခွန်းဖွချက်က ငါတို့လက်ချက်လို့ လူတွေ ထင်မြင်ကြမယ်။ ထောက်လှမ်းရေးကောင်တွေ တို့သားအဖနှစ်ယောက်ကို မျက် ခြည်အပြတ်ခံမှာ မဟုတ်တော့ဘူး။ စူးစိုက်ကြည့်ရှုကြမယ်။ ဒီတော့ သားက သား ကျင်လည်တဲ့ ရပ်ကွက်တွေဆီ သွားကွာ။ ပါပါးလည်း ရပ်ကွက်တွေဆီ ဆင်းမယ်။ ထမင်းရည် ၀ယ်သောက် ခြင်း ရှိ မရှိ၊ ရှိရင် ဘယ်ရပ်ကွက်၊ ဘယ်အိမ်၊ ဘယ်သူဘယ်ဝါတွေ ဆိုတာ အတိအကျ စုံစမ်းမယ်။ နောက်ပြီးတော့ အခြေခံဆင်းရဲ သားတွေ စားတဲ့ အညံ့စားဆန်က တစ်ပြည်ကို ဘယ်ဈေးလဲ၊ နို့ ဆီတစ်လုံး ဘယ်လောက်ပေးရသလဲ၊ ဈေးအပေါဆုံးဆီ ငါးကျပ် သား၊ တစ်ဆယ်ကျပ်သားက ဘယ်ဈေးလဲ၊ ငရုတ်၊ ကြက်သွန်၊ ပဲ၊ ကန်စွန်းရွက်၊ ချဉ်ပေါင်ရွက်က ဘယ်လောက်ပေးရသလဲ။ ဆေးလိပ်မှာ ဂျိုးသိန်း၊ ငွေစပယ်၊ နှင်းဆီတံဆိပ် ဆေးပေါ့လိပ်၊ ဒူး ယား၊ ခပေါင်း စီးကရက်တစ်လိပ်ချင်း ဈေးနှုန်း။ ဖျားနာရင် သောက်သုံးတဲ့ ပါရာစီတမော၊ ဘာမီတွန်၊ ချောင်းဆိုးပျောက် ဆေး၊ ဗိုက်နာ၊ ဗိုက်အောင့်၊ ၀မ်းပိတ်ဆေး လက်လီ တစ်လုံးချင်း ဈေးကို စုံစမ်းမှတ်သားထားပါ။ နှစ်ရက်၊ သုံးရက်အတွင်း စာရင်း ပြုစုနိုင်ရမယ်။ သားအဖနှစ်ယောက် ရပ်ကွက်ထဲ ဆင်းကြတယ်။ အပေါင်းအသင်း မိတ်ဆွေတို့နဲ့ ပူးပေါင်းပြီး ကူညီဆောင်ရွက်ပေး ကြပါတယ်။ သုံးရက်မြောက်မှာ ကျွန်တော်တို့ရဲ့ စုံစမ်းလေ့လာမှု ကနေ တွေ့ရှိတဲ့ အချက်အလက်ကို အစီရင်ခံစာ ရေးသားပြီး ဒေါ်စုထံ တင်ပြနိုင်ပါတယ်။

“အန်တီရှင့်” ဆိုပြီး မေးခွန်းရှင် ဘယ်သူဘယ်ဝါဆိုတာကို တော့ ကျွန်တော် မသိရပါ။ မေးခွန်းလွှာ ဒေါ်စုဆီ တင်တာမှာ ရည် ရွယ်ချက် အမျိုးမျိုးအဖုံဖုံ ရှိနေပါတယ်။ တစ်အချက်က ဖြစ်ရပ်ကို ပုံကြီးချဲ့ထွင်လိုက်တယ်။ ဆိုးရွားတဲ့ န၀တ စစ်အစိုးရကို ပိုပြီး ဆိုးရွားတဲ့ ပုံကို ဖော်လိုခြင်းဖြစ်တယ်။ နောက် ရည်ရွယ် ချက်တစ်ခုက အမှန်တကယ် တက်တက်ကြွကြွ လှုပ်ရှားတဲ့ ပြိုင် ဘက် နိုင်ငံရေးသမားကို အာဏာပိုင်တို့ ပိုပြီး မျက်စိစပါးမွေး စူးစေလိုတဲ့ ရည် ရွယ်ချက်ဖြစ်တယ်။ သူတို့ရဲ့ လက်ချက်က အင် မတန် ထိရောက်ပါတယ်။ အမှန်တကယ်လည်း ထိရောက်လွန်း ပါတယ်။ ကျွန်တော်တို့ သားအဖတွေ အထူးတလည် သတိထား သွားလာလှုပ်ရှားကြရပါတယ်။

“ထမင်းရည်တစ်ပုလင်း ငါးကျပ်” က အပြင်လောကတွေမှာ ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့ရုံတင် မကသေးပါ။ အကျဉ်းထောင်ထဲထိ ပါ သင်းပျံ့ကုန်ပါတယ်။ န၀တ စစ်အစိုးရ ဆိုးယုတ်မှုက လူတွေရဲ့ နှုတ်ဖျားမှာ မရပ်မနား ပြောကြဆိုကြပါတယ်။

ကျွန်တော်တို့ ထောင်ပြောင်းခံရတဲ့ နိုင်ငံရေးအကျဉ်းသား တွေ ရထားထဲမှာ ဆုံဆည်းကြတယ်။ တစ်ဦးနဲ့ တစ်ဦး မေးကြ မြန်းကြ နှုတ်ခွန်းဆက် မိတ်ဖွဲ့ကြတယ်။ ““ကျွန်တော်က ဖိုးအေး ပါ။ လှိုင်သာယာမှာ နေပါတယ်”” စကားဆုံးသွားတာနဲ့ ကျွန် တော့်အနား စုပြုံဝိုင်းလာကြတယ်။ လက်တွေ ဆန့်တန်း ကမ်း လှမ်းပြီး ဆွဲယမ်း နှုတ်ဆက်ကြတယ်။

““ဟေး၊ လှိုင်သာယာက ထမင်းရည်တစ်ပုလင်း ငါးကျပ် ကိုဖိုးအေးကိုး။ ဂုဏ်ယူတယ်ဗျာ။ ခင်ဗျားလုပ်ရပ်က ပြောင် မြောက်တယ်ဗျာ””။ တစ်ဆက်တည်းပဲ ကျေးလက်က တောသူ တောင်သား လယ်သမားတို့ရဲ့ ဒုက်္ခဝေဒနာကို သိလိုကြတယ်။ မေးကြမြန်းကြ၊ ပြောဆိုဆွေးနွေးကြတယ်။ သူတို့ကလည်း သူတို့ လုပ်ဆောင်ခဲ့တဲ့ နိုင်ငံရေးတွေ၊ ထောင်သွင်းတိုက်ပွဲတွေ၊ ထောင် တွင်းအတွေ့အကြုံတို့ကို ပြောဆို ဖလှယ်ကြပါတယ်။

ကဲ…အဆွေ စာရှုသူရေ၊ မျက်စိဒေါက်ထောက် အကဲခတ် နေတဲ့ ဗိုလ်ကြီးဝင်းထိန်၊ သူ့အမြင်၊ သူ့ရှုထောင့်ကနေပြီး ကျွန် တော့်ကို မအိပ်မနေဘဲ စကားပြောနိုင်လွန်းတဲ့ သူ ဆိုပြီး မှတ် ကျောက်တင်လိုက်တယ်။ ဟုတ်မှန်နေပါတယ်။ နိုင်ငံရေး အကြောင်း၊  တောနေတောင်သူ လယ်သမားအကြောင်းများ စကားစပ်မိရင် ကျွန်တော်ဟာ ထမင်းမေ့၊ ဟင်းမေ့တဲ့ သူကိုးဗျ။ ဗိုလ်ကြီးဝင်းထိန် ပြောရင်လည်း ပြောချင်စရာကိုးဗျ။

(စာမျက်နှာ ၅၂၈ မှာ)

ကျေးဇူးကြီးလှပါပေ့ ကိုဖိုးအေး

“ကိုဖိုးအေးတို့ သားအဖဟာ ခုနစ်နှစ်ပြည့်တော့ လွတ် သွားကြပါတယ်။ ကိုဖိုးအေးက တရုတ်လူမျိုးလည်း ဖြစ်သလို တရုတ်ဘာသာလည်း ကောင်းကောင်းတတ်ပါတယ်။ ထောင်က လွတ်တဲ့အခါ တရုတ်ကုမ်္ပဏီတစ်ခုမှာ အလုပ်လုပ်တဲ့အတွက် လစာကောင်းကောင်း ရတယ်လို့ သိရပါတယ်။ ကိုဖိုးအေး ဟန် ကျနေပြီပေါ့လို့ ကျွန်တော် စိတ်ထဲ တွေးမိပါတယ်။ သူ့သမီးက လည်း တရုတ်လို တတ်တော့ အလုပ်တွေ ရကြပါတယ်။ သူတို့ မိသားစုတွေ အဆင်ပြေပါတယ်။ ကျွန်တော် ထောင်က လွတ် တော့ သူနဲ့ မတွေ့ဖြစ်ပါ။

“ဒါပေမဲ့ လူမှုရေးကိစ်္စတစ်ခုမှာ သူနဲ့ ကြုံတော့ အမယ်၊ ကိုယ်တော်ချောက သားနားလို့။ ဂျင်းဘောင်းဘီနဲ့ စပို့ရှပ်နဲ့ တသွေးတမွေး ဖြစ်လို့။ သူက ကျွန်တော့်ကို တွေ့တော့ ပျာပျာ သလဲနဲ့ “သူ အခု ကုမ္ပဏီတစ်ခုမှာ လုပ်နေတာ၊ နိုင်ငံရေးပါတီ တွေနဲ့ ကင်းကင်းရှင်းရှင်း နေရမယ်ဆိုလို့ လာမတွေ့ဖြစ်တာပါ” ဆိုပြီး တောင်းပန်ပါတယ်။ မောင်မင်းကြီးသား ကျေးဇူးကြီးလှပါ ပေရဲ့”

ဗိုလ်သင်တန်းမှာ ရွှေကလောင်ဆု ရခဲ့တယ်ဆိုတဲ့ ဗိုလ်ကြီး ၀င်းထိန်ရဲ့ ကလောင်သွားက စူးရှထက်မြက်ပါတယ်။ ပစ်မှတ် ပေါင်းများစွာဆီ သူ့အရေးအသားက ဖြန့်ကျက်သွားတယ်။ ကျွန် တော့်ဖခင်ဘက်က ပါတဲ့ “တရုတ်မျိုးရိုး” ကို ပေါ်ပေါ်လွင်လွင် ထပ်မံ တစ်ကြိမ် ဖော်ထုတ်ပြန်တယ်။ မိခင်ရဲ့ ကရင်မျိုးရိုးကလည်း ရှေ့ကအတိုင်း ရေငုံနှုတ်ပိတ်ထားတယ်။ ပစ်မှတ်တစ်ခုက တန်း ပြီး ပစ်ခွင်းလိုက်တယ်။ ဒီပစ်ကွင်းကို ကျွန်တော် မမှုပါ။ ကျွန် တော့်ဖခင်တရုတ်ကြီးက မြန်မာနိုင်ငံကို ရောင်းမစားဘူး။ မြန်မာ့ ရေမြေအပေါ် သစ်္စာခိုင်မြဲတယ်။ ဖောက်ပြန်မှု ကင်းရှင်းတဲ့ တရုတ်ကြီးပါ။ ဒီအချက်မှာ ကျွန်တော် လိပ်ပြာသန့်တယ်။

ဗိုလ်ကြီးဝင်းထိန် ခြေရာကောင်းကောင်း မကောက်မိလို့ ပါ။ ကျွန်တော့် ရဲ့ ဇနီးသည်ကလည်း တရုတ်မစစ်စစ် တစ်ယောက် ဖြစ်ပါတယ်။ ရုပ်ရည်ချောမောသလို နှလုံးသားက ရဲရဲတောက်ပြီး ဖြူစင်တယ်။ လင်သားအပေါ် တာဝန်ကျေတယ်။ သားသမီးအပေါ် မိခင်စိတ် ဓာတ် အပြည့်အ၀ရှိတယ်။ ဒါက ကိုယ်ရေးကိုယ်တာ မိသားစု အပိုင်းပါ။ ဟော…မြန်မာနိုင်ငံနဲ့ စပ်လျဉ်းပြန်ရင်လည်း လင် သည်ရဲ့ ယုံကြည်ချက်အတိုင်း လိုက်ပါဆောင်ရွက်ပါတယ်။ ခင် ပွန်းသည်ဖြစ်တဲ့ ကျွန်တော်ဟာ ရှစ်ဆယ့်ရှစ် အရေးတော်ပုံ စတင်ပေါ်ပေါက်လာချိန်က အစပြုပြီး လင်ယောက်ျားတာဝန်၊ ဖခင်တာဝန်၊ အိမ်ထောင်ဦးစီးတာဝန် လုံးလုံးလျားလျား ပျက် ကွက်ခဲ့ပါတယ်။ နိုင်ငံရေးမှာ လုံးပန်းနေတာကို ကျွန်တော့် ဇနီး သည် လုံးဝငြိုငြင်ခြင်း မရှိပါ။ လင်ယောက်ျားကို ခွင့်လွှတ်၊ ခွင့်ပြု ထားပါတယ်။ တာဝန်အရပ်ရပ်ကို မနားမနေ ထမ်းပိုးပါတယ်။ တော်တော်ပင်ပန်းရှာပါတယ်။ ဒါကြောင့်လည်း ကျွန်တော် တစ် ကိုယ်တော် ကျေးလက်စည်းရုံးရေးဆင်းနေတဲ့ ကာလ ၁၉၉၂ ဒီဇင်ဘာမှာ ချစ်ဇနီး ကွယ်လွန်သွားပါတယ်။ သူ ကွယ်လွန်ချိန်မှာ ကျွန်တော် ၀ါးခယ်မက လယ်တောရွာတွေမှာ လယ်သမားတွေနဲ့ ဒိုးတူပေါင်ဖက် စည်းရုံးလုပ်ကိုင်နေချိန် ဖြစ်တယ်။

ဗိုလ်ကြီးဝင်းထိန် ထောင်ကျနေချိန်မှာ သူချစ်တဲ့ သူ့ထက် အသက်အတော်လေးငယ်တဲ့ ဇနီးသည် တုံတုံခမျာလည်း တော် တော်လေး ကသီလင်တ ဖြစ်နေမှာပါ။ တော်သေးတာက တစ်ရပ် တည်းနေ ရွှေဖိုးခေါင်က ထောင်ဝင်စာ တစ်ပတ်ကို ဗိုလ်ကြီး ၀င်းထိန် စားသောက်ဖို့ ငွေကျပ်နှစ်သိန်း အပတ်စဉ် ထောက်ပံ့ ပေးတဲ့အကြောင်း ဆရာရွှေဖိုးခေါင်က “မိုးကျရွှေကိုယ်မင်းမြှောင် မိ္ဆာ မိတ်္ထီလာဝင်းထိန်” ရေးသားဖော်ထုတ်ထားပါတယ်။ ဗိုလ် ကြီးဝင်းထိန်ရဲ့ ထောင်ဝင်စာထုပ်က တင့်တယ်ပါတယ်။ ကျွန် တော်နဲ့တော့ ကွာခြားပါတယ်။ ဗိုလ်ကြီးဝင်းထိန်ရဲ့ အာဘော်ကို ယူပြီး သုံးရရင် ဒါဟာ “ရှေးက ပြုခဲ့တဲ့ ကုသိုလ် ကောင်းမှုကြောင့်” ဖြစ်မှာပါ။ အင်း၊ ကုသိုလ်ရှင်ကြီး ဗိုလ်ကြီးဝင်းထိန်ပါ ခင်ဗျာ။

ကျွန်တော် တရုတ်ဘာသာ ကျွမ်းကျင်တာကိုပါ ဗိုလ်ကြီး ၀င်းထိန် အတွင်းသိ အစင်းသိ သိရှိထားပါတယ်။ သူ့အသိက အတော့်ကို လွန်ကဲနေပါတယ်။ “ထောင်က လွတ်တဲ့အခါ တရုတ် ကုမ်္ပဏီတစ်ခုမှာ အလုပ်လုပ်တဲ့အတွက် လစာကောင်းကောင်း ရတယ်လို့ သိရပါတယ်”။

ကဲ…ကျွန်တော် ဘယ်လို ပြန်ပြောရမှာလဲဗျာ။

ကျွန်တော်ဟာ ထောင်ထွက်တစ်ယောက်ပါ။ ထောင်ထွက် ဆိုတာတောင် အဲဒီအချိန်တုန်းက “ခိုး ဆိုး ခါး” ရာဇ၀တ်အကျဉ်း သားထက်တောင် ကြောက်စရာကောင်းလှတဲ့ “နိုင်ငံရေးသမား ထောင်ထွက်ပါ”။ ထိုစဉ်က လူဆိုး၊ သူခိုး၊ ဓားပြ၊ လူသတ် မုဒိမ်း ကောင်ထက်တောင် ကြောက်စရာကောင်းတဲ့ “နိုင်ငံရေးသမား ထောင်ထွက်”။ ဒီလို ထောင်ထွက်ကို ဘယ်သူက အလုပ်အကိုင် ပေးရဲကြမှာလဲ။ သူတို့ရဲ့ လုပ်ငန်းတွေကို ထိခိုက်မှာကိုးဗျ။ နိုင်ငံ ရေးသမားတို့အတွက် ဆိုးရွားနေတဲ့ မည်းမှောင်နေတဲ့ ကာလမှာ လစာ ကောင်းကောင်းနဲ့ ကုမ်္ပဏီတစ်ခုမှာ အလုပ်ရတယ်ဆိုတော့ ကျွန်တော့်အနေအထားက ဘယ်ရောက်သွားပြီလဲ ခင်ဗျာ။ စစ် အစိုးရ နဲ့ ပတ်သက်စပ်ယှက်တဲ့ ဦးပိုင်တွေ၊ ခရိုနီ အရင်းရှင်ကြီး တွေ၊ တရုတ်ကုမ်္ပဏီတွေမှာ အလုပ်အကိုင် ရနေတယ်ဆိုတော့ ကျွန်တော်ဟာ စစ်အစိုးရနဲ့ ပေါင်းစည်းသွားတယ်။ ထောက် လှမ်းရေးရဲ့ ခါးပိုက်ထဲ ရောက်သွားတယ်ဆိုတာပဲ ဖြစ်ချေတော့ မပေါ့။ ဗိုလ်ကြီးဝင်းထိန် ရေးသားချက်ကို ဖတ်ပြီး ကျွန်တော့်ကို အဲဒီလို အမှတ်ပေးကြလေတော့မပေါ့ဗျာ။

နောက်ပြီး ကျွန်တော့်သမီးတွေက တရုတ်လို တတ်ကြပါ သတဲ့။ ဒါလည်း လွဲချော်နေပါတယ်။ ကျွန်တော်က ကျွန်တော် တတ်ကျွမ်းတဲ့ တရုတ်ဘာသာ သားသမီးတွေကို တတ်စေချင် တယ်။ ကြိုးစားပမ်းစား သင်ပေးပါတယ်။ ဒါပေမဲ့ သူတို့က ပတ် ရှောင်ကြတယ်။ သင်ကြားဖို့ စိတ်ပါဝင်စားမှု အလျဉ်း မရှိကြပါ။ ကျွန်တော့်ကို အပိုင်တွယ်ချင်တော့ ထင်ကြေးနဲ့ ဗိုလ်ကြီးဝင်းထိန် က သမီးတွေ တရုတ်လို တတ်ကျွမ်းတယ်ဆိုပြီး ပိုင်ပိုင်နိုင်နိုင် ရေး ပြထားတယ်။

ကျွန်တော် ၁၉၉၆ မေမှာ ထောင်ကျချိန်မှာ ကျွန်တော့် ချစ် ဇနီး ကွယ်လွန်သွားတာ လေးနှစ်ပြည့်လုနီးပါပြီ။ ကျွန်တော့်ဇနီး ကွယ်လွန်တော့ နိုင်ငံရေးလုပ်ငန်း အရှိန်ရနေတဲ့ ကျွန်တော်ဟာ နိုင်ငံရေးလုပ်ဆောင်ချက် ရပ်ဆိုင်းသွားခြင်း မရှိသေးပါ။ ကျေး လက်တောရွာတွေဆီ ဆင်းမြဲ ဆင်းတုန်းပါ။ ဒါကြောင့်လည်း အရွယ်ရောက်လာတဲ့ သမီးကြီးနှစ်ယောက်ကို ဇနီးသည်ရဲ့ မောင် ဖြစ်တဲ့ ကိုကြည်စိန်က သူ့အိမ်မှာ ခေါ်ယူထားပါတယ်။ သမီးကြီး ကို သိမ်ဖြူမှာ ဖွင့်ထားတဲ့ ကားမောင်းသင်တန်းမှာ စာရေးဝင် လုပ်ခိုင်းတယ်။ အဲဒီက တစ်ဆင့် လသာက ဗြူတီပါလာမှာ ဧည့် ကြိုအဖြစ် ကျွန်တော့်သူငယ်ချင်းက အလုပ်သွင်းပေးပါတယ်။ တစ်ဖန် ဂျပန်မှာ အလုပ်သွားလုပ်ပြီး မြန်မာနိုင်ငံ ပြန်ရောက်နေ တဲ့  အိမ်နီးနားချင်း ကိုသန်းဆင့် ရန်ကုန်၊ ကိုင်းတန်းလမ်းမှာ ဖွင့်လှစ်တဲ့ စားသောက်ဆိုင်မှာ ကောင်တာစာရေးအဖြစ် အလုပ် ရပါတယ်။ တစ်ဖန် ကျွန်တော့်တူမ နုနုခင် လုပ်ကိုင်တဲ့ တရုတ် အထည်ချုပ်စက်ရုံမှာ ရွှေ့ပြောင်းဝင်လုပ်ပါတယ်။ အဲဒီစက်ရုံ ရောက်မှ တရုတ်ဘာသာရဲ့ တန်ဖိုး သိရှိပြီး သင်ကြားပါတယ်။ ဉဏ်ကောင်းတာကြောင့် အတန်သင့် ပြောနိုင်ဆိုနိုင်ပါတယ်။ စာပေကိုတော့ မတတ်ကျွမ်းပါ။

သမီးအငယ်ကတော့ သူ့ဦးလေးရဲ့ ဇနီး အဒေါ် ဒေါ်ပြုံးက စက်ချုပ်ပညာ သင်ကြားပေးပါတယ်။ ပညာသင်ဖြစ်တဲ့အတွက် ၀င်ငွေဖြစ်ဖြစ်မြောက်မြောက် မရှိသေးပါ။

သားကြီးထိန်လင်းက ကျွန်တော့်အမှုတွဲအဖြစ် ထောင်ကျ ပါတယ်။ မြစ်ကြီးနားထောင်ဆီ ရွှေ့ပြောင်းခံရတယ်။

သားငယ်နှစ်ယောက်က ငါးတန်းနဲ့ ခြောက်တန်း ကျောင်း တက်ကြတယ်။ အုပ်ထိန်းသူ ကင်းမဲ့ပြီး လှိုင်သာယာ၊ ဗိုလ်ဗထူး ၃ လမ်း၊ အိမ်အမှတ် ၆၇ မှာ နေကြတယ်။ ကျောင်းသာ တက်ကြ တယ်၊ စာရေးသောက်ရေး ချို့တဲ့ကြပါတယ်။ မုန့်ဖိုးပဲဖိုး မရှိကြပါ။ အာဏာပိုင်တို့ရဲ့ ဖိနှိပ်ချုပ်ချယ်မှုတို့ကို အရွယ်နဲ့ မလိုက်အောင် ခံကြရတယ်။

ကျွန်တော် ၂၀၀၁ နိုဝင်ဘာလကုန်မှာ ပြန်လွတ်လာတယ်။ BBC၊ VOA နားထောင်တယ်။ ရေးသားဖြန့်ချိတယ်။ ၀ါသနာ အရ လျှို့ဝှက်ရေးသားခြင်း ဖြစ်တယ်။ ငွေကြေးမရတဲ့အပြင် သမီးတွေ ခြစ်ကုပ်ပေးတဲ့ ချွေးနှဲစာသာ ကုန်ဆုံးပါတယ်။ ငွေ ကြေး ဘာတစ်ပြားမှ မရပါ။ သွေးတိုးစမ်း ကမ်းလှမ်းလာတဲ့ လုပ် ငန်းကိုင်ငန်း ရှိပါတယ်။ လားရာလမ်း မမှန်လို့ လက်မခံပါ။ ခြေ ပုန်းခုတ်တဲ့ နိုင်ငံရေးလှုပ်ရှားမှုထဲမှာသာ ကျင်လည်နေခဲ့ပါတယ်။

ကဲ…ဗိုလ်ကြီးဝင်းထိန်ရေ၊ ခင်ဗျားရဲ့ “သူတို့မိသားစုတွေ အဆင်ပြေပါတယ်” ဆိုတာ ဘယ်သင်း ဘယ်ဟာကို ကြည့်ပြီး ကျွန်တော့်ကို အကဲဖြတ်တာပါလဲ ခင်ဗျာ။ ကျွန်တော့်ကိုယ် ကျွန် တော် ပဟေဠိ ဖြစ်နေပါတယ်။

“အမယ်၊ ကိုယ်တော်ချောက သားနားလို့။ ဂျင်းဘောင်းဘီ နဲ့ စပို့ရှပ်နဲ့ တသွေးတမွေး ဖြစ်လို့”။ တယ်လည်း ထိမိတဲ့ ဗိုလ်ကြီး ၀င်းထိန်ရဲ့ ကလောင်သွားပါလားဗျာ။ သူက အထက်တန်းလွှာ လူကုံထံတွေထဲမှာ ကျင်လည်တဲ့သူပါ။ အောက်ခြေလူတန်းစား တို့ရဲ့ ဘ၀နဲ့က ပြဒါးတစ်လမ်း သံတစ်လမ်းပါ။ သူရောက်နေတဲ့ ခေတ်ကို သူ မေ့နေတယ်။ လေ့လာခြင်းကပါ ကင်းမဲ့နေတယ်။

ဒီမယ်ဗျ၊ ဘေထုပ်ခေတ်လေဗျ။

ကျွန်တော် အင်းစိန်သီးသန့်ထောင် ၁ တိုက်မှာတုန်းက အင်းစိန်လူ့ဘောင်က ကိုမျိုးမြင့်နဲ့က တရင်းတနှီးပါ။ သူက အင်း စိန်မီးရထားခုံးအောက်မှာ ဘေထုပ်အထည်ဟောင်းဆိုင် ခင်း ထားတယ်။ အထည်ဟောင်းဆိုပေမယ့် တော်တော်လေးကို သစ် လွင်နေပါတယ်။ လက်ရွေးစင်အ၀တ်အထည်တွေ ရှိတယ်။ ကျွန် တော်တို့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေ လာဝယ်ရင် အထူး လျှော့ဈေးနဲ့ ရောင်းချပေးတယ်။ တချို့ဆိုရင် ငွေကြေးမယူဘဲ အလကား လက်ဆောင်တောင် ပေးပါသေးတယ်။ ထောင်ထွက် တွေ ချို့တဲ့နေ၊ မွဲပြာကျနေချိန်မှာ ကျွန်တော်က ဂျင်းပင်နဲ့၊ စပို့ရှပ် နဲ့ တောက်ပြောင်သားနားနေတယ်ဆိုပြီး ရေးထားတော့ အကြောင်းမသိတဲ့သူကတော့ သူ့ရေးသားချက်ကို အဟုတ်ကြီး ထင်မှတ်သွားမှာပါ။ တစ်ဆက်တည်း “တရုတ်ဘာသာတတ်” တို့၊ “တရုတ်ကုမ္ပဏီမှာ လစာကောင်းတာ” တို့၊ “နိုင်ငံရေးမလုပ်တော့ ဘူး” ပြောတာတို့တွေနဲ့ ပေါင်းစပ်လိုက်ရင် ကျွန်တော်ဟာ တော် တော့ကို ဖောက်ပြန်သွားပြီဆိုတဲ့ စွဲချက်ထဲ ဆိုးဆိုး နစ်ဝင်သွားတယ်။

ဒီလို ဖောက်ပြန်သွားသူကြီးက “နိုင်ငံရေးပါတီတွေနဲ့ ကင်း ကင်းရှင်းရှင်း နေရမယ်ဆိုလို့ လာမတွေ့ဖြစ်တာပါ” တောင်း ပန်ပြီး လာမတွေ့ခြင်းကို သူက “မောင်မင်းကြီးသား၊ ကျေးဇူးကြီး  လှပါပေရဲ့” ထေ့လုံးကို သူ တွင်တွင်ကျယ်ကျယ်ကြီး သုံးနှုန်းထား ပါတယ်။

 

(ပြီးခဲ့တဲ့လ မော်ကွန်းမှာ ဖော်ပြခဲ့တာရယ်၊ ယခုလ မော်ကွန်းမှာပဲ ထပ်ဆင့်ဖော်ပြချက်တို့က ဗိုလ်ကြီးဝင်းထိန်ရဲ့ “သံသရာတစ်ကွေ့”ထဲက အလွဲ လွဲအချော်ချော်တို့ကို ပြန်လည်တည့်မတ်ထောက်ပြခြင်းမျှသာ ဖြစ်ပါတယ်။

သူ့ရေးသားချက်ကို ပြည့်ပြည့်၀၀ ပြန်လည်ချေပသလိုမျိုးဖြစ်အောင် ၈၈ မှသည် ကျွန်တော် ပါဝင်ဆောင်ရွက်ခဲ့တဲ့ နိုင်ငံရေးလုပ်ဆောင်ချက်တွေ၊ အထူးသဖြင့် လယ်ယာကဏ္ဍလုပ်ဆောင်ချက်တို့ကို အပြည့်အ၀ဖော်ပြဖို့ ဟာ ဂျာနယ်၊ မဂ္ဂဇင်းတွေမှာ အခန်းဆက်အဖြစ် ဖော်ပြနေရင် အချိန်ကြန့် ကြာမှာ ဖြစ်ပါတယ်။

ဒါကြောင့် ပထမကဏ္ဍကို အမြည်းအဖြစ် မော်ကွန်းမှာ ဤမျှသာ ရေးသားဖော်ပြပြီး နိဂုံးချုပ် အဆုံးသတ်လိုက်ပါတယ်။

အပြည့်အ၀ဖော်ပြချက်ကို လုံးချင်းဖြစ်မြောက်ဖို့ ကျွန်တော် ကြိုးပမ်း ရေးသားနေပါတယ်။ မကြာမီ ပြီးမြောက်ပါတော့မယ့်အကြောင်း ပြောကြား ရင်း တစ်ခန်းရပ်နားလိုက်ပါတယ်။)

ဈေးနှုန်းသက်သာစွာ ကြော်ငြာထည့်သွင်းနိုင်ပါပြီ

LEAVE A REPLY

Please enter your comment!
Please enter your name here