ပျံမတက်နိုင်သေးသည့် SME ဂျက်လေယာဉ်

ရန်ကုန် (နိုဝင်ဘာ၊ ၂ဝ၁၇)

အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းတွေဟာ တိုင်းပြည်စီးပွားရေးရဲ့ အဓိကအသက် သွေးကြောတွေ ဖြစ်တယ်လို့ တက်လာတဲ့ အစိုးရတိုင်းက ပြောဆိုကြပေမယ့် ဒီနေ့အထိတော့ ဒီလုပ်ငန်းတွေဟာ လုံလောက်၊ ထိရောက်တဲ့ ပံ့ပိုးမှုမျိုး မရရှိကြသေးဘူးလို့ စီးပွားရေးပညာရှင်တွေက ပြောဆိုကြပါတယ်။

စစ်ဘက်ဆိုင်ရာ ခေါင်းဆောင်တွေရဲ့ နှစ်ပေါင်း ၅ဝ ကျော်လောက် ကြီးစိုးမှုအောက်မှာ ချွတ်ခြုံကျခဲ့တဲ့ နိုင်ငံစီးပွားရေးကိုပြန်လည် ဦးမော့လာစေဖို့ ၂ဝ၁၁ မှာ တက်လာခဲ့တဲ့ သမ္မတဦးသိန်းစိန်အစိုးရဟာ စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ခဲ့ပါတယ်။

Photo – Zayar Hlaing 

ဒီအထဲမှာ အသေးစားနဲ့ အလတ်စားစီးပွားရေးလုပ်ငန်းတွေ (Small and Medium Enterprise – SME) ဖွံ့ဖြိုးတိုးတက်ရေးဟာ အစိုးရရဲ့ ဦးစားပေးလုပ်ဆောင်ရမယ့် စီးပွားရေးပြုပြင်ပြောင်းလဲမှုအဖြစ် သတ်မှတ်ခဲ့တာပါ။

ဒါပေမဲ့ ဦးသိန်းစိန်အစိုးရသက်တမ်းကုန်လို့ ဦးထင်ကျော်အစိုးရရဲ့ သက်တမ်းတစ်နှစ်ခွဲကျော် ရောက်လာတဲ့အထိ အသေးစားနဲ့ အလတ်စားစီးပွားရေးလုပ်ငန်းအများစုဟာ ကိုယ်ထူးကိုယ်ချွန် အခြေအနေနဲ့ ရုန်းကန်နေရဆဲပါ။ SME တွေအနေနဲ့ ဘဏ္ဍာရေးအထောက်အပံ့၊ နည်းပညာအကူအညီ၊ ကျွမ်းကျင်လုပ်သား၊ စွမ်းအင်မလုံလောက်မှုနဲ့ ဥပဒေလုပ်ထုံးလုပ်နည်းစတဲ့ အခြေအနေအားလုံးမှာ အခက်အခဲတွေ ကြုံတွေ့နေရတယ်လို့ စီးပွားရေးပညာရှင်တွေက ဆိုပါတယ်။

မြန်မာနိုင်ငံတစ်ခုလုံးမှာ လည်ပတ်နေတဲ့ စီးပွားရေးလုပ်ငန်းစုစုပေါင်းရဲ့ ၉၉ ရာခိုင်နှုန်းဟာ အသေးစားနဲ့ အလတ်စား စီးပွားပွားရေးလုပ်ငန်းတွေ ဖြစ်တယ်လို့ ၂ဝ၁၆ မှာ ထုတ်ပြန်တဲ့ ကမ္ဘာ့ဘဏ်ရဲ့ ‘စီးပွားရေး အခြေအနေသစ်များ ဖန်တီးခြင်း’ဆိုတဲ့ မြန်မာနိုင်ငံဆိုင်ရာ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အသေးစားနဲ့ အလတ်စားစီးပွားရေးလုပ်ငန်းဖွံ့ဖြိုးရေး ကို လေ့လာသုံးသပ်သူဖြစ်တဲ့ ဦးဇော်သန်းက SME တွေအတွက် အဓိကအခက်ခဲဆုံး ပြဿနာတစ်ခုကတော့ အရင်းအနှီးအတွက် ဘဏ္ဍာရေးဆိုင်ရာအကူအညီရရှိမှုတွေ မလုံလောက်တာလို့ ဆိုပါတယ်။

”အသေးစားနဲ့ အလတ်စားစီးပွားရေးလုပ်ငန်းရှင်တွေ ကိုမေးလိုက်တိုင်း၊ ဆွေးနွေးလိုက်တိုင်း သူတို့သည် ရင်းနှီးမြှုပ်နှံဖို့အတွက် ငွေကြေးလိုအပ်တယ်။ ဒါဟာ အကြီးမားဆုံးပဲ”လို့ ဆိုပါတယ်။ သူဟာ ရန်ကုန်တိုင်းဒေသကြီးအတွင်းက SME လုပ်ငန်းတွေ ဖွံ့ဖြိုးရေးအတွက် တိုင်းအစိုးရအဖွဲ့ကို ကူညီအကြံဉာဏ်ပေးနေတဲ့သူလည်း ဖြစ်ပါတယ်။

တိုင်းပြည်စီးပွားရေးရဲ့ အဓိကကျောရိုးဖြစ်တဲ့ SME လုပ်ငန်းတွေ အခုလို အခက်အခဲတွေ ကြုံနေရပေမယ့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးကျော်ဝင်းကတော့ တိုင်းပြည်စီးပွားရေးနဲ့ပတ်သက်ပြီး ”ဂျက်လေယာဉ်ကြီးလိုပဲ တစ်ရှိန်ထိုး ပျံသန်းပါတော့မယ်”လို့ ပြီးခဲ့တဲ့ ဇွန်လတုန်းက ပြောခဲ့ဖူးပါတယ်။ ဒီပြောဆိုချက်ဟာ ဟိုးလေးတကျော်ကိစ္စဖြစ်ခဲ့ပြီး ဝေဖန်သံတွေလည်းညံခဲ့ပါတယ်။

ဝန်ကြီးရဲ့ စီးပွားရေးတိုးတက်မယ့် အလားအလာအပေါ် လေယာဉ်နဲ့ နှိုင်းယှဉ်ပြောကြားမှုကို SME ဖွံ့ဖြိုးရေး လေ့လာသူ ဦးဇော်သန်းက အခုလို နှိုင်းယှဉ် ဥပမာပေး သုံးသပ်ပြပါတယ်။

”SME တွေက လေယာဉ်ပြေးလမ်းပေါ်တော့ ရောက်နေပါပြီ။ ပြေးဖို့နဲ့ ပျံသန်းဖို့တော့ လိုနေသေးတယ်။ အဲဒီလို ပြေးဖို့၊ ပျံနိုင်ဖို့ဆိုရင် အင်ဂျင်စက်နှိုးတာတွေ၊ လိုအပ်တဲ့ လေယာဉ်ဆီဖြည့်တာတွေ စတဲ့ ပြင်ဆင်မှုအပိုင်းတွေကို လုပ်ရဦးမယ်။ အာဆီယံဆိုတဲ့ လေယာဉ်ကွင်းကတော့ ပျံသန်းကြဖို့ မီးစိမ်းပြလိုက်ပြီ”

အရင်းအနှီးရှာရခက်

ရန်ကုန်မြို့၊ လှိုင်မြို့နယ်ထဲမှာရှိတဲ့ ပွင့်ဖြူပုံနှိပ်တိုက်ပိုင်ရှင်၊ အသက် ၅၄ နှစ်အရွယ် ဦးခင်မောင်ကြည်ဆိုရင် အောင်မြင်စ ပြုလာနေပြီဖြစ်တဲ့ သူ့လုပ်ငန်းကို တိုးချဲ့ဖို့ကြိုးပမ်းနေတဲ့ အသေးစားလုပ်ငန်းရှင်တစ်ဦးပါ။

သူ့ရဲ့ ပုံနှိပ်တိုက်ကနေ သွင်းကုန်အစားထိုး ကုန်ပစ္စည်းတွေအဖြစ် ငွေဖြတ်ပိုင်းစာအုပ်တွေကစပြီး စာရင်းစာအုပ်တွေအထိ ရုံးသုံး၊ ကျောင်းသုံး စက္ကူအခြေခံကုန်ပစ္စည်းတွေကို ထုတ်လုပ် ဖြန့်ချိပါတယ်။ ဈေးကွက်ရလာပြီဖြစ်တဲ့ သူ့ရဲ့ ထုတ်ကုန်တွေကို တိုးမြှင့်ထုတ်လုပ်နိုင်ဖို့ ငွေကြေးအရင်းအနှီး လိုအပ်နေတာပါ။

ဒါကြောင့် အသေးစားနှင့်အလတ်စား၊ စက်မှုလုပ်ငန်းဖွံ့ဖြိုးရေးဘဏ်နဲ့ ကမ္ဘောဇဘဏ်တွေမှာ ငွေချေးဖို့ ကြိုးစားခဲ့ပါတယ်။ ၂ဝ၁၅ ကတည်းက ငွေချေးဖို့ ကြိုးစားခဲ့တာဟာ ဒီနေ့အထိ မအောင်မြင်သေးဘူးလို့ ဆိုပါတယ်။

ငွေချေးလိုတဲ့လုပ်ငန်းတွေဟာ မရွှေ့ပြောင်းနိုင်တဲ့ မြေ (သို့မဟုတ်)အိမ်ကို အပေါင်အဖြစ်ထားနိုင်မှ ဘဏ်တွေက ငွေချေးပေးတာကြောင့် သူ့အနေနဲ့ အပေါင်ပစ္စည်း မပြနိုင်လို့ ငွေချေးမရတာလို့ ဦးခင်မောင်ကြည်က ဆိုပါတယ်။

သူတို့လို စီးပွားရေးလုပ်သူတွေအတွက် ပြည်တွင်းဘဏ်တွေက ချေးပေးတဲ့ ငွေကြေးဟာ ပမာဏနည်းသလို “ အတိုးနှုန်းက အရမ်းများတယ်” လို့ သူက ပြောပါတယ်။

ပြည်တွင်းဘဏ်တွေအနေနဲ့ အပ်ငွေနဲ့ ချေးငွေတွေအပေါ် အတိုးနှုန်းကို ၈ရာခိုင်နှုန်းနဲ့ ၁၃ ရာခိုင်နှုန်းကြား ဆောင်ရွက်ဖို့နဲ့ ချေးငွေကိုလည်း အမြင့်ဆုံး ကျပ်သိန်းတစ်ထောင်အထိ ထုတ်ချေးနိုင်တယ်လို့ ဗဟိုဘဏ်က သတ်မှတ်ထားပါတယ်။

Photo – Ba Nyar Kyaw                               လုပ်ငန်းခွင်တွင် တွေ့ရသည့် ဦးခင်မောင်ကြည်

ဒါကြောင့် မိသားစုစီးပွားရေးကနေ လုပ်ငန်းတိုးချဲ့ပြီး နောက်တစ်ဆင့်တက်လှမ်းဖို့ ကြိုးစားတဲ့အခါ အရင်းအနှီးရှာဖွေရတာဟာ စိန်ခေါ်မှုလို့ ဦးခင်မောင်ကြည်က ဆိုပါတယ်။

ဦးခင်မောင်ကြည် ချေးငွေရဖို့ ကြိုးစားခဲ့ဖူးတဲ့ အသေးစားနှင့် အလတ်စားစက်မှုလုပ်ငန်းဖွံ့ဖြိုးရေးဘဏ်က အမှုဆောင်အရာရှိချုပ် ဒေါက်တာဇေယျာညွန့်ကတော့ သူတို့ဘဏ်တွေဘက်က အခက်အခဲကို အခုလို ရှင်းပြပါတယ်။

”စိတ်ချယုံကြည်ရတဲ့ ပစ္စည်းမျိုး ရှိမှ ဘဏ်တွေဘက်က ငွေချေးပေးလို့ အဆင်ပြေမှာပါ။ အာမခံပစ္စည်းတွေ ရှိတာတောင်မှ ဘဏ်တွေမှာ ဆုံးရှုံးမှုတွေ ရှိနေပါတယ်”

ကမ္ဘာ့ရတနာဘဏ်ရဲ့ ဒါရိုက်တာတစ်ဦးဖြစ်သူ ဒေါက်တာလှညွန့်ကတော့ အပေါင်ပစ္စည်းတင်ပြနိုင်တဲ့ လုပ်ငန်းရှင်ကိုတောင်မှ ဘဏ်တွေဘက်က ပစ္စည်းတန်ဖိုးကို အပြည့်ချေးပေးတာ မဟုတ်ဘဲ တန်ဖိုးရဲ့ ၃ဝ ရာခိုင်နှုန်းကိုပဲ ထုတ်ပေးတယ်လို့ ငွေချေးတဲ့ ပုံစံကို ပြောပြပါတယ်။

အပေါင်ပစ္စည်းရဲ့တန်ဖိုးကိုသတ်မှတ်တဲ့အခါမှာလည်း အစိုးရရာဖြတ်ဌာန၊ စည်ပင်သာယာ သတ်မှတ်နှုန်း၊ ဈေးကွက်ထဲမှာ ဖြစ်ပေါ်နေတဲ့ ဈေးနှုန်းတွေကို အခြေခံပြီး တန်းဖိုးဖြတ်တာ မဟုတ်ဘဲ ”အရပ်စကားနဲ့ပြောရရင် ဗိုက်နာတဲ့ဈေး (အနိမ့်ဆုံးတန်ဖိုး) နဲ့ ဘဏ်ကို လာပေါင်တဲ့ ပမာဏရဲ့ ၃ဝ ရာခိုင်နှုန်းကိုပဲ ထုတ်ချေးပေးတာ” လို့ ဒေါက်တာလှညွန့်က ရှင်းပြတယ်။

အများပြည်သူရဲ့အပ်ငွေကို ပြန်လည်ချေးငှားရတာ ဖြစ်တဲ့အတွက် ဘဏ်တွေဘက်က ငွေကြေးဆုံးရှုံးနိုင်မှုအခြေအနေတွေကို အကာအကွယ်ယူတဲ့အနေနဲ့ ဒီလိုသတ်မှတ်ကြတာဖြစ်တယ်လို့ ဘဏ်လုပ်ငန်းဆိုင်ရာ စီမံခန့်ခွဲမှုအခြေအနေကို သူကရှင်းပြတယ်။

ချေးငွေပြန်ဆပ်ရမယ့် ကာလကို တစ်နှစ်သတ်မှတ်ထားပေမယ့် ဘဏ်က ယုံကြည်မှုရှိတဲ့ စီးပွားရေးကောင်းမွန်တဲ့ SME တွေကိုတော့ သုံးနှစ်အထိ တိုးမြှင့်သတ်မှတ်ပေးတာရှိတယ်လို့ ဒေါက်တာလှညွန့်က ဆိုပါတယ်။

မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်၊ အသေးစားနဲ့အလတ်စား စီးပွားရေးလုပ်ငန်းကော်မတီရဲ့ ဥက္ကဋ္ဌ ဒေါက်တာအောင်သိန်းကတော့ လက်ရှိ SME လုပ်ငန်းတွေကို ထုတ်ချေးတဲ့ ငွေချေးကာလဟာ တိုတောင်းလွန်းတဲ့အတွက် ပြုပြင်သင့်တယ်လို့ ဆိုပါတယ်။

”အသေးစားနဲ့ အလတ်စားလုပ်ငန်းတွေ လိုချင်တာက သက်သာတဲ့ အတိုးနှုန်းနဲ့ နှစ်လတ်၊ နှစ်ရှည်ချေးငွေတွေ လိုချင်တာ။ အခုက နှစ်ချင်း(တစ်နှစ်အတွင်း)ဆပ်ရတာဆိုတော့ အဆင်မပြေဘူး” လို့ သူ ရှင်းပြတယ်။

ဗဟိုဘဏ်ရဲ့ ဒုတိယဥက္ကဋ္ဌဟောင်း ဖြစ်သလို လက်ရှိမှာ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ ဒုတိယဝန်ကြီးလည်းဖြစ်တဲ့ ဦးဆက်အောင်က ဘဏ်တွေအနေနဲ့ မရွှေ့မပြောင်းနိုင်တဲ့အပေါင်ပစ္စည်းပြနိုင်မှ စီးပွားရေးလုပ်ငန်းတွေကို ငွေချေးရမယ်ဆိုတဲ့ ဗဟိုဘဏ်ရဲ့ သတ်မှတ်ထားချက်ဟာ ၂ဝ၁၅ ကတည်းက ပယ်ဖျက်ပေးပြီးဖြစ်တယ်လို့ ဆိုပါတယ်။

Photo – Kyaw Zayya                           အသေးစားချေးငွေလုပ်ငန်းတစ်ခုနှင့် ချိတ်ဆက်ထားသည့် အီလက်ထရောနစ် ပစ္စည်းဆိုင်တချို့

ငွေချေးမယ့်စီးပွားရေးလုပ်ငန်းရဲ့ အခြေအနေနဲ့ ကိုယ့်ရဲ့ ဘဏ္ဍာရေးဆိုင်ရာဆုံးရှုံးနိုင်ခြေတွေကို တွက်ချက်ပြီး နှစ်ဖက်အဆင်ပြေလို့ရှိရင် အပေါင်ပစ္စည်းမရှိလည်း ငွေချေးငှားခွင့်ပြုထားတယ်လို့ အောက်တိုဘာ ဒုတိယအပတ်ထဲမှာပြုလုပ်တဲ့ ငါးကြိမ်မြောက် အာဆီယံအသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများဆွေးနွေးပွဲ (နေပြည်တော်) မှာ သတင်းမီဒီယာတွေကို သူက ရှင်းပြခဲ့ပါတယ်။

 ဘဏ်တွေဘက်က အခက်အခဲ

မြန်မာနိုင်ငံက စီးပွားရေးလုပ်ငန်းအများစုဟာ ကိုယ့်လုပ်ငန်းရဲ့ စီးပွားရေးဆိုင်ရာ အချက်အလက်တွေ၊ ဈေးကွက်ဆိုင်ရာ စီးပွားရေးလုပ်ငန်းအစီအစဉ်တွေကို စနစ်တကျရေးဆွဲ၊ ထိန်းသိမ်းမှုအားနည်းနေတဲ့အတွက် ငွေချေးမယ့် ဘဏ်တွေဟာ သူတို့လုပ်ငန်းရဲ့ အောင်မြင်တိုးတက်နိုင်ခြေကို မခန့်မှန်းနိုင်တာကြောင့် အပေါင်ပစ္စည်းမပါဘဲ ငွေချေးပေးဖို့ စိုးရွံ့နေရတာလို့ ဒေါက်တာလှညွန့်က ရှင်းပြပါတယ်။

”အပေါင်ပစ္စည်းမပါပေမယ့် သူ့လုပ်ငန်းကို ငွေချေးပေးချင်လို့ သူ့ရဲ့ စီပွားရေးဆိုင်ရာ အစီအစဉ်နဲ့ သတ်မှတ် စာရွက်စာတမ်းတွေကို တောင်းတဲ့အခါမှာ ဘာမေးမေးမရှိဘူး။ မရှိကြတာ များတယ်” လို့ သူက ပြောပြီး အခုလိုလည်း ဆိုပါတယ်။

”ချေးချင်ပါတယ်။ ဒါပေမဲ့ စီးပွားရေးလုပ်ငန်းတွေမှာ ငါတို့ တိုင်းတဲ့ ပေတံနဲ့ မပြည့်စုံဘူး။ အဲဒီအတွက် ဘယ်လို ယုံရမှာလဲ”

နိုင်ငံတကာမှာဆိုရင် ဘဏ်တွေနဲ့ချိတ်ဆက်ငွေချေးမယ့် SME လုပ်ငန်းတွေဟာ ပြင်ပကလွတ်လပ်တဲ့ စာရင်းစစ်အဖွဲ့ရဲ့ ထောက်ခံချက်၊ လုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုအခြေအနေနဲ့ ဈေးကွက်အခြေအနေဆိုင်ရာ အချက်အလက်တွေကို တင်ပြနိုင်မှ ချေးငွေရရှိကြတာလို့ ဘဏ်လုပ်ငန်းရှင်တွေက ရှင်းပြပါတယ်။

”နိုင်ငံတကာစံနှုန်းတွေနဲ့ သတ်မှတ်တဲ့ ဟာတွေကို မတောင်းသေးဘူး။ သူတို့ရဲ့ အခွန်ဆောင်မှု မှတ်တမ်း၊ စီးပွားရေး ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုမှတ်တမ်းစာရင်းတွေလောက် တင်ပြပါ လို့တောင်းတာ” လို့ ဒေါက်တာလှညွန့်က ပြောပါတယ်။

ဒါပေမဲ့ လတ်တလောမှာ သူတို့လို ငွေချေးပေးတဲ့ ဘဏ္ဍာရေးဆိုင်ရာ အဖွဲ့အစည်းတွေမှာရော၊ ပြည်တွင်းစီးပွားရေးလုပ်ငန်းတွေမှာရော နှစ်ဖက်စလုံး အားနည်းချက်တွေ ရှိနေကြတယ်လို့ ဆိုပါတယ်။

နိုင်ငံတကာနဲ့ပြည်တွင်းရင်းနှီးမြှုပ်နှံမှုတွေအတွက် အကြံပေးအဖြစ် ဆောင်ရွက်နေသလို ဈေးကွက်ဆိုင်ရာ သုတေသနတွေလည်း ဆောင်ရွက်နေတဲ့ THURA SWISS ကုမ္ပဏီက ဒါရိုက်တာဖြစ်သူ ဦးအောင်သူရကလည်း ပြည်တွင်း SME လုပ်ငန်းတွေ ကြုံနေရတဲ့ ဘဏ္ဍာငွေရရှိရေး အခက်အခဲပြဿနာတွေကိုကြည့်ရင် ငွေချေးနေတဲ့ ဘဏ္ဍာရေးအဖွဲ့အစည်းတွေရော၊ SME လုပ်ငန်းတွေမှာရော ပြုပြင်ပြောင်းလဲဖို့ လိုအပ်နေတာတွေ ရှိတယ်လို့ ဆိုပါတယ်။

အပေါင်ခံပစ္စည်းပါမှ ငွေချေးပေးတဲ့စနစ်ကို ကျင့်သုံးနေတာဟာ ဘဏ်တွေအတွက် အတိုင်းအတာတစ်ခုအထိ ခိုင်မာမှုရှိတယ်ဆိုပေမယ့် အပြောင်းအလဲမြန်တဲ့ အိမ်ခြံမြေဈေးကွက်ကြီး ပြိုလဲတာမျိုး ဖြစ်ပေါ်လာရင် ”ဒီဘဏ္ဍာရေးဈေးကွက်တစ်ခုလုံး ထိခိုက်တာ၊ အခြေအနေမကောင်းတာတွေ ဖြစ်နိုင်တယ် ”လို့သူက သတိပေးပါတယ်။

ဒါကြောင့် ဘဏ်တွေအနေနဲ့ ငွေကြေးဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှုစနစ်ကို ယခုထက်ပို အဆင့်မြှင့်တင်ပြီး SME တစ်ခုချင်းစီရဲ့ ဈေးကွက်ဆိုင်ရာအချက်အလက်တွေနဲ့ လုပ်ငန်းဖွံ့ဖြိုးတိုးတက်နိုင်မှု အလားအလာတွေအပေါ်မှာ အခြေခံပြီး ငွေချေးပေးတဲ့ပုံစံကို ပြောင်းသင့်တယ်လို့ သူက အကြံပြုပါတယ်။

ဘဏ်တွေအနေနဲ့ စီးပွားရေးလုပ်ငန်းတိုင်းကို အပေါင်ခံပစ္စည်းပြခိုင်းပြီး ငွေချေးပေးနေတာထက် ဆုံးရှုံးနိုင်ခြေ ပိုမြင့်တဲ့ SME တွေကို အတိုးနှုန်းမြှင့်တာ၊ ဆုံးရှုံးနိုင်ခြေနည်းတဲ့ SME တွေကို အတိုးနှုန်းနိမ့်ချေးတာမျိုး စတဲ့ စီမံခန့်ခွဲမှုတွေလုပ်နိုင်ဖို့ လိုတယ်လို့ ဦးအောင်သူရက ဆိုပါတယ်။

”အာမခံပစ္စည်းအပေါ် အခြေခံတာမဟုတ်ဘဲနဲ့ စီးပွားရေးလုပ်ငန်းတစ်ခုချင်းရဲ့ Cash Flow (ငွေစီးဆင်းမှု) ကို အခြေခံပြီးတော့ သုံးသပ်၊ ချေးငှားခွင့် လုပ်နိုင်ဖို့ လိုတယ်”လို့ သူက ဆိုပါတယ်။

SME လုပ်ငန်းတွေအနေနဲ့လည်း မိရိုးဖလာနည်းနဲ့ စီးပွားရေးလုပ်ငန်းတွေကို လုပ်ဆောင်နေတာထက် ဈေးကွက်ကို အခြေခံတဲ့ စီးပွားရေးလုပ်ငန်းတွေအဖြစ် ပြောင်းလဲကြဖို့လိုတယ်လို့ ဦးအောင်သူရက ဆိုပါတယ်။

ဒါ့အပြင် SME လုပ်ငန်းတွေ ရင်ဆိုင်နေရတဲ့ ဘဏ္ဍာရေးပြဿနာတွေ ပြေလည်စေဖို့ အစိုးရအနေနဲ့ နိုင်ငံခြားဘဏ်တွေကိုလည်း ဒီကဏ္ဍမှာ အတိုင်းအတာတစ်ခုနဲ့ ဝင်ရောက်ခွင့်ပေးသင့်သလို ”ပြည်တွင်းဘဏ်တွေကိုလည်း အခိုင်အမာဖြစ်တဲ့အထိ၊ ကောင်းမွန်တဲ့ဘဏ်တွေဖြစ်လာအောင်လည်း သူတို့ကြိုးစားရမယ်”လို့ ဦးအောင်သူရက အကြံပြုပါတယ်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ်ရဲ့ စာရင်းတွေအရ မြန်မာနိုင်ငံမှာ လာရောက်ရုံးခွဲဖွင့်လှစ်ထားတဲ့ နိုင်ငံခြား ဘဏ် ပေါင်း ၁၃ ခု ရှိပါတယ်။ ဒါပေမဲ့ ဒီဘဏ်တွေဟာ SME လုပ်ငန်းတွေကို တိုက်ရိုက်ငွေချေးခွင့်မရှိပါဘူး။ ငွေချေးချင်တဲ့ နိုင်ငံခြားဘဏ်ဟာ ပြည်တွင်းဘဏ်တစ်ခုနဲ့ ချိတ်ဆက်ပြီး အဲ့ဒီဘဏ်ကတစ်ဆင့် ငွေချေးပေးတာမျိုးတော့ လုပ်လို့ရတယ်လို့ စီးပွားရေးပညာရှင်တွေက ပြောပါတယ်။

နိုင်ငံခြားဘဏ်တွေကို အသုံးချပြီး ကိုယ့်တိုင်းပြည်စီးပွားရေး ဖွံ့ဖြိုးလာအောင်လုပ်ဖို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဟာ ”ပါးနပ်ဖို့လိုတယ်”လို့ ဦးအောင်သူရက ဆိုပါတယ်။

ဖွံ့ဖြိုးရေးဘဏ်တွေ ဖွံ့ဖြိုးဖို့လို

ပြည်တွင်းက ဘဏ်တွေဟာ ပုဂ္ဂလိကပိုင် စီးပွားရေးဘဏ်တွေ အများစုဖြစ်နေတာကြောင့် SME ဖွံ့ဖြိုးရေး လုပ်ဆောင်မယ်ဆိုရင် အစိုးရရန်ပုံငွေထည့်ဝင်မှုနဲ့ လည်ပတ်တဲ့ ဖွံ့ဖြိုးရေးဘဏ်တွေ များများပေါ်ထွက်လာအောင် တည်ထောင်ပေးသင့်တယ်လို့ စီးပွားရေးပညာရှင်တွေက ဆိုပါတယ်။

ဦးခင်မောင်ကြည် ငွေသွားချေးတဲ့ ဘဏ်နှစ်ခုထဲမှာ ကမ္ဘောဇဘဏ်ဟာ စီးပွားရေးဘဏ်အမျိုးအစားဖြစ်ပြီး အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်းဖွံ့ဖြိုးရေးဘဏ်ဟာ ဖွံ့ဖြိုးရေးဘဏ်အမျိုးအစား ဖြစ်ပါတယ်။ ဗဟိုဘဏ်ရဲ့စာရင်းတွေအရ လက်ရှိမှာ ဘဏ်ပေါင်း ၂၄ ခုရှိပြီး ၂ဝ ကျော်ဟာ စီးပွားရေးဘဏ် အမျိုးအစားတွေ ဖြစ်ပါတယ်။

ဖွံ့ဖြိုးရေးဘဏ်ဆိုတာ အစိုးရက ကဏ္ဍတစ်ခုကို ဖွံ့ဖြိုးစေချင်လို့ နိုင်ငံတော်ရန်ပုံငွေကို ဖွံ့ဖြိုးရေးဘဏ်တွေမှာ ထည့်ပေးထားပြီး ဒီဘဏ်တွေကတစ်ဆင့် သက်ဆိုင်ရာကဏ္ဍတွေကို ဝန်ဆောင်မှုပေးတဲ့ ဘဏ်အမျိုးအစားဖြစ်တယ်လို့ ဒေါက်တာအောင်သိန်းက ရှင်းပြပါတယ်။

”ဖွံ့ဖြိုးရေးဘဏ်တွေဟာ သာမန်စီးပွားရေးဘဏ်တွေထက် အတိုးနှုန်းပမာဏဟာ ထက်ဝက်နီးပါးလောက် သက်သာလေ့ ရှိတယ်”လို့ သူက ဆက်ရှင်းပြပါတယ်။

စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနဲ့ စစ်ဆေးရေးဦးစီးဌာနက ညွှန်ကြားရေးမှူးဖြစ်သူ ဒေါ်အေးအေးဝင်းကတော့ အစိုးရအနေနဲ့ SME လုပ်ငန်းတွေ ဖွံ့ဖြိုးလာဖို့ ကူညီပံ့ပိုးမှုတွေ ဆောင်ရွက်ပေးနေတယ်လို့ ဆိုပါတယ်။

အသေးစားနဲ့အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးရေး ဥပဒေအရ စက်မှုဝန်ကြီးဌာနရဲ့ ပြည်ထောင်စုဝန်ကြီးဟာ နိုင်ငံတော်သမ္မတဦးဆောင်တဲ့ အသေးစားနဲ့အလတ်စား စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးရေးဗဟိုကော်မတီရဲ့ အတွင်းရေးမှူးဖြစ်ပါတယ်။

ဒေါ်အေးအေးဝင်းက သူတို့ဌာနအနေနဲ့ မှတ်ပုံတင်ထားတဲ့  စီးပွားရေးလုပ်ငန်းတွေကိုနိုင်ငံတကာဖွံ့ဖြိုးရေး မိတ်ဖက် အဖွဲ့ အစည်းတွေနဲ့ပူးပေါင်းပြီး သင်တန်းပေးတာ၊ မှတ်ပုံတင်လုပ်ပေးတာ၊ နည်းပညာဆိုင်ရာ အကူအညီပေးတာ၊ ဘဏ္ဍာငွေရရှိရေး အကူအညီပေးတာနဲ့ သုတေသနလုပ်ငန်း လုပ်ဆောင်တာတွေကို ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

လက်ရှိ သူတို့ဌာနမှာ မှတ်ပုံလာတင်ထားတဲ့ စာရင်းတွေအရ အသေးစားနဲ့ အလတ်စားစီးပွားရေးလုပ်ငန်း ခြောက်သောင်းခန့် မှတ်ပုံတင်ပြီးဖြစ်တယ်လို့ သူကဆိုပါတယ်။ ဒါပေမဲ့ မှတ်ပုံမတင်ထားတဲ့ အရေအတွက်ဟာ အပြင်မှာ အများအပြား ရှိနေနိုင်သေးတယ်လို့ သူက သုံးသပ်ပါတယ်။

SME ဥပဒေအရလည်း မှတ်ပုံမတင်မနေရလို့ ပြောမထားသလို တချို့စီးပွားရေးလုပ်ငန်းတွေဟာလည်း အစိုးရပိုင်းက စနစ်တကျဖြစ်လာအောင်ဆောင်ရွက်ပေးမှုတွေကို ”အကျိုးမရှိဘူးလို့ မြင်နေကြတဲ့အတွက်” မှတ်ပုံမတင်ရသေးတဲ့ စီးပွားရေးလုပ်ငန်းအရေအတွက်က ပိုများနေတဲ့ သဘောလို့ ဒေါ်အေးအေးဝင်းက ရှင်းပြတယ်။

၂ဝ၁၆ တုန်းက ထုတ်ပြန်တဲ့ ကမ္ဘာ့ဘဏ်ရဲ့ ‘စီးပွားရေးအခြေအနေသစ်များဖန်တီးခြင်း’ဆိုတဲ့ မြန်မာနိုင်ငံဆိုင်ရာ အစီရင်ခံစာမှာတော့ မှတ်ပုံမတင်ရသေးတဲ့ SME လုပ်ငန်းတွေဟာ နိုင်ငံတစ်ဝန်းမှာ ခြောက်သိန်းလောက်အထိ ရှိနေတယ်လို့ ဆိုပါတယ်။

ဒေါ်အေးအေးဝင်းကတော့ လက်ရှိ ဂျပန်နိုင်ငံအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ(JICA)နဲ့ သူတို့ဌာန ပူးပေါင်းပြီး တိုင်းနဲ့ ပြည်နယ်သုံးခုက အလားအလာရှိတဲ့ စီးပွားရေးလုပ်ငန်းတွေကို လိုအပ်တဲ့ နည်းပညာအကူအညီတွေပေးဖို့နဲ့ဘဏ္ဍာငွေထောက်ပံ့ဖို့ စီစဉ်နေတယ်လို့ ဆိုပါတယ်။

လက်ရှိ သူတို့ အဓိက ကူညီထောက်ပံ့ပေးနေတဲ့ နယ်ပယ်ကတော့ စားသောက်ကုန်လုပ်ငန်းတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီက ရလာတဲ့ သုတေသနတွေကို အခြေခံပြီး SME လုပ်ငန်းတွေဖွံ့ဖြိုးရေးအတွက် မဟာဗျူဟာ ရေးဆွဲတာတွေလည်း လုပ်ဆောင်သွားဖို့ ရှိတယ်လို့ ဆိုပါတယ်။

မင်္ဂလာဒုံမြို့နယ်၊ ညောင်နှစ်ပင်မွေးမြူရေးဇုန်မှာ ကြက်မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ဒေါက်တာလှလှသိန်းကတော့ အစိုးရအနေနဲ့ အမှန်တကယ် SME လုပ်ငန်းတွေ ဖွံ့ဖြိုးစေချင်တယ်ဆိုရင် ကဏ္ဍအားလုံးကိုလွှမ်းခြုံတဲ့ ဆောင်ရွက်ချက်တွေဖြစ်အောင် ဖော်ဆောင်ပေးဖို့လိုတယ်လို့ သူ့အမြင်ကိုပြောပါတယ်။

Photo – Zayar Hlaing                       အသေးစားလုပ်ငန်းတစ်ခုမှ လည်ပတ်ငွေများ

”အသေးစားနဲ့ အလတ်စားလုပ်ငန်းဖွံ့ဖြိုးရေးဆိုတာ စက်ရုံတွေနဲ့ပဲ ဆိုင်သလို ဖြစ်နေတယ်။ မွေးမြူရေးသမားတွေဘက်ကို မရောက်ဘူး”လို့ သူက မှတ်ချက်ပြုပါတယ်။

အစိုးရ အထနှေး

NLD အစိုးရရဲ့ စီးပွားရေးမူဝါဒ ၁၂ ချက်ထဲက ဒုတိယအချက်မှာလည်း အသေးစားနဲ့အလတ်စား စီးပွားရေးလုပ်ငန်းတွေ ဖွံ့ဖြိုးရေးကို ထောက်ပံ့ကူညီပေးမယ်လို့ ချမှတ်ထားပါတယ်။

နောက်ပြီး အသေးစားနဲ့အလတ်စားစီးပွားရေးလုပ်ငန်းဆိုင်ရာ မူဝါဒတွေ၊ ဥပဒေတွေ၊ နည်းဥပဒေတွေဟာ ၂ဝ၁၅ ကတည်းက ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ ဒီနေ့အထိတော့ SME လုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ရေးကို ကောင်းမွန်စွာ အကောင်အထည်ဖော်နိုင်သေးပုံ မရဘူးလို့ စီးပွားရေးပညာရှင်တွေက သုံးသပ်ပါတယ်။

SME လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးတွေကို ဥပဒေအရ အဓိက ဖော်ဆောင်ပေးရမယ့် အဖွဲ့အစည်းတွေဟာလည်း ဒီနေ့အထိ ပြည့်ပြည့်စုံစုံ ဖွဲ့စည်းထားနိုင်တာမျိုး မရှိသေးပါဘူး။

နိုင်ငံတော်သမ္မတက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်တဲ့ အသေးစားနဲ့အလတ်စားလုပ်ငန်းများဖွံ့ဖြိုးရေး ဗဟိုကော်မတီ၊ ဒုသမ္မတတစ်ဦးက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ရမယ့် လုပ်ငန်းကော်မတီတွေကို ဥပဒေပြဋ္ဌာန်းချက်အရ ဖွဲ့စည်းရမှာပါ။

ဒီနှစ်ခုဖွဲ့စည်းပြီးရင် ဗဟိုကော်မတီရဲ့ ခွင့်ပြုချက်နဲ့ လုပ်ငန်းကော်မတီက ထပ်မံဖွဲ့စည်းပေးရမယ့် အသေးစားနဲ့အလတ်စား စီးပွားရေးလုပ်ငန်းများဆိုင်ရာ အေဂျင်စီအဖွဲ့၊ ရန်ပုံငွေစီမံခန့်ခွဲမှု အဖွဲ့နဲ့လုပ်ငန်းသုံးသပ်မှု အစီရင်ခံရေးအဖွဲ့စတဲ့ အဖွဲ့တွေကို ထပ်မံဖွဲ့စည်းရဦးမှာပါ။

လုပ်ငန်းကော်မတီအောက်မှာ ဖွဲ့စည်းမယ့် ဒီသုံးဖွဲ့ဟာ နိုင်ငံတစ်ဝန်းပြန့်နေတဲ့ SME လုပ်ငန်းတွေကို မှတ်ပုံတင်တာ၊မျိုးတူရာ စီးပွားရေးလုပ်ငန်းတွေကို စုစည်းတာ၊ လုပ်ငန်းတစ်ခုချင်းရဲ့ ဈေးကွက်ဆိုင်ရာ အောင်မြင်မှု၊ ကျရှုံးမှုတွေကို သုံးသပ်ချက်တွေလုပ်ပေးတာနဲ့ စီးပွားရေးလုပ်ငန်းအမျိုးအစားအလိုက် ဘဏ္ဍာငွေ အကူအညီရရှိရေး ဆောင်ရွက်ပေးတာတွေကို ဥပဒေအရ လုပ်ဆောင်ပေးရမှာ ဖြစ်ပါတယ်။

ဒီအဖွဲ့အစည်းတွေ စနစ်တကျ ဖွဲ့စည်းပြီးမှပဲ SME လုပ်ငန်းတွေရဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို အစိုးရအနေနဲ့ ကောင်းမွန်စွာ ကူညီထောက်ပံ့နိုင်မယ့် အခြေအနေမျိုးဖြစ်တယ်လို့ စီးပွားရေးပညာရှင်တွေက သုံးသပ်ပါတယ်။

ဒါပေမဲ့ လတ်တလောမှာတော့ အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဗဟိုကော်မတီ ဖွဲ့စည်းထားတာကလွဲရင် ကျန်တဲ့အဖွဲ့အစည်းတွေကို ဖွဲ့စည်းထားနိုင်ခြင်း မရှိသေးပါဘူး။ ဗဟိုကော်မတီရဲ့အတွင်းရေးမှူးအဖြစ် တာဝန်ယူရတဲ့ စက်မှုဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုကတော့ သူတို့အစိုးရအဖွဲ့အနေနဲ့ အသေးစားနဲ့အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ ဖြိုးရေးလုပ်ငန်းကော်မတီနဲ့ အေဂျင်စီတွေ ဖွဲ့စည်းနိုင်ဖို့ ဆောင်ရွက်နေတာရှိတယ်လို့ စက်တင်ဘာအတွင်းက ပြုလုပ်တဲ့ ရန်ကုန်မြို့၊ ကုန်သည်များနှင့် စက်မှု၊ လက်မှုလုပ်ငန်းရှင်များအသင်းချုပ်က ဒုတိယသမ္မတ ၁ နဲ့စီးပွားရေးလုပ်ငန်းရှင်များ တွေ့ဆုံပွဲမှာ ပြောကြားခဲ့ပါတယ်။

SME လုပ်ငန်းဖွံ့ဖြိုးရေးကို လေ့လာနေတဲ့ ဦးဇော်သန်းက ဥပဒေပါ သတ်မှတ်ထားတဲ့ အဖွဲ့အစည်းတွေကို အစိုးရပိုင်းက အကောင်အထည်ဖော်ပေးလိုက်ရင် လက်ရှိ SME လုပ်ငန်းတွေ ကြုံနေရတဲ့ အခက်အခဲ တချို့တစ်ဝက်ဟာ အလိုလို ပြေလည်သွားလိမ့်မယ်လို့ ဆိုပါတယ်။

စီးပွားရေးနှင့်လူမှုရေးဖွံ့ဖြိုးမှုအဖွဲ့၊ ပြည်သူ့ရေးရာ မူဝါဒကျွမ်းကျင်သူ ဦးတင်မောင်သန်းက လက်ရှိ အစိုးရ ဆောင်ရွက်နေတဲ့ SME လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်တွေမှာ နိုင်ငံစီးပွားရေးတစ်ခုလုံးကို လွှမ်းခြုံတဲ့ မဟာဗျူဟာရှိပုံ မရသေးသလို၊ ကဏ္ဍအလိုက် တိုးတက်လာအောင် လုပ်ချင်တဲ့ စီးပွားရေးမျှော်မှန်းချက်လည်း ရှင်းရှင်းလင်းလင်း ရှိပုံ မရသေးဘူးလို့ထောက်ပြပြီး အခုလို ဥပမာတွေ ပေးပါတယ်။

”ဒီငါးနှစ်အတွင်းမှာ ပိုက်ဆံ မြန်မြန်ရနိုင်တဲ့ ခရီးသွားကဏ္ဍကို မြှင့်တင်ပေးမယ်လို့ အစိုးရမှာ မူဝါဒရှိရင် အဲဒီကဏ္ဍနဲ့ဆက်နွှယ်နေတဲ့ အသေးစားနဲ့အလတ်စားစီးပွားရေးလုပ်ငန်းတွေ ဖွံ့ဖြိုးလာအောင် မဟာဗျူဟာချမှတ် ထောက်ပံ့ပေးလိုက်ပေါ့”

Photo – Kyaw Zayya                           ရန်ကုန်သင်္ဘောဆိပ်တွင် တွေ့ရသည့် အလုပ်သမားတချို့

ကဏ္ဍတစ်ခုချင်းအလိုက် ဖွံ့ဖြိုးတိုးတက်လာအောင်ဘယ်လိုလုပ်မယ်၊ အစိုးရက ဘယ်ကဏ္ဍကို ဦးစားပေးဖွံ့ဖြိုးအောင် လုပ်မယ်ဆိုတဲ့ အစီအစဉ် မရှိသေးဘူးဆိုတာကို SME ချေးငွေသတ်မှတ်ချက်နဲ့ ဥပမာပေးပြီး သူက ထပ်မံထောက်ပြပါတယ်။

”စက်ရုံတွေထောင်ဖို့တော့ ပြေတယ်။ ပိုက်ဆံချေးဖို့လုပ်တဲ့အခါ ကျပ်သိန်းတစ်ထောင်ထက်မပိုတဲ့ချေးငွေကို ပေးမယ်လို့ ပြောတဲ့အခါကျတော့ အဲဒီမှာ အချိတ်အဆက်မမိတာကို တွေ့ရတယ်” လို့ သူကပြောတယ်။

ဦးတင်မောင်သန်းတို့အဖွဲ့ဟာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဆိုင်ရာ သုတေသနတွေ အများအပြားလုပ်ဆောင်နေတဲ့အဖွဲ့ဖြစ်ပြီး ဒီအထဲမှာ သူတို့ အာရုံစူးစိုက်တဲ့ ကဏ္ဍတစ်ခုကတော့ အသေးစားနဲ့ အလတ်စားစီးပွားရေးလုပ်ငန်း ဖွံ့ဖြိုးရေးဆိုင်ရာ သုတေသနလုပ်ငန်းတွေ ဖြစ်ပါတယ်။

ငွေသိန်းတစ်ထောင်ဆိုတာဟာ စက်မှုလုပ်ငန်းတစ်ခုတည်ထောင်ဖို့ လုံလောက်တဲ့အရင်းအနှီးမဟုတ်သလို ကိုယ်က တက်လာစေချင်တဲ့ စီးပွားရေးကဏ္ဍရှိရင် အဲဒီလုပ်ငန်းတွေကိုပိုပြီး ထောက်ပံ့ကူညီဖို့လိုတယ်လို့ သူက ပြောပါတယ်။

စီးပွားရေးလုပ်ငန်းအမျိုးအစားအားလုံးကို ရောနှောပြီး ချေးငွေသိန်းတစ်ထောင်ချေးယူခွင့် တစ်ပြေးညီသတ်မှတ်ထားခြင်းဟာ အစိုးရထံမှာ ”မဟာဗျူဟာအရ အသေးစားနဲ့ အလတ်စားလုပ်ငန်းတွေမှာ ဘယ်ကဏ္ဍကို အဖိ၊ အဖော့ (ထောက်ပံ့ခြင်း၊ တင်းကျပ်ခြင်းမူဝါဒ) လုပ်မလဲဆိုတဲ့ မူဝါဒ မရှိတာကို ပြနေတယ်”လို့ ဦးတင်မောင်သန်းက ထောက်ပြပါတယ်။

မော်ကွန်းက တွေ့ဆုံမေးမြန်းခဲ့တဲ့ စီးပွားရေးပညာရှင်တွေကတော့ ၂ဝ၁၅ မှာ ထွက်ရှိထားတဲ့ အသေးစားနဲ့အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးရေးဥပဒေကိုယ်တိုင်က နိုင်ငံတွင်းမှာရှိတဲ့ SME လုပ်ငန်းတွေ အားလုံးကို လွှမ်းခြုံတဲ့ သဘောမျိုး မရှိဘဲ စက်မှုကဏ္ဍကို ပိုအာရုံစိုက်ထားသလို ဖြစ်နေတယ်လို့ ဆိုပါတယ်။

နိုင်ငံတကာမှာဆိုရင် အသေးစားနဲ့ အလတ်စားစီးပွားရေးလုပ်ငန်းလို့ ဆိုလိုက်တာနဲ့ စီးပွားရေးလုပ်ငန်းအားလုံး အကျုံးဝင်တယ်လို့ ဒီပညာရှင်တွေက ဆိုပါတယ်။

”လမ်းဘေး မုန့်ဟင်းခါးဆိုင်ကစပြီး ကုမ္ပဏီထောင်၊ စက်ရုံထောင် ဝန်ထမ်း ရာချီခန့်ထားတဲ့၊ သမ္မာအာဇီဝနဲ့ စီးပွားရေးလုပ်တဲ့ ဘယ်လုပ်ငန်းမဆိုကွာ၊ အဲဒါကို အသေးစားနဲ့ အလတ်စား လုပ်ငန်းတွေလို့ ခေါ်တယ်” လို့ ဦးဇော်သန်းက ပြောပါတယ်။

အခက်အခဲ၊ ပြဿနာများစွာနဲ့ ရင်ဆိုင်နေရတဲ့ ပြည်တွင်းက SME လုပ်ငန်းတွေကို နောက်ထပ် စိန်ခေါ်မှု အသစ်တစ်ခုကလည်း ဆီးကြိုနေပြန်ပါတယ်။

အဲဒါကတော့ ၂ဝ၁၈မှာ မြန်မာနိုင်ငံအတွက် စတင် အသက်ဝင်လာတော့မယ့် အရှေ့တောင်အာရှစီးပွားရေး အသိုက်အဝန်း (ASEAN Economic Community – AEC) ဖြစ်တယ်လို့ စီးပွားရေးပညာရှင်တွေက ပြောပါတယ်။ ဒီဒေသလုံးဆိုင်ရာ စီးပွားရေးဝန်းကျင်သစ်အရ အရှေ့တောင်အာရှဒေသက နိုင်ငံတွေဟာ သူတို့ရဲ့ထုတ်ကုန်တွေကို နိုင်ငံတစ်ခုနဲ့တစ်ခု ပိုမိုလွယ်ကူလျင်မြန်စွာ ကူးလူးဆက်ဆံ ရောင်းချတော့မှာ ဖြစ်ပါတယ်။

၂ဝ၁၅ မှာ စတင်တဲ့ ဒီဒေသတွင်း စီးပွားရေးဝန်းကျင်အသစ်ကို ဝင်ရောက်ဖို့ အဆင်သင့်မဖြစ်သေးတဲ့အတွက် မြန်မာ၊ လာအို၊ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်နိုင်ငံတွေက ၂ဝ၁၈ အထိ သူတို့အတွက် သတ်မှတ်ချက်ကို နောက်ဆုတ်ထားပေးဖို့ တောင်းဆိုထားတဲ့ နိုင်ငံတွေ ဖြစ်ပါတယ်။

ဦးဇော်သန်းကတော့ ဗနဃ အဝန်းအဝိုင်းကို ဝင်ရောက်ရမယ့် အချိန်က နီးကပ်လာပြီဖြစ်ပေမယ့် လက်ရှိ ပြည်တွင်းစီးပွားရေးလုပ်ငန်းတွေရဲ့ အခြေအနေဟာ ဘယ်အရာမှ အဆင်သင့်မဖြစ်သေးဘူးလို့ ဆိုပါတယ်။

”ကိုယ်တွေနိုင်ငံပဲ အသင့်ဖြစ်မနေတာ။ အခြား သုံးနိုင်ငံက ၂ဝ၁၈ အတွက် အသင့်ပြင်ထားနေနှင့်ပြီ။ ဗီယက်နမ်ဆိုရင် အဆင်သင့်ပဲ”လို့ ဦးဇော်သန်းက ပြောတယ်။

ပုံနှိပ်လုပ်ငန်းပိုင်ရှင် ဦးခင်မောင်ကြည်ကတော့ သူ့လုပ်ငန်းတိုးချဲ့ဖို့ ဘဏ်ကိုချိတ်ဆက်ကြိုးစားတာဟာ သူ့ရဲ့ စီးပွားရေးလုပ်ငန်း ကြီးထွားလာဖို့လည်း ဖြစ်သလို တစ်ဖက်ကကြည့်ရင် အလုပ်အကိုင် အခွင့်အလမ်းတွေ ပိုပြီးဖန်တီးချင်တာကြောင့်လည်း ဖြစ်တယ်လို့ ဆိုပါတယ်။

သို့ပေမဲ့ အစိုးရပိုင်းရဲ့ လုံလောက်တဲ့ပံ့ပိုးမှု မရှိ၊ ကိုယ်တိုင်ကြိုးစားတဲ့အခါမှာလည်း အခက်အခဲမျိုးစုံနဲ့ ရင်ဆိုင်နေရတဲ့ စီးပွားရေးဝန်းကျင်မှာ သူ့ရဲ့ လုပ်ငန်းဆက်လက်ရှင်သန်ဖို့ပဲ စဉ်းစားတော့တယ်လို့ ဆိုပါတယ်။

”ခေါင်းကိုက်မခံတော့ဘူး။ ထမင်းစားလို့ရပြီဆို တောြ်ပီ။ လူတွေကို အလုပ်မပေးနိုင်လည်း အရေးမကြီးတော့ဘူး” ။      ။

၂၀၁၇-နိုဝင်ဘာလထုတ်၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၅၁)မှ သတင်းဆောင်းပါး ဖြစ်ပါသည်။

ကျော်ဇေယျ ရေး၍ ဗညားကျော်ပံ့ပိုးသည်။

အမျိုးအစား - သတင်းဆောင်းပါး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."