Home အက်ဆေး ပိတောက်တစ်ခက် လွမ်းအိပ်မက်

ပိတောက်တစ်ခက် လွမ်းအိပ်မက်

95
0
THIHA 2017
ဈေးနှုန်းသက်သာစွာ ကြော်ငြာထည့်သွင်းနိုင်ပါပြီ

တောင်လေအဝှေ့မှာ ရော်ရွက်ဝါတွေက တဖြောက်ဖြောက် ကြွေကျနေတယ်။ ရှစ်ခွင်တိုင်း မှုန်ပြာရီမှိုင်းနေပေမယ့် ဆောင်းဓာတ်က ကျန်နေသေးတာမို့ ရောင်နီလာ နံနက် ခင်းတွေမှာ အအေးဓာတ်အကြွင်းအကျန်က ရှိနေသေး တယ်။ နေထန်းတစ်ဖျားရောက်တော့ နွေသရုပ်ကို လှစ်ကာ ပြလေပြီ။ ခါတိုင်းကြားနေကျ သင်္ကြန်သီချင်းတွေက ဒီနှစ် မှာ တပို့တွဲလဆန်း ရောက်သည့်တိုင် သိုးသိုးသန့်သန့် မကြားရသေး။ သင်္ကြန်ရဲ့ အရိပ်အရောင်တွေက အိပ်မောကျ နေသလား မှတ်ရတယ်။ ပိတောက်တွေ ရွှေရည်လူး ဖူးပွင့် ချင်ပေမယ့် သင်္ကြန်လက်ဆေးမိုးက မရွာသေးတော့ အဖူး အငုံ ဘဝမှာပဲ နေပြင်းတော့ ကြွေကျမြေခရရှာပြီ။

တပေါင်းလဆန်းပိုင်းရောက်မှ ထီလှည်းဆီက တူးပို့သံ စ ကြားရတော့တယ်။ ဒီခေတ်ကလေးတွေက သင်္ကြန်နဲ့ ပတ်သက် တဲ့ အာရုံခံစားမှုတွေ လျော့ကျသွားလေရော့သလား။ သင်္ကြန်က သူတို့အတွက် ရင်ခုန်သံ မမြန်တော့ဘူးနဲ့ တူပါရဲ့။ သင်္ကြန်ဒိုးသံ တွေက သူတို့ရဲ့ စိတ်နှလုံးကို သိမ်းကျုံးမဖမ်းစားနိုင်တော့ဘူး လား။ သူတို့ခေတ် သင်္ကြန်နဲ့ ကျွန်တော်တို့ ခေတ်သင်္ကြန် ဘာတွေ ကွာခြားသွားပြီလဲ။

ဈေးနှုန်းသက်သာစွာ ကြော်ငြာထည့်သွင်းနိုင်ပါပြီ

THIHA 2017

ကျွန်တော်ကတော့ ကိုယ်တွေ့ကြုံခဲ့ရတဲ့ သင်္ကြန်ကာလ တွေကိုပဲ လွမ်းမိတော့တယ်။ သင်္ကြန်က ကျွန်တော်တို့ ငယ်ဘဝ တွေကို ဖမ်းစားနိုင်ခဲ့တယ်။ ကျွန်တော်တို့ခေတ်မှာတော့ (၁၉၈ဝ ပြည့်လွန်နှစ်) ကလေး၊ လူကြီးကြိုက်ပြီး ချစ်ကြပါတဲ့ နိုင်ငံလုံးဆိုင် ရာ ပွဲတော်ကြီးတစ်ခု။ သူဌေး၊ သူကြွယ်၊ ကုန်သည်၊ လယ်လုပ်၊ ရုံး အုပ်၊ စာရေး၊ ကျောင်းသား၊ ကျောင်းသူ၊ ပင်စင်စား၊ ဈေးသည်၊ အိမ်ရှင်မ၊ မုဆိုးမ၊ အပျိုဖြန်း၊ ကပ္ပိယ၊ ကာလသားခေါင်း စတဲ့ လူ တန်းစားပေါင်းစုံ ပါဝင်ဆင်နွှဲကြတဲ့ မဟာသဘင်ပွဲတော်ကြီး။ လူ ထုအားလုံး ပါဝင်တဲ့ လူထုသင်္ကြန်စစ်စစ် ဖြစ်ခဲ့တာ အသေအချာ ပင်။ အခုခေတ်လို မဏ္ဍပ်ပေါ်က ရေပိုက်တစ်ချောင်း ကိုင်ဖို့အရေး ငွေ လေး၊ ငါးသောင်း အကုန်ခံစရာမလိုသလို လည်မယ့်ပတ်မယ့် သူတွေလည်း ငွေ လေး၊ ငါး၊ ရှစ်သောင်း အကုန်မခံခဲ့ရဘူး။ အား လုံးဟာ ပေါ့ပါးပျော်ရွှင်ခဲ့ရတဲ့ နှစ်ကာလတွေ ဖြစ်ခဲ့တယ်။

ကျွန်တော်က သင်္ကြန်နဲ့ပတ်သက်ရင် အဘွားကို အထူး တလည် သတိရမိတယ်။ သင်္ကြန်မတိုင်ခင် ခပ်စောစောကာလမှာ ကတည်းက အဘွားက သင်္ကြန်စာ ဝယ်လေ့ရှိသူ ဖြစ်တယ်။ တကယ်တော့ သင်္ကြန်စာဟာ ကျွန်တော်တို့ လူ့အဖွဲ့အစည်း အတွက် တစ်နှစ်စာ ဟောစာတမ်း မဟုတ်လား။ အဘွားတို့မျိုး ဆက်က လူတော်တော်များများ သင်္ကြန်စာကို ယုံကြည်ကိုးစား ကြတယ်။ သင်္ကြန်စာဟာ ဘုရားဟောဗျာဒိတ်တော် မဟုတ်ဘူး ဆိုပေမယ့် သူတို့မျိုးဆက်အတွက် ရှေ့ဖြစ်ဟော ဗေဒင်ဆရာ အကျော်အမော်တစ်ယောက်ပဲ။ ကောက်ပဲသီးနှံတွေ ပေါကြွယ်ဝ မယ်၊ ဆန်ရေစပါး ပေါများမယ်ဆိုတဲ့ ဟောကိန်းတွေ သင်္ကြန်စာ မှာ ပါလာပြီဆိုရင် သင်္ကြန်စာဖတ်ရင်း အဘွားမျက်နှာ ပြုံးယောင် သန်းလာတယ်။ သင်္ကြန်စာမှာ သိကြားမင်းက မြင်းပျံစီး၍ လက် ဝဲဘက်က မီးတုတ်ကိုင်ကာ လက်ယာဘက်က ဓား၊ လှံ၊ လေး၊ မြား တစ်ခုခု ကိုင်ဆင်းတယ်ဆိုတဲ့ သရုပ်ဖော်ပုံ ပါလာရင် မီးကွင်း ဂမုန်း အရှာခိုင်းတော့တာပဲ။ သိကြားမင်း မီးတုတ်ကိုင်ပြီး နတ် ပြည်က လူ့ပြည်ကို ဆင်းရင် မီးရေးထင်းရေး စိုးရိမ်စရာလို့ အဘွားက သူ့ဘာသာ ယူဆလေ့ရှိသူ ဖြစ်တယ်။

သင်္ကြန်စာပေါ်မှာ ထားတဲ့ အဘွားရဲ့ ယုံကြည်မှုက ဘယ်သူ့ ကြောင့်မှ ယိုင်နဲ့ မသွားဖူးဘူး။ ကျွန်တော်တို့ကလည်း အဘွား ယုံကြည်မှုကို ဘယ်တုန်းကမှ ပြက်ရယ်မပြုခဲ့ကြဘူး။ အဘွား အတွက်တော့ သင်္ကြန်စာဟာ တစ်ခါဖတ် မဟုတ်ဘူး။ သင်္ကြန်စာ ဖတ်ပြီးရင် အိမ်ခါးပန်းဖြစ်စေ၊ ဘုရားစင်အနီး ကြွက်လျှောက်ပေါ် က ရက်ချုပ်ဇာတာ ထည့်ထားတဲ့ ကြိမ်ခြင်းလေးထဲ ဖြစ်စေ မှတ် မှတ်ရရ သိမ်းထားလေ့ရှိတယ်။ စိတ်ကူးပေါက်တိုင်း သင်္ကြန်စာကို ထုတ်ဖတ်တတ်သူ ဖြစ်တယ်။

အခုခေတ်မှာ သင်္ကြန်စာကို အလွယ်တကူ ဝယ်လို့ ရနေပေ မယ့် သင်္ကြန်စာ ဝယ်သူတွေက သင်္ကြန်စာကို ယုံယုံကြည်ကြည် ဝယ်ကြတုန်းပဲလား။ ဘာရယ်မဟုတ် ဘာတွေ ရေးထားသလဲ သိ ချင်လို့ ဝယ်ဖတ်ကြသူတွေလည်း ရှိတယ်။ ကျွန်တော့်မိတ်ဆွေ တစ်ယောက်က သင်္ကြန်စာကို ယုံကြည်သူမဟုတ်ပေမယ့် ကြုံ ကြိုက်တိုင်း သင်္ကြန်စာ ဝယ်လေ့ရှိသူ ဖြစ်တယ်။ သူ သင်္ကြန်စာ မယုံကြည်သူမှန်း သိပေမယ့် ဘာကြောင့် သင်္ကြန်စာ ဝယ်တာလဲ စဉ်းစားမရခဲ့ဘူး။ သူ့ကို မေးကြည့်တော့လည်း အဖြေပြန်မပေးဘဲ ရယ်ကျဲကျဲသာ လုပ်နေတတ်တယ်။ သူ့အဆိုအရတော့ အလုပ် လုပ်သူတွေကို ဂုဏ်ပြုတာတဲ့လေ။

အဘွားက သင်္ကြန်စာ ဝယ်ပြီးရင် သင်္ကြန်စာမှာ ပါတဲ့ အတိုင်း လိုက်လုပ်တယ်။ သူ့မြေးတွေ ဖြစ်တဲ့ ကျွန်တော်တို့ကို လည်း သင်္ကြန်စာထဲက အတိုင်း လိုက်လုပ်စေတယ်။ အထူးသဖြင့် နှစ်ဆန်းတစ်ရက်နေ့ ရောက်ရင် တနင်္ဂနွေသားက ရာဟုဒေါင့် မျက်နှာမူပြီး နေအတက်မှာ ခေါင်းလျှော်ရမယ်တို့၊ စနေသားက အင်္ဂါဒေါင့် မျက်နှာမူပြီး မျက်နှာသစ်ရမယ်တို့ ပါလာရင် သူကိုယ် တိုင်လည်း လုပ်တယ်။ ကျွန်တော်တို့ကိုလည်း လုပ်ခိုင်းတယ်။

သင်္ကြန်စာက တောသူတောင်သားတွေအတွက် တစ်နှစ် စာ မိုးလေဝသ ခန့်မှန်းချက်ပဲ။ တောင်သူဆိုတာ မိုးကို မျှော်ကိုး ပြီး ထယ်ထိုးရ၊ ထွန်ချရ လုပ်ကြရတာ မဟုတ်လား။ မိုးဦးစောအံ့၊ မိုးလယ်ကောင်းအံ့၊ မိုးနှောင်းညံ့အံ့ဆိုတာ သင်္ကြန်စာမှာ အတိ အလင်းပါပြီးသား။ ကောက်ပဲသီးနှံတွေရဲ့ ရောင်းရေးဝယ်တာတွေ ပါ သင်္ကြန်စာမှာ ပါတတ်တော့ တောင်သူတွေအဖို့ မဝယ်မဖြစ် ပေါ့။ ဂျုံ၊ ကုလားပဲ အထွက်တိုးအံ့၊ ဆီထွက်သီးနှံ ပေါများစေအံ့ ဆိုတာတွေက တောင်သူတွေ သည်းခြေကြိုက် မဟုတ်လား။

သင်္ကြန်မှာ နောက်ထပ် လွမ်းစရာတစ်ခုက သင်္ကြန်သံချပ် တွေပါပဲ။ သံချပ်တွေက လူထုဂီတ မဟုတ်လား။ လူထုရင်ထဲက ခံစားချက်တွေကို သံချပ်သမားတွေက ဂီတအဖြစ် ထုဆစ်ပြီး ဖောက်ခွဲပေးကြတယ်။ ကျွန်တော်တို့ခေတ်မှာ နှစ်စဉ် သံချပ်ခွေ တွေ အပြိုင်းအရိုင်းထွက်တာ မှတ်မိတယ်။ အထူးသဖြင့် ကက် ဆက်ဇာတ်လမ်းတွေ ရေးကြတဲ့ မောင်ကြေးမုံတို့၊ ဂ္ထဝင်မောင် ဝိုင်းတို့ရဲ့  သံချပ်တွေပေါ့။ သံချပ်ခွေတွေလည်း အဲဒီခေတ် ထုံးစံ အတိုင်း စိစစ်ရေးတံခါးကို ဖြတ်ကြရတယ်။ A4 လျှောက်လွှာ လေးရွက်လောက်တင်မှ ဝါကျနှစ်ကြောင်းလောက်ပဲ စိစစ်ရေး လွတ်တာပေါ့။ အဲဒီတော့ ထုံးစံအတိုင်း သံချပ်စာသားမှာ စည် ပင်၊ ယာဉ်ထိန်း၊ သမဝါယမတို့က သံချပ်တွေရဲ့ ပင်တိုင်စံ သံချပ် ထိုးစရာ ဇာတ်ရုပ်တွေ ဖြစ်သွားရတော့တာပါပဲ။

သံချပ်တွေက လူတွေကို မြူးကြွစေတယ်။ ခေတ်စနစ်ကို မီးမောင်းထိုးပြတယ်။ တချို့ သံချပ်စာသားတွေက ကလော်တုတ် တာမဟုတ်ဘဲ မထိတထိနဲ့ ချစ်စဖွယ်ဖြစ်အောင် စာမြှောင်ကပ် ထားတာ ဖြစ်တော့ သံချပ်အထိုးခံရတဲ့ အဖွဲ့အစည်းတွေမှာ မအီ မလည် ခံစားကြရတယ်။ တချို့သံချပ်အဖွဲ့တွေလည်း သံချပ် အထိုးကောင်းလို့ ထောင်တန်းကျကုန်တာတွေ ရှိခဲ့တယ်။ အိန္ဒိယ နယ်စပ်ရောက် သံချပ်အဖွဲ့ကလည်း နှစ်စဉ် သင်္ကြန်နီးတိုင်း ရေဒီ ယိုတွေကတစ်ဆင့် ပြည်သူတွေကို နား၊ မျက်စိ ဖွင့်ပေးခဲ့ကြတယ်။ အခုတော့ သံချပ်အဖွဲ့တွေ ပြန်အသက်ဝင်လာပါပြီ။ ခေတ်စနစ်ရဲ့  ပျက်စီးယိုယွင်းနေတာတွေ ထောက်ပြကြဖို့ သူတို့ ပြန်လာကြ လေပြီ။

သင်္ကြန်ရောက်တိုင်း အထူးတလည် သတိရမိတဲ့သူတွေ လည်းရှိတယ်။ သူတို့က သင်္ကြန်ပျော်တွေလေ။ သင်္ကြန် မတိုင်မီ ကတည်းက သူတို့လို သင်္ကြန်ပျော်တွေကြောင့် သင်္ကြန်ပိုးတွေက ရပ်ထဲရွာထဲက လူတွေရဲ့ ရင်ထဲ ကူးစက်ကုန်တယ်။ ကြုံကြိုက်တုန်း သင်္ကြန်ပျော် ကြီးတစ်ယောက်အကြောင်း ပြောပါရစေ။ သူ က မြင်းလှည်းမောင်းတဲ့သူတစ်ယောက် ဖြစ် တယ်။ သင်္ကြန်မတိုင်မီမှာ ပွင့်တဲ့ ပိတောက် ပန်းတွေကို သူ့မြင်းရဲ့ ခေါင်းမှာ ဝေနေ အောင် ပန်ပေးတတ်တယ်။ ပိတောက် ပန်းဝါဝါတွေက သူ့မြင်း ခေါင်းမှာ ဝေနေ အောင် ထိုး ထားတဲ့ အပြင် သူ့ မြင်းလှည်း ထဲမှာလည်း ပိတောက်ပန်းတွေ ထိုးထားတတ်တယ်။ သူ့မြင်းလှည်း အရပ်ထဲ ဖြတ်သွားပြီဆိုရင် ပိတောက်ရနံ့တွေက တစ်လမ်းလုံး ကျန်ခဲ့တဲ့ အထိပါပဲ။ ရာသီအလိုက် အခြားပန်းတွေ ပေါ်ပေမယ့် ပိတောက် တစ်မျိုးကိုသာ သူ့မြင်းလှည်းမှာ အလှဆင်သူဖြစ်တယ်။ (တကယ်တော့ ပိတောက်ပန်းကြိုက်တဲ့ မြင်းလှည်းဆရာကြီးက သူ့မြင်းကို ပိတောက်တွေ ဝေနေအောင် ပန်ပေးထားပေမယ့် သူ့ မြင်းက အထီးကြီး)။

ကျွန်တော်ကိုယ်တိုင်လည်း ပိတောက်ပန်းတွေ ပွင့်ရင် ဘာ ရယ်မဟုတ် ပျော်ရွှင်မိတယ်။ ဦးဦးဖျားဖျား ပွင့်တဲ့ ပိတောက်တွေ ကို ဘုရားမှာ ကပ်လှူတယ်။ နီးစပ်ရာ မိတ်ဆွေသူငယ်ချင်းတွေကို ဝေမျှတယ်။ ကျွန်တော်တို့အိမ်နားမှာ ပိတောက်ပင်ကြီးတစ်ပင် ရှိခဲ့ဖူးတယ်။ ပိတောက်ပွင့်တဲ့နေ့တွေဆို ဈေးဖိုးရှာပေးနိုင်တဲ့အထိ တစ်ပင်လုံးဝေနေအောင် ပွင့်တဲ့ အပင်ကြီး ဖြစ်တယ်။ ပိတောက် က ကိုင်းတွေ ချိုင်ပြီး (ခုတ်ပြီး) ခူးရတဲ့အပင်။ အပင်စိုက်ချင်ရင် လည်း ပိတောက်ကိုင်းတွေကို ရေအိုးထဲ စိမ်ထားပြီး အတက် ထွက်လာမှ မြေထဲ ချစိုက်ကြရတာ။ အဲဒီပိတောက်ပင် ကြီးရဲ့ မျိုး စိတ်တွေက နေရာအနှံ့။ ပိတောက်ရိပ်အောက် မှာပဲ ကျွန်တော် တို့တစ်တွေ လူလား မြောက်ခဲ့ ကြရတယ်။

သင်္ကြန်ပျော်ကြီးတွေက သူတို့ကိုယ်တိုင် ပျော်ရုံမဟုတ်၊ ရပ်ကွက် ထဲက ကလေးလူကြီးအားလုံး ပျော်အောင် လုပ်ပေးတယ်။ သူတို့ ကြောင့် အရပ်ထဲက လူတွေ ပျော်ကြရတယ်။ အိမ်ရှေ့မှာ ကွပ်ပျစ် လေးချ၊ အုန်းလက်လေးနှစ်လက်၊ သုံးလက်ခုတ်ပြီး ထောင်ထား၊ စဥ့်အိုးတွေ၊ အင်တုံတွေထဲ ရေဖြည့်။ သူတို့မဏ္ဍပ်ရှေ့ လာသမျှ အယုတ်အလတ် အမြတ်မရွေး အကုန် ရေပက်တော့တာပဲ။ ဘုစု ခရု ကလေးငယ်တွေမို့ သားသည်မိခင်တွေက မပက်ဖို့ ပြော လည်း နည်းနည်းတော့ ပက်လိုက်ကြတာပဲ။ သူတို့တွေက ပျော် အောင်သာ စကြသူတွေ ဖြစ်တယ်။ မူးယစ်ရမ်းကား အော်ဟစ် ဆူညံတာမျိုး မလုပ်ကြဘူး။ ကိုယ့်ရပ်ကွက်လေးထဲတင် ဟိုအိမ် ဝင် ဒီအိမ်ထွက်နဲ့ ပျော်ကြသူတွေ ဖြစ်တယ်။ အော်ကြဟစ်ကြ၊ စကြနောက်ကြနဲ့မို့ ရပ်ကွက်ထဲက လူတွေလည်း သူတို့လို သင်္ကြန် ပျော်တွေကြောင့် ပျော်ကြရတယ်။

မောင်တို့ချယ်ရီမြေထဲက ဝင်းဦးလို နှုတ်ခမ်းမွေးထားပြီး ရှပ်အင်္ကျီလက်တို လက်မောင်းကျပ်ဝတ်ပြီး ဝင်းဦးစတိုင်လ်ထုတ် ပြီး အရပ်ထဲ လမ်းသလားပြတာလည်း သူတို့ပဲ။ သင်္ကြန်မိုးဇာတ် ကား အောင်မြင်တော့ သင်္ကြန်မိုးထဲက ဇာတ်ရုပ်အတိုင်း သက် ထွေး (မင်းသား ဇင်ဝိုင်း)စတိုင်လ်နဲ့ စစ်အင်္ကျီ ရှပ်လက် ရှည်ဝတ်၊ ကြက်ပေါင်ဖိနပ်စီး၊ ယောက်ျား စီးစက်ဘီးကြီး တွန်းပြီး အရပ်ထဲ ဝင်လာ တော့ ကလေးတစ်သိုက်က သက်ထွေးကွ လို့ အော်ဟစ် အားပေးခံရသူတွေ ဖြစ်တယ်။

အခုတော့ သင်္ကြန်ရောက်ပြီဆို တာနဲ့ အားလုံးက မြို့ထဲသွားဖို့ပဲ တာစူ နေကြတယ်။ ရပ်ကွက်ထဲမှာတော့ ရိပ် သာကျောင်းလေးလို ဖြစ်ပြီး တိတ်ဆိတ် ငြိမ်သက်လို့။ ကိုယ့်ထမင်းကိုယ်ရှာစား ပြီး ကြီးတော်နွား အငှားကျောင်းတဲ့ သင်္ကြန်ပျော်တွေလည်း မရှိတော့ဘူး။ သင်္ကြန်ပျော်တွေ ဘယ်ရောက်ကုန်ကြပါ လိမ့်။ ခေတ်က မတောင်းဆိုတော့လို့များ လား။ သင်္ကြန်ရောက်ရင် သင်္ကြန်စာ တစ်စောင် မဖြစ်မနေ ဝယ်ရပါဦးမယ်။ သင်္ကြန်စာထဲက  အကြောင်းအရာတွေကို မိတ်ဆွေတို့နဲ့ ဆွေးနွေးချင်ပါသေးတယ်။ သင်္ကြန်ပျော်တွေကို လိုက်ရှာပါဦးမယ်။ သူတို့နဲ့တွေ့ရင် သင်္ကြန် အကြောင်း ထွေရာလေးပါး ပြောကြမယ်။ မိတ်ဆွေ တို့ရော ဒီနှစ် သင်္ကြန် ဘယ်လို ဖြတ်သန်း ကြမလဲ။

 

၂၀၁၇-ဧပြီလထုတ်၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၄၅)မှ အမေ့ခံ ဖြစ်ပါသည်။

 

မောင်ဥယျာဉ်  ရေးသည်။

ဈေးနှုန်းသက်သာစွာ ကြော်ငြာထည့်သွင်းနိုင်ပါပြီ

LEAVE A REPLY

Please enter your comment!
Please enter your name here