Home စာအုပ်အညွှန်း ပဉ္စဂံရဲ့ သုတကလေးတို့အတွက် ရတနာသိုက်

ပဉ္စဂံရဲ့ သုတကလေးတို့အတွက် ရတနာသိုက်

425
0
Advertise Here

ကမ္ဘာကြီးပေါ်က သက်ရှိလောက။ ကျွန်ုပ်တို့ ဝန်းကျင်နဲ့ သုတဖြာဖြာ မှတ်စရာဆိုတဲ့ ကဏ္ဍသုံးရပ်နဲ့ ထွက်လာတဲ့ ‘ကလေးများအတွက် သုတရတနာသိုက်’ကို ပဉဂံစာအုပ်တိုက်က ထုတ် တာပါ။ ၈ ချိုးဆိုဒ်ပြည့် အရွယ်အစား။ ၁၈.၃ x ၂၅.၁ cm ၁၁၈ မျက်နှာ။ ကာဗာ တင်ထွဏ်း။ ၂ဝ၁၆၊ သြဂုတ်၊ ပထမအကြိမ်၊ အုပ်ရေ ၁,ဝဝဝ။ ဓာတ်ပုံရုပ်ပုံ စုံစုံလင်လင်နဲ့ပါပဲ။ အတွင်းသရုပ် ဖော်ပုံတွေကို သန့်စင်နဲ့ နော်အိမ်ခန့်တို့က ရေး ပေးထားတယ်။

ဒီစာအုပ်မျိုးက တကယ်ဆိုရင် ထွက်သင့်တာ ကြာလှပါပြီ။ လိုအပ်နေတာက နှစ်ပေါင်းများစွာ ကြာလှပါပြီ။ ကလေးတွေ အတွက်တော့ ဘယ်စာမျက်နှာကို လှန်ဖတ်ဖတ် အဆင်ပြေတယ် လေ။  စာကောင်းကောင်းမသွားတဲ့ အရွယ်ဆိုရင်လည်း ရုပ်ပုံ တွေ၊ ဓာတ်ပုံတွေ တစ်ခုချင်း ကြည့်လို့ရတယ်။ ဒါမှမဟုတ် စာဖတ်တတ်သူတစ်ယောက်ယောက်က ဖတ်ပြပေးလို့လည်း ရ တာပေါ့။ ဒါတွေဟာ များများသိထားလေ အသုံးတည့်လေလေပဲ ဆိုတာမျိုးပါပဲ။

ဒီစာအုပ်ကို ထုတ်ဝေတဲ့ ပဉဂံစာအုပ်တိုက်က ‘…ဤကမ္ဘာ မြေပေါ်တွင် လူ၊ သစ်ပင်၊ တိရစ္ဆာန်၊ ရေမြေတောတောင်၊ ရာသီ ဥတုနှင့် သဘာဝပတ်ဝန်းကျင်တို့ ဆက်စပ်နေသည်ကို ကလေး သူငယ်များ သိထားသင့်သည်။ ထိုသိထားသော ဗဟုသုတများနှင့်  လူ့အသိုက်အဝန်းတွင် ပျော်ပျော်ရွှင်ရွှင်ဖြင့် လူ့ဘောင်ကောင်း ကျိုး သယ်ပိုးပြီး အနာဂတ်နိုင်ငံကို ဖန်တီးစေချင်ပါသည်။

Advertise Here

ဤဆန္ဒမွန်များဖြင့် နိုင်ငံတကာထုတ် စာအုပ်များ၊ ပညာ ရှင်များ၏ အကြံဥာဏ်ကို ယူ၍ ယခုစာအုပ်ကို ထုတ်ဝေလိုက်ခြင်း ဖြစ်ပါသည်။ ငယ်စဉ်က စွဲလမ်းနှစ်ခြိုက်ခဲ့သည့် သုတရတနာသိုက် အမည်အား သဘောကျ၍ ယခုစာအုပ်ကိုလည်း ‘ကလေးများ အတွက် သုတရတနာသိုက်ဟု အမည်ပေးလိုက်ပါသည်’ လို့ အမှာစာရေးထားပါတယ်။  သုတရတနာသိုက်ဟာ လွန်ခဲ့တဲ့ နှစ် ပေါင်း သုံးဆယ်လောက်က ပညာရေးဝန်ကြီးဌာနက ခေါင်းစဉ် ဆယ်ခုနဲ့ ဆယ်အုပ်ခွဲပြီး ထုတ်ခဲ့တဲ့ စာအုပ်ဖြစ်ပေမယ့် ဈေးကွက် ထဲကို မရောက်ဘဲ သက်ဆိုင်ရာ မူလတန်းကျောင်း၊ အလယ်တန်း ကျောင်း၊ အထက်တန်းကျောင်းတွေကိုပဲ တစ်ကျောင်းတစ်စုံ ဈေးချိုချိုနဲ့ ဖြန့်ချိခဲ့တဲ့ စာအုပ်ဖြစ်တယ်။ အကြောင်းရပ် ၁ဝ ခုဆို တော့ ဝိဇ္ဇာရော သိပ္ပံရော ပါဝင်နေတယ်။  ကမ္ဘာကျော် Time Lite အစီအစဉ်က ထုတ်တဲ့ စာအုပ်တွဲကို ဘာသာပြန်ထားပေး ပြီး အဲဒီတုန်းကတော့ Hong Kong မှာ ပုံနှိပ်လုပ်ဆောင်ခဲ့တယ်။  စာအုပ်အရည်အသွေးကောင်းပြီး အဖိုးချိုသာတဲ့အပြင် ဖတ်ချင် စဖွယ်ဖြစ်အောင် စီစဉ်ထားလို့ စာအုပ်ရူးတွေ စွဲစွဲလမ်းလမ်းဖြစ် ရတဲ့ စာအုပ်တွေ ဖြစ်ခဲ့တယ်။ ခုနေခါမှာ ရှာမှ ရှားဖြစ်နေတဲ့အပြင် အဟောင်းဈေးကွက်မှာ တစ်အုပ်ကို ငါးထောင်လောက် ပေါက် ဈေးရှိနေတယ်။

အခု ပဉ္စဂံကျေးဇူးကြောင့် ထပ်တူထပ်မျှ မဟုတ်သည့်တိုင် ကလေးတွေအတွက် တကယ်ကို တန်ဖိုးထိုက်တဲ့ ရတနာသိုက် တစ်ခုကို ပိုင်ဆိုင်ခွင့်ရပါပြီ။ ပထမပိုင်းဖြစ်တဲ့ ‘ကမ္ဘာကြီးပေါ်က သက်ရှိလောက’ မှာ အကြောင်းအရာ ၂၈ ခု။ ဒုတိယ ‘ကျွန်ုပ်တို့ ဝန်းကျင်’မှာ အကြောင်းအရာ ၆ ခုနဲ့ တတိယ ‘သုတဖြာဖြာ မှတ် စရာ’မှာ အကြောင်းအရာ ၂၁ ခု ပါတယ်။ ဒီအကြောင်းအရာတွေ ကို တင်ဆက်ရာမှာ ဆီလျော်တဲ့ ရုပ်ပုံတွေ၊ ဓာတ်ပုံတွေကို စုံ တကာစေ့နေအောင် စနစ်တကျထည့်ပေးထားတယ်။ ဒါဟာ အာရုံအပြည့်ရအောင် ဖန်တီးထားတာ ဖြစ်တယ်။ ကလေးရဲ့ မှတ် ဥာဏ်ထဲမှာ တစ်ကြိမ်တည်း ထိတွေ့ရုံနဲ့ မှတ်မှတ်သားသား ဖြစ် သွားစေနိုင်တဲ့ ဖန်တီးမှုတွေပါပဲ။

ရုပ်ပိုင်းဆိုင်ရာ အသိပေးမှုတွေက အဓိကကျတာ သေချာ ပေမယ့် အသိတရားနဲ့ယှဉ်တဲ့ ကိစ္စတွေကိုလည်း လွယ်လွယ်နဲ့ သဘောပေါက်အောင် စီစဉ်ပေးထားတာ သဘောကျစရာကောင်း တယ်။ ကမ္ဘာမြေကြီးအကြောင်းကို ခင်းကျင်းပြနေခိုက်မှာပဲ Footnote အဖြစ် ပင်လယ်သမုဒ္ဒရာက ဆားရရှိတဲ့အကြောင်းနဲ့ ဟိမဝန္တာထဲမှာ ကမ္ဘာ့အမြင့်ဆုံး ဧဝရက်တောင်ရှိနေပုံမျိုးကို Highlight လုပ်ပေးထားတာလေးတွေဟာ ထိရောက်တယ်။ တိရစ္ဆာန်တွေရဲ့ သဘာဝတွေဟာလည်း ကလေးသူငယ်တွေရဲ့ သိလိုမှုကို ဆွဲဆောင်အားအပြည့် ဖြည့်ပေးထားတာ တွေ့ရတယ်။ အဲဒီမှာ သင်ကြားရေးအထောက်အပံ့ဖြစ်စေတဲ့ အချက်အလက် တွေကိုလည်း ဖြည့်စွက်ထားတယ်။ သားရိုင်းတိရစ္ဆာန်၊ ကျေး ငှက်၊ ရေနေသတ္တဝါ၊ အိမ်မွေးတိရစ္ဆာန်နဲ့ အင်းဆက်တွေကို မျှတ အောင် စီစဉ်တင်ဆက်ထားတယ်။ အားလုံးဟာ ရောင်စုံဓာတ်ပုံ၊ ရုပ်ပုံ ဝေဝေဆာဆာနဲ့ပေါ့။

ပြီးတော့ သစ်ပင်ပန်းမန်၊ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံ တစ်မျိုးချင်း အမည်နာမအခေါ်အဝေါ်ကို အင်္ဂလိပ်-မြန်မာနှစ်ဘာ သာနဲ့ ရှင်းရှင်းလင်းလင်းဖော်ပြထားတယ်။ နောက်ဆုံးမှာတော့ လူနဲ့ပတ်သက်တဲ့ကိစ္စ၊ ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုချင်းကို စာ ပိုဒ်တိုလေးတွေနဲ့ လိုတိုရှင်းဖော်ပြပေးထားတယ်။ ‘လူတစ်ယောက်  ရဲ့ ခန္ဓာကိုယ်ထဲမှာ ဘာတွေ ရှိသလဲ’၊ ‘အာရုံခံအစိတ်အပိုင်းများ’၊ ‘မျက်နှာအမူအရာများ’၊ ‘အလေ့အကျင့်ကောင်း’၊ ‘အမူအကျင့် ကောင်း’စတဲ့ ခေါင်းစဉ်တွေနဲ့ စိတ်ဝင်စားလောက်အောင် ရှင်းပြ ထားတာ တွေ့ရတယ်။

ဒုတိယပိုင်းဖြစ်တဲ့ ‘ကျွန်ုပ်တို့ဝန်းကျင်’ ကို နေအိမ် (မီးဖို ချောင်၊ အိပ်ခန်း၊ စာကြည့်ခန်း၊ ရေချိုးခန်း)တို့နဲ့ ဖွဲ့စည်းပြတယ်။ တွေ့ရလေ့ရှိတဲ့ အသုံးအဆောင်တွေကို ရှင်းပြတယ်။ အသုံး အစွဲများတဲ့ ပစ္စည်းတွေ၊ ခေတ်သစ်လူ့အသုံးအဆောင်တွေ၊ အိမ် တွင်းမှု အကျုံးဝင်တဲ့ ပစ္စည်းတွေ စုံနေတာပေါ့။ ပြီး တော့ လူတို့၏ အလုပ်အကိုင်၊ အသက်မွေးတဲ့လုပ်ငန်း အမျိုးမျိုးအစားစားကို ဖော်ပြပေးတယ်။ ပြီးတော့ အဝတ်အစား။ ကျား/မ  အဝတ်အစား အသုံးအဆောင်နဲ့ ရတနာပစ္စည်းတွေ စုံစုံလင်လင်ပါပဲ။

စာအုပ်ရဲ့ တတိယပိုင်းကတော့ နောက်ဆုံးပိတ် အိတ်နဲ့ လွယ်ထားတယ်။ ခေါင်းစဉ်ကလည်း ကျယ်ပြန့်တယ်လေ။ ‘သုတ ဖြာဖြာ မှတ်စရာ’တဲ့။ လမ်းစည်းကမ်း၊ ယာဉ်စည်းကမ်းက စ တယ်။ ယာဉ်အသုံးပြုမှုစည်းကမ်းလည်း ပါတာပေါ့။ ပြီးတော့မှ ယာဉ်ငယ်အမျိုးမျိုး၊ ယာဉ်ကြီးအသီးသီး။ ကုန်းလမ်း၊ ရေလမ်းနဲ့ လေကြောင်းသွား ယာဉ်တွေ၊ ရေအောက်သွားယာဉ်တွေ စ သဖြင့် ရှပ်ပြေးယာဉ်ပါ ပါသေးတာ။ အာကာသလွန်းပျံယာဉ် တောင် ပါသေးတယ်။

အဲသဟာပြီးတော့ တူရိယာပစ္စည်း အမျိုးမျိုးကို တွေ့ရ တယ်။ ကြေး၊ ကြိုး၊ သားရေ၊ လေ၊ လက်ခုပ်တွေပေါ့။ ခေတ်ပေါ် တူရိယာတွေ၊ အနောက်တိုင်းတူရိယာတွေ၊ အရှေ့တိုင်း တီးမှုတ် ကြတဲ့ ကိရိယာတွေအများကြီးပါပဲ။ တစ်ဆက်တည်းမှာတော့ နိုင်ငံတကာ ဂီတပညာရှင်တွေ၊ နိုင်ငံတကာ ရိုးရာကနည်းကဟန် တွေ၊ အားကစားအခေါ်အဝေါ်တွေ၊ ချီးမြှင့်ခဲ့တဲ့ ဆုဖလားတွေ၊ တံဆိပ်ပြားတွေ၊ ဒိုင်းဆုကြီးတွေလည်း ပါပါရဲ့။ ထင်ရှားကျော် ကြားတဲ့ ဆယ်လီဘရီတီ စပို့စ်မင်းတွေရဲ့  လူစာရင်း၊ အိုလံပစ်ပွဲ၊ ပါဝင်တဲ့ အားကစားနည်းတွေ၊ ရုပ်ပုံသင်္ကေတတွေကို မျက်နှာ ပြည့်ကွက်လပ်မရှိ ထည့်သွင်းစီစဉ်ပေးထားတယ်။

နောက်ဆုံးကဏ္ဍမှာ ဘာသာတရားနဲ့ယုံကြည်ရာ။ မြန်မာ လူမျိုးစု အချို့။ မြန်မာ့ဆယ့်နှစ်လရာသီပွဲတော် အခမ်းအနားတွေ၊ နေ့ထူးနေ့မြတ်တွေနဲ့ အပြီးသတ်မှာ ကိန်းဂဏန်းနဲ့ အရေအတွက် စသဖြင့် စုစည်းတင်ဆက်ပေးထားတယ်။

စာအုပ်ဈေးကွက်မှာ ဒီဘက်ကာလ အတောအတွင်း  (စာပေစိစစ်ရေး ပိတ်သိမ်းသွားချိန်က စလို့) စာအုပ်ထွက်နှုန်းမြင့် လာတယ်။ အမျိုးအစားကွဲပြားစွာ ထွက်ရှိလာတယ်။ အရေ အတွက်အမြောက်အမြား အရောင်းဆိုင်တွေပေါ်ကို တက်လာ တယ်။ ဆိုင်ပိုင်ရှင်တွေ ခင်းရကျင်းရ ခက်လာတယ်။ ထိန်းရသိမ်း ရခက်၊ သိုရလှောင်ရခက်။ အရောင်းဆိုင်တွေက စာအုပ်တွေကို လုံလောက်အောင် ခင်းကျင်းပြသ မပေးနိုင်ဘူး။ ဖြစ်သလို လွယ် သလို၊ အဆင်ပြေသလိုသာ ခင်းကျင်းကြရတယ်။ စိတ်တိုင်းကျ စီစဉ်ထားသို ခင်းကျင်းလို့ မရပေဘူးပေါ့။  Children’s Corner  ဆိုတာမျိုး ထားပေးဖို့ဆိုရင် တော်တော်အားထုတ်ကြရမယ်။ ရန်ကုန်လို၊ မန္တလေးလို မြို့ကြီးများမှာတောင် စာအုပ်ဆိုင်က လောက်လောက်လားလား မရှိတတ်သေးဘူးလေ။

တကယ်တော့ ကလေးစာပေ ထုတ်ဝေမှုလုပ်ငန်းဟာ အခု ထက်ပိုပြီး ဖွံ့ဖြိုးဖို့လိုနေတာအမှန်ပါပဲ။ တကယ် စစ်မှန်တဲ့၊ တကယ်စေတနာထားတဲ့၊ တကယ်လိုအပ်နေတဲ့ ကလေးစာပေ စာအုပ်တွေ သည့်ထက်သည် ပိုပြီးထုတ်ဝေလာနိုင်တာနဲ့အမျှ သူ တို့ကြီးစိုးမယ့် တိုင်းပြည်အနာဂတ်ဟာ ပိုပြီးဝင်းပတောက်ပြောင် ထက်မြက်လို့ နိုင်ငံတကာမှာ ဝင့်ကြွားနိုင်တဲ့ဘဝနဲ့ လက်မထောင် နိုင်မယ်ဆိုတာ အသေအချာပါ။ ဆရာအောင်သင်း စကားနဲ့ နိဂုံး ချုပ်ရမယ်ဆိုရင်တော့ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ တိုင်းပြည်ကို တစ်နေ့နေ့မှာ သူတို့လက်ထဲ အပ်ရတော့မှာပဲလေ။

ကလေးတို့အတွက် သုတရတနာသိုက်တွေ ဆက်တိုက် တွေ့ ခွင့်ရပါရစေ။        ။

၂၀၁၆-အောက်တိုဘာလထုတ်၊မော်ကွန်းမဂ္ဂဇင်း အမှတ်(၃၉)မှ စာအုပ်အညွှန်း ဖြစ်ပါသည်။

သင့်နော် ရေးသည်။

Advertise Here

LEAVE A REPLY

Please enter your comment!
Please enter your name here