Illustration – MAUNG NOE
လူတွေ ယာဉ်တွေ ဈေးဆိုင်တွေ အလွန်ရှုပ်ထွေးပြီး
ပျားပန်းခပ် လှုပ်ရှားစည်ကားနေတဲ့
မြို့လယ်ကောင် နေ့လယ်ကြောင်တောင်တစ်ခု။
အဲဒီအချိန် အဲဒီနေရာဒေသထဲ
ထင်မှတ်မထားတဲ့ အချိန်အခါမဟုတ် မိုးက
ဝေါခနဲ ရုတ်တရက် ရွာသွန်းချလိုက်ပေရာ။
ပုရွက်ဆိတ်အုံကို တုတ်နဲ့ သွားထိုးဆွလိုက်သလိုမျိုး
လူတွေခမျာ ဟိုဟိုဒီဒီ ပြေးလွှားလို့ ဆူဆူညံ
မူလဟန်တွေ ပျက်ကာ ရုတ်ရုတ်သဲသဲ ဖြစ်သွားကြ။
လမ်းဘေးဈေးသည်တစ်ယောက်ဟာ
ပလက်ဖောင်းပေါ်က ပစ္စည်းတွေကို အမြန်ကောက်သိမ်းနေတုန်း
ပြေးလာသူတစ်ယောက်က မျက်မှန်တွေကို တက်နင်း။
ဖြူသွယ်သွယ် ကောင်မလေးတစ်ဦးပေါ့
သူ့ဘေးလွယ်အိတ်ထဲက ခေါက်ထီးကို ယူပြီး ဆွဲကာ အဖွင့်
မျက်နှာချင်းဆိုင်က လာသူရဲ့ မျက်နှာကို ထိုးမိ။
၇ လွှာမှာ နေတဲ့ အိမ်ရှင်မတစ်ယောက်က
ဝရန်တာမှာ လှမ်းထားတဲ့ အဝတ်တွေကို ခပ်သုတ်သုတ် ရုပ်ရင်း
ပန်းစိုက်အိုးဟာ အောက်ကို မတော်တဆ ပြုတ်ကျ။
ရပ်ထားတဲ့ ဘတ်စ်ကားပေါ် လူတွေ စုပြုံတိုးတက်နေဆဲ
အရှိန်ပြင်းပြင်းမောင်းထွက်လာတဲ့ ဆလွန်းကားတစ်စီးက
မီးနီပြထားတဲ့ မီးပွိုင့်တိုင်ကို ဝင်တိုက်။
အဖမ်းခံထားရတဲ့ လူဆိုးဟာ အခွင့်ကောင်းယူလို့
ရဲအရာရှိ ခါးမှာ ချိတ်ထားတဲ့ သေနတ်ကို လုယူဆွဲဖြုတ်
ပြီး အဲဒီ ရဲအရာရှိကို ချိန်လို့ ခလုတ်ဆွဲညှစ်ခဲ့။
ဟုတ်ကဲ့၊ နေ့ခင်းကြောင်တောင် မြို့လယ်ကောင်မှာ
အချိန်အခါမဟုတ်တဲ့ မိုးက ရုတ်တရက် ရွာသွန်းသွား
ကျန်တာတွေကိုတော့ ကိုယ့်ဘာသာ ဆက်စဉ်းစားကြည့်ပါလေ။
(၇.၁.၂ဝ၁၇)
၂၀၁၇-ဖေဖေါ်ဝါရီလထုတ်၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၄၃)မှ ကဗျာ ဖြစ်ပါသည်။
မင်းထက်မောင် ရေးသည်။