Home ပုံရိပ်လွှာ စည်သူဦးသော်ကောင်းရဲ့ စာကြည့်တိုက်ထဲက ဘဝ

စည်သူဦးသော်ကောင်းရဲ့ စာကြည့်တိုက်ထဲက ဘဝ

46
0
ဓာတ်ပုံ-ကျော်လင်းထွန်း/မော်ကွန်းမဂ္ဂဇင်း

ဝင်ဒါမီယာထဲရှိ ကျယ်ဝန်းသော ခြံကြီးတစ်ခုတွင်း မှ ဦးသော်ကောင်းနေအိမ်မှာ ဆိတ်ငြိမ်အေးချမ်း လှသည်။ နေအိမ်တွင်း ဝင်မိသည်နှင့် အိမ်ပေါ်ထပ် အတက်လှေကား ဘေးပေါင်တစ်လျှောက်နှင့် ဧည့်ခန်းအတွင်း ပြန့်ကြဲလျက်ရှိသော စာအုပ်ပုံ များက ဆီးကြိုနေသည်။

ယင်းစာအုပ်များကို ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်နှင့် တက္ကသိုလ်များ ဗဟိုစာကြည့်တိုက်သို့ လှူဒါန်းရန် စီစဉ်နေခြင်း ဖြစ်ပြီး သားဖြစ်သူ၏ စာအုပ်ဆိုင်မှ ဝန်ထမ်းများအကူအညီဖြင့် ကတ်ထူပုံများထဲ စနစ်တကျ ခွဲထည့်နေသော စာအုပ်များအနက် အမျိုးအမည်စုံလင်ကာ တန်ဖိုးကြီးမြင့်သည့် အင်္ဂလိပ်စာအုပ်တို့ က အများဆုံး ဖြစ်သည်။

ညင်သာသည့်လေသံမှာ အသက်အရွယ်အရ တုန်ယင်မှု မျိုး မရှိသေး။ ငယ်ရွယ်သူတို့နှင့် စကားပြောချိန်တိုင်း ‘ဆရာ က…’ ဟု မိမိကိုယ်ကိုယ် ရည်ညွှန်းပြောဆိုသော စည်သူဦးသော် ကောင်းသည် သူ၏ သမီးအရွယ်သာ ရှိသည့်  အိမ်အကူအမျိုးသမီး ကြီးကိုမူ နာမည်ရှေ့က ‘မ’ တပ်ခေါ်ကာ လိုအပ်သည်များ ခိုင်းစေ ညွှန်ကြားတတ်သည်။

ဓာတ်ပုံ-ကျော်လင်းထွန်း/မော်ကွန်းမဂ္ဂဇင်း

အိမ်ဝင်ပေါက်တည့်တည့်မှ ထမင်းစားပွဲကြီးအနီးရှိ ပက် လက်ကုလားထိုင်ပေါ်တွင် သူ၏ဇနီးက Tablet Mobile ဖုန်းဖြင့် အွန်လိုင်းလူမှုကွန်ရက်တစ်ခုဖြစ်သော Facebook အသုံးပြု   နေသည်။

ဦးသော်ကောင်းကတော့ မိုဘိုင်းလ်ဖုန်းမကိုင်သလို နေ အိမ်တွင် ကွန်ပျူတာပင် မထားရှိ။ အသက် ၈ဝ ရှိပြီ ဖြစ်သော် လည်း  အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီ၏ ဥက္ကဋ္ဌ၊ စွယ်စုံကျမ်း အနှစ်ချုပ်ထုတ်ဝေရေး အတွက်လည်း ဥက္ကဋ္ဌ စသည်ဖြင့် တာဝန်များစွာအပြင် နေ့စဉ် စာရေးစာဖတ်ခြင်းတို့ဖြင့် လည်း မအားလပ်ရာ ကွန်ပျူတာရှေ့ ထိုင်ပြီး အချိန်ပွန်းပဲ့မခံနိုင်ဟု သူက ဆိုသည်။

၂ဝ၁၂ တွင် စည်သူဘွဲ့ ရရှိခဲ့သော ဦးသော်ကောင်းသည် ရန်ကုန်တက္ကသိုလ်ရှိ မြန်မာနိုင်ငံ၏တစ်ခုတည်းသော တက္ကသိုလ် များ ဗဟိုစာကြည့်တိုက်တွင် စာကြည့်တိုက်မှူးအဖြစ် ၁၉၆၉ တွင် စတင်လုပ်ကိုင်ခဲ့ပြီး ၁၉၇၁ ၌ စာကြည့်တိုက်ပညာ သင်ကြား ရေး ဌာနကို ပထမဆုံး ဦးဆောင်တည်ထောင်သူလည်း ဖြစ်သည်။

လန်ဒန်တက္ကသိုလ်နှင့် စာကြည့်တိုက်ပညာ
လွတ်လပ်ရေးခေတ်နှင့် ပါလီမန်ဒီမိုကရေစီခေတ်များတွင် စည်သူဘွဲ့ရ ပညာမင်းကြီးအဖြစ် ထင်ရှားသည့် ဦးကောင်း၏ သားလည်းဖြစ်သော ဦးသော်ကောင်းသည် အသက် ၂၃ နှစ် အရွယ်တွင် အင်္ဂလန်နိုင်ငံ၊ လန်ဒန်တက္ကသိုလ်တွင် စာကြည့်တိုက် ပညာကို သွားရောက်လေ့လာ ဆည်းပူးခဲ့သည်။

ငယ်စဉ်အခါက မွေးရာပါ ရိုးဆက်ရောင်ရမ်းနာ (Arthritics) ဝေဒနာကို ခံစားခဲ့ရ၍ အခြားကလေးများလို ပြေးလွှား ဆော့ကစားနိုင်ခြင်း မရှိရာ စာအုပ်များကသာ သူ့အတွက်အဖော် ဖြစ်ခဲ့သော ဦးသော်ကောင်းသည် ရန်ကုန်တက္ကသိုလ်မှ အင်္ဂလိပ် စာဂုဏ်ထူးတန်း အောင်သည့် ၁၉၅၉ ခုနှစ်မှာပင် ကွယ်လွန်သူ ဖခင် ဆန္ဒအရရော မိမိ၏ဝါသနာအလျောက်ပါ ရန်ကုန် တက္ကသိုလ် စာကြည့်တိုက်တွင် လက်ထောက်စာကြည့်တိုက်မှူး အဖြစ် လျှောက်ထားကာ အလုပ်ခန့်သည့်နှင့် ဝင်ရောက်လုပ် ကိုင်ခဲ့သည်။

ထိုအချိန်က စာကြည့်တိုက်မှူးအဖြစ် တာဝန်ယူထားသူ မှာ နိုင်ငံကျော်စာဆိုတော်ကြီး ဆရာဇော်ဂျီ ဖြစ်သည်။ စာအုပ် များကိုသာ တစ်ဘဝလုံး အဖော်ပြုခဲ့ရသည့် ဦးသော်ကောင်းကို ဖခင်ဖြစ်သူက အထက်တန်းကျောင်းသား အရွယ်မှာပင် ဆရာ ဇော်ဂျီနှင့် မိတ်ဆက်ပေးခဲ့ခြင်း ဖြစ်သည်။

”ဆရာဇော်ဂျီကို ဆရာအင်မတန် လေးစားတယ်၊ လက် အောက်ငယ်သားအပေါ် အရမ်းကြည့်ရှုတယ်၊ ဘယ်တော့မှ ဆူ တယ်ပူတယ်ဆိုတာ မရှိဘဲ သင်ကြားပြသပေးတယ်”ဟု ဦးသော်ကောင်းက ဆိုသည်။

လက်ထောက်စာကြည့်တိုက်မှူးဘဝအစတွင် လစဉ်ထွက် ရှိသော စာအုပ်များကို စာကြည့်တိုက်အတွက် ဝယ်ယူရခြင်း၊ စာရင်းပြုစုရခြင်းတို့ လုပ်ကိုင်ရသည်။ ဆရာဇော်ဂျီ၏ သင်ကြား ပြသမှုဖြင့် ဦးသော်ကောင်းမှာ ပေစာ၊ ပုရပိုက်စာများအား ဖတ်ရှု နိုင်လာသည်။

လက်ထောက်အဖြစ် လုပ်ကိုင်ပြီး လအတန်ငယ်အကြာ တွင် လန်ဒန်တက္ကသိုလ်ဝင်ခွင့် ဖြေဆို အောင်မြင်၍ စာကြည့် တိုက်ပညာ လေ့လာရန် အင်္ဂလန်သို့ သွားရောက်ခဲ့သည်။ ထို့ နောက် လန်ဒန်တက္ကသိုလ်မှ ချီးမြှင့်သည့် စာကြည့်တိုက်ပညာ ဘွဲ့လွန် ဒီပလိုမာရရှိခဲ့ပြီး အင်္ဂလန်ရှိ Associate of the Library Association (ALA) စာကြည့်တိုက်အသင်းကြီး၏ တော်ဝင်အသိအမှတ်ပြု စာကြည့်တိုက်မှူး (Chartered Librarian) အဖြစ် ရွေးချယ်ခြင်းခံခဲ့ရသည်။ပညာတော်သင်ပြီးနောက် ရန်ကုန်တက္ကသိုလ် စာကြည့် တိုက်ကို ပိုမိုခေတ်မီ တိုးတက်အောင် လုပ်ဆောင်ရန် ဆရာ ဇော်ဂျီပြုစုထားသည့် စာစုစာရင်းအပေါ် အခြေခံပြီး ပိုကောင်း၊ ပိုခေတ်မီ၊ ပိုတိုးတက်လာအောင် အကြံဉာဏ် တစ်ပွေ့တစ်ပိုက် ဖြင့် မြန်မာနိုင်ငံသို့ ပြန်လာသည်။

နဂိုစာကြည့်တိုက်ကြီးမှာ ဒုတိယကမ္ဘာစစ်အတွင်းက စစ်ဘေးဒဏ်သင့်၍ ပြိုပျက်ခဲ့ခြင်းဖြစ်ရာ လက်ရှိစာကြည့်တိုက် အဆောက်အအုံသည် ၁၉၅ဝ ပြည့်နှစ်ကမှ ပြန်လည်တည် ဆောက်ပြီးစီးခဲ့ခြင်း ဖြစ်သည်။ ဆရာဇော်ဂျီက တတ်နိုင်သမျှ စာအုပ်များ စုံလင်အောင် ကြိုးပမ်းထားသည်။ ဦးသော်ကောင်း အနေဖြင့် စာအုပ်များ ပိုမိုပြည့်စုံအောင် ဖြည့်တင်းလိုသည်။

သို့ရာတွင် စာကြည့်တိုက်အဆောက်အအုံက မကျယ်ဝန်း၊ ထို့ကြောင့် ပေ၊ ပုရပိုက်ဌာန၊ ရှားပါးစာပေဌာနနှင့် စာအုပ်များ၊ ပေစာများကို ဓာတ်ပုံရိုက်ကူးပြီး ကော်ပီထုတ်ယူနိုင်သည့် မိုက် ခရိုဖလင်ဌာန စသည့် ဌာနစိတ်များကို ချဲ့ထွင်နိုင်ခြင်း မရှိသကဲ့ သို့ စာရှာသူများ သက်သောင့်သက်သာရှိစေရန် နေရာထိုင်ခင်းမှ အစ လေအေးပေးစက် တပ်ဆင်ခြင်းအထိ ပြုပြင်စရာများက တပုံတပင် ရှိနေသည်။

စစ်အုပ်ချုပ်ရေးနှင့် ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်

သို့သော် ရန်ကုန်ပြန်ရောက်ပြီး နှစ်လအကြာမှာတော့ အခြေအနေအားလုံးက ရုတ်ခြည်းပြောင်းလဲသွားသည်။ ၁၉၆၂၊ မတ်တွင် ဗိုလ်ချုပ်နေဝင်းက အာဏာသိမ်းယူလိုက်သည်။ ကျောင်းပိတ်ရာသီဖြစ်၍ သုံးလခန့် ကျောင်းသားများမရှိကြ။

ဇွန်ရောက်မှ စာမေးပွဲရှိ၍ သင်ကြားရေးအတန်းများ ပြန် လည်ဖွင့်လှစ်ခဲ့ကြပြီး ကျောင်းသားများ စုဝေးလာခဲ့ခြင်းဖြစ် သည်။ ကျောင်းသားများနှင့် စစ်တပ်တို့အကြား အဓိကရုဏ်း များဖြစ်ပွားခဲ့ပြီး ဇူလိုင် ၇ ရက်တွင် ကျောင်းသားသမဂ္ဂ အဆောက်အအုံ ဖောက်ခွဲဖြိုခွင်းမှု ဖြစ်ပွားခဲ့သည်။

ယင်းသို့ဖြစ်ပွားပြီးနောက် တော်လှန်ရေး ကောင်စီအစိုးရ က ရန်ကုန်တက္ကသိုလ်ကို ပိတ်ထားလိုက်ပြီး နှစ်နှစ်အကြာမှ ပြန် လည် ဖွင့်လှစ်ပေးခဲ့သည်။

တက္ကသိုလ်ပိတ်ထားသော်လည်း စာကြည့်တိုက်ကတော့ ဆက်ဖွင့်ထား၍ ဦးသော် ကောင်းမှာ ပုံမှန်ကျောင်းလာရသည်။ သင်ကြားရေးပိုင်းဌာနများမဖွင့်သော်လည်း ကျမ်းပြုစုနေသူ များနှင့် ကျောင်းသူ၊ ကျောင်းသားအချို့က စာကြည့်တိုက်သို့ လာ ရောက်ကြသည်။

အာဏာသိမ်း စစ်အစိုးရ တက်လာပြီး တိုင်းပြည်လည်း အပြောင်းလဲကြီး ပြောင်းလဲခဲ့သလို တက္ကသိုလ်လည်း အကြီး အကျယ် ပြောင်းလဲခဲ့သည်။ တက္ကသိုလ်ပြန်လည် ဖွင့်လှစ်ချိန် တွင် မဟာဌာနများ အားလုံးကို အပိုင်းပိုင်းခွဲထုတ်ကာ သီးသန့် တက္ကသိုလ်များအဖြစ် သတ်မှတ်လိုက်သည်။

လက်ရှိ ရန်ကုန်ဆေးတက္ကသိုလ်၊ စီးပွားရေးတက္ကသိုလ်၊ ပညာရေးတက္ကသိုလ်စသည်တို့မှာ ထိုသို့ ခွဲထုတ်ခြင်းခံခဲ့ရသည့် ယခင်က ရန်ကုန်တက္ကသိုလ်ကြီး၏ မဟာဌာနများ ဖြစ်ကြသည်။

ထို့အပြင် ကနဦးတွင် တက္ကသိုလ်အားလုံးကို ပညာရေးဝန်ကြီး ဌာနအောက်တွင်သာ ထားရှိခဲ့သော်လည်း နောက်ပိုင်းတွင် ဆေး တက္ကသိုလ်ကို ကျန်းမာရေးဝန်ကြီးဌာအောက်သို့ ထားရှိခြင်းကဲ့ သို့ သင်ကြားသည့် အထူးပြုဘာသာရပ်အလိုက် သက်ဆိုင်သည့် ဝန်ကြီးဌာနများအောက်သို့ ရောက်ရှိသွားကြသည်။

ထို့အပြင် အခြားကဏ္ဍများနည်းတူ ပညာရေးတွင်လည်း နိုင်ငံခြားနှင့် အဆက်အသွယ်ဖြတ်တောက်ခံရ၍ စာကြည့်တိုက် အတွက် အဓိကအခက်အခဲမှာ နိုင်ငံခြားတက္ကသိုလ်များမှ စာ အုပ်များကို တိုက်ရိုက်ဝယ်ယူနိုင်မှု မရှိတော့ခြင်း ဖြစ်သည်။

၁၉၆၄ တွင် တက္ကသိုလ်ကို ပြန်လည်ဖွင့်လှစ်ခဲ့သော်လည်း သင်ကြားရေးမဏ္ဍိုင်က အင်္ဂလိပ်စာ မဟုတ်တော့ဘဲ မြန်မာစာ သို့ ပြောင်းလဲလိုက်သည်။ ဦးသော်ကောင်းတို့ တက်ခဲ့ရသည့် အင်္ဂလိပ်စာမဟာဌာနကိုလည်း အစိုးရက နှိမ့်ချစေခဲ့၍ အင်္ဂလိပ် စာကို အထူးပြု အဓိကဘာသာရပ်အဖြစ် ရန်ကုန်တက္ကသိုလ်၌ သင်ယူနိုင်ခြင်း မရှိတော့ပေ။ တက္ကသိုလ်ဘာသာပြန်နှင့် စာအုပ် ထုတ်ဝေရေးဌာနက သင်ရိုးများ အားလုံးအတွက် ဘာသာရပ် စာအုပ်များကို မြန်မာလို ပြန်ဆိုထုတ်ဝေပေးရသည်။

”ဒီလို ဘာသာပြန်ပြီး ရေးကြရတော့ တကယ့်စာအုပ် ကောင်းတွေ ဖြစ်မလာဘူး။ သင်လို့ရရုံလောက်ပဲ။ တချို့ ဝေါဟာရ တွေ သိပ္ပံဘက်မှာဆို (မြန်မာလို) မရှိဘူး”ဟု ဘာသာပြန်နှင့် စာအုပ်ထုတ်ဝေးရေးဌာန လုပ်ငန်းကော်မတီများတွင်လည်း ဝိုင်းဝန်းကူညီခဲ့ရသည့် ဦးသော်ကောင်းက ရှင်းပြသည်။

ဓာတ်ပုံ-ကျော်လင်းထွန်း/မော်ကွန်းမဂ္ဂဇင်း

မြန်မာလိုသာ သင်ကြားရေး စာကြည့်တိုက်တွေ အလှမ်းဝေး

တက္ကသိုလ်တွင် မြန်မာလိုသာ သင်ကြားရမည်ဟူသော သင်ကြားရေးမဏ္ဍိုင်ပြောင်းလဲမှုဂယက်က ကျောင်းသားများ၏ စာကြည့်တိုက် အသုံးပြုရေးအသိကို ကျဆင်းသွားစေသည်ဟု သူကဆိုသည်။

စစ်ဒဏ်ခံခဲ့ရသည့် စာကြည့်တိုက်ကို နိုင်ငံတကာအဆင့်မီ တက္ကသိုလ်စာကြည့်တိုက်အဖြစ် ဆရာဇော်ဂျီက ပြန်လည်တည် ထောင်ခဲ့စဉ်ကတည်းက စုဆောင်းလာသည်မှာ အင်္ဂလိပ်စာအုပ် သာ အများစုဖြစ်သည်။

မြန်မာလိုသင်ကြားသော စနစ်သစ်ကြောင့် ကျောင်းသား အများစုမှာ အင်္ဂလိပ်လိုဖတ်ရှုနိုင်စွမ်းမရှိတော့ဘဲ တစ်ချိန်တည်း တွင် ဘာသာရပ်အလိုက်ထားရှိရမည့် စာအုပ်များအနက် သင်ရိုး ဖတ်စာမျှကိုသာ မြန်မာဘာသာဖြင့် ထုတ်ဝေကြရာ အင်္ဂလိပ် စာအုပ်တို့သာ အများဆုံးစုဝေးသော စာကြည့်တိုက်တို့နှင့် ကျောင်းသားများ တဖြည်းဖြည်း ဝေးကွာလာခဲ့သည်။

တက္ကသိုလ်စာကြည့်တိုက်များသာမက တက္ကသိုလ်ပြင်ပ အကြား အသင်းအဖွဲ့မှ ဖွင့်လှစ်ထားသော စာကြည့်တိုက်များမှာ လည်း စာကြည့်တိုက်နှင့် ပုံနှိပ်ထုတ်ဝေရေး ဥပဒေသစ်အရ တင်း ကျပ်မှုများ ရှိ၍ ပိတ်သိမ်းသွားကြသည်။

သံရုံးများမှဖွင့်လှစ်ထားသည့် ဗြိတိသျှကောင်စီ၊ အမေရိ ကန်စင်တာနှင့် နိုင်ငံခြားသား ကြီးကြပ်သော မည့်သည့် စာကြည့် တိုက်မဆို လုံးဝဖွင့်လှစ်ခြင်းမပြုရန် ကန့်သတ်လိုက်သည်။ ထို့ အပြင် စာပေစိစစ်ရေးလည်း ပေါ်ပေါက်လာရာ စာကြည့်တိုက် များတွင် ၄င်းတို့ ခွင့်ပြုပေးသော စာအုပ်များကိုသာ ထားရှိခွင့်ပြု တော့သည်အထိ ထိန်းချုပ်ခံလာရသည်။

”ဆိုရှယ်လစ်ဝါဒနဲ့သွားရင် အားလုံးက အစိုးရကပဲ ကိုင် တော့ ပုဂ္ဂလိကဆိုင်တွေလည်း မရှိတော့ဘူးလေ။ အားလုံးက ပြည်သူ့ဆိုင်တွေချည်းပဲ။ အဲဒါကြောင့် ဆင်းရဲကုန်တာပေါ့”ဟု ဦးသော်ကောင်းက သူဖြတ်သန်းခဲ့ဖူးသော မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ်ကို သုံးသပ်သည်။

ဆရာဇော်ဂျီ အငြိမ်းစားယူမည့် ၁၉၆၇ မတိုင်မီတွင် ရန် ကုန်တက္ကသိုလ်စာကြည့်တိုက်ကို တက္ကသိုလ်များ ဗဟိုစာကြည့် တိုက်ဟု အစိုးရက အမည်ပြောင်းလဲခဲ့သည်။ ဆရာဇော်ဂျီ အငြိမ်းစားယူပြီး နှစ်နှစ်အကြာမှာတော့ ဦးသော်ကောင်းသည် တက္ကသိုလ်များဗဟိုစာကြည့်တိုက်၏ စာကြည့်တိုက်မှူး ဖြစ်လာသည်။

တက္ကသိုလ်များ ဗဟိုစာကြည့်တိုက်ဆိုသည်မှာ တက္ကသိုလ် တိုင်းရှိ စာကြည့်တိုက်၏ ပညာရပ်ပိုင်းဆိုင်ရာကို စီမံကွပ်ကဲပေး ရမည် ဖြစ်သော်လည်း လက်တွေ့တွင် ဝန်ထမ်းမလုံလောက်၍ ထိုသို့လုပ်ကိုင်နိုင်ခြင်း သိပ်မရှိခဲ့ပေ။ စာကြည့်တိုက်မှူး စဖြစ်ဖြစ် ချင်းနှစ်မှာပင် ပထမဆုံး ခေါင်းခဲရသောကိစ္စမှာ ကျောင်းသား များ၊ သုတေသနလုပ်နေသူများနှင့် ကျမ်းပြုစုသူများအတွက် လိုအပ်သော အင်္ဂလိပ်စာအုပ်များ ရရှိရေးဖြစ်သည်။

”ကျောင်းသားတွေမှာ Library ကို အသုံးပြုရမယ်ဆိုတဲ့ အသိက ကျသွားတယ်။ ဆရာတို့ကလည်း စာအုပ်အသစ်တွေ မသွင်းနိုင်တော့ဘူး”ဟု ဦးသော်ကောင်းက ဆိုသည်။

စာအုပ်များကို အရင်ကလို နိုင်ငံခြားမှ တိုက်ရိုက်မှာ၍ ဝယ်ယူခွင့် မရတော့ပေ။ သခင်ကျော်စိန်၏ ပြည်သူ့စာပေ စာအုပ် တိုက်ကို ပြည်သူပိုင်သိမ်း၍ ဖွင့်လှစ်ထားသည့် ကုန်သွယ်ရေး ၉  ဟု ခေါ်သော ဌာနမှတစ်ဆင့်သာ နိုင်ငံခြားစာအုပ်များကို မှာယူ ရသည်။ ယင်းသို့ မှာယူရာတွင်လည်း စာပေစိစစ်ရေးမှ ခွင့်ပြု သော စာအုပ်များကိုသာ မှာယူနိုင်ခဲ့သည်။

ဆိပ်ကမ်းသို့ရောက်သည်နှင့် စာအုပ်ထုပ်များကို အာဏာ ပိုင်များ၊ ထောက်လှမ်းရေးများနှင့် စာပေစိစစ်ရေးတို့က ဖြေ ကြည့်ပြီး ကန့်သတ်တားမြစ်ထားသည့် စာအုပ်များပါဝင်ပါက သိမ်းယူထားကြသည်။

ထိုအချိန်က တက္ကသိုလ်များဗဟိုစာကြည့်တိုက်အတွက် အစိုးရက ပေးသော အသုံးစရိတ်မှာ ငွေကျပ်သုံးသောင်းသာရှိ၍ အထက်သို့ တင်ပြပြီး ဘတ်ဂျက်တိုးတောင်းရသည်။ အစိုးရက လည်း နှစ်စဉ်တိုးပေးခဲ့ရာ လေးနှစ်ခန့်အကြာ ၁၉၇၂ မှာတော့ ကျပ် ၁ဝ သိန်းအထိ ရရှိခဲ့သည်။

၁၉၇၂ ဝန်းကျင်တွင် တစ်ဒေါ်လာလျှင် ၆ ကျပ်သာ ရှိသေး ၍ နိုင်ငံခြားမှ စာအုပ်များ ဝယ်ယူရသည်မှာ အဆင်ပြေသည်။ ၂၅ ကျပ်အထိ တက်လာသည်တိုင်အောင်လည်း ကုန်သွယ်ရေး ၉ မှ တစ်ဆင့် စာအုပ်များ မှာယူနိုင်သေးသည်။ သို့သော် နောက်ပိုင်း တွင် မြန်မာကျပ်ငွေတန်ဖိုးက များစွာ ကျဆင်းလာခဲ့ကာ အစိုးရ ကိုယ်တိုင်၌ပင် နိုင်ငံခြားငွေ အလွန်ရှားပါးလာသည်။
စာကြည့်တိုက်တွင် ဘတ်ဂျက် ၁ဝ သိန်းအထိ ရှိသော် လည်း ကုန်သွယ်ရေး ၉ ဌာနတွင် နိုင်ငံခြားငွေ ပြတ်လပ်လာ၍ ပြည်ပမှ စာအုပ်များ ဝယ်ယူပေးနိုင်ခြင်း မရှိတော့ပေ။

တက္ကသိုလ်စာကြည့်တိုက်တစ်ခု၏ အဓိကတာဝန်မှာ တက္ကသိုလ်၏ သင်ကြားရေးကို အထောက်အကူပြုပေးနိုင်ရေး၊ တက္ကသိုလ်အတွင်း ပြုလုပ်နေသော သုတေသနလုပ်ငန်းများကို အထောက်အကူပြုရေးနှင့် ဆရာ၊ ဆရာမ၊ ကျောင်းသားများသာ မက ရဟန်းရှင်လူ မည်သူမဆို လေ့လာဖတ်ရှုနိုင်စေရန် စာအုပ် စာတမ်းများ စုဆောင်းရေးတို့ ဖြစ်သည်။

ထိုတာဝန်များကို ထမ်းရွက်ထားရသည့် စာကြည့်တိုက်မှူး ဖြစ်သူ ဦးသော်ကောင်းမှာ နိုင်ငံခြားစာအုပ်များကို ဝယ်ယူခြင်း မပြုနိုင်သည့်အခါ တစ်မျိုး ကြံရပြန်သည်။ လန်ဒန်တွင် ကျောင်း တက်စဉ်အခါက အခြားစာကြည့်တိုက်မှူးများနှင့် သဘောတူညီ ထားသည့်အတိုင်း စာအုပ်များ လဲလှယ်ရေးကိစ္စကို သတိရမိသည်။

၎င်းတို့သည် သက်ဆိုင်ရာနိုင်ငံအလိုက် စာကြည့်တိုက် အသီးသီးတွင်  ပြန်လည် တာဝန်ထမ်းဆောင်နေကြပြီဖြစ်၍ စာပေတန်ဖိုးမြင့်မားသည့် စာအုပ်များကို အုပ်ရေဖြင့် အချိုးကျ လဲလှယ်ရန် စတင်ကြိုးပမ်းတော့သည်။

သို့နှင့် မြန်မာစာအုပ်များကို နိုင်ငံခြားစာကြည့်တိုက်များမှ အင်္ဂလိပ်စာအုပ်များနှင့် လဲလှယ်ခွင့်ပြုရန် ပညာရေးဝန်ကြီးဌာန သို့ တင်ပြသည်။ သို့သော် ပညာရေးဝန်ကြီးက ထိုကိစ္စမှာ ပြည်ပ နှင့် ဆက်စပ်နေ၍ ဗိုလ်ချုပ်ကြီးနေဝင်းထံတွင်သာ လူကိုယ်တိုင် သွားရောက်တင်ပြရန် ပြောသည်။

ထို့ကြောင့် ဦးသော်ကောင်းလည်း ဗိုလ်ချုပ်နေဝင်းထံကို လူကိုယ်တိုင်တိုက်သွားရောက် တွေ့ဆုံပြီး ရှင်းလင်းတင်ပြခဲ့ သည်။ ထိုသို့ရှင်းပြရာ ဗိုလ်ချုပ်နေဝင်းက ဦးသော်ကောင်းအား ဝန်ကြီးဌာနသို့ စာတင်ရန် မှာကြားလိုက်သည်။

သို့ဖြင့် ဝန်ကြီးဌာနသို့ တစ်ဖန် သွားရောက်၍ စာရေးသား တင်ပြခဲ့ရာ နောက်ဆုံးတွင် ခွင့်ပြုပေးခဲ့ပြီး အမေရိကန်ပြည် ထောင်စုမှ ကွန်ဂရက်စာကြည့်တိုက်၊ အင်္ဂလန်မှ ဗြိတိသျှစာကြည့် တိုက်တို့နှင့် ချိတ်ဆက်ကာ စာအုပ်လဲလှယ်ရေးအစီအစဉ်ကို လစဉ်လုပ်ဆောင်နိုင်ခဲ့သည်။
ထိုသို့အကျပ်ရိုက်သည့်ကာလများကို ရည်ညွှန်းလျက် ဦးသော်ကောင်းက ”ဆရာတို့ ဖြတ်သန်းလာရတဲ့ ခေတ်ကတော့ အခက်အခဲအမျိုးမျိုးနဲ့ ကျော်လွှားရတယ်။ အတားအဆီး အပိတ် အဆို့ရှိပေမယ့်လည်း ဒီလမ်းကပိတ်ရင် နောက်တစ်လမ်းက ရှာရ တယ်”ဟု ဆိုသည်။

သို့ရာတွင် ယင်းစာကြည့်တိုက်ကြီးများသည် မြန်မာစာ အုပ်တိုင်းကိုလက်ခံရယူသည်မဟုတ်ဘဲ စာပေအဆင့်အတန်း မြင့်မားသော စာအုပ်များဖြစ်ကြသည့် သမိုင်းမှတ်တမ်းစာအုပ် များ၊ နာမည်ကြီးကလောင်ရှင်များ၏ စာအုပ်များ စသည်တို့ကို သာ မှတ်တမ်းအဖြစ်ထိန်းသိမ်းထားရန်ရယူခြင်း ဖြစ်သည်။ ရွှေဥ ဒေါင်း၊ မြသန်းတင့်၊ ကြည်အေး၊ ဒဂုန်တာရာ စသည့် ထင်ရှား သော စာရေးဆရာများ၏ စာအုပ်များနှင့် သမိုင်းမှတ်တမ်းဝင်၊ ယဉ်ကျေးမှုဆိုင်ရာ စာအုပ်စာပေများ ပါဝင်ခဲ့သည်။

ထိုကဲ့သို့ စာအုပ်များ ထွက်ရှိထားသည့် ပမာဏမှာ လိုအပ် သော အင်္ဂလိပ်စာအုပ်များနှင့် အချိုးချပါက အနည်းအကျဉ်းသာ ရှိပြီး အသစ်ထွက်သော စာအုပ်များမှာလည်း တစ်လလျှင် အုပ် ၂ဝ အများဆုံးဖြစ်၍ တက္ကသိုလ်များ ဗဟို စာကြည့်တိုက်အတွက် လိုအပ်သော နိုင်ငံခြားစာအုပ်များကို လုံလောက်စွာမရရှိခဲ့ပေ။

တက္ကသိုလ်စာကြည့်တိုက်တစ်ရပ်သည် ယင်း၏ အဓိကတာဝန် များကို ကျေပွန်စွာဆောင်ရွက်နိုင်ရန် အဟန့်အတား ရှိလာသည့် အခါ တက္ကသိုလ်တစ်ခုလုံး၏ သင်ကြားရေးရော၊ သုတေသနပိုင်း ကိုပါ ထိခိုက်စေသည်ဟု ဦးသော်ကောင်းက ရှင်းပြသည်။

စာတမ်းရေးသားရသည့် ကျောင်းသားတစ်ဦး လိုအပ် သော စာတစ်အုပ်တလေ မရှိရုံမျှဖြင့် ထိုကျောင်းသားအတွက် အခက်အခဲကြီးမားစွာ ရင်ဆိုင်ရမည်ဖြစ်သကဲ့သို့ ကျမ်းပြု ကျောင်းသားများအတွက်လည်း ပြည့်စုံစွာ ရှာဖွေကိုးကားမှုမပြု နိုင်ပါက ကောင်းမွန်သော စာတမ်း (Paper) များ၊ ကျမ်း (Thesis) များ ပြုစုနိုင်မည် မဟုတ်ပေ။

ပေ၊ ပုရပိုက်နှင့် စာကြည့်တိုက်
ဦးသော်ကောင်းသည် နိုင်ငံခြားမှ စာအုပ်များစုဆောင်းနိုင် ခြင်းမရှိသည့်အခါ ပေ၊ ပုရပိုက်များကို အထူးအာရုံစိုက်၍ စု ဆောင်းဖြစ်ခဲ့သည်။ မြန်မာ့ရှေးဟောင်းစာပေများတွင် ကျောက် စာနှင့် ပေ၊ ပုရပိုက်စာများက ရှေးအကျဆုံးဖြစ်သည်။ ကျောက် စာများကိုမူ ရှေးဟောင်းယဉ်ကျေးမှု ဦးစီးဌာနကဲ့သို့သော အစိုးရ ဌာနများမှ အဓိက စုဆောင်းကြသည်။

စာကြည့်တိုက်အနေဖြင့်မူ နေရာအခက်အခဲအရ ပေစာ၊ ပုရပိုက်စာများကိုသာ ထားရှိနိုင်သည်ဖြစ်ရာ ဦးသော်ကောင်း အနေဖြင့် ယင်းရှေးဟောင်းစာပေများကိုသာ တတ်နိုင်သမျှ စုဆောင်းရန် ကြိုးပမ်းခဲ့သည်။ ယင်းသို့စုဆောင်းရာတွင် အဓိက ချဉ်းကပ်ရသောနေရာမှာ ဘုန်းတော်ကြီးကျောင်းများ ဖြစ်သည်။

အသက် ၃ဝ ကျော် ငယ်ရွယ်ဖျတ်လတ်စဉ်ကာလ ရှေး ဟောင်း ပေ၊ ပုရပိုက်များ တစ်မြို့ဝင်၊ တစ်ရွာထွက် လိုက်ရှာဖွေခဲ့ပုံ ကို ပြန်လည်တွေးတောချိန်တွင် ဦးသော်ကောင်းသည် လူတစ် ယောက်အကြောင်း အမှတ်ရမိပြီး မျက်လုံးများက ကျယ်လာကာ ဖွေးဖြူသော သွားများ ပေါ်လွင်သည်အထိ နှုတ်ခမ်းအစုံကို ဖွင့်ဟရယ်မောလိုက်သည်။

ထို့နောက် သူအမှတ်ရမိသည့် ဦးညိုမောင်ဆိုသော ပုဂ္ဂိုလ် အကြောင်းကို ပြောပြသည်။ ဦးညိုမောင်သည် ပေ၊ ပုရပိုက်ရှာဖွေ ရေးအတွက် အလွန်အားကိုးခဲ့ရသူတစ်ဦး ဖြစ်သည်။ အမှန်တော့ သူသည် ယခင်က မန္တလေး၌ သီတင်းသုံးသော သကျသီဟဓမ္မာ စရိယဘွဲ့ရ ဘုန်းကြီးတစ်ပါးဖြစ်သည်။

မ္တနလေးတက္ကသိုလ်တွင်လည်း မြန်မာစာဖြင့် ဘီအေဘွဲ့ ရရှိထားသည့် ယင်းဆရာတော်သည် စာကြည့်တိုက်ပညာ လေ့ လာလို၍ ရန်ကုန်သို့ဆင်းလာသည်။ ထို့နောက် ဦးသော်ကောင်း ပါမောက္ခ/ဌာနမှူးအဖြစ် တာဝန်ယူထားသော စာကြည့်တိုက် ပညာ သင်ကြားရေးဌာနတွင် စာကြည့်တိုက်ပညာဘွဲ့လွန်ဒီပလို မာကို လေ့လာသင်ယူကာ နောက်ပိုင်းတွင် လူဝတ်လဲခဲ့သည်။

”ဆရာဦးညိုမောင်က အင်မတန်တော်ပါတယ်၊ ပေတွေ ပုရပိုက်တွေဆို သူကြည့်လိုက်တာနဲ့ ဒီပေကတော့ ရှားတယ်၊ စာအုပ်မဖြစ်သေးဘူး၊ ဝယ်သင့်တယ် အကြံပေးတာပေါ့”ဟု ဦးသော်ကောင်းက ဆိုသည်။

၎င်းတို့စုဆောင်းခဲ့သော ပေ၊ ပုရပိုက်များတွင် ဆေးကျမ်း၊ ဗေဒင်ကျမ်း၊ ဓမ္မသတ်ကျမ်းနှင့် နိဿ       ယ၊ ဋီကာအဖွင့်ကျမ်းများ အစုံအလင်ပါဝင်ပြီး ရှေးခေတ် ဥပဒေနားလည်တတ်ကျွမ်းသူ များ၊ ဘုန်းတော်ကြီးများနှင့် ဝေဒဆရာများ၊ စာဆိုတော်များက ရေးသားခဲ့ကြခြင်း ဖြစ်သည်။

ဘုန်းတော်ကြီးများက ပေ၊ ပုရပိုက်များကို တိုက်ရိုက် ရောင်းချခြင်းမျိုး မဟုတ်ဘဲ ကြားခံ ဒါယိကာ၊ ဒါယိကာမများ၊ ဂေါပကအဖွဲ့များမှတစ်ဆင့် ကျောင်းဆောင်များ ပြုပြင်ရေး အလှူခံသည့်အနေဖြင့် ဝတ္ထုငွေကို လက်ခံကြသည်။ တချို့နေရာ များတွင်မူ ပေ၊ ပုရပိုက်များ ရှိသော်လည်း ထုတ်မရောင်းကြ၍ လက်ရေးဖြင့် ကူးယူကြရသည်။

ဦးသော်ကောင်းသည် စာကြည့်တိုက်မှူးဘဝဖြင့် နိုင်ငံတစ် ဝန်းရှိ ရှေးဟောင်း ပေ၊ ပုရပိုက်ထုပ်ပေါင်း ၁၆,ဝဝဝ ကျော် စုဆောင်းပေးနိုင်ခဲ့သည်။

၁၉၇၁ မှာတော့ ဦးသော်ကောင်းသည် မြန်မာနိုင်ငံရှိ တက္ကသိုလ်များတွင် ယခင်က ဖွင့်လှစ်နိုင်ခြင်း မရှိသေးသော စာကြည့်တိုက်ပညာ ဘွဲ့လွန်ဒီပလိုမာဘာသာရပ်များ သင်ယူ လေ့လာနိုင်သော စာကြည့်တိုက်ပညာသင်ကြားရေးဌာနကို ရန်ကုန်တက္ကသိုလ်၌ပင် ပထမဆုံး ဦးဆောင်တည်ထောင်ကာ ၁၉၉၇ အငြိမ်းစား ယူချိန်အထိ ယင်းဌာန၏ ပါမောက္ခ/ဌာနမှူး အဖြစ်လုပ်ကိုင်ခဲ့သည်။

နောက်ပိုင်းတွင် အဆိုပါဌာနကို စာကြည့်တိုက်နှင့် သုတ ပညာဌာနဟု အမည်ပြောင်းကာ ယခုအခါ ရန်ကုန်တက္ကသိုလ် အပြင် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် (တာဝ)၊ ယဉ်ကျေးမှု တက္ကသိုလ်နှင့် မန္တလေးမြို့ ရတနာပုံတက္ကသိုလ်တို့တွင်ပါ ဖွင့်လှစ် နိုင်ခဲ့ပြီဖြစ်သည်။ လက်ရှိမြန်မာနိုင်ငံရှိ တက္ကသိုလ်အသီးသီးမှ စာကြည့်တိုက်မှူးများကို ယင်းဌာနမှ မွေးထုတ်ပေးခဲ့ခြင်းလည်း ဖြစ်သည်။

ထိုသို့ မွေးထုတ်ပေးနိုင်ခဲ့သည်ဆိုသော်လည်း မြန်မာနိုင်ငံ ရှိ တက္ကသိုလ်စာကြည့်တိုက်များသည် ဒေသတွင်း အရှေ့တောင် အာရှနိုင်ငံများရှိ တက္ကသိုလ်ကြီးများနည်းတူ တိုးတက်ဖွံ့ဖြိုးလာ စေရန် ကြိုးပမ်းနေရဆဲ ဖြစ်သည်။ စာကြည့်တိုက်များတွင် ဝန် ထမ်းအင်အား နည်းပါးနေသေးသည်။

ဦးသော်ကောင်းသည် သူ အငြိမ်းစားမယူမီ တစ်နှစ်အလို ကတည်းက တက္ကသိုလ်များ ဗဟိုစာကြည့်တိုက်အတွက် ဝန်ထမ်း အင်အား လေးဆတိုး၍ ခန့်ထားပေးရန် ထိုခေတ်အာဏာပိုင်များ ဖြစ်သော တပ်မတော်အစိုးရထံ တောင်းခံခဲ့သော်လည်း တိုး မပေးခဲ့ပေ။

သမ္မတဦးထင်ကျော် ခေါင်းဆောင်သော လက်ရှိအစိုးရ သစ်လက်ထက်မှာတော့ ဝန်ထမ်းအင်အားကို လေးဆမဟုတ် သော်လည်း နှစ်ဆမျှ တိုးမြှင့်ခန့်ထားပေးမည်ဟု ကြားသိထား သော်လည်း လက်တွေ့တော့ အကောင်အထည်မပေါ်သေး ကြောင်း ၄င်းက ပြောသည်။

တက္ကသိုလ်စာကြည့်တိုက်များ နိုင်ငံတကာအဆင့်မီသည် အထိ တိုးတက်လာစေရန်မှာ ဝန်ထမ်းအင်အား တိုးမြှင့်မှုအပြင် ဝန်ထမ်းများ၏အရည်အချင်းကိုလည်း မြှင့်တင်ပေးရန် လိုအပ် နေသည်ဟု ဦးသော်ကောင်းက ဆိုသည်။

ဓာတ်ပုံ-ကျော်လင်းထွန်း/မော်ကွန်းမဂ္ဂဇင်း

နာဂစ်စာကြည့်တိုက်ကယ်တင်ရေး
ဦးသော်ကောင်းသည် ၁၉၉ဝ ပြည့်လွန်နှစ်များအတွင်း     မြန်မာနိုင်ငံ စာအုပ်ထောက်ပံ့ရေးနှင့် ထိန်းသိမ်းစောင့်ရှောက်ရေး ဖောင်ဒေးရှင်း (Myanmar Book Aid and Preservation Foundation-MBAPF) ကို အမေရိကန်ပြည်ထောင်စုရှိ ကော် နဲလ် (Cornell) တက္ကသိုလ်မှ စာကြည့်တိုက်မှူး Badgley နှင့် စတင်တည်ထောင်ခဲ့သည်။

 MBAPF အနေဖြင့် အစပိုင်းတွင် ပေ၊ ပုရပိုက်များ၊ ရှေး ဟောင်းစာပေများ ထိန်းသိမ်းရေးအတွက် အဓိက လုပ်ဆောင်ခဲ့ သော်လည်း ၂ဝဝ၈ နာဂစ်ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်ပြီးချိန် တွင် ဆင်းရဲနွမ်းပါးသူများအတွက် ပညာရည်မြှင့်တင်ပေးရန် အဓိကရည်မှန်းချက်ထားပြီး နိုင်ငံတစ်ဝန်း ဖြန့်ကျက်ဆောင် ရွက်သည့် ဖောင်ဒေးရှင်းအသွင်သို့ ပြောင်းလဲဖွဲ့စည်းလိုက်သည်။

ဖောင်ဒေးရှင်း၏ လုပ်ငန်းစဉ်များကို သားဖြစ်သူ ဒေါက် တာသန့်သော်ကောင်းက ဆက်လက်ဆောင်ရွက်ခဲ့ပြီး ဦးသော် ကောင်းကတော့ ဥက္ကဋ္ဌအနေဖြင့် အကြံဉာဏ်များ ပေးခဲ့သည်။ ထို့အပြင် Badgley ၏ အကူအညီဖြင့် အမေရိကန်အခြေစိုက် နာဂစ်စာကြည့်တိုက် ကယ်တင်ရေး (Nargis Library Recovery- NLR) ရန်ပုံငွေအဖွဲ့ကို တည်ထောင်ကာ MBAPF နှင့်အတူ ချိတ်ဆက်လုပ်ကိုင်ခဲ့သည်။

နာဂစ်ဒဏ်သင့်ဒေသများတွင် စာကြည့်တိုက်များ ပြန် လည်တည်ထောင်ရေးနှင့် စာအုပ်များ ထောက်ပံ့ကူညီမှုများ လုပ်ကိုင်ခဲ့သည့် NLR အနေဖြင့် အမေရိကန်ပြည်ထောင်စု၏ အရေးယူပိတ်ဆို့မှုများမှ ခြွင်းချက်အနေဖြင့် ကင်းလွတ်ခွင့်ရရှိခဲ့ ကာ နောက်ပိုင်းတွင် မြန်မာနိုင်ငံစာကြည့်တိုက်အကူအညီပေး ရေးအဖွဲ့ (Myanmar Library Aid Foundation) ဟု အမည် ပြောင်းလဲဖွဲ့စည်းခဲ့သည်။

နာဂစ်နောက်ပိုင်းမှစ၍ လက်ရှိအချိန်အထိ တက္ကသိုလ် ပြင်ပစာကြည့်တိုက်များ ဖွံ့ဖြိုးရေးကိုလည်း လုပ်ကိုင်ဖြစ်ခဲ့သည့် ဦးသော်ကောင်းအား လက်ရှိ မြန်မာနိုင်ငံတစ်ဝန်းမှ စာကြည့် တိုက်များ၏ အခြေအနေကို မေးမြန်းကြည့်ရာ ကျေးလက်ဒေသ များတွင် စာဖတ်ရှုရန် ပိုမိုစိတ်အားထက်သန်သည်ကို မြင်တွေ့ရ ကြောင်း ပြောကြားသည်။

ဆရာကြီး၏သား ဒေါက်တာသန့်သော်ကောင်းကလည်း စာကြည့်တိုက်မှူးများအား ရည်ညွှန်း၍ ဆရာဇော်ဂျီ စပ်ဆိုခဲ့ဖူး သည့် ‘ပညာရှာသူ တို့ဝိုင်းကူ’ဟူသော ဆောင်ပုဒ်ကို ကိုးကား လျက် စာကြည့်တိုက်ပညာ၏ အရေးပါပုံကို ယခုလို ရှင်းပြသည်။

”စာကြည့်တိုက်ပညာ တတ်မြောက်ထားသူတွေဟာ ပညာရှာသူတွေကို ဝိုင်းဝန်းကူညီနိုင်တဲ့လူတွေ ဖြစ်တာမို့ သူတို့ ရှာဖွေနေတဲ့ Research လုပ်တာပဲ ဖြစ်ဖြစ်၊Information ဖြစ်ဖြစ် ထိထိရောက်ရောက် ပံ့ပိုးပေးနိုင်တယ်ဆိုရင် အင်မတန် မွန်မြတ်ပါတယ်”

မြန်မာနိုင်ငံစာကြည့်တိုက်အသင်း နာယကလည်းဖြစ် သည့် ဦးသော်ကောင်းသည် လာမည့် ဒီဇင်ဘာတွင် အသက် ၈ဝ ပြည့်မည်ဖြစ်ကာ လမ်းလျှောက်ရန် စတီးတုတ်ကောက်တစ် ချောင်း၏ အကူအညီကို ယူနေရသော်လည်း KIA အမျိုးအစား အိမ်စီးကားကိုတော့ ကိုယ်တိုင်မောင်းနှင် သွားလာနေဆဲဖြစ်သည်။

အစည်းအဝေးနှင့် အခြားကိစ္စများ ရှိသည့်အခါမှ လွဲ၍ အပတ်စဉ် အင်္ဂါနေ့တိုင်း နံနက်ပိုင်းဆိုလျှင် သူ အနှစ် ၄ဝ ခန့် တာဝန်ထမ်းဆောင်ခဲ့သည့် စာကြည့်တိုက်သို့ သွားရောက်   တတ်သည်။

ဦးသော်ကောင်းသည် စာကြည့်တိုက်မှူးဘဝဖြင့် မြန်မာ အပြင် ဗြိတိန်၊ ဂျပန်နှင့် စင်ကာပူတို့ရှိ စာကြည့်တိုက်ကြီးအချို့တွင် ကျောင်းသားများ၊ ပညာရှင်များ၊ သုတေသီများနှင့် အခြားစာရှာ သူများစွာတို့ကို ကူညီပေးခဲ့ပြီး ကိုယ်တိုင်လည်း သုတေသန စာတမ်းများစွာတို့ကို ရေးသား ဖတ်ကြားခဲ့သည်။

၁၉၉၇ တွင် အငြိမ်းစားယူပြီးနောက်ပိုင်း ကမ္ဘာတစ်ဝန်းရှိ သုတေသီများနှင့် ကျောင်းသားများ လေ့လာကိုးကားနိုင်စေရန် ရှေးဟောင်းပေစာ၊ ပုရပိုက်စာများအား ထိန်းသိမ်းစုဆောင်း လျက် အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုပေးခြင်း၊ မြန်မာသမိုင်းနှင့် မြန်မာစာပေဆိုင်ရာ စာတမ်းနှင့် စာအုပ် စုစုပေါင်း ၁၈ဝ ကျော် တို့ကို ရေးသားထုတ်ဝေခဲ့ပြီး ယင်းတို့အနက် အများစုမှာ တစ် ကမ္ဘာလုံး လေ့လာဖတ်ရှုနိုင်ရန် အင်္ဂလိပ်ဘာသာဖြင့် ရေးသား ထုတ်ဝေခဲ့ခြင်း ဖြစ်သည်။
ဘုရင့်နောင်မင်းတရားကြီးအကြောင်းစာတမ်း (Accounts of King Bayinnaung’s Life and Hanthawady Hsinbyu-mya-shin Ayedawbone a record of his Campaigns) နှင့် မြန်မာ့စာပေဝေဖန်ရေး စစ်တမ်းအကျဉ်းချုပ် (Brief survey of Myanmar literary cirticism) စသည့် စာတမ်းများနှင့် ၁၈ ရာစုက မဟာရတနာပုံတိုက်တော်စိုး ရာဇ သင်္ကြန်အမတ်ကြီးရေးသည့် ဇင်းမယ်သမိုင်းရာဇဝင် ပေစာကို အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုတည်းဖြတ် ထုတ်ဝေသော “ Sithu Gamani Thingyan (Maha Yadanabon Tike Taw Sowe). Zinme Yazawin ”စာအုပ်တို့မှာ ထင်ရှားသည်။

ရန်ကုန်တက္ကသိုလ် ကျောင်းသားနားနေဆောင်ရှေ့ အဓိ ပတိလမ်းမကြီးနံဘေးမှ တက္ကသိုလ်များဗဟိုစာကြည့်တိုက်နှင့် ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်တို့မှာ ကျယ်လွင့်သောခြံဝင်း ကြီးအတွင်း ဆိတ်ငြိမ်စွာတည်ရှိနေသည်။

ဦးသော်ကောင်းမောင်းနှင်လာသော အဖြူရောင်ကား လေးက အဓိပတိလမ်းမကြီးအတိုင်း ရွေ့လျားလာပြီး  စာကြည့် တိုက် ပရဝဏ်တွင်းသို့ တစ်လိမ့်ချင်းဖြည်းနှေးစွာ ဝင်ရောက်လာ သည်။ အုံ့ဆိုင်းနေသော မိုးသားတိမ်တိုက်များက တရိပ်ရိပ် ရွေ့ မျောကာ ကောင်းကင်တစ်ခွင်လုံး ပြည့်ဖုံးလျက်ရှိ၏။

ဦးသော်ကောင်းသည် အပတ်စဉ် အင်္ဂါနေ့တိုင်းလေးထပ်အဆောက်အအုံဖြစ်သော ရန်ကုန်တက္ကသိုလ်စာကြည့်တိုက် အတွင်းမှ ဆရာဇော်ဂျီအထိမ်းအမှတ်ရုံးခန်းသို့ လာရောက်လေရှိသည်။

ထိုရုံးခန်းသို့ လာရောက်ကာ စာကြည့်တိုက်အတွက် အကြံဉာဏ်ပေးခြင်း၊ တပည့်များ၊ စာပေမိတ်ဆွေများနှင့် တွေ့ဆုံ ခြင်းတို့ ပြုလုပ်မြဲဖြစ်သည်။ ထိုနေ့ကလည်း စာကြည့်တိုက်မှူး များ၊ စာရေးဆရာ၊ ဆရာမ စုစုပေါင်း ခြောက်ဦးခန့်နှင့် စကား လက်ဆုံကျနေရာ ဧည့်သည်များ ပြန်သွားချိန်အထိ စောင့်ဆိုင်း ပြီးမှ ဦးသော်ကောင်းနှင့် ခေတ္တပြောဆိုဖြစ်ခဲ့သည်။

ရှေးဟောင်းနှောင်းဖြစ်များမှသည် မျက်မှောက်ခေတ် လူ ငယ်များ၏ စာဖတ်ရှုမှုအခြေအနေများအထိ စကားဖောင်ဖွဲ့မိ သည်။ ယနေ့ခေတ်တွင် လူငယ်အများစုမှာ မိုဘိုင်းလ်ဖုန်းများကို သာ အချိန်ကုန်ခံပြီးသုံးစွဲနေတတ်ကြသည်ကို ဦးသော်ကောင်း မနှစ်မြို့။

”သူတို့ စုပြီးထိုင်နေတဲ့အခါ ဒါလေးတွေ (ဖုန်း) ပဲ ပွတ်နေ ကြတယ်ဗျ။ တစ်ယောက်နဲ့ တစ်ယောက်လည်း စကားမပြော ကြဘူး” ဟု သူက ပြောသည်။

အင်တာနက်၊ အွန်လိုင်းလူမှုကွန်ရက်စသည်တို့မှ ဗဟု သုတများရသည်မှန်သော်လည်း ကောင်းဆိုးနှစ်တန် ရောယှက် နေရာ ကောင်းသောအရာများကိုသာ စိစစ်၍ ရယူနိုင်မှ တန် ကာကျမည်ဖြစ်ပြီး လူငယ်များစာဖတ်နှုန်း ယုတ်လျော့ကျဆင်း သွားခြင်း၏ လက်ငင်းသက်ရောက်မှုအဖြစ် လူမှုဆက်ဆံရေးနစ် နာမှုများရှိလာသည်ဟု မြင်သော ဦးသော်ကောင်းက ယခုလို ဆိုခဲ့သည်။

”စာဖတ်မှပဲ လူမှုပေါင်းသင်းဆက်ဆံရေးကောင်းမွန်လာမယ်၊ လူလူချင်းဆက်ဆံပြီး နားလည်မှုရှိမှလည်း တိုင်းပြည် အတွက်ရော ကမ္ဘာအတွက်ရော အကျိုးရှိမယ်လေ” ။   ။

၂၀၁၇-ဖေဖေါ်ဝါရီလထုတ်၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၄၃)မှ ပုံရိပ်လွှာ ဖြစ်ပါသည်။

ကျော်လင်းထွန်း ရေးသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here