Home အက်ဆေး ငယ်လွမ်းဝေဒနာ အမေ့ရွာ

ငယ်လွမ်းဝေဒနာ အမေ့ရွာ

290
0
ဓာတ်ပုံ- ဇေယျာလှိုင်/မော်ကွန်းမဂ္ဂဇင်း
Advertise Here

ငယ်လွမ်းဝေဒနာ စကားလုံးကို မော်ကွန်းမဂ္ဂဇင်း က ရရှိပါသည်။ သန်းနိုင်ဦး၏ ဆီမြို့၊ ချွေးမြို့၊ ဆေး လိပ်မြို့များကို ဖြတ်သန်းခြင်း ခရီးသွားဆောင်း ပါးမှ ဖြစ်သည်။ ငယ်လွမ်းဝေဒနာဟူသော စကား လုံးသည် လူတိုင်းကိုပင် ဖမ်းစားနိုင်သော စကား လုံးဖြစ်သည်။ ငယ်ဘဝမှာ လူတိုင်း လွမ်းစရာ တစ်ခုမဟုတ်တစ်ခု ကြုံခဲ့ကြရမည် ဖြစ်သည်။ စာရေးသူရဲ့ ငယ်ဘဝ အလွမ်းဝေဒနာကတော့  အမေ့ရွာပင် ဖြစ်ပါသည်။ အမေ့ရွာတွင် နေခဲ့စဉ် ငယ်ဘဝ ဖြတ်သန်းလျှောက်လှမ်းခဲ့ရပုံတွေကို တမြည့်မြည့်လွမ်းဆွေးနေမိပါသည်။

ဓာတ်ပုံ- ဇေယျာလှိုင်/မော်ကွန်းမဂ္ဂဇင်း

မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးကာလ ၁၉၅၈ လောက်က ဖြစ်သည်။ စာရေးသူတို့မှာ သုံး၊ လေးနှစ်သား အရွယ် ဖြစ်သည်။ နိုင်ငံတွင် ရောင်စုံသောင်းကျန်းမှုများ ပေါ်ပေါက်နေချိန်လည်း ဖြစ်သည်။ ရာဇဝတ်မှုများ၊ လက်နက်ကိုင်အဖွဲ့အချို့၏ အဓမ္မ ပြုမှုများ၊ နိုင်ငံရေးပါတီနှင့် တပ်မတော်တို့အကြားမှာ မယုံ သင်္ကာဖြစ်မှုများ ရှိနေကြသည်။ ပြည်သူတို့ ကျီးလန့်စာစား ကြောက်လန့်နေကြရသော အချိန် ဖြစ်ပါသည်။ စာရေးသူ၏ နားထဲတွင် ‘အလံနီ’၊ ‘ပြောက်ကျား’ ဆိုသော စကား လုံးများကို အမှတ်ရနေသည်။ အိမ်အောက် ပုန်းတွင်းထဲသို့ ဆင်း ပုန်းခဲ့ရပုံကို ပြန်လည် သတိရသည်။ ပုန်းတွင်းဆိုသည်မှာ နေအိမ်အောက် မြေကြီးတွင် ခိုလှုံရန် ကျင်းတူးထားသော တွင်းကို ခေါ် သည်။ အပေါ်မှ ထင်းချောင်းများ စုပြုံထားသည်။ အဝေးမှ ကြည့်လျှင် ထင်းပုံကြီးအဖြစ် မြင်တွေ့ရသည်။ စာရေးသူတို့ ပုန်းတွင်းထဲသို့ မဆင်းခင် ရွာထဲမှ ခွေးဟောင်သံတွေ ကြားရတတ်သည်။ စစ် ဖိနပ်သံတွေလည်း ကြားရတတ်သည်။

စာရေးသူ မွေးဖွားပြီး သုံးလသားအရွယ်လောက်က စာ ရေးသူတို့ နေအိမ်ကို ဓားပြတွေ လာတိုက်သွားကြောင်း အမေ ပြောလို့ သိရပါသည်။ စာရေးသူတို့ အဘိုးအဘွားတို့မှာ မချမ်း သာလှသော်လည်း ရွာမှာ အတော်အတန် ချောင်လည်ပုံရပါ သည်။ ဓားပြက အဘိုးအဘွားကို ဦးတည်ပြီး တိုက်ခိုက်ခြင်းဖြစ် သည်။ သို့သော် အဘွားလုပ်သူက ရှိသမျှ ရွှေတိုငွေစတွေကို မြို့ပေါ်မှာ အစ်ကိုဝမ်းကွဲဆီမှာ အပ်ထားတာကြောင့် ဘာမှ ပါ မသွားဘဲ ကလေးအငယ်နဲ့ အိမ်ထောင်တည်ထောင်ခါစ စာရေး  သူရဲ့ အမေမှာသာ ဆွဲကြိုး၊ လက်ကောက်တွေ ရှိသမျှ အကုန်ပါ သွားသည်။ စာရေးသူတို့ နားလည်မှတ်သိတဲ့ အရွယ်မှာလည်း ညနေဆိုရင် သေနတ်သံတွေ ကြားနေရတတ်ပါသည်။

Advertise Here

အစိုးရဝန်ထမ်းတွေနဲ့ အစိုးရစစ်သားတွေ လာရောက်ပြီး စိုက်ပျိုးရေးအမတော်ငွေချေးပေးတာကို မှတ်မိပါသည်။ အစိုးရ စစ်သားများမှာ အစိမ်းရောင်ယူနီဖောင်းကို ဝတ်ဆင်ထားကြပါ သည်။ အစိုးရစစ်တပ် ပြန်ပြီး သိပ်မကြာခင်မှာဘဲ အလံနီ ကွန် မြူနစ် ဆိုသူတွေ ရောက်လာပြန်သည်။ သူတို့က ကာကီရောင် ယူနီဖောင်းကို ဝတ်ဆင်ထားကြပါသည်။ သူတို့က လယ်ယာမြေ အခွန်တော် လာကောက်ကြသည်ဟု သိရပါသည်။ စာရေးသူတို့ မွေးဖွားရာ ကျေးရွာလေးသည် တစ်ဖက်တွင် အစိုးရအဖွဲ့ဝင်၏ အုပ်ချုပ်ရေးအောက်တွင် ရှိသကဲ့သို့ အခြားတစ်ဖက်တွင် သောင်းကျန်းသူတို့ကလည်း လွှမ်းမိုးထားဆဲဟု နားလည်လိုက်ရ ပါသည်။

နိုင်ငံတစ်နိုင်ငံမှာ မွေးလာတဲ့ ကလေးမှာ မွေးစာရင်း ရှိရ မယ်။ မွေးစာရင်းကို ကျန်းမာရေးဦးစီးဌာနမှာ ထားရှိရမယ်။ ကျန်းမာရေးဦးစီးဌာနကနေ ပြည်သူ့အင်အားဦးစီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးဌာနသို့ အချိန်တန်ရင် ရောက်သွားရမယ်။ အသက် ၁၆ နှစ် ပြည့်တာနဲ့ မှတ်ပုံတင်ကတ်ပြား ထွက်လာရမယ် စသည်ဖြင့် မီဒီယာတွေမှာ ဆွေးနွေးတာတွေ တစ်ခါတစ်ရံ ဖတ်မိ ပါတယ်။ စာရေးသူတို့ရွာမှာ မွေးစာရင်းလုပ်ပုံလုပ်နည်းက သဘောကျစရာ ကောင်းပါသည်။ မွေးစာရင်းရယ်လို့တော့ မခေါ် ဘူး။ ဇာတာဖွဲ့သည်၊ ရက်ချုပ်လုပ်သည်ဟု ခေါ်သည်။ ဇာတာရက် ချုပ်ကို ဗေဒင်ဆရာက လုပ်ပေးရသည်။ လုပ်ပေးရမည့် ဗေဒင် ဆရာကို သွားခေါ်စရာ မလို၊ ဗေဒင်ဆရာက ရွာစဉ်လှည့်ကာ လုပ် ပေးလေသည်။ လိုအပ်သော ပစ္စည်းကိရိယာအစုံအလင် ပါသည်။

လိုအပ်သော ပစ္စည်းများမှာ ပေရွက်၊ အပ်ချည်လုံး၊ ပေရွက် ပေါ် တွင် ရေးသော သံချောင်းကညစ်တို့ ဖြစ်ပါသည်။ ဗေဒင်ဆရာ သည် ဗေဒင်တွက်ရန် ကျောက်သင်ပုန်း၊ ကျောက်တံနှင့် ရက်ချုပ် ပြုလုပ်ရန် လိုအပ်သော ပစ္စည်းများကို လွယ်လျက် ရွာစဉ် လှည့် လည် ရောက်ရှိလာတတ်သည်။ ရောက်လာစဉ် မိဘလုပ်သူတို့က ကိုယ့်သားသမီး၏ မွေးဖွားသက္ကရာဇ်ကို ပေးအပ်လိုက်မည်ဆိုပါ က ရက်ချုပ်ဇာတာ ဖြစ်လာပါတော့သည်။

ရက်ချုပ်ဇာတာ နမူ နာတစ်ခု ရေးပြပါမည်။ ၁၃၁၄ ခုနှစ်၊ ဝါဆိုလဆုတ် ၁၃ ရက် (စနေ နေ့)တွင် မွေးဖွားသော ကလေး တစ်ဦးကို ဇာတာ၏ မျက်နှာပြင် တစ်ဖက်တွင် ‘ဇေယျတု သဗ္ဗ မင်္ဂလံ ရာသီ ၁၂၊ ဖွားသည်စင်စစ်၊ သက္ကရာဇ်ကား ၁၃၁၄ ခု၊ ဒီဃ ၂၁၄၊ ရဿ      စန္ဒရ မာသဝါဆိုလဆုတ် ၁၃ ရက်၊ စနေနေ့ နေတက် ရှစ်နာရီကျော်အချိန်တွင် မေထုန်စန်း၊ သိန်လက် ၁ နွေတြင်း၊ ၄ူးနဝင်းစီးလျက် ရတနာသုံးပါး ဦးထိပ် ထားကာ မာတာမိခင် သားရွှေစင်ကို မျက်နှာမြင်က ချမ်းသာရသည် နာမသညာ ခေါ် စရာကား ထွန်းစံအောင်ဇာတာ’ဟူ၍ ဖြစ်သည်။

ဇာတာ၏ အခြားမျက်နှာပြင်တစ်ခုတွင် စက်ပိုင်းပုံ၊ လေး ထောင့်ပုံ အင်းကွက်ဇယားများ ပါရှိပြီး စနေသား မွေးဖွားချိန်တွင် နေလ၊ နက္ခတ်တာရာတို့ ကောင်းကင်ပြင်တွင် မည်သို့မည်ပုံ တည်ရှိနေပုံကို ဖော်ပြထားပါသည်။ ဇာတာရက်ချုပ်တွင် နေ့နံ သားအလိုက် အမည်ပေးလေ့ရှိသည်။ အချို့မှာ မိဘနာမည်နှင့် တွဲစပ်လျက် ဖခင်က ဦးကျော်၊ မိခင်က ဒေါ်သောင်းဆိုလျှင်              ‘မောင်ကျော်သောင်း’ဟု နာမည်ပေးလေ့ရှိကြသည်။ ကလေး နာမည်ပေးရာတွင် စာရေးသူတို့ ငယ်စဉ်က ဘုရားပွဲများတွင် ဇာတ်ပွဲများ ပါလေ့ရှိပါသည်။ ဇာတ်ပွဲတွင် ဇာတ်မင်းသားနာမည် က ‘မောင်ကျော်စိန်’ဆိုလျှင် မိမိကလေးများကို ‘မောင်ကျော်စိန်’ ဟု လည်းကောင်း၊ မင်းသားနာမည် ‘ရွှေဒေါင်းဗိုလ်’ဆိုလျှင် ‘ရွှေ ဒေါင်းဗိုလ်’ဟု လည်းကောင်း ပေးတတ်ကြသည်။ မိမိတို့ သား သမီးများကို မင်းသား၊ မင်းသမီး နာမည်ပေးကြသကဲ့သို့ မိမိအိမ် တွင် မွေးထားသော တိရစ္ဆာန်များကိုလည်း ဇာတ်ပွဲထဲက လူရွှင် တော်နာမည်ကို ပေးတတ်ကြပါသည်။ လူရွှင်တော်နာမည်က  ‘ကျာစိ’ဆိုလျှင် ခွေးကို ‘ကျာစိ’ဟု ပေးတတ်သည်။

ဓာတ်ပုံ- ဇေယျာလှိုင်/မော်ကွန်းမဂ္ဂဇင်း

ကမ္ဘာလူသားများသည် နေ၊ လကို စတင် တွေ့ရှိသကဲ့သို့ စာရေးသူတို့ ကလေးဘဝက စတင်တွေ့ရှိရသော အလင်းရောင် မှာ လရောင်နှင့် ရေနံဆီမီးခွက်တို့ ဖြစ်ကြသည်။ ကလေးဘဝက လရောင်သည် ယခု မြင်နေရသော လရောင်ထက် လင်းလက် သည်ဟု ထင်မိပါသည်။ လမင်းကြီးသည် ဝိုင်းစက်နေပြီး ကမ္ဘာ ကြီးကို အလင်းရောင်ပေးရင်း ပြေးလွှားနေသည်ဟု ထင်ရပါ သည်။ ‘ရွှေလမှာ ယုန်ဝပ်လို့၊ ဆန်ဖွပ်သည့် အဘိုးအို၊ ဟော ကြည့် ပါဆို’ ကဗျာစာသားကို မရသေးသော်လည်း မိခင်လုပ်သူက မကြာမကြာ ပြောပြထားသဖြင့် လဝန်းထက်မှာ တကယ်ပဲ ယုန် နှင့် အဘိုးအိုကို မြင်မိခဲ့ပါသည်။ အဘိုးအိုက ခါးလေးကုန်းကာ ဆန်ဖွပ်နေဟန် ဖြစ်ပါသည်။ စာရေးသူတို့ ရွာမှာ ညညဘက်ဆို လျှင် လရောင်အောက်မှာ အိမ်တိုင်းစေ့လိုလို ဆန်ဖွပ်ကြပါသည်။ ယခုကာလကဲ့သို့ ဆန်ဖွပ်စက် မပေါ်သေး၊ ဆန်ကို လက်ထောင်း ဆုံတွင် ထည့်ကာ ကျည်ပွေ့နှင့် အကြိမ်ကြိမ် ထောင်းရသည်။ နာ ရီဝက်လောက်ကြာမှ ဖြူဖွေးသော ဆန်ကို ရပါသည်။ ရေနံဆီ မီး ခွက်ဆိုသည်မှာ နို့ဆီဘူးမှာ အနို့တံ တပ်ထားပြီး အဝတ်စကို မီး စာအဖြစ် ထည့်ရသည်။ ဆီမီးခွက်ထဲမှာ ရေနံဆီ ထည့်ပြီး နို့တံ အဖျားမှ အဝတ်စကို မီးရှို့ခြင်းဖြင့် အလင်းရောင်ပေးသော ဆီမီး ခွက်ကို ဆိုသည်။ ညမှောင်ပြီဆိုတာနဲ့ ဆီမီးခွက်ကို ထွန်းရသည်။ ဆီမီးခွက်အလင်းရောင်ဖြင့် အလုပ်လုပ်ကြရသည်။

စာရေးသူတို့ ကလေးဘဝက ထမင်းချက်အိုးခွက်များမှာ ထမင်းချက်တစ်အိုးသာ ဒန်အိုးဖြစ်ပြီး ကျန်ဟင်းချက်အိုးများမှာ မြေအိုးများ၊ မြေခွက်များ ဖြစ်ကြသည်။ စာရေးသူအဘွားသည် မြေအိုးကလေးဖြင့် ထမင်းကိုပါ ချက်လေ့ရှိသည်။ မြေအိုးထမင်း သည် ဒန်အိုးထက် စားကောင်းသည်။ ငယ်စဉ်က ထမင်းချက်လျှင် အိမ်အနီးဝန်းကျင်တစ်ခုလုံး မွှေးကြိုင်နေတာကို သတိပြုမိပါ သည်။ ယခုခေတ် ဆန်တွေထက် ကောင်းပုံရသည်။ ကောက်ကြီး စပါးဆိုလျှင် နယုန်လက စတင်စိုက်ပျိုးကာ တန်ဆောင်မုန်းကျမှ ရိတ်သိမ်းရသည်ဟု ဆိုသည်။ ခြောက်လခန့်ကြာသည်။ ယနေ့ ခေတ် လယ်သမားများမှာ ခြောက်လအထိ မစောင့်နိုင်တော့ပေ။ သုံးလနှင့် စပါးပြန်ရဖို့ လိုနေကြပြီ။ အရည်အသွေးထက် အရေ အတွက် များများ လိုအပ်လာပြီ။ မြန်မာနိုင်ငံ လူဦးရေကလည်း စာရေးသူတို့ ငယ်စဉ်က သန်း ၂ဝ၊ ယခု သန်း ၆ဝ ဆန်စပါးတွေ လည်း သုံး၊ လေးဆ တိုးဖို့ လိုလာသည်။

စာရေးသူတို့ ကလေးဘဝက ဆန်းပြားသော အလင်း ရောင်တစ်မျိုးမှာ လေထိုးဓာတ်မီး ဖြစ်ပါသည်။ ဘုန်းကြီး ကျောင်းတွင်သာ ရှိသည်။ ရွာတွင် အလှူပွဲများ ရှိသောအခါ ထွန်းလေ့ရှိသည်။ လေထိုးဓာတ်မီး ထွန်းရန် ဦးစွာ ဓာတ်မီး အောက်ခြေ ဆီအိုးထဲသို့ ဓာတ်ဆီ ထည့်ရသည်။ ဓာတ်မီးမီးစာမှာ မှိုကွန်ချာနဲ့ တူသည်။ ချည်တစ်မျိုးကို ရက်လုပ်ထားသည်ဟု ထင် ပါသည်။ မီးစာကို လေထိုးဓာတ်မီးအတွင်းဘက် ဦးခေါင်းပိုင်းတွင် တပ်ဆင်ရသည်။ အောက်ခြေတွင် လေထိုးမည့် နေရာ ပါသည်။ ရွာဦးကျောင်းဆရာဘုန်းကြီးသည် ချွေးတလုံးလုံးဖြင့် လေကို ဦး စွာ ထိုးလိုက်ပါသည်။ ပြီးလျှင် အဝိုင်းကလေး ခလုတ်တစ်ခုဖြင့် ဆီအခိုးအငွေ့များကို ဖွင့်ပေးပါသည်။ ၄င်းကို အပ်ကစားသည်ဟု ခေါ်သည်။ ပြီးနောက် မီးစာကို သစ်သားမီးခြစ်ဆံဖြင့် မီးကူးလိုက် သောအခါ မီးတောက် ထတောက်ပါသည်။ ဆရာဘုန်းကြီးသည် အပ်ကစားသော ခလုတ်ဖြင့် ဆီ၊ လေ၊ မီးတို့ကို ထိန်းညှိချိန်လိုက် သောအခါ မီးဇာမှာ ဖြူဖွေးသော အလင်းရောင်များ ထွက်လာ သည်။ ထိုအခါ ဓာတ်မီးခေါင်းကို ချုပ်လိုက်သည်။ အောက်သို့ အလင်းပေးစေရန် သံပြားဝိုင်းတစ်ခုကိုလည်း ချုပ်လိုက်ပါသည်။ ဓာတ်မီးအောက်ခြေတွင် လေ ပြည့်၊ မပြည့်ကို ပြသော ပေါင်ချိန် ပြ နေရာတစ်ခု ပါသည်။ လေမပြည့်သေးလျှင် ပြည့်အောင်ထိုးပေး ရသည်။ ထိုအခါ လေထိုးဓာတ်မီးကြီးက တရှဲရှဲမြည်ကာ အလင်း ရောင် ကောင်းကောင်းပေးနေပါတော့သည်။ ကျွန်တော်တို့ ကလေးတစ်သိုက်သည် ဓာတ်မီးအနားသို့ ကပ်ကာ သေသေချာ ချာ ကြည့်ကြပါသည်။ ဓာတ်မီးအောက်ခြေ ဆီအိုး၏ မျက်နှာပြင် မှာ ကြေးမုံပြင်ကဲ့သို့ လူရုပ် ပေါ်ပါသည်။ ကျွန်တော်တို့၏ မျက်နှာ များမှာ ရှည်မျောမျောကြီး ဖြစ်နေပါသည်။ ကျွန်တော်တို့သည် ပါးစပ်ကို ဟပြကြသည်။ ကျွန်တော်တို့၏ စိတ်ကို ပျော်မြူးစေ  ပါသည်။

အသက် သုံး၊ လေးနှစ် အရွယ် ကလေးဘဝတုန်းက ဘုန်း ကြီးကျောင်းသားလည်း မဖြစ်သေး၊ မူလတန်းကျောင်းလည်း မနေရသေးခင် ကြားကာလတစ်ခုနှင့် ကြုံခဲ့ရပါသည်။ မိဘများ မှာ အိမ်ကို ထားကာ လယ်ယာလုပ်ငန်းခွင်သို့ သွားကြရာ စာရေး သူတို့ ကလေးတစ်သိုက်မှာ အိမ်မှာပင် စုရုံးနေခဲ့ကြရပါသည်။ အထူးသဖြင့် မိုးရာသီတွင် မိဘများက အိမ်ကို ထားကာ လုပ်ငန်း ခွင် ဝင်နေကြရသည်။ စာရေးသူတို့ ကလေးတစ်သိုက်မှာ မိုးရွာ လာပြီဆိုလျှင် မိုးရေထွက်ခံကြသည်။ ရွာအလယ်လမ်းမမှာ စီး ဆင်းလာသော ရေစီးကြောင်းတွင် ပိန်းရွက်တွေကို မျှောကြ သည်။ ပိန်းပင်တွေ ရွာထဲမှာ ပေါက်ရောက်လေ့ရှိသည်။ ရိုးတံ လည်း သန်၊ အရွက်တွေ ဖားဖားဝေလျက် ရှိသည်။ ပိန်းရွက်မှာ ရေမစိုသော အမျိုးဖြစ်သည်။ ပိန်းရွက်တွေ ရေစီးကြောင်းတွင် မျောပါသွားသည့်နောက်ကို ကျွန်တော်တို့ ကလေးတွေက ပြေး လိုက်ကြပါသည်။ နောက် မိုးကြီးတစ်ကြိမ် ရွာချလိုက်ပြန်သည်။ ရွာထဲတွင် ရေစီးက ပိုသန်လာသည်။ ရေစီးနှင့်အတူ သဲကျောက် စရစ်ခဲလေးများ မျောပါလာသည်။ ကျောက်စရစ်ခဲလေးများကို အုန်းသီးခွံခွက်လေးတွေနဲ့ ထည့်ကာ ကိုယ့်အိမ်နားမှာ သဲဖို့ကြ ပြန်သည်။ ဒီလိုနဲ့ ခန္ဓာကိုယ် အေးသလို တွေ့သောအခါ အိမ်ထဲ ဝင်ပြီး အဖေပုဆိုးကို ခြုံကာ နွေးထွေးစွာ နေလိုက်ကြပြန်ပါသည်။ မိုးရွာရင် မိုးရေချိုးမယ်ဆိုတာ ကလေးတွေအတွက် တကယ်မှန် ကန်ပါသည်။

စာရေးသူတို့ အိမ်နားတွင် အမေစိုက်ထားသော စိုက်ခင်း လေး ရှိပါသည်။ စိုက်ခင်းထဲတွင် ချဉ်ပေါင်၊ သခွား၊ ရုံးပတီနှင့် အနွယ်ခဝဲပင်များ ရှိပါသည်။ မိုးရာသီတွင် ချဉ်ပေါင်ဟင်းမှာ မရိုး နိုင်သော ဟင်းတစ်မယ်ဖြစ်ပါသည်။ ချဉ်ပေါင်အပွင့်မှာ နီဝါရောင် ပွင့်ပါသည်။ ရုံးပတီပင်မှလည်း အဝါရောင်အပွင့်ကြီးကြီး ပွင့်ပါ သည်။ သခွားပင်မှာ လိမ္မော်ရောင်သေးသေးလေး ပွင့်ပါသည်။ အနွယ်ခဝဲပင်မှလည်း အဝါရောင်ပွင့်ကို ရိုးတံဖြင့် အလှဆင်ထား သလို ရှိသည်။ ထိုပန်းပွင့်တို့အနီးမှာ ပိတုန်းကောင်များ ဝဲပျံနေ ကြသည်။ စိုက်ခင်းအပြင် အိမ်ခြံစည်းရိုးတွင် ခေါင်ရမ်းပန်း၊ ဆွဲလဲ ပန်းများ ပွင့်လန်းနေကြသည်။ အလေ့ကျပေါက်သော အနွယ်ပင် တို့မှ အပြာရောင်၊ အဖြူရောင် ပန်းမျိုးစုံလည်း ပွင့်လန်းနေကြ သည်။ အိမ်အနီးတွင် သရက်ပင်၊ ငှက်ပျောပင်၊ အုန်းပင်ကဲ့သို့ အသီးစားအပင်များလည်း ရှိသည်။ ရွာထဲတွင် သစ်ပင်ကြီးကြီး များ ရှိသည်။ မန်ကျည်းပင်၊ ခရေပင်၊ ကုက္ကိုပင်ကြီးများမှာ အမြဲ ပင် စိမ်းလန်းနေသလို မြင်တွေ့ရသည်။ အစိမ်းရောင် လွှမ်းမိုး သော ကမ္ဘာလေးထဲမှာ ရောင်စုံပန်းမျိုးစုံနဲ့အတူ ရှင်သန်ကြီးပြင်း ခဲ့ရသလို၊ ခံစားခဲ့ရသလို ခံစားရပါသည်။ အရာရာသည် ပျော် စရာနှင့် စိတ်ဝင်စားစရာချည်း ဖြစ်လို့နေပါသည်။

အိမ်တွင် မွေးမြူထားသော နွားများ၊ ကြက်များမှာ ကလေးတွေရဲ့ အနီးစပ်ဆုံး မိတ်ဆွေများ ဖြစ်ပါသည်။ ကြက်မကြီး နှင့် ကြက်ကလေးများမှာ ဆန်ဖွပ်သံ၊ ဆန်တီးဆန်ပြာသံ ကြား လျှင် အနီးသို့ ရောက်လာတတ်သည်။ ကြက်မကြီးသည် စားစရာ များ တွေ့လျှင် ကိုယ်တိုင်မစားဘဲ သားသမီးများကို အသံ တကြော်ကြော်အော်ကာ ကျွေးမွေးလေ့ရှိပါသည်။ ကြက်ကလေး များမှာလည်း အမေ့တောင်ပံအောက်သို့ ခေါင်းကလေးတိုးဝင် ကာ မိခင်နှင့် သားသမီးတို့ ပြုမူနေထိုင်ကြပုံမှာ ကြည်နူးစရာ ကောင်းလှပါသည်။

ဓာတ်ပုံ- ဇေယျာလှိုင်/မော်ကွန်းမဂ္ဂဇင်း

အိမ်တွင် မွေးထားသော နွားများကို အရောင်အဆင်းကို လိုက်ကာ အမည်ပေးလေ့ရှိပါသည်။ အဖြူနှင့် ပြောက်ကျား အရောင်ကို ငပြောက်ဟု ခေါ်သည်။ နွားမကြီးမှာ အမည်းရောင် ဖြစ်သဖြင့် မဲမဟု ခေါ်သည်။ မဲမမှ မွေးထားသော နွားကလေးမှာ အလွန်ချစ်စရာကောင်းလှသည်။ အရောင်မှာ ထန်းသီးရောင် ဖြစ်သည်။ ခုန်ပေါက်ခုန်ပေါက်နှင့် ပြေးဆော့တတ်သည်။ ကျွန် တော်တို့သည် မဲမကြီးထံမှ နွားနို့ကောင်းကောင်း သောက်ရပါ သည်။ စာရေးသူအဘိုးသည် စောစောစီးစီး နွားနို့ ညှစ်ပါသည်။ ကျွန်တော်တို့ အိပ်ရာက နိုးချိန်တွင် နွားနို့ကို မြေအိုးနှင့် ချက်ပြီး ပြီ။ နွားနို့က ကောင်းလွန်းသဖြင့် စေးပျစ်နေပါသည်။ အဘိုးသည် ရခိုင်ငှက်ပျောသီးအစိမ်းကို မီးဖုတ်ပြီး ကျွေးလေ့ရှိပါသည်။ ရခိုင်ငှက်ပျောသီးမှာလည်း မွှေးရနံ့သင်းလျက် နွားနို့နှင့် လိုက် ဖက်ပါသည်။

နွားနို့မှာ ရေရောရောင်းသည်ဆိုသော စကားကို အသက် ကြီးပြီးမှ ကြားဖူးပါသည်။ ကျွန်တော့်အဘိုး သည် စာရေးသူအား နွားငယ်တစ်ကောင် လက်ဆောင်ပေးထားပါသည်။ စာရေးသူ လက်ဆောင်ရသော နွားကလေးသည် တဖြည်းဖြည်း ကြီးပြင်း လာခဲ့သည်။ တောင်သူလယ်သမားတို့သည် ကျွဲနွားများကို ခိုင်းစေရုံသာ မဟုတ်၊ ဝင်ငွေတစ်ရပ်အဖြစ် ရောင်းစားရန်ပါ မွေးမြူလေ့ရှိကြသည်။ တစ်နေ့တွင် စာရေးသူ၏ ဖခင်သည် အဘိုးပေးထားသော နွားငယ်ကို အခြားရွာသို့ ရောင်းပေးလိုက် ပါသည်။ စာရေးသူမှာ သုံးရက်ခန့် ထမင်းမစားနိုင်ဘဲ နွား ငယ်လေးကို လွမ်းဆွေးနေခဲ့ရပါသည်။ စာရေးသူဖခင်က နွား ရောင်းရငွေနှင့် ရွှေလက်စွပ်တစ်ကွင်း ဝယ်ပေးမယ်ဆိုလည်း ရွှေကို မလို၊ နွားကိုသာ လိုကြောင်း ပြန်လည်ပြောဆိုခဲ့ဖူးပါသည်။

စာရေးသူ ငယ်စဉ်က ကျေးလက်တောရွာများတွင် အမဲ သားကို စားရခဲလှသည်။ အဘယ်ကြောင့်ဆိုသော် ကျွဲနွားများကို ကျေးဇူးရှင်များအဖြစ် သတ်မှတ်လေ့ရှိကာ သတ်ဖြတ်ရောင်းချ လေ့မရှိသောကြောင့် ဖြစ်သည်။ အသက်ကြီးပြီး အိုမင်း၍ ဓမ္မတာ အတိုင်း သေဆုံးသွားသော ကျွဲနွားများကိုမူ တစ်ရွာလုံး မျှဝေစား သောက်ကြသည်ကို တွေ့ရပါသည်။ ငါး၊ ပုစွန်များကိုသာ နေ့စဉ် ရှာဖွေစားသောက်လေ့ရှိကြသည်။ အမဲသားကိုမူ တစ်နှစ်လုံးမှာ တစ်ကြိမ်စားဖူးရန်ပင် ခဲယဉ်းပါသည်။ ဝက်သားကိုမူ ချင်းတိုင်း ရင်းသားများက လာရောက်ရောင်းချလေ့ရှိသည်။ အထူးသဖြင့်  အလှူပွဲများ ရှိလျှင် ဝက်သားကို စားရလေ့ရှိပါသည်။ ကျေးလက် နေ တောင်သူလယ်သမားတို့သည် မိမိတို့နှင့် မိုးလင်းမှ မိုးချုပ်ထိ အတူတွဲဖက် လုပ်ကိုင်ကြရသော ကျွဲနွားများကို ကျေးဇူးရှင်များ အဖြစ် သတ်မှတ်ကြခြင်းမှာ လျော်ကန်သင့်မြတ်လှပေသည်။

စာရေးသူတို့သည် ကျေးလက်တောရွာတွင် နေရသော် လည်း အစားဆင်းရဲလှသည်ဟုတော့ မဆိုနိုင်။ မြို့မှာကဲ့သို့ နေ့စဉ် မုန့်မစားရသော်လည်း မကြာမကြာဆိုသလို အိမ်မှာ မုန့်တီ၊ မုန့် ဖက်ထုပ်၊ ကောက်ညှင်းပေါင်းတို့ စားရတတ်သည်။ အဘယ် ကြောင့်ဆိုသော် တောင်သူလယ်သမားတို့သည် လုပ်ငန်းသစ် တစ်ခုကို စတင်တော့မယ်ဆိုလျှင် ဒါနဖြင့် စလေ့ရှိသည်ကို သတိ ပြုမိပါသည်။ ပမာအားဖြင့် ဒီနေ့ စပါးပျိုးထောင်မည့်နေ့၊ ဘုန်း ကြီးကျောင်းကို ဆွမ်းတစ်ပွဲ ပို့ရမယ်၊ ဒီနေ့တော့ စပါးရိတ်သိမ်း မယ့်နေ့၊ မုန့်တစ်မျိုးလုပ်မှ ဖြစ်မယ်၊ ဒီနေ့ စပါးကျီသွင်းမယ့်နေ့၊ ကောက်ညှင်းပေါင်း ကျွေးရဦးမယ်ဆိုတဲ့ အယူအဆမျိုး ရှိတတ် ကြသည်ကို သတိပြုမိပါသည်။

အစားအစာနှင့် ပတ်သက်ပြီး နောက်တစ်ခု ထူးခြားမှုမှာ ဘာကို စားစား ဝအောင် စား ဖြစ်သည်။ သရက်သီး စားမလား၊ ဝအောင် စား။ ပိန္နဲသီး စားမလား၊ ဝအောင် စား။ ငှက်ပျောသီး စားမလား၊ ဝအောင် စား။ ထမင်းစားရာတွင် မိဘတွေက ချွေတာ စားပါဟု ပြောလေ့နည်းရခြင်းမှာလည်း အကြောင်းရှိသည်။ မြို့ဈေးမှာကဲ့သို့ ငွေပေးပြီး ဝယ်ရတာ မဟုတ်လို့ ဖြစ်မည်။ သား၊ ငါးက အစ ဟင်းသီးဟင်းရွက်အဆုံး ကိုယ်တိုင် ရှာဖွေစိုက်ပျိုးစနစ် ဖြစ်သောကြောင့် ဖြစ်သည်။

ကျန်းမာရေးဘက်ကျတော့ အတော်အားနည်းချက် ရှိပါ သည်။ ဘယ်ကိုယ်ဝန်ဆောင်မိခင်မှ ဆေးခန်းပြဖူးတယ်ဆိုတာ မရှိ၊ အရပ်လက်သည်နဲ့ မွေးလိုက်ကြရသည်။ ကလေးတွေလည်း အပျက်အစီးရှိပုံ ရပါသည်။ အဘယ်ကြောင့်ဆိုသော် ရွာနဲ့ သိပ် မဝေးသော နေရာမှာ ကလေးမြှုပ်တဲ့ သင်္ချိုင်း ရှိခဲ့လို့ ဖြစ်သည်။ ကလေးအမေများမှာ နနွင်းရောင်တဝင်းဝင်းနှင့် သွေးသားနုချိန် မှာ မီးလှုံပေးကြရသည်။ အိမ်တိုင်းတွင် မီးနေခန်းဟု ရှိသည်။ နည်းနည်းဖျားနာကိုက်ခဲပါက ရွာဦးကျောင်းဆရာတော်ထံမှ ခြောက်ပါးဆေးတစ်မျိုးကို တောင်းသောက်ရပါသည်။ ခြောက် ပါးဆေးတွင် ကွမ်းရွက်၊ ဆားနှင့် ကြပ်ခိုးတို့ ပါသည်။ ပါရာစီ တမောကဲ့သို့ အာနိသင်ရှိသည်။ ကွမ်းရွက်ပြုတ်ရည်၊ ချင်းပြုတ် ရည်၊ ကြက်ဟင်းခါးရွက်ပြုတ်ရည်များကို သောက်ရပါသည်။ အတော်နေမကောင်းပါမှ တိုင်းရင်းဆေးဆရာကို ပင့်လေ့ရှိကြ သည်။ အချို့မိန်းမကြီးတွေမှာ နတ်ကတော်ကို ခေါ်၍ နတ်ကြည့် လေ့ ရှိကြသည်။ နတ်ကတော်က ကြက်လွှတ်ရမည်ဟု မကြာ မကြာ ပြောလေ့ရှိသည်။ ကြက်လွှတ်သည်ဆိုသည်မှာ လူနာကို  အမှောင့်ပယောဂတစ်ခု စွဲကိုင်ထားသဖြင့် အသက်ဘေးကို ချမ်း သာပေးရန် လူကိုယ်စား စားစရာတစ်မျိုးကို ကျွေးပေးခြင်း  ဖြစ်သည်။

ဘာသာရေးဘက်တွင် ရဟန်းသံဃာများကို တန်ဖိုးထား ကြသည်။ မိမိတို့ သားယောက်ျားများကို ရှင်ပြုပေးပြီး ရဟန်းခံလို ကြသည်။ ကိုရင်အဖေ၊ အမေကို ကိုရင်ဖ၊ ကိုရင်မိဟု ခေါ်ကြ သည်။ သင်္ကန်းအလှူရှင်ကို သင်္ကန်းဒကာဟု ခေါ်ကြသည်။ ဥပုသ်သီလ ဆောက်တည်ခြင်း မြဲကြသည်။ သက်ကြီးဝါကြီးများ နေ့စဉ်အိမ်တွင် ညဦးပိုင်းတစ်ကြိမ်၊ နံနက်စောစောပိုင်းတစ်ကြိမ် ဘုရားဝတ်တက်သံ ကြားရသည်။ ရှင်ပြုပွဲ၊ ပဉ္စင်းခံပွဲကို မင်္ဂလာပွဲ ထက် အလေးထားကြသည်။  ဘုန်းကြီးပျံပွဲများကို အတော် ငွေ ကုန်ကြေးကျ အကုန်ခံ ကျင်းပလေ့ရှိကြသည်။

ဓာတ်ပုံ- ဇေယျာလှိုင်/မော်ကွန်းမဂ္ဂဇင်း

စာရေးသူတို့ ရွာလေးတွင် ကျေးရွာတီးဝိုင်း ရှိပါသည်။  ရွာတီးဝိုင်းသည် ရပ်ရွာအတွင်း သာရေး၊ နာရေးပွဲ အားလုံးတွင် အခမဲ့ တီးပေးရသည်။ သူတို့ကို ရွာတွင် ပေးဆောင်ရမည့် စရိတ် ငွေကြေးများကို ကင်းလွတ်ခွင့်ပြုထားသည်။ ရွာလုံးကျွတ်  ဆင်နွှဲ ရသော ပွဲတော်များမှာ သီတင်းကျွတ် မီးထွန်းပွဲတော်၊ ဆရာ ကန်တော့ပွဲ၊ သင်္ကြန်မတိုင်မီ ဘုရားရေသပ္ပာယ်ပွဲ၊ သင်္ကြန်အပြီး ဆရာကန်တော့ပွဲတို့ ဖြစ်ကြသည်။ ရွာတီးဝိုင်းသည် ရွာသူ ရွာသားတို့၏ အလှူပွဲများတွင် အခမဲ့ တီးမှုတ်ပေးကြရသည်။ ဆရာကန်တော့ပွဲ ကျင်းပရန် ဘုန်းကြီးကျောင်းသို့ မတက်မီ ရွာ လယ်စုရပ်မှာ တီးဝိုင်းက မြိုင်မြိုင်ဆိုင်ဆိုင် တီးပေးရသည်။ ကျွန် တော်တို့ ကလေးတစ်သိုက်မှာ အပြေးအလွှား ရေချိုး၊ သနပ်ခါး လူးကြရသည်။ စာရေးသူတို့ ကလေးဘဝက နားမှာ နားဘပ်ဝတ် ရသေးသည်။ လည်ပင်းမှာလည်း ကတ္တီပါ ကြိုးလှလှဖြင့် ရွှေ မောင်းကို ဆွဲရတတ်ပါသည်။ လူတိုင်းစေ့တော့ မဟုတ်။ တတ် နိုင်သော မိဘများက ဝတ်ပေးခြင်း ဖြစ်သည်။ လက်မှာလည်း ကျောက်နီလက်စွပ်၊ ကျောက်ပြာလက်စွပ်များ ဝတ်ဆင်ရသည်။ ဤလက်စွပ်ကတော့ ရွှေအစစ် မဟုတ်၊ ပခုက္ကူနယ်ဘက်က အလှ ကုန်သည်တွေ လာရောင်းသည့် ရွှေလက်စွပ်အတု ဖြစ်သည်။ ကျွန်တော်တို့မှာ ဘယ်ဟာက အတု၊ ဘယ်ဟာက အစစ်ဆိုတာ မသိ၊ အပြာရောင်၊ အနီရောင်တွေကို သဘောကျကာ တီးဝိုင်းသံ မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ ပျော်မြူး၍ ရှိကြပါသည်။

စာရေးသူတို့ ငယ်စဉ်က ပခုက္ကူနယ်မှ အထမ်းဖြင့် အလှ ကုန်မျိုးစုံ လာရောက် ရောင်းချကြပါသည်။ သူတို့သည် အုပ်စု လိုက် လာလေ့ရှိပါသည်။ တစ်ဖွဲ့တွင် ဆယ်ယောက်မှ နှစ်ဆယ့် ငါးယောက်ထိ ပါတတ်သည်။ မြို့ဘုန်းကြီးကျောင်း ဇရပ်တစ် ဆောင်တွင် စခန်းချပြီး ချက်ပြုတ်စားသောက်နေထိုင်ကြပါ သည်။ ကျေးရွာများသို့ လှည့်လည်ရောင်းချကြပါသည်။ သူတို့မှာ ထန်းခေါက်ဖာနှစ်လုံးကို ထမ်းပိုးဖြင့် ထမ်းလာပြီး ထန်းခေါက်ဖာ ပေါ်တွင် မှန်သေတ္တာသေးသေးတစ်လုံး ပါသည်။ ထိုမှန်သေတ္တာ ထဲတွင် မိတ်ကပ်မျိုးစုံ၊ နှုတ်ခမ်းဆိုးဆေး၊ လက်သည်းဆိုးဆေး၊ လက်သည်းညှပ်အစ ရွှေရည်စိမ်လက်စွပ်၊ ပုတီးများ ပါတတ် သည်။ ရွာထဲကို ဝင်လိုက်လျှင် ”အလှကုန်တွေ အလှကုန်တွေ” ဟု အော်လေ့ရှိပါသည်။ သူတို့လာလျှင် အိမ်ရှင်မတွေ၊ အပျိုတွေ ဝိုင်းအုံကြပါသည်။ သူတို့က ‘အစ်မ ဝယ်လိုက်ပါဦး’၊ ‘အဒေါ် ဝယ် လိုက်ပါဦး’ နဲ့ အပြောချိုပြီး ဈေးဆစ်၍ ရအောင် ဈေးကို မတန် တဆ တင်ထားပါသည်။ ဝယ်သူကလည်း တစ်ရာဈေးခေါ်သည် ကို ငါးဆယ်နဲ့ ဝယ်ရလိုက်တယ်ဆိုပြီး ကျေနပ်လျက် ရှိပါသည်။ ရောင်းရတွင်စေ ကျေနပ်စေ ဆိုတဲ့ ဈေးသည်လမ်းညွှန်နှင့် ကိုက် ညီပါပေသည်။

ကျွန်တော်တို့ ကလေးများမှာ လရောင်အောက်တွင် ညစဉ် ကစား၍ ပျော်ကြရသည်။ ကွမ်းသီးဝှက်တမ်း ကစားရ သည်မှာ ပျော်စရာကောင်းလှသည်။ ကွမ်းသီးဝှက်တမ်းကို ခေါင်းဆောင်နှစ်ဦးနှင့် ကျန်အဖွဲ့ဝင် ငါးဦး၊ ခြောက်ဦးဖြင့် ကစား ကြပါသည်။ ရှေးဦးစွာ ခေါင်းဆောင်နှစ်ဦး မဲနှိုက်ကြသည်။ မဲနှိုက်ရန် အရွယ်တူ ဝါးနှီးပြားနှစ်ခုကို တစ်ခုက အကောင်း၊ နောက်တစ်ခုက အနည်းငယ်ကျိုးအောင် လုပ်ထားပြီး ခေါင်း ဆောင်တစ်ဦးက လက်ထဲတွင် ဆုပ်ထားပါသည်။ နှီးစနှစ်ခု အပေါ်သို့ ထွက်နေပါသည်။ မဲနှိုက်ပါဆိုပြီး ကျန်တစ်ဦးက နှီးစ တစ်ခုကို ဆွဲယူလိုက်ရသည်။ အကောင်းကျလျှင် မဲနိုင်ပြီး အရင် ဆုံး ကစားရသည်။ နှီးအကျိုးကျရင် နောက်မှ ကစားရပါသည်။ ကစားရန်မှာ အဖွဲ့ဝင်ငါးဦး သို့မဟုတ် ခြောက်ဦးကို ခြေကို ရှေ့သို့ ဆန့်တန်းကာ တစ်ဦးနောက်မှ တစ်ဦးတန်းစီ ထိုင်ရသည်။ လက် နှစ်ဖက်ကို ဦးချရန် ပုံစံ ပူးပြီး ပေါင်ကြားတွင် ထိုးထားရသည်။ အရင်ကစားရမည့် အသင်းခေါင်းဆောင်က လက်မှာ ကျောက် စရစ်ခဲလေးတစ်လုံးကို ထိုင်နေသူတို့ ပေါင်ကြားတွင် ရှိသော လက်ခုပ်ထဲသို့ ‘ရော့ ရော့ ရော့’ ဆိုပြီး ထည့်ဟန်ပြုရပါသည်။ ခြောက်ဦးအနက် တစ်ဦးဦး လက်ခုပ်ထဲမှာ အမှန်လည်း ထည့်ရ သည်။ ထည့်ပြီးပါက ကျန်ခေါင်းဆောင်တစ်ဦးကို ရှာနိုင်ပြီဟု အချက်ပေးလိုက်ပါသည်။ ကျန်ခေါင်းဆောင်တစ်ဦးက အဖွဲ့ဝင် ခြောက်ဦး၏ မျက်နှာပုံပန်းသဏ္ဌာန်တွေကို အကဲခတ်ပါသည်။ တစ်ခါတစ်ရံ  ဒီကောင် နားရွက်အေးစက်နေသလားဟု ဆိုကာ နားရွက်ကို ကိုင်ကြည့်ပါသည်။ ကျောက်ခဲလုံး လက်ထဲ ရောက် နေသူကလည်း မချိုမချဉ် မျက်နှာတည်သလိုလို ပြုံးသလိုလို ဖြစ် နေတတ်သည်။ ဒီကောင်ဆီမှာ ရှိရမည်ဟု အတပ်ပြောလိုက် သောအခါ မှန်သွားပါက အနိုင်ရသည်။ နိုင်သူမှာ ဒုတိယအကြိမ် ကျောက်စရစ်ခဲကို ပထမအကြိမ်ကဲ့သို့ ဝှက်ရသည်။ ကျန်ခေါင်း ဆောင်တစ်ဦးက ရှာရသည်။ လွဲချော်သွားပြီဆိုလျှင် တစ်ဖွဲ့လုံး ရယ်ကြရသည်။ ပျော်ကြရသည်။

လသာတုန်းကစားရင်းက လကို ငပုတ်ဖမ်းတာနဲ့ ကြုံခဲ့ရပါ သည်။ လငပုတ်ဖမ်းဆိုသည်မှာ လမင်းကြီးကို မည်းမည်းပုတ်ပုတ် ငပုတ်ဆိုတဲ့ အကောင်က ဖမ်းစားသောကြောင့် လရောင် ပျောက်သွားခြင်းကို ဆိုလိုသည်။ လူကြီးတွေ ပြောသံကြားရသေး သည်မှာ လကို ဖမ်းပြီး ငပုတ်စအိုမှ ယိုထွက်လာလျှင် အစား အစာ ရှားပါးမည်။ ပါးစပ်မှ ပြန်အန်ထွက်လာလျှင် အစားအစာ ပေါမည်ဟု ဖြစ်ပါသည်။ ကျွန်တော်တို့ ကလေးဘဝမှာ လကြတ် တာတို့၊ နေကြတ်တာတို့ကို မကြားဖူးသေးပေ။ နေကြတ်တာကို နေထီးဆောင်းသည်ဟု နားလည်ခဲ့ရသည်။ ထို့ထက်ပို၍ စိတ်ဝင် စားဖွယ်ရာ ကောင်းသည်မှာ ကောင်းကင်တွင် သက်တံရောင် ပေါ်နေသည်ကို နဂါးရေသောက်နေသည်ဟု သိမှတ်ခဲ့ရပါသည်။ သက်တံပေါ်ပြီး နောက်နေ့တွေမှာ နေပူလို့ ရေခန်းသွားသည်ကို နဂါးသောက်လို့ ကုန်သွားသည်ဟု ထင်ခဲ့ကြသည်။

အသက် သုံး၊ လေးနှစ်အရွယ် ငယ်ဘဝ အမှား၊ အမှန် ကောင်းစွာ ဝေဖန်ပိုင်းခြားနိုင်မှု မရှိသေးတဲ့ အရွယ်မို့ အရာရာ တိုင်းသည် အံ့သြဘနန်း စိတ်ဝင်စားဖွယ်ရာနှင့် ပျော်ရွှင်စရာတို့ အတိသာ ပြည့်လျှံနေခဲ့သည့် အမေ့ရွာလေးမှာ နေထိုင်ခဲ့ရသော ငယ်ဘဝကို ယခုတိုင် လွမ်းဆွတ်နေမိပါတော့သည်။     ။

၂၀၁၇-ဖေဖေါ်ဝါရီလထုတ်၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၄၃)မှ အက်ဆေး ဖြစ်ပါသည်။

ကိုကြီးကျော်(ပုဂံ) ရေးသည်။

Advertise Here

LEAVE A REPLY

Please enter your comment!
Please enter your name here