Home ခရီးသွားဆောင်းပါး ချင်းတွင်းမြစ်ကမ်းပါးက မင်းကျန်စစ် မွေးရာမြေ

ချင်းတွင်းမြစ်ကမ်းပါးက မင်းကျန်စစ် မွေးရာမြေ

132
0
Photo - Than Naing Oo
ဈေးနှုန်းသက်သာစွာ ကြော်ငြာထည့်သွင်းနိုင်ပါပြီ

၂ဝ၁၈၊ မေ-ဇူလိုင်လထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၅၆)မှ သတင်းဆောင်းပါး ဖြစ်ပါသည်။

 သန်းနိုင်ဦးရေးသည်

Photo – Than Naing Oo
ဈေးနှုန်းသက်သာစွာ ကြော်ငြာထည့်သွင်းနိုင်ပါပြီ

စစ်ကိုင်းတိုင်းဒေသကြီး ချင်းတွင်းမြစ်ကမ်းနဖူးက အညာရွာလေးက ပုဂံရာဇဝင်နဲ့ ဆက်စပ်နေတယ်။ ပုဂံရာဇဝင်ကို ပြောကြ ဆိုကြတဲ့အခါ တုတ်ထမ်း ပြောကြစမြဲလို့ ဆိုရိုးရှိတယ် မဟုတ်လား။ ပုဂံရာဇဝင်ထဲက ကျန်စစ်သားမင်းဟာ အနော်ရထာမင်းရဲ့ သူရဲကောင်းလေးယောက်မှာ တစ်ယောက် အပါအဝင် ဖြစ်တယ်။ ကျန်စစ်သား မွေးဖွားခဲ့ရာ ဒေသက စစ်ကိုင်းတိုင်းဒေသကြီး မြောင်မြို့နယ် ပရိမ္မဆိုတဲ့ ကျေးရွာ ဖြစ်ပါတယ်။

ပရိမ္မကို သွားဖို့ တွန်းအား ဖြစ်စေခဲ့တာက လူပြောသူပြော များတဲ့ ပုဂံရာဇဝင်ထဲက ဇာတ်လမ်းလေးနဲ့ သက်ဆိုင်နေတယ်။ ပုဂံရာဇဝင်မှာ အောက်ပြည် အောက်ရွာက ပုန်ကန်ခြားနားတော့  စစ်သည်လေးသိန်းအားနဲ့ ညီမျှတဲ့ ကျန်စစ်သား၊ ငထွေရူး၊ ငလုံး လက်ဖယ်နဲ့ ညောင်ဦးဖီးတို့ကို အနော်ရထာမင်းက စေလွှတ် လိုက်ပါသတဲ့။ သူရဲကောင်းလေးယောက် အစွမ်းနဲ့ စစ်ကို အောင် နိုင်ခဲ့ပြီး သမီးကညာ (မဏိစန္ဒာ)ကို မင်းဘဏ္ဍာအဖြစ် ခေါ်ဆောင်လာခဲ့ကြတယ်။ လမ်းခရီးမှာ သူရဲကောင်းလေးယောက် တို့က တစ်ယောက်တစ်လှည့် ကင်းစောင့်ပြီး အိပ်ကြရာက ကျန်စစ်သားနဲ့ မဏိစန္ဒာ ငြိစွန်းမိကြပါလေရော။

အရိမဒ္ဒန ပုဂံပြည်ကို သူရဲကောင်းလေးယောက် ရောက်လာချိန်မှာ ကျန်စစ်သားနဲ့ မဏိစန္ဒာရဲ့ ဖြစ်ရပ်က ဟိုးဟိုးကျော်နေပြီ။ မင်းဘဏ္ဍာအဖြစ် ဆက်သလိုက်တဲ့ မဏိစန္ဒာနဲ့ ကျန်စစ်မင်းအဖြစ်ကို သိသွားတဲ့ အနော်ရထာမင်းဟာ စိတ်နှလုံး ညှိုး နွမ်းတော်မူရှာတယ်။ တစ်ဖက်မှာ မင်းဘဏ္ဍာ၊ အခြားတစ်ဖက်မှာ ရင်နှစ်သားကဲ့သို့ ချစ်ခင်ရတဲ့ သူရဲကောင်း ကျန်စစ်သား။ မင်း ဘဏ္ဍာကို စော်ကားသူမှန်သမျှ ခြွင်းချက်မရှိ စီရင်ရစမြဲ။ အနော်ရထာဘုရင် ဖြေရှင်းပုံက သိပ်ကို လှပတယ်။ ညီလာခံ ကျင်းပရာ  ဗိုလ်ပုံအလယ်မှာ ကျန်စစ်သားကို စီရင်ဖို့ ဆုံးဖြတ်လိုက်တယ်။ နောက်တစ်နေ့ ညီလာခံ ကျင်းပချိန်မှာ ကျန်စစ်မင်းကို လက်ပြန် ကြိုးတုပ်လို့ ပါးကွက်သားတွေကို ခေါ်ဆောင်လာတယ်။ ဘုရင် အနော်ရထာက သူ့လက်စွဲတော် အရိန္ဒမာလှံနဲ့ လူပုံအလယ်မှာ လက်ပြန်ကြိုးတုပ်ထားတဲ့ ကျန်စစ်သားကို ပစ်ပြီး အိပ်ဆောင် အတွင်း ဝင်သွားလိုက်ပါသတဲ့။ အရိန္ဒမာလှံက ကျန်စစ်သားကို မထိဘဲ ကြိုးကိုသာ ထိသွားလို့ ကျန်စစ်သားကို ချည်နှောင်ထား တဲ့ ကြိုးတွေ ပြေသွားတယ်။ ကျန်စစ်သားလည်း အချိန်မဆိုင်းဘဲ  အရိန္ဒမာလှံကို ယူလို့ မင်းဘေးက လွတ်အောင် မွေးရပ်မြေ ပရိမ္မ (မြောင်မြို့နယ်)အထိ ထွက်ပြေးခဲ့တယ်။

တကယ်တော့ ဒီဖြစ်စဉ် (ကျန်စစ်သား လွတ်မြောက်စေချင် တဲ့ ဖြစ်စဉ်)က အနော်ရထာကိုယ်တိုင် ဖြစ်စေချင်တဲ့ အစီအစဉ် ပါပဲ။ မင်းဘဏ္ဍာကို ခိုးယူသူ မည်သူမဆို ကွပ်မျက်ရမယ်ဆိုတာ ရှေးအစဉ်အဆက်က ရှိခဲ့တဲ့ တရားစီရင်ရေးစနစ်။ တစ်ဖက်မှာ ရင်ဝယ်သားကဲ့သို့ ချစ်ခင်အားထားရသူ ပုဂံသူရဲကောင်း။ မင်းဘဏ္ဍာ ခိုးယူခဲ့တဲ့ ကျန်စစ်သားကို အပြစ်မရှိလို့ ယူဆပြီး လွှတ်ခဲ့ရင် ကွယ်ရာမှာ မှူးကြီးမတ်ရာတွေရဲ့  ပြစ်တင်ကဲ့ရဲ့ခြင်းကိုခံရ မယ်။ သတ်ခဲ့ရင်လည်း သူရဲကောင်းတစ်ယောက် ဆုံးရှုံးမယ်။ အဲဒီတော့ လူပုံအလယ်မှာလည်း သတ်တယ် ဖြစ်စေချင်တယ်။ ကျန်စစ်သားလည်း လွတ်စေချင်တယ်။ ဒါကြောင့်လည်း ကျန်စစ် သားကို ချည်နှောင်ထားတဲ့ ကြိုးတွေကို ချိန်ရွယ်ပြီး လက်စွဲတော် အရိန္ဒမာလှံကို တမင်ပစ်လွှတ်လိုက်တာ ဖြစ်ပါတယ်။

ပရိမ္မအရပ် ရောက်တဲ့အခါ ဘုန်းတော်ကြီးကျောင်းတစ် ကျောင်းမှာ ခိုလှုံခွင့်တောင်းခံတယ်။ ဘုန်းတော်ကြီးက ခိုလှုံခွင့် ပြုတော့ ကျောင်းဝင်းအတွင်းမှာ ပေါက်နေတဲ့ သံပရာပင်ကို တွေ့ တယ်။ သံပရာသီးတွေ သီးနေလိုက်တာ အပြွတ်လိုက်၊ အခိုင်လိုက်။ မင်းဘေးက လွတ်အောင် ပြေးလွှားလာရတဲ့ ကျန်စစ်သား အတွက် သံပရာသီးတွေက စားချင်စဖွယ်။ ဘုန်းတော်ကြီးဆီ စားဖို့ ခွင့်တောင်းတော့ ချဉ်လွန်းလို့ စားနိုင်မှာ မဟုတ်ကြောင်း ဘုန်းတော်ကြီးက မိန့်တယ်။ ရပါတယ်၊ တပည့်တော် စားပါရစေ လို့ ထပ်ခါထပ်ခါ ခွင့်တောင်းမှ ဘုန်းတော်ကြီးက ခွင့်ပြုလိုက်တယ်။ လက်ထဲက အရိန္ဒမာလှံနဲ့ ပစ်ပြီး သံပရာသီးတွေကို အားပါးတရ စားနေတဲ့ ကျန်စစ်သားကို ဘုန်းတော်ကြီးမှာ အံ့သြ တကြီး ဖြစ်နေတယ်။ သူ့ကျောင်းက သံပရာပင်အကြောင်း ဘုန်းတော်ကြီး အသိဆုံး။ အရသာချဉ်လွန်းလို့ ဘယ်သူမှ မစားနိုင်တဲ့ သံပရာပင်။

ကျန်စစ်သားက အရှင်ဘုရား ဘုဉ်းပေးပါဦးလို့ လျှောက် တင်တော့ ဘုန်းတော်ကြီးက ငြင်းပါတယ်။ ကျန်စစ်သားက ထပ်ခါထပ်ခါ လျှောက်တင်ပါမှ ငြင်းလို့ မသင့်တော်ပါဘူးလေဆိုပြီး တစ်တို့လောက် တို့ပြီး ဘုဉ်းပေးတယ်။ တစ်သက်လုံး ချဉ်လာတဲ့ သံပရာပင်က အရိန္ဒမာလှံ အစွမ်းကြောင့် မချဉ်ဘဲ ချိုလို့ နေသတဲ့။ အဲဒီတော့မှ ဘုန်းတော်ကြီးလည်း မောင်ကျန်ရေ တစ်တို့ ဆိုပြီး ဆက်ကာ ဆက်ကာ တောင်းရတဲ့ အဖြစ် ရောက်သွားတယ်။ အဲဒီကစပြီး မစားဖူး မသောက်ဖူးတာကို စားသောက်လိုက်လို့ ကြိုက်သွားရင် မောင်ကျန်ရေ တစ်တို့ဆိုတဲ့ စကားက တွင်လာ တာလို့ ပါးစပ်ရာဇဝင် တွင်ကျန်ရစ်ခဲ့ကြတယ်။

နောက်ပိုင်းမှာ ပရိမ္မက ဘုန်းတော်ကြီးကျောင်းမှာ ကျန် စစ်သားတစ်ယောက် မင်းဘေး ခိုလှုံရင်း ဆရာတော့်တူမ သ္ဘူလနဲ့ ချစ်ကြိုက်လိုက်ပါရောလား။ အနော်ရထာဘုရင် စိတ်ဆိုးပြေချိန် သ္ဘူလမှာ ကိုယ်လေးလက်ဝန်ရှိနေပြီ။ ပါလာတဲ့ လက်စွပ်ချွတ်ပြီး သ္ဘူလကို ပေးတယ်။ အကယ်၍ သားလေး မွေးရင် အရိမဒ္ဒန ပုဂံနန်းတော် လိုက်လာဖို့၊ သမီးလေး မွေးခဲ့ရင် လက်စွပ်ကို ထုခွဲရောင်းချပြီး ဖြေရှင်းဖို့ မှာပြီး ကျန်စစ်သား ပုဂံ ပြည်ကို ပြန်သွားခဲ့တယ်။ သ္ဘူလက သားလေးမွေးပြီး ရာဇကုမာရ် အမည်တွင်ခဲ့တယ်။ ဒါပေမဲ့ ပုဂံရာဇဝင်အရ ရာဇကုမာရ်  ပုဂံရောက်ချိန်မှာ အိမ်ရှေ့အရာကို မြေးတော် အလောင်းစည်သူ ကို အပ်နှင်းခဲ့ပြီးပြီ။

ပရိမ္မကို သင်္ကြန်မတိုင်မီမှာ အရောက်သွားခဲ့ပါတယ်။ စစ် ကိုင်းတိုင်း မြောင်မြို့နယ်အတွင်းက ပရိမ္မရွာက ချင်းတွင်းမြစ် ကမ်းနဖူးမှာ ရှိတဲ့ ရွာ။ မြောင်မြို့သည်ပင် မ္တလေး-မုံရွာကားလမ်း ရဲ့ အတွင်းထဲကို ဝင်ရတဲ့ မြို့ ဖြစ်တယ်။ ပရိမ္မက မြောင်မြို့ရဲ့ အနောက်မြောက်ယွန်းယွန်းမှာ ရှိတယ်။ ပရိမ္မကို သွားတဲ့ ရက်က သင်္ကြန်မတိုင်မီ နှစ်ရက်အလို။ ရာသီဥတုက ပူပြင်းတယ်။ မ္တလေးက ထွက်တော့ မနက် ၁ဝ နာရီဝန်းကျင်လောက်မှာ ထွက်ဖြစ်တယ်။ ခရီးတွင်ချင်တာမို့ ဆိုင်ကယ် ခပ်မြန်မြန်ပဲ မောင်းခဲ့ကြတယ်။ စစ်ကိုင်းမြို့အထွက် ညောင်ပင်ဝန်းမှာ လက် ဖက်ရည်သောက်၊ မုန့်စား ခဏနားခဲ့ကြပြီး ဆက်ထွက်ခဲ့ကြတယ်။ မြင်းမူရောက်ချိန်မှာ တန်ခူးနေက ခေါင်းပေါ် တည့်တည့် ရောက်နေပြီ။

မြင်းမူက လွန်လာတော့ မြောင်မြို့သို့ ဆိုတဲ့ ဆိုင်းဘုတ်ကြီးကို တွေ့ရတယ်။ လမ်းညွှ့န်ဆိုင်းဘုတ်ရှိတဲ့ နေရာက မိုင်တိုင် အမှတ် ၅၂။ မန္တလေးနဲ့ မိုင် ၅ဝ ကျော်လွန်လာခဲ့ပါပကော။ မြောင်က ကားလမ်းအတွင်းထဲ ဝင်ရတဲ့ မြို့ ဖြစ်လို့ မုံရွာ-မန္တလေး မကြာခဏ သွားဖူးပေမယ့် မြောင်ကို မရောက်ဖူးဘူး။ ကျွန်တော်တို့ သွားမယ့် ပရိမ္မကလည်း မြောင်ကို ကျော်ပြီးသွားရတဲ့ ရွာ။ ပရိမ္မရွာကို မရောက်ဖူးပေမယ့် ပါးစပ်ပါ ရွာရောက်မှာပဲ ဆိုပြီး အရဲကိုး သွားခဲ့ကြတာ။ မုံရွာ-မ္တလေးလမ်းမကြီးက အာရှလမ်းမကြီးနဲ့ ဆက်သွယ်ထားတဲ့ လမ်းဖြစ်လို့ လမ်းကောင်းလမ်းကျယ်ကြီးပါ။ မြောင်လမ်းခွဲကတော့ မုံရွာလမ်းထက်စာရင် ကျဉ်းပြီး လမ်းဆိုး တယ်။ လမ်းခွဲကနေ အတွင်းကို ရှစ်မိုင်လောက် ဝင်လိုက်တဲ့အခါ မြောင်မြို့ကို ရောက်ပါတယ်။ မြောင်က အညာကျေးလက်မြို့လေး ဖြစ်တယ်။ တိတ်ဆိတ်အေးချမ်းမှု အရသာကို ပေးတယ်။ အထပ်မြင့် ဟိုတယ်ကြီးတွေ၊ အဆင့်မြင့် ရှော့ပင်းမောလ်ကြီးတွေ ရှိမနေဘူး။ အစိုးရရုံးတွေကလည်း ဝင်းတွေ၊ ခြံတွေနဲ့။

မြောင်-ပရိမ္မ ဆက်သွယ်ထားတဲ့ လမ်းက ကတ္တရာလမ်း ဆိုပေမယ့် မြေပဲယိုလိုပဲ။ ကျင်းတွေ၊ ချိုင့်တွေရှိတဲ့ အခါလည်းရှိ၊ ကတ္တရာသားတွေ နက်ပြောင်နေတဲ့အခါလည်း ရှိတာပဲ။ လမ်းပြင်နေတဲ့ ရွာတွေကိုလည်း တွေ့ရတယ်။ မြောင်မြို့ကို လွန်တော့ လမ်းညွှန်ဆိုင်းဘုတ်တစ်ခု တွေ့ရပြန်တယ်။ ကျန်စစ်သားမွေးဖွား ရာ ပရိမ္မသို့ ၁၈ မိုင်တဲ့။ အညာရွာတွေ ဆက်သွယ်ထားတဲ့ လမ်း ဆိုပေမယ့် လမ်းမှာ လူမပြတ်လှဘူး။ တစ်ရွာနဲ့ တစ်ရွာ ကူးလူး ဆက်သွယ်မှုတွေ များတယ်။ ကားတွေ ဥဒဟို သွားလာနေတာ မရှိပေမယ့် တဖြောက်ဖြောက်တော့ သွားနေတာပဲ။ ကျွန်တော်တို့ သွားတဲ့ရက်က သင်္ကြန်ပိတ်ရက် ကိုယ့်ရပ်ကိုယ့်ရွာ ပြန်ကြသူတွေ များသမို့ ဆိုင်ကယ်နဲ့ ပြန်သူ၊ ကားနဲ့ ပြန်ကြသူတွေကို ခရီးဆောင် အိတ်ကြီး၊ အိတ်ငယ်တွေနဲ့ တွေ့နေရတယ်။

Photo – Than Naing Oo                                                                                                                      ပရိမ္မ(မြောင်မြို့နယ်)နှင့် အမြင့်(ချောင်းဦးမြို့နယ်)ဆက်သွယ်ထားသည့်လမ်း

ဖွားစော၊ နဘက်၊ ကင်း၊ ကျောက်ရစ် စတဲ့ မြောင်မြို့နယ် အတွင်းက ရွာတွေ တစ်ရွာပြီး တစ်ရွာ ဖြတ်လာခဲ့ကြတယ်။ ပရိမ္မ ရောက်ချိန်မှာ မွန်းလွဲ တစ်နာရီကျော်ပြီ။ ပရိမ္မက မ္တလေးမြို့ရဲ့ အနောက်မြောက်ယွန်းယွန်း မိုင် ၈ဝ လောက်အကွာမှာ ရှိတဲ့ ချင်းတွင်းမြစ်ကမ်းက အညာရွာကြီးတစ်ရွာ ဖြစ်ပါတယ်။ ရွာအဝင် ဆိုင်းဘုတ်မှာ ကျန်စစ်သား မွေးဖွားခဲ့ရာ မြေလို့ သူ့ရွာသား ကို ဂုဏ်ယူဝင့်ကြွားစွာ ကမ္ပည်းရေးထိုး မှတ်တမ်းတင်ထားတယ်။ ပရိမ္မနဲ့ မြောင်က ၁၈ မိုင်လောက် ဝေးတယ်။ ပရိမ္မ ရွာအဝင်မှာ မီးသတ်စခန်း ရှိပြီး ရွာနဲ့ မလိုက်အောင် ဟည်းထနေတယ်။ မီး သတ်စခန်း အလွန်မှာ ကျေးလက်ကျန်းမာရေးဌာန ရှိပါတယ်။ ကျေးလက်ကျန်းမာရေးဌာနက အာစီတစ်ထပ် အဆောက်အအုံ ဖြစ်ပြီး ကားလမ်းရဲ့ အရှေ့ဘက်မှာ ဝင်းခြံကျယ်ကျယ်နဲ့ အခန့် သား ရှိနေတယ်။ ကျွန်တော် တွေ့ဖူးသမျှ ကျေးလက်ကျန်းမာရေး ဌာနတွေထဲမှာ ပရိမ္မရွာက ကျေးလက်ကျန်းမာရေးဌာန အဆောက်အအုံက အကောင်းဆုံးပဲ။ သင်္ကြန်ကာလမတိုင်မီ ဖြစ် လို့ ပရိမ္မရွာထိပ်မှာ ရေကစားမဏ္ဍပ် အမြင့်ကြီး ဆောက်နေတာ လည်း တွေ့ရပါတယ်။

ပရိမ္မနဲ့ မြောင် ဆက်သွယ်ထားတဲ့ လမ်းက တစ်လျှောက် လုံး ပရိမ္မ-မြောင်လမ်းအဖြစ် အမည်တွင်ခဲ့ပေမယ့် ပရိမ္မရွာရောက် တာနဲ့ ကျန်စစ်သားလမ်း ဖြစ်သွားပါတော့တယ်။ ပရိမ္မက ရွာဆို ပေမယ့် ချင်းတွင်းမြစ်ကမ်းနဖူးက ရွာဖြစ်လို့ လယ်ယာစိုက်ပျိုး ရေး ကောင်းတယ်။ ရွာက အိမ်ခြေအများကြီး မရှိပေမယ့် စည်ပင် တဲ့ ရွာလို့ ဆိုနိုင်တယ်။ ပရိမ္မဂျန်းရှင်းနေရာက တံတောင်ဆစ်ချိုး ကွေ့ကြီး ဖြစ်တယ်။ အဲဒီနေရာ အနီးဝန်းကျင်မှာ အရိန္ဒမာဘုရား ရှိတယ်။ ထီးလှိုင်ရှင်ဘုရား ရှိတယ်။ အရိန္ဒမာဘုရား ရင်ပြင်တော် က အာရုံခံတန်ဆောင်းအောက်မှာ ပရိမ္မရွာသူတွေ အပူရှောင်နေ ကြတယ်။ ရဲစခန်း၊ အထက်တန်းကျောင်း၊ ပန်းခြံ၊ တက္ကသိုလ်ဝင် တန်း ဘာသာစုံသင်တန်း၊ ဆိုင်ကယ်အပိုပစ္စည်းဆိုင်၊ လက်ဖက် ရည်ဆိုင်၊ အသေးစား ငွေစုငွေးချေးအသင်း၊ ကွမ်းယာဆိုင် စသဖြင့် အကုန်ရှိနေတယ်။ ပရိမ္မက ကွမ်းယာဆိုင်တွေက ဆိုင်နာ မည်တွေမှာ သူတို့ရွာအမည် ဂုဏ်ယူထည့်သွင်းထားကြတာလည်း သတိပြုစရာပါပဲ။

Photo – Than Naing Oo                                                                                               ပရိမ္မကျေးရွာအဝင် ကျန်စစ်သားလမ်း

တကယ်တော့ ပရိမ္မက ရွာဆိုပေမယ့် မြို့နဲ့ ကူးလူးဆက်ဆံ မှု မများတဲ့ ရွာဖြစ်တယ်။ မ္တလေး-ပရိမ္မက မိုင် ၈ဝ လောက် ဝေး တယ်။ ဒါပေမဲ့ ဟိုးအရင်ကတည်းက နေ့စဉ် ပြေးဆွဲတဲ့ ယာဉ်လိုင်း တွေ ရှိတယ်။ သန်မြန်သူ၊ မြောင်-မန်း၊ ထီးလှိုင်ရှင် စတဲ့ ကား အသင်းတွေ ရှိပြီး မှန်လုံယာဉ်တွေနဲ့ နေ့စဉ် ပြေးဆွဲနေတယ်။ မြို့ နဲ့ ကူးလူးဆက်ဆံမှုများလို့ မြို့ရည်မြို့သွေး ဝတယ်။ ထီးလှိုင်ရှင် စေတီက ချင်းတွင်းကမ်းနဖူးမှာ ရှိပြီး သပ္ပာယ်လှတယ်။ စေတီ တော်ရဲ့ အနောက်ဘက်မှာ ချင်းတွင်းမြစ် ရှိပြီး မိုးကာလမှာ ကမ်း လုံးပြည့်တယ်။ ကျွန်တော်တို့ ရောက်တဲ့ အချိန်က တပေါင်း၊ တန်ခူးမို့ သဲသောင်တွေ ထွန်းနေတယ်။ လက်ရာမြောက်လှတဲ့ အုတ်ခြင်္သေ့ကြီးက ချင်းတွင်းမြစ်တစ်ဖက်ကမ်းကို ခုန်ကူးတော့ မယ့် ဟန်။ အာရုံခံတန်ဆောင်းရဲ့ ဝဲဘက်မှာ တစ်ကောင်တည်း ထီးထီးမားမားကြီး ရှိနေပြီး ညာဘက်က ခြင်္သေ့ကတော့ ချင်း တွင်းမြစ်ထဲ ရေသောက်ဆင်းသွားခဲ့ပါပြီ။ အခုတော့ လက်ကျန် ခြင်္သေ့ကြီး ရေသောက်မဆင်းရအောင် ကျောက်ရိုးတာပေါင် စီ ပြီး ချင်းတွင်းမြစ်ရေ တိုက်စားမှုကို ကာကွယ်ထားတယ်။

ပရိမ္မက ရွာငယ်ပေမယ့် ဂုဏ်မငယ်ဘူး။ ချင်းတွင်းမြစ်ရေ တင် စီမံကိန်းလည်း ရှိတယ်။ အထက်တန်းကျောင်းကြီးကလည်း ဟည်းထနေတယ်။ သာသနာထွန်းကားရာ အရပ်ဖြစ်လို့ ဘုန်း တော်ကြီးကျောင်းတွေ၊ စေတီပုထိုးတွေနဲ့ တင့်တယ်တယ်။ လျှပ် စစ်မီး ထိန်ထိန်ညီးရုံမက တယ်လီဖုန်း ဆက်သွယ်မှုတွေ အကုန် ရပါတယ်။ ပရိမ္မရွာသူရွာသားတွေ လက်ထဲမှာ ဟန်းဖုန်းကိုယ်စီ ကိုင်ထားကြတယ်။ ပညာရေးလေ့ကျင့်မှုကျောင်းဆိုတဲ့ ကျူရှင် ကြီးတွေ သုံးလေးခု ရှိပါတယ်။ ပရိမ္မက မြစ်ရေဝင်တဲ့ အရပ်ဒေသ ဖြစ်လို့ ခြေတံရှည်အိမ်တွေ ဆောက်ထားကြတယ်။ ပွင့်လင်း နိုင်ငံ ရေးခေတ်မှာ ပရိမ္မက အိပ်မောကျမနေခဲ့ဘူး။ ရွာအဝင်မှာပဲ နိုင်ငံ ရေးပါတီဆိုင်းဘုတ် ထောင်ထားတဲ့ အိမ်ကို တွေ့ ခဲ့ရပါတယ်။ ညိုမြတို့ရွာအမြင့်နဲ့ ၁ဝ မိုင်လောက်သာ ဝေးတယ်။ ထီးလှိုင်ရှင် စေတီအနီးဝန်းကျင်မှာပဲ အရိန္ဒမာလှံပျံစေတီ ရှိတယ်။ ကျန်စစ် သားအိမ် ရှိခဲ့တဲ့နေရာမှာ အမှတ်တရ စေတီတည်ထားတယ်။ ကျန်စစ်သားမယ်တော် ဟင်းခါးချက်သောက်ခဲ့ရာ နေရာမှာ လည်း ဂူဘုရားတစ်ဆူ တည်ထားပြီး ဟင်းခါးဂူလို့ အမည်ပေး ထားတယ်။

ကျေးရွာတွေထဲမှာ ပန်းခြံ တည်ထားတဲ့ ရွာဆိုလို့ ပရိမ္မရွာ ပဲ တွေ့ ဖူးတယ်။ ကျန်စစ်သားဇာတိရွာ ဖြစ်လို့ ကျန်စစ်သားပန်းခြံ လို့ အမည်ပေးထားတယ်။ ချင်းတွင်းမြစ်အနီးမှာ တည်ရှိပြီး ပေ ၆ဝ ပတ်လည်လောက် ရှိတဲ့ ပန်းခြံထဲမှာ ကျန်စစ်သားကြေးရုပ်ပါ ပန်းခြံအလယ်မှာ ထည့်ထားတယ်။ ကျန်စစ်သားကြေးရုပ်က ခြောက်ပေလောက် မြင့်တယ်။ နွေရာသီမို့ ပန်းခြံအတွင်းမှာ သစ် ရွက်ခြောက်အမှိုက်တွေ ပြည့်နေတယ်။ ဝင်ရောက်လည်ပတ်သူ တစ်ယောက်မှ မတွေ့ ခဲ့ရဘူး။ လာရောက်လည်ပတ် အပန်းဖြေသူ ရှိမနေဘဲ သစ်ရွက်ကြွေတွ ဖုံးလွှမ်းနေတဲ့ ပန်းခြံက ကျန်စစ်သား ပန်းခြံလို့ အမည်ပေးထားပေမယ့် ကျန်စစ်သားကို ဂုဏ်ပြုရာမှ ရောက်ရဲ့လား။ ချင်းတွင်းမြစ်ကမ်းနဖူးက ပန်းခြံလေးက သန့်သန့် ရှင်းရှင်း စိမ်းစိမ်းစိုစိုရှိရင် ကောင်းမှာပဲလို့ တွေးမိတယ်။

Photo – Than Naing Oo ကျန်စစ်မင်းကောင်းမှု စည်းခုံဘုရား လာဖူးကြသူများ

ကျွန်တော်တို့ ပရိမ္မကို လှည့်ပတ်ကြည့်ရှုပြီး အိမ်ပြန်လှည့် တော့ မွန်းလွဲ နှစ်နာရီခွဲပြီ။ ကျန်စစ်သား မွေးဖွားခဲ့တယ်ဆိုတဲ့ ဇာတိမြေက အပြန်မှာ စဉ်းစားစရာ၊ တွေးတောစရာတွေ ပါလာခဲ့တယ်။ သူရဲကောင်းတွေ ထွန်းကားတဲ့ မြန်မာပြည်မှာ နောက် ထပ် သူရဲကောင်းတွေ ထွန်းကားဖို့ လိုပါသေးသလား။ ကျွန်တော် ကတော့ နောက်ထပ် သူရဲကောင်းတွေ ထွန်းကားခွင့် ရဦးမယ်ဆို ရင် တိုက်ရဲခိုက်ရဲတဲ့ သူရဲကောင်းတွေအပြင် တီထွင်နိုင်စွမ်းရှိတဲ့ ဉာဏ်ကြီးရှင်သူရဲကောင်းတွေ၊ စာပေ၊ ဂီတ၊ ပန်းချီ စတဲ့ အနု ပညာနယ်ပယ်မှာ ထူးချွန်တဲ့ အနုပညာသူရဲကောင်းတွေ၊ သုတေ သနမှုမှာ ဝါသနာထုံတဲ့ စူးစမ်းတဲ့ သူရဲကောင်းတွေ၊ အားကစား နယ်ပယ်မှာ ပါရမီပါတဲ့ အားကစားသူရဲကောင်းတွေ၊ စီးပွားရေး နယ်ပယ်မှာ ထူးချွန်တဲ့ ဘောဂဗေဒ သူရဲကောင်းတွေ၊ စွန့်လွှတ် အနစ်နာခံတဲ့ သူတော်စင် သူရဲကောင်းတွေ လိုချင်မိတယ်။

 

 

 

 

#MawKunMagazine
#Than Naing Oo

ဆက်သွယ်မှာယူနိုင်စေရန်…….

           

OFFICE    :  No.121, 4th Floor, Corner or 49 Street and Anawrahta Street, Pazundaung Township, Yangon, Myanmar.   

: 0931340239
: 09791663065

website: www.mawkun.com

facebook: @mawkunmagazine

[email protected]

ဈေးနှုန်းသက်သာစွာ ကြော်ငြာထည့်သွင်းနိုင်ပါပြီ

LEAVE A REPLY

Please enter your comment!
Please enter your name here