ကာစီနိုမှာ တစ်ညတာ

ကော့သောင်း (သြဂုတ် ၂ဝ၁၇)

ကော့သောင်းမြို့ မျက်နှာချင်းဆိုင် ကပ္ပလီပင်လယ်ပြင်ထဲက သူဌေးကျွန်းကို အက်ဒမန်ကျွန်းလို့ နိုင်ငံတကာက လူသိများပါ တယ်။ သူ့ကိုလူသိများရတဲ့ အကြောင်းရင်းက ကမ္ဘာ့အဆင့်အတန်းဝင်တဲ့ ကာစီနိုကြောင့်ပါ။

ကာစီနိုကို မြန်မာလို အလွယ်ခေါ်မယ်ဆိုရင်တော့ လောင်းကစားဝိုင်းလို့ ပြောလို့ရတဲ့နေရာ။ ငွေကို တိုက်ရိုက်မသုံးဘဲ အကြွေစေ့ (ကော်အကြွေပြား အဝိုင်းလေး)တွေကို သုံးပြီး အဆင့်မြင့်မြင့် လောင်းကစားလုပ်တဲ့ နေရာလို့ ပြောမယ်ဆိုရင်လည်း မမှားပါဘူး။ ဒီနေရာလေးက နိုင်ငံအတွက် နေ့စဉ် လူဝင်ကြေး အခွန်ငွေ ကျပ် ၁ဝ သိန်းနဲ့ အထက် ရှာပေးနေတဲ့ နေရာတစ်ခုဆိုတာကို လူဝင်မှုကြီးကြပ်ရေးဌာနခွဲ (၂)ရဲ့ အချက်အလက်တွေအရ သိရပါတယ်။

 

အဲဒီ ကာစီနိုလောင်းကစားဝိုင်းတွေရှိတဲ့နေရာဟာ မြန်မာပြည်တောင်ပိုင်းစွန်း၊ ကော့သောင်းမြို့အနီးအနားက အက်ဒမန်ကျွန်းခေါ် သူဌေးကျွန်းမှာပါ။ အဲဒီနေရာကို မြန်မာပြည် မြောက်ဖျားသူ ကျွန်မတစ်ယောက် မိုးသည်းသည်းရွာနေတဲ့ ဇွန်လမှာ ခြေဆန့်ခဲ့မိပါတယ်။

သူဌေးကျွန်းကိုသွားမယ်ဆိုရင် မြန်မာပြည်တောင်ပိုင်း အစွန်းက ကော့သောင်းမြို့ကိုအရင်သွားရပါတယ်။ လေကြောင်းနဲ့ သွားမလား။ ကားနဲ့သွားမလား ကြိုက်တာရွေးလို့ရပါတယ်။ လေယာဉ်နဲ့ဆိုရင်တော့ လူတစ်ယောက်ကို မြန်မာငွေကျပ် အနည်းဆုံး ကျပ်တစ်သိန်းကျော်လောက်ကနေ အများဆုံး နှစ်သိန်းခွဲအထိပေးပြီး စီးလို့ရပါတယ်။ နာရီပိုင်းလောက် အချိန်ပေးရုံနဲ့ ကော့သောင်းမြို့ကို ရောက်သွားမှာပါ။

ကားနဲ့ဆိုရင်တော့ အဝေးပြေးကားလက်မှတ်ခက အနည်းဆုးံ ကျပ်သုံးသောင်းခွဲလောက်ကနေ အများဆုံး ရှစ်သောင်းအထိ ကိုယ်နှစ်သက်တဲ့ယာဉ်လိုင်းကို ရွေးစီးလို့ရပါတယ်။ တစ်ရက်ကျော်ကျော် အချိန်ပေးရပေမယ့် အထူးကားစီးမယ်ဆိုရင်တော့ သက်သောင့်သက်သာစီးနိုင်မှာ ဖြစ်ပါတယ်။

ကျွန်မကတော့ ရန်ကုန်ကနေ ထားဝယ်အထိ အထူးကားကို ၂၃,ဝဝဝ ကျပ်ပေးပြီး စီး၊ ထားဝယ်ကနေ ကော့သောင်းကို လေယာဉ်နဲ့တစ်ဆင့် သွားပါတယ်။ လေယာဉ်လက်မှတ်ခဟာ ပုံမှန်ဆိုရင် ကျပ် ၄ဝ,ဝဝဝ ကျော်ပေးရပေမယ့် မိုးရာသီအထူး အစီအစဉ်ကြောင့် လက်မှတ်ကို ၃၉,ဝဝဝ ကျပ်ပဲ ပေးခဲ့ရပါတယ်။ ဒါကြောင့် ရန်ကုန်ကနေ ကော့သောင်းအထိ ကုန်ကျစရိတ်ဟာ စုစုပေါင်း ၆၂,ဝဝဝ ပဲ ကုန်တာမို့ လေယာဉ်နဲ့ တိုက်ရိုက်သွားတာလောက် ငွေကြေးမကုန်ကျသလို ကားစီးသွားရတာလောက်လည်း အချိန်မပေးရပါဘဲ ကော့သောင်းကို ရောက်ခဲ့ပါတယ်။

ကော့သောင်းမြို့ရောက်ရောက်ချင်း သူဌေးကျွန်းကို သွားချင်ပေမယ့် မရောက်ဖြစ်ဘူး။ တစ်ပတ်လောက်ကြာလို့ အလုပ်တွေပြီးတော့မှ သူဌေးကျွန်းကို ခြေဦးလှည့်ဖြစ်တော့တယ်။ အဲဒီ

ကျွန်းပေါ်က ကာစီနိုဝိုင်းတွေဟာ ၂၄ နာရီဖွင့်တာပါ။ ဒါပေမဲ့ ညပိုင်းမှာဆို လူပိုစုံတယ်၊ မိုးလင်းပေါက်ကစားတဲ့သူတွေရှိတယ်လို့ သူငယ်ချင်းကပြောတော့ ဘယ်လိုလူတွေ လာမလဲဆိုတာ သိချင်စိတ်နဲ့ ညပိုင်းကို ရွေးဖြစ်ခဲ့တယ်။

ကျွန်းကိုသွားပြီ

ကော့သောင်းက ဟိုတယ်တွေမှာ တည်းနေတဲ့ ခရီးသွားတွေနဲ့ ဒေသခံတွေဟာ သူဌေးကျွန်းကို အလည်အပတ် သွားနိုင်ဖို့ ကျွန်းပေါ်မှာရှိတဲ့ Grand Andaman ဟိုတယ်ကနေ ရှပ်ပြေးရေယာဉ်တွေနဲ့ အသွားအပြန် အကြိုအပို့ လုပ်ပေးပါတယ်။

ပြည်တွင်းကသာမကဘဲ ထိုင်းနိုင်ငံသားတွေရယ်၊ ထိုင်းနိုင်ငံနယ်စပ် ရနောင်းမြို့ကတစ်ဆင့် လာကြတဲ့ အခြားတတိယနိုင်ငံသားတွေအတွက်လည်း တစ်နာရီခြားတစ်ခါ ဖယ်ရီစက်လှေ(ရှပ်ပြေးမော်တော်) တွေနဲ့ လာကြိုပေးပါတယ်။

ဟိုတယ်က ဝန်ဆောင်မှုပေးတဲ့စက်လှေနဲ့မဟုတ်ဘဲ အခြားစက်လှေတွေနဲ့ သွားမယ်ဆိုရင်တော့ လှေစီးခက လူတစ်ဦး ငါးထောင်ကျပ်ပါ။ ဒါတောင် လူမများရင် ဘယ်စက်လှေကမှ မလိုက်ပေးကြပါဘူး။ သူဌေးကျွန်းကလည်း ဟိုတယ်စက်လှေမဟုတ်ဘဲ ပြင်ပစက်လှေဆိုရင် ပိုပြီး စစ်ဆေးပါတယ်။

ဒီလိုနဲ့ ည ၇ နာရီမှာ ရှပ်ပြေးရေယာဉ်ကိုစီးဖို့ ဟိုတယ်ကနေ ကော့သောင်းမြို့မတံတားကို ထွက်ခဲ့တယ်။ ရေယာဉ်က ညခုနစ်နာရီခွဲမှ ရောက်လာပါတယ်။ ကိုယ့်ဘေးနားတစ်ဝိုက်ကို ကြည့်တော့ အသက် ၂ဝ ပတ်ဝန်းကျင် မိန်းကလေးတွေကို တွေ့ရပါတယ်။ ၁၅ မိနစ်လောက်အကြာမှာတော့ မြို့မတံတားကနေ သူဌေးကျွန်းကို ထွက်လာပါတော့တယ်။

မိနစ် ၂ဝ လောက် စီးပြီးတဲ့အချိန်မှာတော့ သူဌေးကျွန်းကိုရောက်ပါတယ်။ မော်တော်ဘုတ်တွေရပ်ဖို့ တံတားက ကော့သောင်းမြို့ရဲ့ အထင်ကရ မြို့မတံတားထက် အပုံကြီးသာပါတယ်။ ကွန်ကရစ်တွေနဲ့ အခိုင်အခံ့ ဆောက်ထားတာပါ။

မြန်မာနိုင်ငံသားတွေအတွက် မော်တော်ခအဖြစ် ထိုင်းဘတ် ၁ဝဝ ပေးရပါတယ်။ အဲဒီ ဘတ် ၁ဝဝ နဲ့ ဟိုတယ်က အခမဲ့ပေးတဲ့ ဝန်ဆောင်မှုထဲက ကာရာအိုကေဆိုခွင့်၊ အကြွေစေ့ဂိမ်းစင်တာနဲ့ ကာစီနိုဝိုင်းမှာ အစားအသောက်စားခွင့်ရမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံရဲ့နယ်စပ်ဂိတ်အများစုဟာ ကုန်းမြေဆက်စပ်နေပေမယ့် မြန်မာရဲ့ကော့သောင်းနဲ့ ထိုင်းရဲ့ ရနောင်းကတော့ မြေချင်းထိစပ်မှုမရှိဘဲ ပင်လယ်နယ်နိမိတ်သာ ထိစပ်နေတာပါ။

ဒီအတွက်ကြောင့် ထိုင်းနိုင်ငံသားတွေ သူဌေးကျွန်းကိုလာမယ်ဆိုရင် ကော့သောင်းမြို့က လူဝင်မှုကြီးကြပ်ရေးဌာနခွဲ(၂) ကို ဝင်စရာမလိုဘဲ ကျွန်းကို တိုက်ရိုက်သွားလို့ရပါတယ်။

ကမ်းကိုရောက်တော့ လုံခြုံရေးဝန်ထမ်းတွေက လာကြိုပြီး လူဝင်မှုကြီးကြပ်ရေးဌာနခွဲ (၂) နဲ့ သူဌေးကျွန်းဟိုတယ်တို့ ပူးပေါင်းပြီး အခွန်ကောက်ခံတဲ့နေရာကို ရောက်လာပါတယ်။ ထိုင်းနိုင်ငံသားတွေ မြန်မာနိုင်ငံကို အခွန်မပေးဘဲ ဝင်ရောက်တာကို ကာကွယ်ဖို့ လူဝင်မှုကြီးကြပ်ရေးက ကော့သောင်းမြို့မှာ ဂိတ်ပေါင်း ခုနစ်ခု ထားပြီး လူဝင်ကြေးကောက်ခံပါတယ်။

အဲဒီဂိတ်တွေဟာ ကော့သောင်းလေဆိပ်၊ ၁၅ ရုံးလို့ခေါ်တဲ့ စစ်ဆေးရေးဂိတ်၊ မြို့မတံတားဂိတ်၊ ရွှေဝက်ဝံတံတားဂိတ်၊ ရတနာကျွန်းဂိတ်၊ မွေတော်ကျွန်းဂိတ်နဲ့ သူဌေးကျွန်းဂိတ်တို့ပဲ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံသားတစ်ယောက် မြန်မာနိုင်ငံထဲဝင်လာပြီဆိုရင် အစိုးရရဲ့လူဝင်မှုကြီးကြပ်ရေးဌာနခွဲ(၂)က ထိုင်းဘတ်ငွေ သုံးဆယ် (မြန်မာငွေ ကျပ် ၁,၂ဝဝ) ဝန်းကျင်ကောက်ခံပါတယ်။ အဲဒီသူဌေးကျွန်းမှာတော့ လုပ်ငန်းရှင်တွေက လူတစ်ဦးကို ဘတ် ၁ဝဝ (မြန်မာငွေကျပ် ၄,ဝဝဝ ဝန်းကျင်) ကောက်ခံပြီး အစိုးရကိုပြန်လည်ပေးသွင်းကြတယ်လို့ လူဝင်မှုကြီးကြပ်ရေးဌာနခွဲ (၂)က တစ်ဆင့် သိရပါတယ်။

”အစိုးရကို တိုက်ရိုက်သွင်းတာဖြစ်လို့ ကျွန်တော်တို့ဘက်က တိတိကျကျ မသိနိုင်ဘူး”လို့ ကော့သောင်းမြို့က လူဝင်မှုကြီးကြပ်ရေးဌာနခွဲ(၂)မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအန်ယင်းက ဆိုပါတယ်။

ထိုင်းနိုင်ငံသားမဟုတ်တဲ့ အခြားနိုင်ငံခြားသားဆိုရင်တော့ နှစ်ညအိပ်သုံးရက်ခရီးအတွက် တစ်ဦးကို အမေရိကန်ဒေါ်လာ ၁ဝ ကောက်ခံပါတယ်။

လူဝင်မှုကြီးကြပ်ရေးဌာနခွဲ (၂) အနေနဲ့ သူဌေးကျွန်းမပါဘဲ တခြားဂိတ်ပေါင်း ခြောက်ခုကနေ ခရီးသွားနည်းတဲ့ ကာလတွေမှာ တစ်လကို အခွန်ကောက်ခံရရှိငွေ ကျပ်သိန်း ၇ဝ ကျော်ရှိပြီး ခရီးသွားများတဲ့ကာလတွေမှာဆို ကျပ်သိန်းပေါင်း ၁,၂ဝဝ ကျော်အထိ ရရှိတယ်လို့ အဲဒီဌာနရဲ့ စာရင်းအရ သိရပါတယ်။

ထိုင်းနိုင်ငံသားတွေကတော့ ပတ်စ်ပို့မလိုဘဲ နိုင်ငံဖြတ်ကျော်လက်မှတ်လေးနဲ့ တရားဝင်လောင်းကစားလုပ်နိုင်မယ်။ သူတို့အစိုးရကိုလည်း ဝင်ငွေတင်ပြစရာမလိုတဲ့အတွက် ဘတ်၃ဝ အစား ဘတ် ၁ဝဝ ပေးရလည်း အဆင်ပြေတယ်။

သူတို့နိုင်ငံရဲ့ တရားဝင်လောင်းကစားဝိုင်းတွေမှာ ကစားမယ်ဆိုရင် ပိုင်ဆိုင်မှု ဒါမှမဟုတ် အခွန်ထမ်းဆောင်တဲ့ အခြေအနေကို ထုတ်ပြရပါတယ်။ အနည်းဆုံး နိုင်ငံသားကတ်လောက် ထုတ်ပြရတော့ လူသိတယ်။ ဒါကြောင့် ပတ်ဝန်းကျင်သိမှာလည်း စိုးရိမ်စရာမလိုဘဲ လုံလုံခြုံခြုံ ကာစီနိုဆော့နိုင်တဲ့ မြန်မာပြည်ကို တစ်နေ့ ဘတ် ၂ဝဝ ပေးပြီး လာကစားရတာ ပိုအဆင်ပြေတယ်လို့ ကာစီနိုဝိုင်းမှာတွေ့ခဲ့ရတဲ့ ရနောင်းမြို့ပေါ်က အသက် ၄ဝ ကျော်အရွယ် ဈေးဆိုင်ပိုင်ရှင်အမျိုးသမီးကြီးက ပြောပြပါတယ်။

ဒီနေရာမှာ တစ်ခုပြောချင်တာက သူဌေးကျွန်း ပေါ်မှာ မြန်မာငွေထက် ဘတ်ငွေက ပိုအသုံးဝင်ပါတယ်။ ဘာပဲ ဝယ်ဝယ် ဘတ်ငွေနဲ့သာ တွက်ချက်ရောင်းချတာ ဖြစ်တဲ့အတွက်ပါ။ ဒီလိုဖြစ်ရတာကလည်း ပထမဆုံးစပြီး ဆောက်ခဲ့တဲ့ ထိုင်းသူဌေးကြီးနဲ့သက်ဆိုင်မယ်လို့ မိတ်ဆွေတွေက ရှင်းပြပါတယ်။

လွန်ခဲ့တဲ့ ဆယ်စုနှစ်တုန်းက ထိုင်းသူဌေးတစ်ယောက်က နှစ်ငါးဆယ်စာချုပ်နဲ့ ငှားတယ်လို့ ဆိုတယ်။ အဲဒီတုန်းက သူက ကမ္ဘာ့အကြီးဆုံး ကာစီနိုဖွင့်မယ်ဆိုတဲ့ အကြံနဲ့ပေါ့။ ဒါပေမဲ့ နိုင်ငံရေးနဲ့ မြေပြင်အခြေအနေတွေအရ ကမ္ဘာ့ကာစီနိုအဖွဲ့ရဲ့ နိုင်ငံတကာအသိအမှတ်ပြု ကာစီနိုအဖြစ် သတ်မှတ်မပေးဘူးလို့ ကမ္ဘာ့ကာစီနိုလမ်းညွှန်အဖွဲ့ရဲ့ မှတ်တမ်းတွေအရ သိရပါတယ်။

ကော့သောင်းမြို့ကိုလမ်းခင်းပေး၊ လေယာဉ်ကွင်းတွေပြင်ပေးပေမယ့် ကမ္ဘာ့ကာစီနိုအဖွဲ့ရဲ့ နိုင်ငံတကာ အသိအမှတ်ပြုမဖြစ်ခဲ့လို့ နိုင်ငံတကာက လာမဆော့တော့ ထိုင်းသူဌေးဟာ တစ်နေ့ ဘတ်သိန်းနဲ့ချီ အရှုံးပေါ် ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီလောက် အရှုံးပေါ်တာတောင် နှစ်ရှည်တောင့်ခံနိုင်လောက်အောင် ချမ်းသာတဲ့သူက ပိုင်ဆိုင်တဲ့နေရာမို့လို့ သူဌေးကျွန်းလို့ အစွဲပြုခေါ်ရာက သူဌေးကျွန်းြဖစ်လာတယ်လို့ မိတ်ဆွေတွေက ဆိုကြပါတယ်။

ဒီကျွန်းကို ၂ဝ၁၄ – ၂ဝ၁၅ မှာတော့ ကော့သောင်းက သူဌေးကြီးဦးကျော်လွင်ပိုင်တဲ့ Grand Andaman Islands Company Limited က မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ကတစ်ဆင့် လွဲပြောင်းရယူခဲ့တယ်လို့ ဆိုပါတယ်။ ၂ဝ၁၆ ခုနှစ်ကုန်ပိုင်းမှာတော့ ကမ္ဘာ့ကာစီနိုအဖွဲ့က အသိအမှတ်ပြုခဲ့တဲ့အတွက် ခရီးသွားရာသီကာလမှာ သူဌေးကျွန်းကိုလာရောက်ကာစီနိုကစားတဲ့ နိုင်ငံခြားသားတွေက တစ်ရက်တစ်ရက်ထောင်နဲ့ ချီတယ်လို့ ကစားဝိုင်းလာသူတွေက ပြောပါတယ်။ အရင် ထိုင်းသူဌေးကြီးလက်ထက်ကတည်းက တည်ဆောက်ခဲ့တဲ့ ကာစီနိုကစားဝိုင်းပါတဲ့ ဒီဟိုတယ်ကြီးဟာ ကြယ်ငါးပွင့်အဆင့်ရှိပြီး ဂေါက်ကွင်းတွေလည်း ရှိပါတယ်။ အလည်လာတဲ့သူတွေက အခွန်ဆောင်ပြီးဖြတ်ပိုင်းရပြီဆိုရင် ဟိုတယ်ကိုသွားဖို့ ကားလာကြိုပါတယ်။ လွယ်လွယ်ပြောရမယ်ဆိုရင်တော့ ဝင်ခွင့်လက်မှတ် ဖြတ်ရသလိုမျိုးပါပဲ။

ကျွန်မတို့နဲ့အတူ မော်တော်စီးလာတဲ့သူတွေထဲက အသက် ၂ဝ ကျော်အရွယ်တွေက အလည်လာတဲ့သူထက် ဟိုတယ်ရဲ့ ဝန်ထမ်းတွေ ဖြစ်နေတာကိုလည်း ဟိုတယ်က လာကြိုတဲ့ ဖယ်ရီအရ သိရပါတယ်။ သူတို့နဲ့ကျွန်မတို့ အဲဒီ နေရာမှာလမ်းခွဲပြီး ကျွန်မတို့က ဧည့်သည်ကြိုတဲ့ကားနဲ့ ငါးမိနစ်လောက်စီးပြီးတဲ့ အချိန်မှာတော့ ဟိုတယ်ကို ရောက်ပါတယ်။ ကားစီးလာတဲ့ လမ်း ဘေးတစ်လျှောက်ကလည်း ပြင်ဆင်ထားတာ သာသာယာယာ ရှိလှပါတယ်။ နေ့ခင်းဘက်ဆိုရင် အတော်လှမှာပါ။

ဟိုတယ်ရောက်တယ်ဆိုရင်ပဲ ဝန်ဆောင်မှုမှာပါတဲ့ ကာရာအိုကေအခမဲ့ဆိုဖို့ အတူပါလာတဲ့ မိတ်ဆွေတွေက အကြံပြုတော့ အဲဒီကိုအရင်သွားလိုက်တယ်။ ကာရာအိုကေခန်းထဲ ဝင်ဝင်ချင်း အခန်းမှာတော့ လာတဲ့သူတိုင်း အခမဲ့ဆိုနိုင်ဖို့ နေရာလုပ်ထားပါတယ်။ ဆိုမယ့်သူများရင်တော့ သီချင်း အပုဒ်အရေအတွက်ညှိပြီး အလှည့်ကျ ဆိုခွင့်ပေးပါတယ်။ အဲဒီလို မဆိုချင်ဘူးဆိုရင်တော့ အခမဲ့ခန်းကနေ လှမ်းကြည့်ရင် မြင်ရတဲ့ သီးသန့်အခန်းတွေမှာ နာရီအလိုက် ဝန်ဆောင်ခနဲ့ ဆိုနိုင်ဖို့ စီစဉ်ပေးထားပါတယ်။ ကာရာအိုကေဆိုချိန်ကိုတော့ ညနေ ၆ နာရီကနေ မနက် ၁ နာရီအထိ ဖွင့်ထားပေးပါတယ်။

သီချင်းဆိုပြီးတော့ ဟိုတယ်ရဲ့ Grand Andaman Club Resort & Casino လို့ နာမည်ကြီးနေတဲ့ အကြွေစေ့ဂိမ်းတွေထားတဲ့ ပထမထပ်ကိုသွားပါတယ်။ ဟိုတယ်က ကျွန်းရဲ့အနိမ့်အမြင့် အစောင်းအလိုက် ဆောက်ထားတော့ ဧည့်ခန်းမ၊ စားသောက်ခန်းနဲ့ အခွန်ဆောင်ဖို့မလိုတဲ့ ဈေးဝယ်စင်တာက ကျွန်းရဲ့ အမြင့်ဆုံးမြေပြန့်မှာ ရှိနေတာပါ။

ကာရာအိုကေ၊Spa၊ ကိုယ်ကာယ လေ့ကျင့်တဲ့နေရာနဲ့ တည်းခိုအဆောင်တွေကိုတော့ ပင်မအဆောင်နဲ့ တစ်ဆက်တည်း အနည်းငယ်နိမ့်တဲ့နေရာမှာ တည်းခိုနိုင်တဲ့အဆောင်တွေနဲ့တွဲပြီး သုံးထပ်အဆောက်အအုံအဖြစ် ဆောက်ထားပါတယ်။

အဲဒီမှာအကြွေစေ့ဂိမ်းပေါင်းစုံကိုတစ်နေရာတည်းမှာ အစုံတွေ့ရမှာပါ။ ဘုသီးထုရတဲ့ ငါးဖမ်းမလား၊ မောင်းတံဆွဲချရတဲ့ ဂိမ်းစုံဆော့မလား၊ Bingo လို့ခေါ်တဲ့ လက်နဲ့ မောင်းတံကို လှည့်ကစားရတဲ့ (ကစားသမားအခေါ် ရိုးလက်)၊ ဂဏန်း ၃၆ လုံးပါတဲ့ ကစားနည်းဆော့မလား။ နောက်အခေါ်အဝေါ်မသိတဲ့ ဂိမ်းစက်မျိုးစုံ။ ကြိုက်တာဆော့လို့ရတယ်။ ထိုင်းဘတ်ငွေ ဒါမှမဟုတ် ကစားကွင်းက ရောင်းတဲ့ ငွေအစားထိုး ဖိုင်ဘာတံဆိပ်အဝိုင်းပြား(အကြွေစေ့) နှစ်သက်ရာနဲ့ ဆော့နိုင်တယ်။

ဒီနေရာကိုကလေးကစားကွင်းလို့ နာမည်တပ်ထားပေမယ့် လာကစားတဲ့သူ အများစုကတော့ လူကြီးတွေပါပဲ။ ထိုင်းနိုင်ငံသားတွေအပြင် ကော့သောင်းနဲ့ ရနောင်းဒေသမှာ အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသားတွေ ကစားနေတာ တွေ့ရပါတယ်။

ကစားကွင်းမှာကစားတဲ့ အဲဒီလိုလူတွေ အချိန်ပြည့်ကစားနိုင်အောင်လို့ ဟိုတယ်ကနေ မီနီဘားလေး ထားပေးပါတယ်။ အဲဒီမီနီဘားကိုတော့ ည ၉ နာရီအထိပဲ ဖွင့်ပေးပါတယ်။ ဖျော်ရည်မျိုးစုံကို အခမဲ့တိုက်ပြီး အစားအသောက်တချို့ကိုလည်း ကျွေးတာ တွေ့ရပါတယ်။

အဲဒီနေရာမှာ ဂိမ်းဆော့တဲ့ စက်မျိုးစုံအလုံးပေါင်း နှစ်ရာကျော် ရှိပါတယ်။ ကမ္ဘာ့ကာစီနိုလမ်းညွှန်အဖွဲ့ရဲ့ ၂ဝ၁၇ စာရင်းမှာတော့ ကာစီနိုစာရင်းဝင်တဲ့ Bingo စက်ပေါင်း ၂၅ လုံးရှိတယ်လို့ တွေ့ရပါတယ်။ အဲဒီအဖွဲ့ရဲ့အညွှန်းမှာပဲ အဆင့်မြင့် ဖဲဝိုင်းပေါင်း ၂၄ ခုရှိတယ်လို့ စာရင်းဖော်ပြထားတဲ့နေရာကို ဆက်ကြည့်ဖို့လည်း အားသန်နေပါသေးတယ်။

ကမ္ဘာ့ကာစီနိုလမ်းညွှန်အဖွဲ့ရဲ့စာရင်းမှာ မြန်မာနိုင်ငံက ကာစီနိုဝိုင်း လေးခုပါပါတယ်။ တာချီလိတ်က Regina Golf Club ၊ Hotel & Resort Casino နဲ့ Allure Resort ၊ ကော့သောင်းမြို့ရတနာကျွန်းကTreasure Island Resort & Casino နဲ့ သူဌေးကျွန်းက Grand Andaman Club Resort & Casino ဖြစ်ပါတယ်။

သူဌေးကျွန်းရဲ့ ကလေးကစားဂိမ်းလို့ သတ်မှတ်ထားတဲ့ အကြွေစေ့ဂိမ်းနေရာကို တစ်နာရီလောက် လှည့်ပတ်ကြည့်ပြီး အပေါ်ထပ်မှာရှိတဲ့ ကာစီနို (မြန်မာအခေါ် ဖဲဝိုင်း)ကို လှည့်လာခဲ့ပါတယ်။ အောက်ထပ်က ကလေးကစားဝိုင်းမှာ CCTV တွေအများကြီးမရှိသလို ဖုန်းသုံးတာကိုလည်း တအားကြီး မတင်းကျပ်ထားပေမယ့် အပေါ်ထပ် ကာစီနိုဝိုင်းကိုတော့ ခန်းမထဲမသွားခင် စစ်ဆေးရေးဂိတ်ကိုအရင် ဖြတ်ရပါတယ်။ မြင်တွေ့နေကျ အီလက်ထရောနစ် စစ်ဆေးစက်လို့ပဲ ထင်ရပေမယ့် သူ့ရဲ့ စစ်ဆေးမှုက ပိုမြင့်ပါတယ်။ လူတစ်ကိုယ်လုံးမှာ ဘာပါလာတယ်ဆိုတာကိုကွန်ပျူတာမှာ အသေးစိတ်ပြန်ဖော်ပြတဲ့စက်နဲ့ သေချာစစ်တာပါ။

ခန္ဓာကိုယ်မှာ အန္တရာယ်ဖြစ်နိုင်တာ တစ်ခုခုပါလာတာနဲ့ ဝင်ခွင့်မရတော့ပါဘူး။ အဲဒီလူဟာလည်း အမည်ပျက် စာရင်းသွင်းခံရပြီး နောက်တစ်ကြိမ် ဒီကာစီနိုခန်းမကိုလာခွင့်ပိတ်ခံရမှာ ဖြစ်ပါတယ်။ တစ်ဆက်တည်းမှာပဲ ဓာတ်ပုံရိုက်ခွင့်မပြုတဲ့စာတွေကို တန်းစီပြီး တွေ့ရပါတယ်။ ဓာတ်ပုံရိုက်တဲ့သူတွေကိုလည်း ချက်ခြင်းအပြင်ထွက်ခိုင်းတဲ့အပြင် နောက်ထပ် ဝင်ကစားခွင့်ကို ပိတ်ခံရတယ်လို့ ဆိုပါတယ်။

ကာစီနိုခန်းမထဲဝင်လိုက်တာနဲ့ အေးစက်မှုက အခြားအခန်းတွေရဲ့ အေးစက်မှုထက် ပိုနေပါတယ်။ အဝင်ဝနားမှာ စားသောက်ဖို့ နေရာလုပ်ထားပေးပြီး ကစားဝိုင်းက ဘေးချင်းကပ် အနေအထားမှာရှိပါတယ်။ ဖဲကို ရှိုးကစားတာ၊ ၂၁ ပေါက်၊ ကိုးမီး၊ ကျားနဂါးစသဖြင့် အများကြီးရှိနေပါတယ်။ ဝိုင်းတွေကိုလည်း ခွဲထားပါတယ်။ လူအများနဲ့ ကစားမလား၊ သီးသန့်ကစားမလား၊ ကြေးနည်းနည်းလား၊ ကြေးကြီးကြီး (ဘတ်တစ်သောင်းနဲ့အထက်)လား ကြိုက်တာရွေးလို့ရတဲ့ အနေအထားပါ။

ဒါ့အပြင် နောက်ထပ်ရွေးလို့ရသေးတာကတော့ ကစားခန်းမထဲက လူခြောက်ယောက်နဲ့အထက် ကစားလို့ရတဲ့ ဝိုင်းတွေမှာ ထိုင်ကစားမလား၊ သီးသန့်အခန်းနဲ့ အချိန်အလိုက် အခပေးပြီး ကစားမလား။ ကြိုက်တာရွေးနိုင်ပါတယ်။ လူသိမခံချင်တဲ့ သူဌေးတွေ၊ သီးသန့်ဆွေးနွေးစရာလိုတဲ့ လူကြီးတွေအတွက်ကတော့ သီးသန့်ဆော့လို့ရတဲ့အခန်းတွေ ရှိကြပါတယ်။ ဘယ်လောက်ပဲ လူသိမခံချင်ပေမယ့် သီးသန့်အခန်းတွေကို သွားမယ် ဆိုရင်တော့ အများကစားတဲ့ ဝိုင်းတွေကိုဖြတ်သန်းရမှာ ဖြစ်ပါတယ်။

ကစားဝိုင်းထဲကိုဝင်ဆော့မယ်ဆိုရင်တော့ ငွေကြေးကိုင်ခွင့်မပြုပါဘူး။ သူတို့ရဲ့ သီးသန့်ငွေကြေးနံပါတ်ပြား(အကြွေစေ့)နဲ့သာ ကစားခွင့်ရှိပါတယ်။ အနည်းဆုံးဘတ် ၂,ဝဝဝ ဖိုး လဲလှယ်ရပါတယ်။ တစ်နည်းပြောရမယ်ဆိုရင်တော့ စပေါ်တင်ရတဲ့ သဘောပါ။ ကစားချင်ရင် ဝင်ကစားလို့ရပြီး မကစားဘဲ လိုက်ကြည့်မယ်ဆိုရင်လည်း ငွေလဲပြီးမှ ကစားဝိုင်းထဲ ဝင်ခွင့်ရှိတာပါ။ ကစားဝိုင်းတွေမှာ ဒိုင်အဖြစ်ကိုင်တဲ့ ဝန်ထမ်းနဲ့ ဘေးကနေ စောင့်ပေးတဲ့ ဝန်ထမ်း စုစုပေါင်း နှစ်ဦးထားတာ တွေ့ရပါတယ်။ ကစားဝိုင်းတစ်ခုရဲ့ အပေါ်တည့်တည့်မှာ စီစီတီဗီတစ်လုံး တပ်ထားပြီး ဘေးပတ်လည်မှာ လေးလုံးတပ်ထားပါတယ်။ ကစားဝိုင်းတစ်ခု စီစီတီဗီ ငါးလုံးနှုန်းနဲ့ဆိုတော့ တော်ရုံကိစ္စနဲ့ ငြင်းခုံရတာမျိုး မရှိတော့တာ တွေ့ရပါတယ်။

ဝိုင်းတစ်ခုနဲ့တစ်ခုကြားလမ်းတွေကို စောင့်ကြည့်တဲ့စီစီတီဗီက သီးသန့်ရှိနေပါသေးတယ်။ ကစားသမားတွေက ကစားရင်း အကြွေစေ့တွေ၊ ဘာတွေ ပြုတ်ကျသွားရင်လည်း မစိုးရိမ်ပါနဲ့။ ကိုယ့်ဘေးနားကလူတွေ သတိမထားမိရင်တောင် ဝန်ထမ်းတစ်ယောက်က လာပြောပါလိမ့်မယ်။ ကိုယ့်ပိုက်ဆံမဟုတ်ဘဲကောက်မိရင်လည်း ကောက်တဲ့သူကို အပြင်ထုတ်ပစ်ဖို့ ဝန်ထမ်းတွေက လက်မတွန့်ဘူးလို့ မိတ်ဆွေတွေက ပြောပြပါတယ်။

ကစားတဲ့သူတွေအနေနဲ့ ရေ၊ နွားနို့၊ ကော်ဖီအစရှိတာတွေကို ကစားတဲ့နေရာမှာ ယူသောက်သုံးနိုင်သလို စားဝိုင်းမှာ သွားထိုင်စားလို့လည်းရပါတယ်။ ညဉ့်နက်လာတာနဲ့အမျှ ကစားတဲ့သူတွေကလည်း အရှိန်ပြင်းလာပါတယ်။

 

ည ၁၁ နာရီလောက် ရောက်တဲ့အချိန်မှာတော့ နေ့လယ်၊ နေ့ခင်း ကော့သောင်းမြို့မှာ တွေ့ရတတ်တဲ့ အစိုးရဝန်ထမ်းအဆင့်ဆင့်အချို့နဲ့ သူဌေးသူကြွယ်တချို့ကို တွေ့ရပါတယ်။ သူတို့တွေကတော့ အများဆော့တဲ့ဝိုင်းတွေမှာ မဆော့ဘဲ ကြေးကြီးဝိုင်းတွေနဲ့သီးသန့်ခန်းတွေကို အလျှိုလျှိုဝင်သွားကြတာ တွေ့ရပါတယ်။

ကာစီနိုကစားဝိုင်းခန်းမကြီးက သာမန်လူတွေအတွက် အေးစက်နေတယ် ထင်ရပေမယ့် ကစားသမားတွေအတွက်ကတော့ အအေးဓာတ်က လိုအပ်နေသေးတယ်လို့ ထင်ရပါတယ်။ နိုင်တဲ့သူတော့ ခပ်ရှားရှားဖြစ်နေပြီး အိမ်ပြန်ဖို့စရိတ် မကျန်တော့လောက်အောင် ပါလာတဲ့ပစ္စည်းတွေ ပေါင်ပြီး ဆော့နေတဲ့သူတွေကိုလည်း တွေ့ရပါတယ်။ ပျော်ရွှင်နေတဲ့သူတွေကို ကြည့်လိုက်ရင် အနိုင်ရနေတယ်လို့ ထင်ရလို့ သူတို့ကိုမေးကြည့်လိုက်ရင်တော့ ငွေလဲကောင်တာနားကို လက်ညှိုးထိုးပြပြီး အဲဒီမှာ ပစ္စည်းရွေးရဦးမယ်လို့ ပြောတဲ့သူက ခပ်များများရယ်ပါ။

သူတို့ညွှန်ပြတဲ့နေရာကို လှမ်းကြည့်တော့ ငွေလဲကောင်တာရဲ့ အနီးအနားက စားသောက်ဝိုင်းမှာ ထိုင်နေတဲ့ အမျိုးသမီးကြီးပါ။ ပုံစံက မပိန်မဝ အသက်ငါးဆယ်အရွယ်လောက်ပါ။ သူ့ကိုကြည့်လိုက်ရင် သာမန် ကာစီနိုလာကစားတဲ့ ထိုင်းအမျိုးသမီးလိုလိုပါပဲ။ ဘာလူမျိုးဆိုတာကိုတော့ သေချာမသိခဲ့ပါဘူး။ သူက မြန်မာစကား၊ ထိုင်းစကား၊ ကော့သောင်းနဲ့ မြိတ်စကားကို ကျွမ်းကျွမ်းကျင်ကျင်ပြောတတ်တာကိုလည်း ပစ္စည်းသွားအပေါင်ခံတဲ့ ကစားဝိုင်းမှာ တွေ့ရတဲ့ အသက် ၂၅နှစ်လောက် ရှိတဲ့ ရှမ်းမလေးပြောပြလု့ိ သိရပါတယ်။

ရှမ်းမလေးကတော့ ထိုင်းမှာ အလုပ်သွားလုပ်ပြီး နှစ်နှစ်လောက် ပိုက်ဆံစုခဲ့တယ်လို့ ဆိုပါတယ်။ ရွာပြန်ပြီး အလှူလုပ်ဖို့ မြန်မာပြည်ကို ရနောင်းကတစ်ဆင့် ပြန်လာချိန်မှာ သူငယ်ချင်းဖြစ်သူက သူဌေးကျွန်းအလည်ခေါ်ခဲ့ရာက ကာစီနိုဝိုင်းရောက်ပြီးပါလာသမျှငွေတွေ ကုန်သွားတဲ့အပြင် ရွှေတွေပါ ထပ်ပေါင်ထားရတာပါ။ ရှုံးတဲ့ငွေနဲ့ ရတနာပစ္စည်းတွေ ပေါင်းလိုက်ရင်ပဲ ဘတ်ခြောက်သောင်းခွဲ ရှိနေပါပြီ။

ရှမ်းမလေးလိုပဲ ကစားသမားအများစုက ပါလာတဲ့ငွေကုန်သွားရင် ပါတဲ့ပစ္စည်းတွေကို အဲဒီအမျိုးသမီးဆီမှာပဲ ပစ္စည်းကို ပေါက်ဈေးရဲ့ ၆ဝ ရာခိုင်နှုန်းကနေ ၈ဝ ရာခိုင်နှုန်းလောက်အထိပဲ ငွေယူပြီး အပေါင်ထားကြပါတယ်။ ပစ္စည်းပြန်ရွေးဖို့နဲ့ အိမ်ပြန်မျက်နှာပန်းလှဖို့ ငွေမျော ငွေနဲ့လိုက်နေကြတာ ဖြစ်ပါတယ်။ ကစားပြီးလို့ ပြန်ချိန်မှာ ပြန်ရွေးနိုင်တဲ့သူတော့ မတွေ့ရသလောက်ပါပဲ။

ကြေးငယ်ဝိုင်းတွေ အရှိန်ကောင်းကောင်းနဲ့ ဆူညံဆူညံ ဆော့နေကြချိန်မှာ ကြေးကြီးဝိုင်းတွေနဲ့ သီးသန့်ခန်းတွေက လူကြီးတချို့ကတော့ ည ၁ နာရီ မော်တော်နဲ့ပြန်ဖို့ စီစဉ်နေကြပါပြီ။ ည ၁ နာရီနောက်ပိုင်းမှာတော့ ပြန်မယ့်သူမရှိတော့ဘဲ ညလုံးပေါက် ကစားမယ့်သူတစ်ရာခန့်သာ ကျန်ခဲ့ပါတော့တယ်။ အရင်ထိုင်းသူဌေးလက်ထက်တုန်းကတော့ ဒီထက်လူများတယ်လို့ဆိုပါတယ်။

ဝိုင်းတွေ လျော့လာတဲ့အလိုက် လူများတဲ့ဝိုင်းတွေမှာ တာဝန်ကျတဲ့သူတွေကို လူစားလဲ ဒိုင်ကိုင်ပေးကြတာလည်း တွေ့ရပါတယ်။ ညဘက် တာဝန်ကျဝန်ထမ်းတွေထဲမှာ ကျွန်မတို့နဲ့အတူ မော်တော်စီးလာတဲ့သူတွေလည်း ပါသလို ထိုင်းနိုင်ငံသားတွေလည်း ပါတယ်။ ကစားတဲ့သူတွေက နားလိုက်ကစားလိုက် ဖြစ်ပေမယ့် ဒိုင်ကိုင်တဲ့သူကတော့ ကစားဝိုင်း စတာနဲ့ နားချိန် မရှိတော့သလောက်ပါပဲ။

အေးတာမသိ၊ ပူတာမသိနဲ့ ဆော့နေကြတဲ့သူတွေကို မနက်လေးနာရီခွဲမှာ ထိုင်းနိုင်ငံရနောင်းမြို့နဲ့ ကော့သောင်းမြို့ကို ပြန်ပို့မယ့် မော်တော်(စက်လှေ)လာတော့မှာဖြစ်တဲ့အကြောင်း ဝန်ထမ်းတွေက ခေါင်းလောင်းထိုးပြီး အသိပေးပါတယ်။ ငါးနာရီ မထိုးခင်လေးမှာ ဝိုင်းတွေ အားလုံးသိမ်းပြီး ပြန်ဖို့ပြင်ဆင်ကြရပါတော့တယ်။ ကျွန်မတို့လည်း အားလုံးနဲ့အတူ ပြန်ဖို့ စီစဉ်ပြီး ဝိုင်းထဲက ထွက်လာခဲ့ကြပါတယ်။

မော်တော်ဆိပ်ကို ပြန်ပို့ပေးမယ့် အကြိုကားကိုစောင့်ရင်း ကစားဝိုင်းက ထွက်လာတဲ့ မြန်မာတွေနဲ့ စကားလက်ဆုံ ကျခဲ့ပါသေးတယ်။ အမြတ်ရတဲ့သူထက် အရင်းပဲ ပြန်ရတဲ့သူနဲ့ ရှုံးတဲ့သူက များတာ တွေ့ရပါတယ်။ မနက် ၅းဝဝ နာရီလောက်မှာတော့ အကြိုကားရောက်လာပြီး မော်တော်ဆိပ်ကို ပို့ပေးပါတယ်။

မော်တော်ဆိပ်ရောက်တော့ ညလုံးပေါက်ကစားခဲ့ကြတဲ့ ထိုင်းနိုင်ငံသားတွေနဲ့ မြန်မာနိုင်ငံသားတွေဟာ စက်လှေဆိပ်မတူတော့ အချင်းချင်း လက်ပြနှုတ်ဆက်ပြီး ထိုင်းတွေက ရနောင်းသွားမယ့် မော်တော်ရှိတဲ့နေရာကို ထွက်ခွာသွားပါတယ်။

ကျွန်မတို့မြန်မာအဖွဲ့လည်း ကိုယ့်သက်ဆိုင်ရာမော်တော် ရှိတဲ့နေရာကိုလာခဲ့ပြီး တစ်ညလုံးအတူတကွ ဒိုင်ထိုင်ပေးခဲ့တဲ့ မြန်မာဝန်ထမ်းတွေနဲ့အတူ ပြန်လာခဲ့ပါတယ်။ ၂ဝ၁၆ ဧပြီလကစပြီး တက်လာတဲ့ ဒေါက်တာလဲ့လဲ့မော် တိုင်းဒေသကြီး အစိုးရအဖွဲ့သစ်က ကော့သောင်းဟာ လောင်းကစားဝိုင်းတွေနဲ့ ဒေသအဖြစ်မခံနိုင်လို့ဖျက်သိမ်းမယ်လို့ ကြွေးကြော်ခဲ့ပေမယ့် လက်ရှိ အခြေအနေအထိတော့ ထူးခြားမှု မရှိသေးပါဘူး။

ဒါ့အပြင် ကာစီနိုဝိုင်းတွေမှာ ငွေစီးဆင်းမှု များပေမယ့် အခွန်ဆောင်တာနဲ့ပတ်သက်လို့ကတော့ တရားဝင်လောင်းကစားဝိုင်းတွေက အခွန်ဘယ်လောက်ဝင်တယ်ဆိုတာ အစိုးရဆီကနေ နှစ်စဉ် ဘတ်ဂျက်ရှင်းတမ်းတွေမှာ မတွေ့ရသေးတာကို အပြန်လမ်းတစ်လျှောက် စဉ်းစားလာမိရင်း မနက်ခြောက်နာရီ မထိုးခင်မှာတော့ ကော့သောင်းမြို့ကို ပြန်လည်ရောက်ရှိခဲ့ပါ တော့တယ်။      ။

၂၀၁၇-သြဂုတ်လထုတ်၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၄၉)မှ ခရီးသွားဆောင်းပါး ဖြစ်ပါသည်။

မော့ဂျေနှင့် မိုးမိုး ရေးသည်။

အမျိုးအစား - ခရီးသွားဆောင်းပါး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."